Thursday, February 27, 2014

မျှော်လင့်လျှက်က စောင့်မျှော်ဆဲပါ

<<<<<( မျှော်လင့်လျှက်က စောင့်မျှော်ဆဲပါ )>>>>>

အိမ်ပြန်လာရင်း ဘေးကနေ ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ စုံတွဲလေးတစ်တွဲကို  အဝေးက လှမ်းမြင်နေခဲ့ရတယ်၊

အနားကဖြတ်မောင်းသွားတော့လည်း သေသေချာချာကြည့်လိုက်မိတယ်၊ လယ်သာဂျာကင် အနက်လေးတွေနဲ့ ဂျင်းပင်လေးတွေ ၀တ်ထားတဲ့လှပ ခေတ်မီပြီး ငယ်ရွယ်နုပျိုလန်းဆန်းနေတဲ့ စုံတွဲလေးပါပဲ.... 

ကောင်မလေးက ခါးလေးဆန့်ပြီး ကောင်လေးကို အနောက်ကနေ သိုင်းဖက်ထားတယ်.....

ကောင်လေးရဲ့ ပုခုံးပေါ်ကိုမေးတင်ပြီး ပါးချင်းထိကပ်ထားတယ်..

ကောင်လေးကလည်း ကောင်မလေး အဆင်ပြေအောင် နောက်ပြီး ပါးချင်းလည်း သေသေချာချာ ထိကပ်ထားနိုင်အောင် ကိုယ်ကို ဖြေလျော့ပြီး ကောင်မလေး ဘက်ကို နည်းနည်းလေး စောင်းပေးထားတယ်... 

ဆံပင်လေးတွေလည်း လေမှာ ၀ဲလွင့်လို့.... 
အင်မတန်ကြည့်လို့ကောင်းပါတယ်..... 
လှပ တက်ကြွတဲ့ အရွယ်လေးတွေနဲ့ လိုက်ဖက်လှတယ်လို့ ထင်မိတယ်။

အနားရောက်တော့ ကောင်လေးက ပြုံးပြသွားတယ်. ကြည့်ကောင်းကောင်းနဲ့ကြည့်နေတဲ့ ကျွန်တော်လည်း ယောင်ပြီး ပြန်ပြုံးပြလိုက်မိတယ်။

အင်း...... 
ချစ်ခြင်းတရားရဲ့ ပျော်ရွှင်ခြင်းတွေကလည်း  ကူးစက်တတ်တဲ့ အပြင် လွှမ်းမိုးတတ်သေးတာကိုလည်း သတိထားလိုက်မိပါတယ်။

နည်းနည်း လွန်နေတဲ့ အမူအယာလေးတွေနဲ့ လှပတဲ့စုံတွဲလေးကိုကြည့်ရင်း ညနေခင်းလေးလည်း ပိုပြီးလှသွားတယ်၊

ကျွန်တော်လည်း အတွေးလေးတွေလှသွားခဲ့တယ်လေ.....  လှပတဲ့ ဒီ ညနေခင်းလေးမှာပေါ့........။

တစ်ယောက်ထဲ ပြုံးရင်း စဉ်းစားရင်း အသိစိတ်တွေကလည်း အတိတ်ကို ပြန်ရောက်သွားတယ်။

ကျွန်တော်လည်း ချစ်သူနဲ့အတူတူ ဒီလိုညနေခင်းလေးတွေမှာ ပျော်ရွှင်ခဲ့ဘူးတယ်.... သစ်ရွက်တွေ ကြွေနေတဲ့ ဆိတ်ငြိမ်နေတဲ့  လမ်းအိုလေးပေါ်မှာလေ၊  အတူတူ စက်ဘီးလေးစီးရင်းနဲ့ပေါ့....... 

မမေ့နိုင်တဲ့.. အေးချမ်းလှပတဲ့  ရှမ်းပြည်ရဲ့ ညနေခင်းလေးတစ်ခုမှာပေါ့.... 

အဲဒီတုန်းက အေးစက်ခြင်းတွေကလည်း နွေးထွေးခြင်းတွေ ဖြစ်ခဲ့ဘူးပါတယ်... အတက်အဆင်းများတဲ့ တောင်ပေါ်လမ်းလေးတွေမှာ စက်ဘီးလေးနင်းရင်း  ဖြစ်ပေါ်လာတဲ့ မောပမ်းခြင်းတွေကိုလည်း ပျော်ရွှင်ခြင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ဘူးပါတယ်၊ 

အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတည်းက ချစ်ခြင်းတရားကို နှစ်သက်မြတ်နိုးတတ်ခဲ့တာပါပဲ။

စက်ဘီးလေးနင်းရင်း  လေ အဝှေ့မှာ လမ်းဘေးကို လွင့်မျောသွားတတ်တဲ့ ရွက်ဝါလေးတွေကို ကြည့်ရင်းလည်း ကြည်နူးခဲ့ဖူးတယ်၊

တောင်ပေါ်လမ်း အတက်လေးတွေမှာ  စက်ဘီးလေးယိုင်သွားရင်လည်း လဲကျမသွားအောင်  ကြိုးစားထိန်းရင်း နှစ်ယောက်အတူ ရယ်မောခဲ့ကြဘူးတယ်...

အခုတော့ ရှမ်းတောင်တန်းကြီးရယ်၊ စက်ဘီးလေးရယ်၊ ရွက်ဝါလေးတွေရယ်..ချစ်သူရယ် အားလုံးကို ကျွန်တော် ချန်ထားရစ်ခဲ့ပြီလေ။

အစွယ်လိုသူလည်းမရှိ၊ အသွားစေခိုင်းသူလည်း မရှိခဲ့ပါပဲ ဒီဇာတ်လမ်းမှာ လေးပစ်သူက ကျွန်တော်မျိုးရယ်ပါ... 

ဘာကြောင့်များ ကျွန်တော် ချန်ထားရစ်ခဲ့တာလဲဆိုတာကိုလည်း ခုချိန်ထိ ဝေခွဲမရခဲ့ဘူးလေ။

လွတ်လပ်ခြင်း မရှိတဲ့ မိသားစု စည်းကမ်းတွေကြားမှာ ရှင်သန်ကြီးပြင်းခဲ့တဲ့ ကျွန်တော်..... ချစ်သူရှိကြောင်းကိုလည်း ဖွင့်ဟ မပြောရဲခဲ့ဘူး။

ပြောရလောက်အောင်လည်း ချစ်သူက မပြည့်စုံခဲ့ဘူးလေ..... 

စီမံထားတဲ့အတိုင်း ပညာတွေသင်ကြားရင်း၊ နေထိုင်လှုပ်ရှားရင်း အရွယ်တော် တစ်ဆစ်ဟိုင်းခဲ့ရတယ်။  

မမြင်နိုင်တဲ့ ရှမ်းတောင်တန်းကြီးတွေပေါ်မှာ...... ချစ်သူကျန်ရစ်တယ်၊ မေ့ မရတဲ့ နှလုံးသားမှာချစ်သူရှိနေသေးတယ်ဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးတော့ အခုအချိန်အထိ မပျောက်ပျက်သေးတော့လည်း တိတ်တိတ်လေး မက်ခဲ့တဲ့ အိပ်မက်လေး တစ်နေ့မှာ အသက်ဝင်လာနိုးနဲ့ တစ်ယောက်ထဲ ခြောက်ခြောက်သွေ့သွေ့  စောင့်နေမိခဲ့တယ်၊ 

တကယ်တမ်းမှာ ချစ်သူအတွက် ပေးဆပ်နိုင်တာက အကြောင်းအမျိုးမျိုးပြရင်း အိမ်ထောင်ပြုဖို့ ရှောင်တိမ်းနိုင်ခဲ့တာလေး တစ်ခုထဲ ကျန်တော့တာပါ. 

ဟိုတုန်းက ဘာလို့များဖွင့်ပြောဖို့ သတ္တိတွေ နည်းခဲ့တာလဲ လို့ ယူကြုံးမရချင်းတွေလည်း အကြိမ်ကြိမ်ပါ။

အခုတော့ ကာလကြီးရဲ့ ရွှေ့ပြောင်းခြင်း အလိုအရ စက်ဘီးလေး မစီးဖြစ်တော့ဘူး... စက်ဘီးလေး နေရာမှာ ဆိုင်ကယ်လေး ရှိနေတယ်...... 

 ဒါပေမဲ့ စက်ဘီးလေးလို ဂန္ဓ၀င် ဆန်တဲ့လှပခြင်းတွေ ရှိမနေခဲ့ပါဘူး.... အထီးကျန်ဆန်ခြင်းတွေပဲ ရှိနေခဲ့တယ်လေ။

ဒီဆိုင်ကယ်လေးရဲ့ နောက်မှာ..... ချစ်သူကို တင်နိုင်ဖို့ပျော်ရွှင်စွာ ရယ်မောဖို့နဲ့.... ကျန်ရစ်ခဲ့တဲ့ အကြွေးတွေကို တစ်သက်လုံး ပေးဆပ်နိုင်ဖို့ မျှော်လင့်နေသေးတယ်ချစ်သူရေ။

နောက်ဆုံးအနေနဲ့ပဲ ဖြစ်ဖြစ် ခွင့်လွှတ်ပေးဖို့ကိုလည်း ကြိုးစားနေမိဦးမှာပါ။

ချစ်သူမသိခဲ့တာ တစ်ခုက လှပတဲ့ နေ့ရက်တွေနဲ့  အချိန်တွေတိုင်းမှာ သတိရနေတတ်တယ် ဆိုတာပါပဲ...

ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်လုံးအတွက်တော့ ချစ်ခြင်းတရားတွေနဲ့ ကြုံတွေ့နေခဲ့ရင်လည်း ပျော်ရွှင်နေတတ်ပါသေးတယ်.....  

ငယ်ရွယ်စဉ်မှာသတ္တိတွေနည်းခဲ့တာကလွဲရင်... 
ချစ်သူရေ အရာအားလုံးကို မင်းပိုင်ပါတယ် နောက်ဆုံးအချိန်အထိပေါ့..... လို့ စိတ်ထဲမှာ တမ်းတမ်းတတ ပြောရင်း ကျွန်တော် ဟိုး...... အဝေးကို ငေးကြည့်နေမိတယ်...... 

ချစ်သူကို သတိရနေတတ်လို့ထင်ပါတယ် လောကကြီးက  လှပနေတုန်းပါပဲ... 

ကြည်နူးဖွယ် ၀ိဥာဉ်တွေ စီးဝင်နေခြင်းမရှိတဲ့ ဆိုင်ကယ်လေးကတော့ သူမသိတဲ့ သခင်မလေးကို မျှော်နေလေရဲ့.... ခြောက်ခြောက်သွေ့သွေ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့လေ....။

(ကွန်ဆူးမား)(၂၇-၂-၂၀၁၄)
ဟိုတုန်းက အဟောင်းလေးကို Refresh လုပ်၍တင်ပြပါသည်။

အိမ်ပြန်လာရင်း ဘေးကနေ ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ စုံတွဲလေးတစ်တွဲကို အဝေးက လှမ်းမြင်နေခဲ့ရတယ်၊ အနားကဖြတ်မောင်းသွားတော့လည်း သေသေချာချာကြည့်လိုက်မိတယ်၊ လယ်သာဂျာကင် အနက်လေးတွေနဲ့ ဂျင်းပင်လေးတွေ ၀တ်ထားတဲ့လှပ ခေတ်မီပြီး ငယ်ရွယ်နုပျို လန်းဆန်းနေတဲ့ စုံတွဲလေးပါပဲ....

(ကွန်ဆူးမား) (၂၇-၂-၂၀၁၄)

ဟိုတုန်းက အဟောင်းလေးကို Refresh လုပ်၍တင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...