Saturday, February 22, 2014

ဟော်မုန်းများနှင့် မိန်းမသား …..



မိန်းမသား ဆိုတဲ့အသုံးအနှုန်းကို မြင်လိုက်ရင် နူးညံ့သိမ်မွေ့ မှု၊ ကြင်နာယုယတတ်မှု၊ အားငယ် ကြောက်ရွံမှု စတဲ့ အချက်တွေကို အရင်ဆုံးသတိထားမိကြမှာပါ…. ဒါတွေအားလုံးဟာ ကျွန်မတို့ ရဲ့ သားဥအိမ်လေး နှစ်ခု ကနေ ထုတ်လုပ်ပေးနေတဲ့ ဟော်မုန်း ဆိုတဲ့ဇာတ်ဆရာတွေရဲ့ သရုပ်ပြကွက်တွေပါပဲ…


ဟော်မုန်းတွေဟာ ကျွန်မတို့ ဘ၀တစ်လျှောက်လုံးကို ကြီးကြီးမားမားလွှမ်းမိုးမှုတွေပြုလုပ်နေပေမယ့် .. ဘာလို့ ကျွန်မတို့ မှာ ငြင်းပယ်ပိုင်ခွင့် မရှိလဲဆိုတဲ့အကြောင်းပြချက်တော့မရှိပါဘူး… ..

တစ်ခုတည်းသော ဖြစ်နိုင်ခြေက တော့ မြင့်မြတ်လှတဲ့ မိခင်ဘ၀ ဆိုတာ မိန်းမသားတွေမှာသာလျှင်ပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတာ ပြသနိုင်ဖို့  ကျွန်မတို့ ရဲ့  ဇာတ်ဆရာ ဟော်မုန်းတွေက ညွှန်ကြားပေးနေတာ ဖြစ်နိုင်ပါတယ်..

ဟော်မုန်းတွေကြောင့် စိတ်တိုလွယ်တယ်၊ အားငယ်တတ်တယ်၊ လစဉ်လတိုင်းနာကျင်ရတယ်၊ စိတ်ရှုပ်ရတယ်.. ဒါပေမယ့် ဟော်မုန်းတွေကြောင့် ပဲ ချိုသာတဲ့အသံလေးတွေ၊ လှပတဲ့ ခန္ဓာကိုယ်အချိုးအစား နဲ့ နူးညံ့တွေ အသားရေလေးတွေကို ပိုင်ဆိုင်ခွင့်ရကြတာပါ။။

ဒါကြောင့် ဟော်မုန်းများအကြောင်း ကို့ ပိုသိလေ ဟော်မုန်းများကြောင့် ကျွန်မတို့ ခံစားရတဲ့ ဆိုးကျိုးတွေကို လျှော့ချ နိုင်ပြီး ကောင်းကြိုးများအောင်ပြုလုပ်နိုင်လေပဲဖြစ်ပါတယ် ။။။

၁။ ဟော်မုန်းများ နှင့် မွေးကင်းစ အရွယ် ..

များသော အားဖြင့် ဟော်မုန်းအကြောင်းကို ပြောရင် အပျိုဖော်ဝင်ချိန် မှ စပြီး ပတ်သတ်မှုရှိတယ်လို့ ထင်ကြပေမယ့် မွေးကင်းစ အရွယ်မှာ ကတည်းဟော်မုန်းတွေဟာ ကျွန်မတို့ ကို စေခိုင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။။ မွေးကင်းစ အရွယ်မှာ အမေ့ရဲ့ ချက်ကြိုးကနေတစ်ဆင့် အီစထရိုဂျင် ( Oestrogen) လို့ ခေါ်တဲ့မိန်းမဟော်မုန်းတစ်မျိုးဟာ ကျွန်မတို့ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတတ် ပြီး အဲ့ဒိ Oestrogen ကြောင့်မွေးကင်းစ ကလေးလေး တစ်ချို့  ( ယောက်ျားလေး/ မိန်းကလေး) မှာ ရင်သားတွေ ဖွံ့ ထားနေပြီး နို့  ရည်လေးတွေထွက်နေတာမျိုးကို တွေ့  ရတတ်ပါတယ်။။ ပုံမှန်အားဖြင့်တော့ အဲ့ဒိလို ဖွံ့ ထွားမှု များဟာ တစ်ပတ်လောက်နေရင် လျော့နည်းသွားတာတွေ့ ရတတ်ပါတယ်။ တစ်ချို့ သော မိန်းကလေး ငယ်များမှာတော့ ကလေးငယ်ရဲ့ ကိုယ်ပိုင် ဟော်မုန်းတွေကြောင့် ကလေးငယ်ဘ၀မှာ ရင်သားကြီးထွားမှုတွေ မကြာခဏပြန်ပြန် ဖြစ်ပေါ်လာတာမျိုးကို တွေ့ ရတတ်ပါတယ်။။

၂။ ဟော်မုန်းများ နှင့် အပျိုဖော်ဝင်ချိန်…

အပျိုဖော်ဝင်ချိန်ရောက်လာရင်တော့ ဟော်မုန်းတွေဟာ မိန်းကလေးတွေကို ပြောင်းလဲမှုတွေ အကြီးအကျယ် ပြုလုပ်တော့တာပါပဲ။ သူမရဲ့  ရင်သားတွေကို မိန်းကလေးတစ်ယောက်မှန်းသိသာအောင် ကြီးထွားလာစေမယ်၊ ဆီးခုံ နဲ့ ဂျိုင်းတွေမှာ အမွှေးအမြှင်တွေ ထွက်လာစေမယ်၊ နောက်ဆုံးမှာတော့ သူမရဲ့ရာသီစက်ဝန်းကို စတင်ပြီး သူမကို မိန်းကလေးတစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြလိုက်သလို ပါပဲ။ အပျိုဖော်ဝင်ချိန်တွေ ဟာ အစမှ အဆုံး လေးနှစ်လောက် အချိန်ယူရလေ့ရှိတတ်ပါတယ်။ တစ်ချို့ သော မိန်းကလေးတွေ အတွက် ဒီလို ပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ တော်တော်ခက်ခဲကြပေမယ့်၊ တစ်ချို့ ကတော့ အပျိုဖော်ဝင်ချိန်ရောက်ရင် စိတ်ကစားမှုတွေ၊ ဆန့် ကျင်ဘက်တွေကို စိတ်ဝင်စားမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့ အတွက် ဦးဏှောက်ရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တဲ့ ဟိုင်ပိုသဲလမတ် (Hypothalamus) က Gonadotrophin Releasing Hormone လို့ ခေါ်တဲ့ဟော်မုန်းတစ်မျိုးကို ထုတ်ပြီး ပီကျူထရီဂလင်း ( Pituitary Gland) လို့ ခေါ်တဲ့ ဦးဏှောက်ရဲ့  တခြား အစိတ်အပိုင်းတစ်ခုကို လှုံဆော်မှုတွေစတင်ပြုလုပ်ပါတယ်။ Pituitary Gland ကလည်း နောက်ထပ်ဟော်မုန်း နှစ်မျိုးဖြစ်တဲ့ Luteinizing Hormone နဲ့ Follicle-Stimulating Hormone နှစ်မျိုးကို ထုတ်ပြီး မိန်းကလေးတွေရဲ့  သားဥအိမ်တွေကို လှုံ့  ဆော်မှုတွေပြုလုပ်ပြန်ပါတယ်။ အဲ့ဒိလှုံ့ ဆော်မှုတွေကြောင့် သားဥအိမ်တွေဟာ မိန်းမဟော်မုန်းများကို ထုတ်လုပ်ပါတော့တယ်။

၃။ မိန်းမဟော်မုန်းများ …..

သားဥအိမ်တွေဟာ ယောက်ျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ တတ်စတရိုစတီရုန်း (Testosterone) ကို လည်းထုတ်လုပ်ပေးနိုင်ပေမယ့် အဓိက ထုတ်လုပ်ပေးနေတဲ့ ဟော်မုန်းတွေကတော့ မိန်းမဟော်မုန်းတွေဖြစ်တဲ့ အီစထိုဂျင် (Oestrogen) နဲ့  ပရိုဂျပ်စတီရုန်း (progesterone) တွေဖြစ်ပါတယ်။

အပျိုဖော်ဝင်ချိန်ရောက်ပြီ ဆိုတာနဲ့ Oestrogen တွေဟာ သားအိမ်၊ သားဥအိမ်တွေနဲ့ သားဥပြွန်တွေကို ဖွံ့ ဖြိုး လာအောင်လှု့ံ ဆော် ပေးပါတယ် ။ ထို့ ပြင် မိန်းကလေးတွေရဲ့ ရင်သား၊ တင်ပါးနဲ့ ပေါင်တွေမှာ အဆီတွေ စုပုံလာအောင်ပြုလုပ်ပြီး မိန်းကလေးရဲ့  အလှအပတွေကို ပီပြင်လာအောင်ထုဆစ်ပေးပါတယ်။ Testosterone တွေကတော့ ယောက်ျားဟော်မုန်းတွေဖြစ်တဲ့အလျောက်ကြွက်သားတွေနဲ့  အရိုးတွေ ခိုင်မာဖွံ့  ဖြိုးလာအောင် ထောက်ပံ့ပေးပါတယ်။

အပျိုဖော်ဝင်ပြီးပြီဆိုတာနဲ့  Luteinizing Hormone, Follicle-Stimulating Hormone, Oestrogen နဲ့ Progesterone တွေဟာ မိန်းမသားတွေ ရဲ့ ရာသီစက်ဝန်းတွေပုံမှဖြစ်စေဖို့ အတွက် မရှိမဖြစ်တဲ့ အခန်း ကဏ္ဍ က ပါဝင်လာပါတယ်။ ဟော်မုန်းတစ်မျိုးစီဟာ မတူညီတဲ့ ပုံစံတွေနဲ့ သရုပ်ပြကြပြီး အနိမ့်အမြင့် အတက်အကျ တွေနဲ့ ရာသီစက်ဝန်းတစ်ခု မှန်ကန်စေဖို့ အတူလက်တွဲပြီး ဆောင်ရွက်ကြရပါတယ်။

သားဥအိမ်တွေထဲမှာရှိတဲ့ များပြားလှတဲ့သားဥလေးတွေထဲမှ တစ်ခုစီဟာ တစ်လတစ်ခါရင့်မှည့်လာပြီး သားဥပြွန်တွေကနေတစ်ဆင့်သားအိမ်ထဲကို ရောက်လာလေ့ရှိပါတယ်။ အဲ့ဒါသားဥလေး ထွက်လာတာနဲ့ Oestrogen နဲ့ Progesterone တွေဟာ သားဥလေး သန္ဓေအောင်ရင် နေနိုင်စေဖို့ အတွက် သားအိမ်နံရံတွေကို ထူထဲအောင်ပြင်ဆင်ပေးထားပါတယ်။ သားဥလေး သန္ဓေမအောင်ခဲ့ ရင်တော့ အဲ့ဒိဟော်မုန်းတွေဟာ သူတို့ ရဲ့ အစွမ်းတွေကို ပြန်ရုပ်သိမ်းလိုက်တဲ့ အတွက် သားဥလေးနဲ့ အတူ သားအိမ်နံရံတွေဟာ ကွာကျလာပြီး ရာသီသွေးအဖြစ်စီးဆင်းရပါတော့တယ်။

၎။ ဟော်မုန်းများ နဲ့ ကိုယ်ဝန်ဆောင်ချိန်

အကယ်၍ သားဥလေး သန္ဓေအောင်ခဲ့ ရင်တော့ ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ မတူတော့ပါဘူး။ Oestrogen နဲ့ Progesterone တွေရဲ့ အစွမ်းတွေဟာ လည်းဆက်လက်တည်ရှိနေတဲ့ အတွက် ရာသီလာခြင်းတွေလည်းမရှိတော့ပါဘူး။ စတင်ဖွံ့ ဖြိုးလာပြီဖြစ်တဲ့ သန္ဓေသားလေးရဲ့  အချင်း ကနေ အခြားသော ဟော်မုန်းတစ်မျိုးဖြစ်တဲ့  HCG (Human Chorionic Gonadotrophin) ကို ထုတ်လုပ်ပေးပြီး၊ သားဥအိမ်တွေကနေ Oestrogen နဲ့ Progesterone တွေပိုမို ထုတ်လုပ်နိုင်ဖို့ အတွက် လှုံဆော်ပေးပါတယ်။ ကိုယ်ဝန်ရှိ၊မရှိ တိုင်းတာလို့ ရတဲ့ ဆီးစစ် ပစ္စည်းလေးတွေဟာ HCG ရှိ၊ မရှိကို တိုင်း တာဖြစ်ပြီး၊ HCG ပမာဏ အနည်းငယ် ရှိရုံနဲ့ သိသာ နိုင်တဲ့ အတွက် ကိုယ်ဝန်တစ်ပတ်လောက်ကနေစပြီး သိရှိနိုင်ပါတယ်။

ကိုယ်ဝန် လေးလရှိပြီဆို ရင်တော့ အချင်းဟာ သားဥအိမ်တွေရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းယူပြီး Oestrogen နဲ့ Progesterone တွေကို ကိုယ်တိုင်ထုတ်လုပ်ပါတော့ တယ်။ ဒီအချိန်မှာတော့ Oestrogen နဲ့ Progesterone တွေဟာ သားအိမ်နံရံတွေကို ထူအောင်ပြုလုပ်ရုံတင်မကတော့ပဲ ကလေးနဲ့ အမေကြားက သွေးလှည့်ပတ်မှုတွေပိုကောင်းလာအောင်၊ အမေရဲ့ ရင်သားတွေ ဖွံ့ ထွားလာအောင် တွေအပြင် သားအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး ကြီးထွားလာမည့် ကလေးငယ်လေး အတွက် နေစရာ ပိုကျယ်အောင် သားအိမ်ကို ပြင်ဆင်မှုတွေပါပြုလုပ်ပါတော့တယ်။

Progesterone နဲ့ အခြားဟော်မုန်းတစ်မျိုးဖြစ်တဲ့ Relaxin တွေကတော့ ကလေးမွေးဖွါးတဲ့ အချိန်မှာ အဆင်သင့်ဖြင့်အောင် တင်ပဆုံ ရိုးနဲ့  ကြွက်သားတွေ လှုပ်ရှားမှု ကောင်းအောင်အားဖြည့်ပေးထားပါတယ်။

ကလေးမွေးဖွါခါနီးပြီ ဆိုရင်တော့ သားအိမ်ညှစ်အားကောင်းအောင်၊ ကလေးမွေးဖွါးပြီးပါက နို့ ရည်ထွက်အောင် Oxytocin နဲ့ အခြားသော ဟော်မုန်းတွေက ထောက်ပံ့ပေးပြန်ပါတယ်။

၅။ဟော်မုန်းများ နဲ့  ကလေးမွေးပြီးချိန်

ကလေးမွေးပြီးပြီ ဆိုရင်တော့ Oestrogen နဲ့ Progesterone တွေရဲ့ အစွမ်းတွေဟာ သိသိသာသာ လျော့ကျသွားတဲ့ အတွက် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအများကြီးဖြစ်လာပါတယ်။ သားအိမ်ဟာ တစ်ဖြည်းဖြည်း ကျုံ့ လာပြီး မူလ အရွယ်အစားအတိုင်းဖြစ်လာပါတယ်။ တင်ပဆုံကြွက်သားတွေနဲ့ သွေးလည်ပတ်မှုတွေဟာလည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဟော်မုန်း အပြောင်းအလဲ များကြောင့် ကလေးမွေးပြီးချိန်မှာ ရုပ်ပိုင်းဆိုင်ရာ တင် မကပဲ စိတ်ကျခြင်းကဲ့သို့ သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များကိုလည်း ရံဖန်ရံခါ တွေ့ ရတတ်ပါတယ်။

၆။ ဟော်မုန်းများ နဲ့ သွေးဆုံးချိန်

နောက်ထပ် သိသိသာသာ ဟော်မုန်းပြောင်းလဲမှုတွေကို ကြုံတွေ ရတဲ့အချိန်ကတော့ သွေးဆုံးချိန်လို့ ကျွန်မတို့ ပြောကြတဲ့ ရာသီလာခြင်းကို နောက်ဆုံးကြုံတွေ့ ရတဲ့ အချိန်ပါပဲ။ သွေးဆုံးခြင်းဆိုတာဟာ သားဥအိမ်မှ Oestrogen ပမာဏ အနည်းငယ်သာ ထုတ်လုပ်ပေးတော့ တဲ့ အတွက် သားအိမ်နံရံတွေထူထဲမှု နည်းပါပြီး သွေးမဆင်းတော့တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ သွေးဆုံးချိန်တွေ ဟာ အသက် ၅၂ နှစ်ပတ်ဝန်းကျင်တွေဖြစ်လေ့ရှိပါတယ်။ အသက် ၄၀ အောက်မှာသွေးဆုံးခဲ့ရင်တော့ အရွယ်မတိုင်မှီသွေးဆုံးခြင်း လို့ သတ်မှတ်ကြပါတယ်။

သွေးမဆုံးမှီ ၅ နှစ် ၁၀ နှစ်လောက်က စတင်ပြီး သားဥအိမ်တွေရဲ့  စွမ်းဆောင်ရည်တွေလျော့ကျ လာတဲ့အတွက် အမျိုးသမီးတွေရဲ့  ရာသီစက်ဝန်းမှာ ပြောင်းလဲမှုတွေအများကြီးကြုံတွေ့ ရတတ်ပါတတ်။ တစ်ချို့ သော အမျိုးသမီးတွေမှာ ရာသီသွေး အဆမတန်များခြင်း၊ တစ်ချို့ မှာ နည်းခြင်း၊ တစ်ချို့ ရက်ကြာခြင်း၊ တစ်ချို့ ရက်အနည်းငယ်သာ လာခြင်း စသော ပုံမှန်မဟုတ်တဲ့အပြောင်းအလဲများကိုတွေ့ ရလေ့ရှိတတ်ပါတယ်။

သွေးဆုံးပြီးမှကိုယ်ဝန်ရခြင်းဆိုတာ မျိုးဟာ ရှားပါးဖြစ်စဉ်ဖြစ်ပေမယ့် ဖြစ်တတ်တာ မို့ လို့ အသက် ၅၀ အောက်မှာ သွေးဆုံးတဲ့  အမျိုးသမီးများအနေနဲ့ သွေးဆုံးပြီး ၂ နှစ်၊ ၅၀ အထက်အမျိုးသမီးများ အနေနှင့် သွေးဆုံးပြီး တစ်နှစ်ကြာသည်အထိ သန္ဓေတားဆေးများ ဆက်သောက်သင့်ပါတယ်။

Oestrogen ဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ နှလုံး၊ အရိုး၊ ရင်သား၊ သားအိမ်၊ မိန်းမကိုယ် နဲ့ ဆီးအိမ်များ ကျန်းကျန်းမာမာ ရှိနေစေဖို့ အတွက် ဘ၀တစ်လျှောက်လုံးစောင့်ရှောက်ပေးခဲ့ပါတယ်။ သွေးဆုံးချိန်မှာတော့ Oestrogen တွေရဲ့ ပမာဏ သိသိသာသာ လျော့နည်းလာတဲ့အတွက် အမျိုးသမီးတွေရဲ့ကျန်းမာရေးမှာလည်း သိသိသာသာ ချို့ တဲ့လာတာမျိုးကိုတွေ့ ရတတ်ပါတယ်။ အရေပြားတွေပူလောင်တာမျိုး၊ ညဘက်မှာ ချွေးတွေအရမ်းထွက်ပြီး အိပ်မပျော်တာမျိုး တွေအပြင် နှလုံးရောဂါနဲ့  အရိုးပွရောဂါမျိုးတွေဖြစ်လာတာကိုပါ ကြုံတွေ့ ရတတ်ပါတယ်။ ထို့ ပြင် မိန်းမကိုယ်များခြောက်သွေ့ လာခြင်း နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း များကိုလည်းကြုံတွေ့ ရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း စိတ်ဓာတ်ကျခြင်း၊ စိတ်တိုင်းမကျခြင်း နှင့် အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းခြင်းများကို တွေ့ ကြုံရတတ်ပါတယ်။

ဒါတွေကို ကြည့်ပြီး သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတွေအတွက် ကြောက်မက်ဖွယ်ရာတစ်ခု အဖြစ် သတ်မှတ်စရာမလိုပါဘူး။ လူတိုင်းမှာ ဒီလို လက္ခဏာတွေခံစားရတာမျိုးမဟုတ်ပါဘူး။ အကယ်၍ ခံစားရခဲ့ရင်တောင် ဟော်မုန်းတွေ လျော့နည်း လာလို့  ဖြစ်တဲ့အတွက် ဟော်မုန်းအစားထိုးကုထုံး (Hormone Replacement Therapy) တွေနဲ့  ကုသနိုင်ပါတယ်။ အကယ်၍ မိမိမှာ နှလုံးရောဂါ နဲ့  အရိုးပွရောဂါတွေဖြစ်နိုင်ခြေရှိတယ်လို့ သံသယရှိခဲ့ရင်တော့ စောစောထဲက ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပါတယ်။

  မွေးဖွါးချိန်မှသေဆုံးချိန်အထိ မိန်းမသားတွေရဲ့ ဘ၀ကို ဟော်မုန်းတွေက ကြိုးကိုင်ထားတာပါ။ သူတို့ ဟာကျွန်မတို့ ခန္ဓာကိုယ်တွေကို ထုဆစ်ပုံဖော်ရုံတင်မက ကျွန်မတို့ ကို ကိုယ်ဝန်ဆောင်ဖို့ ၊ ကလေးမွေးဖွါးဖို့ နှင့် နောက်ဆုံးသွေးဆုံးချိန်အထိ ကျွန်မတို့ ဘ၀တွေကို လွှမ်းမိုးထားနိုင်ပါတယ်။ ဒီလိုမျိုး ကျွန်မတို့ ကို လိုသလို ကြိုးကိုင်ပြီး ပုံသွင်းနေတဲ့ ဟော်မုန်းတွေကို ကျွန်မတို့ မုန်းတီး အပြစ်တင်နေဖို့ တော့မလို ပါဘူး ၊ ဟော်မုန်းတွေကြောင့်သာ ကျွန်မတို့ မိခင်တွေဖြစ်ခွင့်ရတာပါ။ ဟော်မုန်းတွေသာ မရှိခဲ့ရင် ကျွန်မတို့ ဘ၀တွေဟာ ခြောက်ကပ်ပြီး ၊ စိတ်ဝင်စားစရာကောင်းတော့မှာ မဟုတ်ပါဘူး။

မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...