Sunday, February 23, 2014

ရံဖန်ရံခါ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်လို့ ဆီးပူ၊ ဆီးကျင်ဖြစ်တတ်တဲ့ အကြောင်းလေး မျှဝေခြင်း


ဆီးလမ်းကြောင်းပိုးဝင်ခြင်း တစ်နည်းအားဖြင့် Urinary Tract Infection ဟာ လူထုထဲမှာ မကြာမကြာတွေ့ရတတ်ပါတယ်။ တစ်ချို့လည်း ဘာမှဆေးသေချာမကုပဲ ဆီးကျင်တာ သက်သာသွားသလို၊ တစ်ချို့ကတော့ သင့်တော်တဲ့ ဆေးပေးမှသာ ပျောက်တတ်ပါတယ်။
ဒါပေမဲ့ စာရေးသူ အကြံပေးချင်တာကတော့ ဆီးကျင်တာ ခနတဖြုတ် တစ်ကြိမ်လောက်သာ အာဂန္တု ကျင်တတ်ပြီး ဘာမှ ဆက်မဖြစ်တော့လို့ ဆေးကုသမှုမခံယူဘူး ဆိုပေမဲ့ ဆီးသွားတိုင်း ပူနေ၊ ကျင်နေရင်တော့ သက်ဆိုင်ရာ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆေးစစ်၊ ဆေးကုသသင့်ပါတယ်။ တကယ်ဆီးလမ်းကြောင်းပိုးဝင်လို့ ကျင်နေတာ ဖြစ်မှာဆိုးလို့ပါ။ ဒါကြောင့် ဘယ်လိုလူတွေမှာ ဆီးပို ၀င်ဖို့ရာခိုင်နှုန်းပိုများတတ်တယ်၊ ဘယ်လိုရောဂါ လက္ခဏာပြတတ်တယ်နဲ့ ဆောင်ရန်၊ ရှောင်ရန်လေးကို တတ်နိုင်သလောက် ဖော်ပြပေးလိုက်ပါတယ်ရှင်။

ဆီးလမ်းကြောင်းပိုးဝင်တယ် ဆိုတာဘာလဲ ?

• ဆီးလမ်းကြောင်းလို့ ဆိုရာမှာ ဆီးသွားပြွန်၊ ဆီးအိမ်၊ ဆီပြုပြွန် နဲ့ ကျောက်ကပ်တို့ပါဝင်ပါတယ်။ ထိုလမ်းကြောင်းထဲ တစ်နေရာရာ သို့မဟုတ် တစ်လျှောက်လုံး ပိုးဝင်နိုင်တာကို ဆိုလိုပါတယ်။

ဘယ်လိုမျိုးမှာ ဆီးပိုးဝင်တတ်လဲ ?

• ဆီးပိုးဝင် ဆီးပူ၊ ဆီးကျင်တာဟာ အမျိုးသမီးတွေမှာ ပို အဖြစ်များပါတယ်။ အမျိုးသားတွေနဲ့ ယှဉ်ရင် ဆီးသွားလမ်းကြောင်းပြွန် ပိုပြီးတိုနေတာကြောင့်ပါ။ ဆီးလမ်းကြောင်းဟာ စအိုဝ နဲ့ နီးကပ်နေတဲ့ အတွက် ၀မ်းသွားပြီးချိန်မှာ ရေဆေးနည်း (သို့) သန့ှ်ရှင်းနည်း မမှန်ကန်လို့လည်း ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းဟာ တိုတဲ့ အတွက် ၀မ်းအညစ်အကြေးမှာအများဆုံးပါတဲ့ E.Coli လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ အမျိုးသမီးတွေရဲ့ ပြွန်ဝမှ တစ်ဆင့် အထက်သို့တက်ကာ ဆီးလမ်းကြောင်းတောက်လျှောက် ပိုးဝင်နိုင်ပါတယ်။
• တခြား ဆီးလမ်းကြောင်းပိုးဝင်စေနိုင်တဲ့ အခြေအနေတွေကိုလည်း အသေးစိတ်ဖော်ပြချင်ပါတယ်ရှင်။ ဆီးပိုးဝင်တာနဲ့ အများဆုံးဆက်စပ်နိုင်တာကတော့

o လိင်ဆက်ဆံမှုပြုလုပ်ခြင်း (ဆီးလမ်းကြောင်းနှင့် အမျိုးသမီးအင်္ဂါတို့ ကပ်နေတာကြောင့် ၀င်တတ်သလို၊ လိင်ဆက်ဆံဖော် များသူတွေမှာလည်းဖြစ်တတ်ပါတယ်)

o ဆီးသွားချင်သောအချိန်တွင် မသွားပဲ ဆီးအောင့်အောင့်ထားခြင်း (ဆီးအိမ်ထဲမှာ ဆီးပြည့်လာလျှင် ဆီးအိမ်ရှိ အာရုံကြောများမှ တစ်ဆင့် ဆီးသွားချင်စိတ်ကို ဖြစ်စေပါတယ်။ ဆီးမသွားပေးပဲ အောင့်ထားခြင်းကြောင့် ဆီးအိမ်မှ ကြွက်သားများဟာ ဆီးများများထပ်ဆံ့အောင် ပိုအလုပ်လုပ်ပြီး ဆီးအိမ်ကို ဖောင်းပေးရပါတယ်။ ကြာလာသောအခါ ဆီးအိမ်ကြွက်သားများ ပုံမှန် အလုပ်မလုပ်နိုင်တော့ပဲ ဆီးသွားလျှင်ဆီးကျန်ခြင်း ဖြစ်လာပါတယ်။ ဆီးကျန်များဟာ ဘက်တီးရီးယားများ ပေါက်ဖို့ အလွန်ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်)

o ကိုယ်ဝင်ဆောင်ခြင်း

o အမျိုးသမီးမှာ သွေးဆုံးကိုင်ခြင်း (သွေးဆုံးကိုင်လျှင် အမျိုးသမီး အီစထရိုဂျင် ဟော်မုန်းများ မရှိသလောက် နည်းသွားတဲ့အတွက် ဆီးအိမ်နှင့် ဆီးသွားပြွန်ရှိ ကြွက်သားများ အားနည်းကာ ဆီးသွားမှု ပုံမှန်မဟုတ်တော့ခြင်းကြောင့် ဖြစ်တတ်သလို မိန်းမကိုယ် ခြောက်သောကြောင့် ပိုးဝင်နိုင်ခြေပိုများလာခြင်းဖြစ်ပါတယ်)

o ဆီးချို၊ သွေးချိုရောဂါရှိသူများ

o ကိုယ်ခံအား (immunity) မကောင်းသူများ၊ သို့မဟုတ် ကိုယ်ခံအားကို ထိခိုက်စေမည့် ဆေးများ ရေရှည်သုံးစွဲနေရသူများ၊ ဥပမာ စတီးရွိက် (steroid) ပါသောဆေးများ။

o ဆီးလမ်းကြောင်း တစ်နေရာရာတွင် ကျောက်ရှိနေသူများ

o ဆီးပိုက်ထည့်ထားရသောသူများ ပဲ ဖြစ်ပါတယ်။

ဘယ်လို လက္ခဏာ ပြတတ်လဲ ?

• ဆီးသွားလျှင် ဆီးစပ်ပူခြင်း၊ ကျင်ခြင်း၊ ဆီးခန ခန သွားချင်စိတ်ဖြစ်နေခြင်း၊ ဆီးမထိန်းနိုင်ပဲ ပုံမှန်ထက် အရမ်းသွားချင်တတ်ခြင်း၊ ဆီးစပ်(သို့)ဆီးခုံဝန်းကျင် အောင့်ခြင်း၊ ဆီးသွားလျှင် သွေးရောင်သွားတတ်ခြင်းတို့ဖြစ်တတ်ပါတယ်။

• အဲဒီလက္ခဏာများထက်ပိုဆိုးလာလျှင်တော့ အဖျားများတက်လာခြင်း၊ ချမ်းတုန်ခြင်း၊ အော့အန်ခြင်း၊ ၀မ်းဗိုက်နောက်ကျောဘယ်၊ညာခြမ်းတစ်ဝိုက် အောင့်ခြင်း တို့ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ကျောက်ကပ်ကိုပါ ပိုးဝင်ပြီး ကျောက်ကပ်ယောင်တဲ့ အဆင့်မှာ ဖြစ်တတ်တာပါ။ ဆီးပိုးဝင်တာကို စောစောမကုခြင်းနဲ့ ဆက်စပ်ပါတယ်။ အချိန်မှီ ဆေးမကုရင်ကျောက်ကပ်ထိခိုက်ပြီး ဆီးမထွက်တော့တဲ့ အထိဖြစ်တတ်ပါတယ်။

• အမျိုးသားများဆိုရင်တော့ ဆီးကျိတ်ယောင်ပြီး ဆီးကျိတ်ယောင်တဲ့ လက္ခဏာတွေနဲ့ပါ ပြတတ်ပါတယ်ရှင်။ ဖျားချင်သလိုလိုဖြစ်ခြင်း၊ ခါးကိုက်ခြင်း စသည်တို့ပါလာတတ်ပါတယ်။

ဆီးပိုဝင်ခြင်းကို သံသယရှိပါက ဘာလုပ်သင့်သလဲ ?

အသင့်တော်ဆုံးကတော့ ဆရာဝန်ပြကာ ဆေးကုသမှုခံယူခြင်းပါပဲ။ ကုသမှုခံယူတာစောခြင်းဟာ မလိုလားအပ်တဲ့ နောက်ဆက်တွဲကျောက်ကပ်ထိခိုက်မှု မဖြစ်နိုင်တဲ့အတွက် အကျိုးရှိပါတယ်ရှင်။ နောက်ဆုံး အနေနဲ့ ဆောင်ရန် ရှောင်ရန် လေးတွေကတော့

• ရေများများသောက်ပေးပါ။
• ဆီးကို မအောင့်ထားပါနှင့်။
• ၀မ်းသွားပြီးပါက သန့်ရှင်းလျှင် မိန်းမကိုယ် နှင့်ဆီးလမ်းကြောင်းရှိသော ရှေ့ဘက်ကိုဦးတည်ကာမသုတ်ပါနှင့်။
• အချို့သော လေ့လာတွေ့ရှိချက်များအရ တစ်နေ့ကို Cranberry juice 200-750ml ခန့်သောက်သုံးပါကလည်း ဆီးလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်ခြင်းကို အထိုက်အလျှောက် ကာကွယ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီလောက်ဆို ဆီးပိုးဝင်ခြင်း၊ ဆီးကျင်ခြင်းနဲ့ ပတ်သက်လို့ ခြုံငုံမိပြီလို့ ထင်ပါတယ်ရှင်။ လိုအပ်ချက်များကို အကြံပြုနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...