Sunday, February 23, 2014

ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၂)

Job Seekers Journal vol.2,No.38

စိတ်စွမ်းအားဖြင့် ဦးဆောင်ခြင်း
ခေါင်းဆောင်မှုဆိုတဲ့ ဖြစ်စဉ်တွေအားလုံးထဲကို စိတ်ရဲ့ အစွမ်းသတ်္တိတွေ ထည့်သွင်းပြီး ဦးဆောင်တဲ့ အခါမှာ အောင်မြင်မှုတွေဟာအလွယ်တကူဖြစ် ထွန်းလာစေမှာဖြစ်ပါတယ်။ အောင်မြင်ကျော်ကြား တဲ့ခေါင်းဆောင် ကြီးတွေ လုပ်ဆောင်ကြတဲ့အချက်ကြီးနှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ သူတို့ ဘယ်ကိုဦးတည်သွားနေတယ်ဆိုတာကို ပြတ်ပြတ်သားသား သိတယ်။

နောက်တစ်ချက်ကတော့ သူတို့ သွားနေတဲ့ ပန်းတိုင်ဆီကို အခြား သူတွေ ပါလာအောင် ဆွဲဆောင်ခေါ်ယူနိုင်ကြပါတယ်။


ဒါဟာခေါင်းဆောင်မှုရဲ့ အရေးကြီးဆုံးဖြစ်စဉ်တစ်ခုပါပဲ။ ခေါင်းဆောင်တိုင်း ကလည်းဒီနှစ်ချက်ကို လုပ်ဆောင်နိုင်ရပါလိမ့်မယ်။ ကိုယ်ဘယ်ကို ဦးတည် သွားနေမှန်းမသိရင် ဦးဆောင်ဖို့မဖြစ်နိုင်သလို အခြား လူတွေပါလာအောင် မဆွဲဆောင်နိုင်ရင်လည်းဘယ်သူမှ နောက်ကလိုက် ပါလာကြမှာမဟုတ်ပါ ဘူး။ ဒါကြောင့် ခေါင်းဆောင်လုပ်သူဟာ အောင်မြင်မှုပန်းတိုင်ကို သိရမယ်။ ကိုယ်တိုင်ရောက်အောင်လည်း သွားနေရမယ်။ အခြားသူတွေကိုလည်း ပါဝင်လာအောင် လွှမ်းမိုးနိုင်ရပါလိမ့်မယ်။

ဒီဖြစ်စဉ်တွေအားလုံးကို လုပ်ဆောင်တဲ့နေရာမှာ စိတ်ရဲ့ စွမ်းအင်ကို အသုံးချ တာသိပ်အရေးပါပါတယ်။လက်ရှိလုပ်ငန်းခွင်မှာဦးဆောင်နေရတဲ့ခေါင်းဆောင် တိုင်းဟာလည်းကိုယ့်စိတ်ရဲ့ စွမ်းအင်တွေကို လေ့ကျင့်ပြီး ထုတ်သုံးနိုင်မယ် ဆိုရင် ထိရောက်မှုဟာ အရင်ထက်အဆပေါင်းများစွာရှိလာစေမှာ အမှန်ပါပဲ။ ဒီလိုထုတ်သုံးနိုင်ဖို့အတွက် ခေါင်းဆောင်တွေ သုံးလေ့ရှိတဲ့ စိတ်စွမ်းအင် ပျိုးထောင်ရေးနည်းလမ်းတွေကို တင်ပြပါမယ်။

မသိစိတ်ကစွမ်းအားတွေထွက်ပေါ်လာအောင်လေ့ကျင့်တာ၊ စိတ်ရဲ့အလိုလို သိမှုကို အလေးထားပြီးဆောင်ရွက်တာနဲ့တစ်နေရာထဲမှာ စိတ် အာရုံတွေ စူး စိုက်ပြီးလုပ်ဆောင်တာတွေဟာစိတ်ရဲ့စွမ်းအင်တွေကို အသုံး ချနေတာဖြစ်ပါ တယ်။

မိမိစိတ်စွမ်းအင်ကို ယုံကြည်ပါ

စိတ်မှာ စွမ်းအင်၊ သတိ္တ၊ တန်ခိုးတွေ ရှိပြီးသားပါ။ ကိုယ်ဖြစ်ချင်တဲ့ အရာကို ဆွဲဆောင်နိုင်တဲ့သတိ္တထူးကရှိနေပြီးသားပါ။ ဒါကိုယုံယုံကြည်ကြည် နဲ့အသိ အမှတ်ပြုရုံပါပဲ။ စိတ်ထဲမှာယုံကြည်မှုကိုသာအမြဲ နေရာပေးထားပါ။ သံသယ ကိုလုံးဝအ၀င်မခံပါနဲ့။ အရာအားလုံး လွယ်ကူချောမွေ့အောင်စိတ်ရဲ့စွမ်းအင် ဟာလုပ်ဆောင်ပေးသွားလိမ့်မယ်လို့ကို ယုံကြည်နေပါ။ ဘာနည်းလမ်းမှ မရှိ ဘူး၊ ဘာအရင်းအမြစ်မှ မရှိဘူး၊ ဖြစ်နိုင်ပါ့မလား ဆိုတာတွေ လုံးဝမတွေး ပါနဲ့။ ဖြစ်နိုင်မှုအပေါ်မှာသာ ယုံယုံကြည်ကြည် တွေးထားမယ်ဆိုရင် စိတ်ရဲ့ စွမ်းအင်ဟာ အလိုလိုအောင်မြင်မှုဆီ ခေါ် ဆောင်သွား ပါလိမ့်မယ်။ နေ့ စဉ်နေ့တိုင်းမှာ "ငါ့စိတ်စွမ်းအင်တွေကို ငါအပြည့်အ၀ ယုံကြည်တယ်" လို့ အမြဲပြောပေးပါ။

စိတ်ရဲ့ စွမ်းအင်ကို အားကိုးပြုပါ

လူတွေရဲ့စိတ်စွမ်းအင်တွေဟာမထင်မှတ်ထားတဲ့အချိန်မှာ ထွက်ပေါ်လာ တတ်ပါတယ်။ အခက်အခဲ၊ အကျပ်အတည်းတွေ ကြုံတွေ့နေရ တဲ့အခါ မှာပေါ်ထွက်လာတတ်ပါတယ်။ စိတ်ဇောတွေ ထက်သန်လာတဲ့ အခါမှာ လည်းထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုထွက်ပေါ်လာတဲ့အချိန် မှာလူက လုပ်ဆောင်တာမျိုးမဟုတ်တော့ဘဲ စွမ်းအင်ကသာ လုပ်ဆောင် သွား တာဖြစ်ပါတယ်။ သာမန်အချိန်မှာ လူတစ်ယောက်အနေနဲ့ လုံးဝ မသယ်နိုင် တဲ့ ကြီးမားတဲ့အရာတွေကို မီးလောင်တဲ့အခါမှာ သယ်ပြေး နိုင်တဲ့ဖြစ်ရပ်ဟာ စိတ်ရဲ့စွမ်းအင်ကသာ လုပ်ဆောင်သွားခြင်းဖြစ်ပါတယ်။

ကိစ္စတစ်ခုခု မဆောင်ရွက်ခင်မှာ စိတ်စွမ်းအင်ကို အားကိုးပြုပါ။ ဥပမာ ကိုယ် ကပရိသတ်တွေအများကြီးရဲ့ရှေ့မှာ စကားဟောပြောရ တော့မယ်ဆိုပါစို့။ ဒီအချိန်ခဏမှာ စိတ်ရဲ့စွှမ်းအားတွေအားလုံးကို စိတ်ကူးနဲ့ စုစည်းလိုက်ပါ။ ခွန်အားတွေအများကြီးရှိလာတယ်လို့လည်း စိတ်ကခံစားပါ။ ခန္ဓာကိုယ်မှာ စွမ်းအင်တွေအပြည့် ဖြစ်ထွန်းလာတာကိုလည်း စိတ်ကသိနေပေးပါ။ စွမ်းအင် အ၀န်းအ၀ိုင်းကြီးကိုယ့်မှာ ဖြစ်တည်လာတာကိုလည်း မြင်ယောင်ပါ။
ဒီအချိန် စိတ်မှာစွမ်းအင်တွေအပြည့်ရောက်ရှိနေပါလိမ့်မယ်။ ဒီစွမ်းအင်တွေ ကို မပျောက်ပျက်စေပါနဲ့။ ထိန်းသိမ်းထားပါ။ ပြီးရင် ဒီစွမ်းအင် တွေကိုအား ကိုးပြုပြီး စင်ပေါ်တက်ကာ ပြီးဆုံးသည်အထိ ဟောပြောပါ။ ထူးဆန်းတာ က ကိုယ်ကပြောနေတယ်လို့မခံစားရဘဲ စိတ်ရဲ့စွမ်းအင်တွေက သူ့အလိုလို ဟောပြောသွားတယ်လို့ ခံစားရတာပါပဲ။ ဒါဟာ ကျွန်တော့် ကိုယ်တွေ့ပါ။

အခုလိုစာရေးနေတဲ့အခါမှာလည်းသာမန်ဆောင်းပါးတစ်ပုဒ်ဖြစ်ရင်ပြီးရောရေးသားတာနဲ့ စိတ်စွမ်းအင်ထည့်ပြီးရေးသားတာ လုံးဝမတူပါဘူး။ လူကစာ ကိုရေးနေပေမယ့် တကယ်တော့ စိတ်ရဲ့ စွမ်းအင်ကသာ ဦးဆောင်သွား တာပါ။ စိတ်စွမ်းအင်ကအသိသာဆုံး ဦးဆောင်သွားတဲ့ အခါများဆိုရင် ကိုယ်ရေးတယ်လို့မထင်ရလောက်အောင်စိတ်ကူးစိတ်သန်း အသစ်တွေ စီးဝင်လာပြီး စာအုပ်တစ်အုပ်လုံး စာဖြစ်သွားတော့တာပါပဲ။ ဒါကိုဈာန်ဝင်သွားတယ် (Mood ၀င်သွားတယ်) လို့တချို့ကလည်း ခေါ် ကြ ပါတယ်။ စာရေးသူလည်းစိတ်စွမ်းအင်ကိုလေ့ကျင့်တဲ့အနေနဲ့ စာမရေး ခင်မှာ စွမ်းအင်စုစည်းတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်လေ့ရှိပါတယ်။ ဒါဟာ စိတ်စွမ်းအင် ကို အားကိုးပြုပြီး ကိစ္စအ၀၀ကို လုပ်ဆောင်တာပါပဲ။

ဒါကြောင့် အလွယ်တကူ အောင်မြင်မှုတွေ ဖြစ်ထွန်းချင်ရင် စိတ်ရဲ့ စွမ်းအင် ကိုအားကိုးပြုပါ။ လူတိုင်းအသုံးချလို့ရပါတယ်။ အရောင်းသမား တစ်ယောက် ပစ္စည်းရောင်းချတဲ့ဖြစ်စဉ်မှာ၊ ကျောင်းသားတစ်ယောက်စာမေးပွဲဖြေဆိုတဲ့ဖြစ် စဉ်မှာ၊အဆိုတော်တစ်ယောက်သီချင်းသီဆို ဖျော်ဖြေတဲ့ဖြစ်စဉ်မှာစသဖြင့်နေ့ စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်တိုင်းမှာ အသုံးချကြည့်ပါ။ ထူးခြားလာတာကို တွေ့ရမှာမလွဲပါပဲ။

ဒီလိုပါပဲ။ စိတ်စွမ်းအင်ကို အားကိုးပြုတဲ့ခေါင်းဆောင်မှုဟာ အင်မတန်အစွမ်း ထက်ပါတယ်။တချို့သော ခေါင်းဆောင်ကြီးတွေဟာစွမ်းအင်အ၀န်းအ၀ိုင်းကြီးကိုထိန်းသိမ်းပြီးအသုံးချနိုင်တာဟာခေါင်းဆောင်မှုဖြစ်စဉ်တစ်လျှောက်လုံး ပါပဲ။ လူအများအပေါ် သြဇာလွှမ်းမိုးတဲ့အခါမှာ၊ ပြဿနာဖြေရှင်းတဲ့အခါမှာ၊ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ၊ စီမံကိန်းတွေ၊ မဟာဗျူဟာတွေ ချမှတ်တဲ့ အခါမှာ အမြဲပဲစိတ်နှစ်ပြီး စွမ်းအင်ကိုအားကိုးပြုလေ့ရှိကြပါတယ်။ ဒီခေါင်းဆောင်ကြီးတွေဟာ သူတို့ရဲ့ အဖွဲ့အစည်းကို စူးစူးစိုက်စိုက်ဈာန် ၀င်စားကာခေါင်းဆောင်မှုပေးလေ့ရှိကြပါတယ်။ တကယ် တော့ ဈာန်ဝင် စားခြင်းဟာစိတ်စွမ်းအင်ရဲ့သော့ချက်ဖြစ်ပါတယ်။ ခေါင်းဆောင်မှုရဲ့ အနှစ် သာရတစ်ခုလည်း ဖြစ်ပါတယ်။

အများရဲ့ စိတ်စွမ်းအင်တွေကို ထွက်ပေါ်လာစေပါ
စိတ်စွမ်းအင်ရဲ့အရေးပါ ပုံ ကိုသိရှိပြီး အသုံးချနိုင်မယ်ဆိုရင် ဘယ် လောက် ထိရောက်မလဲဆိုတာ သိပြီးဖြစ်မှာပါ။ ထက်မြက်တဲ့ ခေါင်းဆောင် တွေဟာ စိတ်စွမ်းအင်ကို ကိုယ်တိုင်လည်းအသုံးချသလို တခြားလူတွေ ဆီကပါ ထွက်ပေါ်လာစေ ပြီးအသုံးချတတ်ပါတယ်။ အဖွဲ့အစည်းတစ်ရပ် လုံးစွမ်း အင်တွေ ပြည့် ၀နေအောင် ဖန်တီးလှုံ့ဆော်နိုင်မှုဟာ ခေါင်းဆောင်မှုရဲ့ စွမ်းရည်ပဲဖြစ်ပါ တယ်။ စွမ်းအင်တွေ ပြည့်ဝနေမှလည်း စွမ်းအားတွေ ထွက်ပေါ်နေမှာဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု အောင်မြင်တယ်ဆိုတာ အဖွဲ့အစည်းအတွင်းက လူတွေ စွမ်းရည်ပြည့်ဝလို့ပါ။ လူတွေ စွမ်းရည်ပြည့်ဝတယ်ဆိုတာလည်း ဒီလူတွေရဲ့ အတွင်းက စိတ်တွေ စွမ်းအင်ထွက်ပေါ်လာလို့ပါ။ "စွမ်းအင်" မထွက်သရွေ့ "စွမ်းရည်" မပြည့်ဝပါ။ "စွမ်းအင်" ထွက်အောင် "စွမ်းအား" ထုတ်မှ "စွမ်းရည်" ပြည့်မှာ ဖြစ်ပါတယ်။ စွမ်းအင်တွေ၊ စွမ်းအားတွေ၊ စွမ်းရည်တွေပြည့်ဝတဲ့ အဖွဲ့အစည်းကြီးကို ဖန်တီးတည်ဆောက်နိုင်ပြီ ဆိုရင်တော့အောင်မြင်မှုဟာ အရှိန်အဟုန်နဲ့ရရှိလာမှာလုံးဝ အသေအချာ ပါပဲ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...