Tuesday, February 25, 2014

- လက်တွေ့ကျသူ ခေါင်းဆောင် (ခိုင်မာသော ပန်းတိုင်၊ ပြောင်းလွယ်ပြင်လွယ် နည်းလမ်း)

November 15, 2011 at 6:05pm

ဗိုလ်ချုပ်နှင့်ပတ်သတ်လာလျှင် သူ့အားဝေဖန်သူများက သူ့ခေတ်သူ့အခါက ထုတ်လေ့ရှိသော မေးခွန်းတခုမှာ “ဗိုလ်ချုပ်တို့ ဖက်ဆစ်ဂျပန်တွေကို ပေါင်းခဲ့သင့်သလား” တနည်း “ဖက်ဆစ်ဂျပန်တို့ အကူအညီကို ယူခဲ့သင့်သလား” ပင် ဖြစ်သည်။

သခင်ကိုယ်တော်မှိုင်းကပင် “အောင်ဆန်း၊ မင်းတို့ပင့်လာတဲ့ ဂျပန်ဘုရားတွေကို မင်းတို့ပဲ ပြန်ခေါ်သွားကြပါတော့” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အင်္ဂလိပ်တို့နှင့်ပူးပေါင်းကာ ဂျပန်တို့ကို တိုက်ထုတ်ခဲ့ပြန်သောကြောင့် မယုံကြည်ထိုက်သည့် အခွင့်အရေးသမား သာကူးများသဖွယ် ဝေဖန်ပြစ်တင်မှုများ ပြည်တွင်းရော အင်္ဂလိပ်တို့ဘက်တွင်ပါ ရှိခဲ့သည်။
ဂျပန်နှင့်ပေါင်းပြီး အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သော်လည်း ဂျပန်အရေးမလှ အင်္ဂလိပ်တို့ အရေးသာချိန်တွင်မူ ဘက်ပြောင်းကာ အင်္ဂလိပ်နှင့် ပေါင်းခဲ့သည်ဟု စွပ်စွဲကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်သည် လက်တွေ့ကျသောခေါင်းဆောင် Pragmatic Leader ဖြစ်ကြောင်းသဘောပေါက်လျှင် အဆိုပါမေးခွန်းကို အလိုလိုဖြေပြီးသား ဖြစ်သွားပါလိမ့်မည်။
ဗိုလ်ချုပ်သည် ပန်းတိုင်သို့ ဦးတည်လျှောက်လှမ်းရာတွင် ပန်းတိုင်သို့ ရောက်မည့်လမ်းကြောင်းနှင့် သွားသည့်သူဖြစ်ကာ မည်သည့် လမ်းကြောင်းနှင့်မှသွားမည်ဟု အစွဲထားသူမဟုတ်ပါ။


လက်တွေ့ကျသူဆိုသည်မှာ ပြောင်းလွယ်ပြင်လွယ်ရှိသူကို ဆိုခြင်းဖြစ်သည်။
ပြောင်းလွယ်ပြင်လွယ်ရှိသည်ဆိုခြင်းမှာ ရည်မှန်းချက်ကို ပြောင်းခြင်းမဟုတ်။
လုပ်နည်းလုပ်ဟန်ကိုသာ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားဖြင့် Pragmatist ဟု ခေါ်သည့် လက်တွေ့သမားများအား ယင်းတို့ကို ဝေဖန်သူများက မူမရှိသူများ၊ လေယူရာယိမ်းသူများဟု ပြောတတ်ကြသည်။

သို့သော် ထိုလက်တွေ့သမားများသည် ရည်မှန်းချက်ပန်းတိုင် Goal ကိုမူ အပျောက်မခံသူများ ဖြစ်ကြသည်။


ဗိုလ်ချုပ်၏ပန်းတိုင်မှာ အင်္ဂလိပ်တို့လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးဖြစ်သည်။
ထိုလွတ်လပ်ရေးကို ရရန်အတွက် ပြည်ပအဆက်အသွယ်ရှာရန် ဗိုလ်ချုပ်တို့ တရုတ်သို့ထွက်အသွား ဂျပန်တို့နှင့်ချိတ်မိကာ ဂျပန်ပြည်ရောက်ပြီး ရဲဘော်သုံးကျိပ်ကို စစ်ပညာသင်ရန်ခေါ်ထုတ်နိုင်ခဲ့သည်။

ဂျပန်တို့နှင့်အတူ ဘီအိုင်အေခေါ် မြန်မာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့ကာ မြန်မာပြည်တွင်းသို့ဝင်လာပြီး ဂျပန်တို့ ဇာတိပြလာချိန်တွင် အချိန်အခါကို စောင့်ပြီး တိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ကိုတိုက်ရန် အင်္ဂလိပ်နှင့်ပေါင်းခြင်းမှာလည်း မြန်မာ့လွတ်လပ်ရေးအတွက်ပင်ဖြစ်သည်။
ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်ကို တိုက်ခြင်းသည်လည်းကောင်း၊ အင်္ဂလိပ်နှင့်ပေါင်း၍ ဂျပန်ကိုတိုက်ခြင်းသည်လည်းကောင်း ဗိုလ်ချုပ်အတွက် နည်းလမ်းများသာ ဖြစ်သည်။

ထိုသို့သောအကြောင်းကြောင့် ဗိုလ်ချုပ်သည် သစ္စာမဲ့သူ၊ သာရာစီးသမားဟု ဆိုမည်လား။ ဗိုလ်ချုပ်ထားသောသစ္စာမှာ အင်္ဂလိပ်နယ်ချဲ့ကိုလည်း မဟုတ်၊ ဖက်ဆစ်ဂျပန်ကိုလည်း မဟုတ်ပါ။ မိမိ၏ မြန်မာပြည်လွတ်လပ်ရေးကိုသာ ဗိုလ်ချုပ်ဦးထိပ်ထားသည်။
တိုင်းသူပြည်သားများကိုသာ ဗိုလ်ချုပ်မြတ်နိုးသည်။ ထို့ကြောင့် ဗိုလ်ချုပ်သည် သစ္စာမဲ့သူ မဟုတ်ပါ။
သစ္စာကြီးသူသာလျှင် ဖြစ်သည်။ ယင်းကိုပင် လက်တွေ့ကျသည်ဟု ဆိုခြင်းဖြစ်သည်။

လူသည် အမြဲပြောင်းလဲနေသည်ဟူသော သဘောတရားကို လက်ကိုင်ထားသည့်အတွက် ဗိုလ်ချုပ်သည် လက်တွေ့သမားဖြစ်ပြီး တရားသေ သမားမဟုတ်ကြောင်း သူ၏ ကိုယ်တိုင်ရေးသားချက်တွင် တွေ့ရသည်။

“လူတယောက်၏သက်တမ်းတွင် အစပထမ သိမြင်လာသော စိတ်နေစိတ်ထား ၀ါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလဲ ရမည် သာတည်း။

ယနေ့အယူအဆနှင့် မနက်ဖြန်အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတဦး၏ဘ၀တွင် အယူဝါဒပြောင်းလဲခြင်းများကို တွေ့ရသော အခါ ထိုလူသည် သမာဓိမတည် ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။

သမာဓိမတည်ခြင်းသည် ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ခြင်းပင်တည်း။
ဝါဒပြောင်းမှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်းမဟုတ်ပေ၊ တနည်း တိုးတက်ခြင်းပေတည်း။”
(ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိ)

ခေတ်ဆိုသည်မှာ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ခေါင်းဆောင်သည် ပြောင်းလွယ်ပြင်လွယ် Flexible ဖြစ်ရမည်၊ မဖြစ်လျှင် ခေတ်နှင့်အမှီ မလိုက်နိုင်ဘဲ ကျန်ခဲ့မည်၊ ကျရှုံးမည်။
ရည်မှန်းချက် Ends ကို ပြောင်းလဲရမည်လား။ မဟုတ်ပါ။ ထိုသို့ ပြောင်းသောသူ၊ ပြောင်းသောအဖွဲ့အစည်းသည် ဇွဲ၊ သန္နိဌာန်မရှိသဖြင့် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ပါ။

ပြောင်းလွယ်ပြင်လွယ် ဖြစ်ရမည်ဆိုသည်မှာ နည်းလမ်း Means ကိုသာ ဆိုလိုခြင်းဖြစ်သည်။
ပန်းတိုင်သို့ ချီတက်မည့် နည်းလမ်းကို စိတ်တွင်တွေးကြံကာ ရနိုင်သမျှ အကောင်းဆုံးနည်းကို သုံးစွဲရမည်။ ပန်းတိုင်ကိုမူ ခိုင်မာစေသထက် ခိုင်မာစေရမည်။
အင်္ဂလိပ်လို ပြောရလျှင် Rigid Ends, Flexible Means ။ ခိုင်မာသောပန်းတိုင်၊ ပြောင်းလွယ်ပြင်လွယ်နည်းလမ်း။

ဗိုလ်ချုပ်သည် လက်တွေ့သမား၊ အလုပ်ဖြစ်နိုင်သည့် နည်းလမ်းဖြင့် အလုပ်ဖြစ်အောင် အလုပ်လုပ်သူ Pragmatist ဖြစ်သည်။
သူသည် တရားသေ၀ါဒသမား Dogmatist မဟုတ်။ ဘေးထိုင်ဘုပြောသမား Ultra-skeptic မဟုတ်။ စိတ်ကူးယဉ်သမား Romantic မဟုတ်။

သူသည် နိုင်ငံအတွက် ဘာအရေးကြီးသလဲဆိုသည့် မေးခွန်း၏အဖြေကို သိသူဖြစ်သည်။
ပန်းတိုင်နှင့်နည်းလမ်းကို ခွဲခြားသိသော ဗိုလ်ချုပ်ဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံကား လွတ်လပ်ရေးပန်းတိုင်သို့ အောင်မြင်စွာ ချီတက် နိုင်ခဲ့သည်။

ဖက်ဆစ်တို့သည်လည်းကောင်း၊ အင်္ဂလိပ်တို့သည်လည်းကောင်း မြန်မာ့လွတ်လပ်ရေး အရယူရေးတွင် Means ဖြစ်သည်။ စံပြုထိုက်သော Means ဖြစ်ချင်မှဖြစ်မည် ဖြစ်သော်လည်း Ends မဟုတ်ပါ။

သို့ရာတွင် Ends ရှိရာသို့ ပို့ဆောင်ပေးမည့် အခြား Means များ မရှိချိန်တွင် ပေါ်ပေါက်လာ သည့် Means တို့ ဖြစ်ပါသည်။ လက်တွေ့သမား ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရရှိရေး ခရီးလမ်းကို လျှောက်လှမ်းရာတွင် ပန်းတိုင်နှင့် နည်းလမ်းကို ကောင်းစွာ ခွဲခြားသိမြင်သူ ဖြစ်သည့်အတွက် ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ်နိုင်ခဲ့သည်။

(ဇေယျသူ၏ ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော် စာအုပ်မှ ထုတ်နှုတ်ဖော်ပြသည်)

ပေးပို့သူ-----မောင်ပါလ
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

-ေဇယ်သူ
-၁၅-၁၁ -၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...