ကဗျာ ဆရာရဲ့ ဘဲဥချဉ်ရည်
ခံစားရလို့ ကဗျာရေးတယ်
ကဗျာရေးရင်း
ခံစားတတ်လာတယ်တဲ့...။
ကဗျာထဲက အချစ်တွေ
အပြင်ထွက်လာသလား။
အပြင်က အချစ်တွေပဲ
ကဗျာထဲ ရောက်သွားသလား
သေသေချာချာ မကွဲပြား...
နှလုံးသားရဲ့ တောင်းဆိုချက်အရ
သူ ဘ၀တစ်ခု တည်ဆောက်ခဲ့သတဲ့။
အခုတော့....
ကဗျာတစ်ပုဒ်ကို
ထမင်းတစ်ဆုပ်အတွက် ရည်ရွယ်
လမ်းတကာ လည်ရင်းက
ပို့သမျှ ကဗျာလေး အရွေးခံရပါစေလို့
ဆုတောင်းနေတတ်ခဲ့ပြီတဲ့လေ...။
ကြည့်ခဲ့ဘူးပါတယ်...
ကဗျာ ဆရာရဲ့ ထမင်းပွဲကိုပေါ့...။
အရောင်တွေမွဲ
အဆီအနှစ်နည်းပေမယ့်
ဘဲဥချဉ်ရည်ဟင်းလေးနဲ့
အသက်တော့ ဆက်ရှင်နေပါသတဲ့...။
ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့
ညိုညစ်ညစ် ကလေးလေးလည်း
ဘေးမှာ ငြိမ်သက်နေရှာတယ်။
ညှိုးလျော်လျော် မျက်နှာနဲ့
ကြင်နာတတ်တဲ့ ချစ်ဇနီးလည်း
မျက်ဝန်းတွေက ငိုညီးနေတတ်တယ်...။
ကဗျာဆရာက
မြိုမကျလို့ ထင်ပါရဲ့
ရေတစ်ခွက် ထသောက်ရင်း
သက်ပြင်းတစ်ခု ချလိုက်တယ်...။
ဒါကဗျာ တစ်ပုဒ်ပါပဲ
ကဗျာထဲမှာနေရင်း
ကဗျာနဲ့ ကြီးပြင်းခဲ့သူအတွက်
ရင်ထဲက လာတဲ့ ခံစားချက်ကို
လက်ဆောင်အဖြစ် ထားခဲ့တယ်...
`` ကျန်းမာ၊ ချမ်းသာကြပါစေ´´လို့လေ။
အင်း ကိုယ်ခံစားတတ်သွားခဲ့
ကဗျာဆရာရဲ့ ဘ၀ကိုပေါ့...။
ဒီတော့လည်း
ခံစားမိသမျှ ကဗျာလေးဖြစ်
ကိုယ့် ဘ၀အတွက်တော့
ဒါအစ မဖြစ်ပါစေနဲ့ဗျာ...။
(ကွန်ဆူးမား)(၁၉-၂-၂၀၁၄)
0 comments:
Post a Comment