အခုချက်ချင်းဘလော့
မင်္ဂလာနံနက်ခင်းပါ။ ဒီကနေ့ သင်ကံကောင်းသောနေ့ဖြစ်ပါသည်။
ယခုဖတ်နေသည့် 7Day သတင်းစာကို လက်ကချသည်နှင့် တိုင်းပြည်အတွက် အဖိုးတန်လှသည့် အလုပ်တစ်ခုကို သင်စွမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။ သင့်သမိုင်းနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ အနာဂတ်အတွက် အရေးကြီးသည့် ထိုအလုပ်ကိုလုပ်ဖို့ စိုက်ထုတ်စရာ များများစားစားမလိုအပ်ပါ။
မီးလာနေဖို့လိုအပ်ပါသည်။ သင့်ကွန်ပျူတာမှာ အင်တာနက်ကွန်နက်ရှင်ရနေဖို့ လိုအပ်ပါသည်။ အင်တာနက်ကွန်နက်ရှင်မှာ ဖေ့စ်ဘွတ်ခ်ဖွင့်ထားဖို့ လိုအပ်ပါသည်။ သင့်ကွန်ပျူတာ၏မောက်စ်ကို အကြိမ်များစွာနှိပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါမည်။ သင်နှိပ်ရမည့်ခလုတ်ကတော့ တစ်ခုတည်းဖြစ်ပါသည်။ ဘလော့ဖြစ်သည်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းများနှင့်အတူ သင်စကားစမြည်ပြောနေချိန်မှာ သူစိမ်းတစ်ဦးက သင်တို့စားပွဲမှာလာထိုင်မည်။ သူ့ကိုယ်သူ မည်သူမည်ဝါလို့လည်း မိတ်မဆက်ဘဲ စားပွဲရှိ သူငယ်ချင်းများပြောနေသည့် အကြောင်းအရာပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲရေးပြောဆိုမည်ဆိုပါစို့။ ထိုအခြေအနေကို သင်လက်ခံနိုင်ပါသလား။
ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်မျက်နှာကိုထုတ်မပြဘဲ တစ်ဖက်ဖက်ကို တိုက်ခိုက်ထိုးနှက်နေသည့်အကောင့်များကို ဘာကြောင့်တညီတညွတ်တည်း ဘလော့လုပ်သင့်သည့်အကြောင်းကို စကားစမြည်ပြောကြရအောင်ပါ။
လူမှုကွန်ရက်သည် “လူမှုရေး”ကို အခြေခံဖို့လိုအပ်ပါသည်။ “လူမှုရေး”သည် “ယဉ်ကျေးမှု”ကို အခြေခံပါသည်။ “ယဉ်ကျေးမှု”သည် “ရိုင်းစိုင်းမှု”၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ကိုယ်မုန်းတီးသည့် လူတစ်ဦး၊ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုးအပေါ်မှာ အမည်မဖော်ပြဘဲ ရိုင်းစိုင်းစွာရေးသားတိုက်ခိုက်ခြင်းသည် လူမှုကွန်ရက်၏ ကောင်းမြတ်သည့်ဂုဏ်သိက္ခာကို ကျွန်တော်တို့ထံမှ ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။
အံ့သြစရာကောင်းသည်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာကိုဖော်မပြဘဲ ရေးသားသူတို့၏ စကားလုံးနှင့် ရန်ပြုလှုံ့ဆော်ရေးသားမှုများက ရိုးသားစွာလူမှုကွန်ရက်သုံးစွဲသူများကို လွှမ်းမိုးနေခြင်းဖြစ်သည်။
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရက်ရက်စက်စက်၊ ယုတ်ယုတ်မာမာ၊ ရိုင်းရိုင်းစိုင်းစိုင်းရေးသားသည့် အကောင့်များကို သေချာစွာလိုက်လံရှာဖွေကြည့်လျှင် ဘယ်သူဆိုတာကို မှန်မှန်ကန်ကန်ဖော်ပြမထားသည့် အကောင့်အတု (FakeAccounts)ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။
သို့ဆိုလျှင် အကောင့်အတုများက လူ့အဖွဲ့အစည်းကို ဒုက္ခပေးနိုင်ပါသလား။ ပေးနိုင်ပါသည်။ ပေးနေပါသည်။ ပေးဦးမည်လည်းဖြစ်သဖြင့် ယခုချက်ချင်း ဘလော့သင့်ပါသည်။
လူ့သဘာဝအရ မျက်နှာချင်းဆိုင်ပြောမထွက်သည့်စကားများကို တယ်လီဖုန်းမှာပြောထွက်နိုင်သည်။ ဖုန်းထဲမှာပြောမထွက်သည့်စကားကို စာနှင့်ပြောဆိုနိုင်သည်။ ကိုယ်ဘယ်သူဆိုတာကို ဖော်ပြမထားသည့် ဖေ့စ်ဘွတ်ခ်ပေါ်မှာဆိုလျှင်တော့ မကြားဝံ့မနာသာ အမုန်းစကားများကို အရှက်တရားမဲ့စွာ အစွမ်းကုန်ပြောဆိုရဲလာကြသည်။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ပြဿနာက ကိုယ်မုန်းသူကိုဆဲလျှင် ဘယ်လိုအကောင့်အတုက ဘယ်လောက်ရိုင်းရိုင်း Share ချင်၊ Like ချင်သည့် အားနည်းချက်ဖြစ်ပါသည်။ ဒီလိုနှင့် ပဋိပက္ခတစ်ခုမှာ နှစ်ဖက်စလုံးက “အကောင့်အတု”များ၏ အမုန်းစကားသွေးထိုးမှုများက လူ့အဖွဲ့အစည်းကို ရင်ကြားမစေ့နိုင်သည့် အဆိုးကျော့သံသရာထဲကို တွန်းပို့လိုက်တော့သည်။
လူ့အဖွဲ့အစည်းကို စေ့စပ်ဆွေးနွေးသည့်နည်းဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တွန်းတင်လိုလျှင် အပြန်အလှန်ဆဲရေးနေသည့် ကိုယ်ပျောက်ဖေ့စ်ဘွတ်ခ်သမားများ၏ အမုန်းစကားများ၊ ကောလာဟလများကိုရပ်လိုက်ဖို့ အရေးတကြီးလိုအပ်သည်။
ဒီနေရာမှာ အထူးသတိပြုရမည့်အချက်က ကိုယ်နှင့်အယူအဆမတူသည့် အကောင့်အတုများကိုသာ ဘလော့လုပ်ဖို့မဟုတ်ဘဲ ကိုယ်မနှစ်သက်သူကို မတရားတိုက်ခိုက်နှိပ်ကွပ်သည့် အကောင့်အတုများကိုလည်း ဘလော့ဖို့ဖြစ်သည်။ ခါးအောက်ပိုင်းကို ထိုးနှက်သည့်အကျင့်ကို ဘယ်ဘက်ကပြုလုပ်လုပ် လက်မခံသင့်ပါ။ အစိုးရ၊ အတိုက်အခံ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဘယ်ဘက်ကိုပဲဖြစ်ဖြစ် အမည်နှင့်သရုပ်သကန်မဖော်ပြဘဲ အမှောင်ထဲကလှမ်းပစ်သည့် ခဲလုံးများကို ၀ိုင်းဝန်းဆန့်ကျင်ကြရပါမည်။ လူမှုကွန်ရက်မှာ အင်တာနက်နိုင်ငံသားများ(Netizens)အနေဖြင့် ကိုယ့်ယုံကြည်ချက်ကို ရေးသားနိုင်သည်။ မတူတာကို ငြင်းခုံနိုင်သည်။ ဆွေးနွေးနိုင်သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမပြောဘဲ ဆဲရေးသည့်သူများ၏စကားများကိုတော့ နားထောင်ဖို့မသင့်ပါ။ မရှဲလ်သင့်ပါ။
မကြာသေးမီက ဖေ့စ်ဘွတ်ခ်အဖွဲ့၏ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေအကောင့်အတုအရေအတွက်မှာ ၆၇ သန်းနှင့် သန်း ၁၀၀ အကြားရှိသည်ဟု ဆိုသည်။ ရာခိုင်နှုန်းဖြင့်ဆိုလျှင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၁ ဒသမ ၂ ရာခိုင်နှုန်းအကြား အရေအတွက်သည် အကောင့်အတုများဖြစ်သည်။ ထိုအကောင့်များထဲမှာ ငြိမ်းချမ်းစွာသုံးစွဲနေသည့် အကောင့်များရှိသလို အမုန်းစကားများဖြန့်ဝေဖို့ ရည်ရွယ်ချက်နှင့်သုံးစွဲနေသည့် အကောင့်များလည်းရှိနေပါသည်။
အခြေခံဥပဒေပြင်ဆင်ရန် အားထုတ်မှု၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ဘာသာရေးအခြေခံသည့် ပဋိပက္ခများပြင်းထန်ချိန်မှာ အမှောင်ထဲကလာသည့် ခဲလုံးများကို ကြိုတင်ဟန့်တားဖို့ လိုအပ်ပါသည်။ ကိုယ့်ဘက်သူ့ဘက် ဘယ်ဘက်ကမဆို မတရားပြောဆိုထိုးနှက်သည့် အကောင့်အတုများကို ဘလော့ကြရပါမည်။ လူမှုကွန်ရက်ပေါ်မှာ မတူညီသည့်အယူအဆကို ယဉ်ယဉ်ကျေးကျေး ရဲရဲဝံ့ဝံ့ပြောမည့်သူများကိုသာ လက်ခံကြဖို့ဖြစ်သည်။
အားလုံးက တညီတညွတ်တည်းဘလော့လျှင် ကိုယ်ပျောက်အကောင့်အတုများ သီးခြားကမ္ဘာကို ရောက်သွားကြပါလိမ့်မည်။ ကမ္ဘာ၏ထောင့်တစ်နေရာမှာ သူတို့ဘာသာ မယဉ်ကျေးစွာ သတ်ပုတ်ကြပါစေတော့။ ယဉ်ကျေးသူများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှာ သူတို့ ဘယ်တော့မှ နောက်တစ်ကြိမ် ခြေချခွင့်ရတော့မည်မဟုတ်ပါ။
ဒီနေ့ ကျွန်တော်တို့လူမှုကွန်ရက်ကို သန့်ရှင်းရေးလုပ်ကြရမည်။ အယူအဆမတူသည့်တိုင် ယဉ်ကျေးရင့်ကျက်သည့်စကားများဖြင့် အပြန်အလှန်ဆွေးနွေးကြမည်။ ကျွန်တော်တို့သည် ယဉ်ကျေးသောနိုင်ငံသားများဖြစ်ကြောင်းနှင့် ယဉ်ကျေးမှုကိုရှေ့တန်းတင်ကြောင်း လက်တွေ့ပြကြမည်။
သတင်းစာဖတ်တာကို ရပ်လိုက်လို့ရပါပြီ။ ကွန်ပျူတာကိုဖွင့်ကြပါစို့။ ဒီကနေ့သည် ဘလော့ပွဲတော်နေ့ဖြစ်သည်မဟုတ်ပါလား။ ။
ရေးသားသူ- ရဲမိုး
0 comments:
Post a Comment