Tuesday, February 25, 2014

သမီးလေးသို့ သမိုင်းဖတ်စာ (၁)

 
သမီးရေ.....ကျောင်းတွေ ပြန်ဖွင့်နေပြီနော်....ဒီနှစ်ဆို သမီးက 5 တန်း တက်ရမှာ ပေါ့ .... အင်း သမီးတောင်အတန်းတော်တော်ကြီးလာမှကိုး......။.ဒါနဲ့ သမီးရေ....။. သမီးကိုကျောင်းအပ်တဲ့ နေ့က ကျောင်းကနေထုတ်ပေးလိုက်တဲ့ သမီးတို့ ရဲ့ ငါးတန်း ကျောင်းပြဌာန်း စာအုပ်လေးတွေ ကို လေးလေး ယူကြည့်မိတယ်ကွဲ့ ...ပထမဦးဆုံး ဘာစာအုပ်ကို ယူကြည့်တယ်လို့ သမီးထင်သလဲ ။ သမီးသိပါတယ် ...လေးလေး က သမိုင်း ၀ါသနာပါတယ် ဆိုတော့ သမီးရဲ့  သမိုင်းဖတ်စာအုပ်လေးကို ယူကြည့်မိတာပေါ့ ။ စာအုပ်လေးရဲ့  မာတိကာ ကိုမြင်ရတော့ လေးလေး အတော်စိတ်ဝင်စားသွားတယ် ။ အဲဒီတော့ သမီးတို့ ရဲ့ ဖတ်စာအုပ်မှာပါတဲ့သမိုင်းအကြောင်းအရာလေးတွေကိုသမီးသိအောင်အကြမ်းဖျဉ်းလေးပြောပြချင်တဲ့ စိတ်တွေပေါ်လာတာပေါ့ သမီးရယ် ။ နို့ မို့ လို့ရှိရင် သမီးက ကျောင်းစာအဖြစ်နဲ့ သာသဘောထားပြီး ကျက်စာအဖြစ်နဲ့သာစိတ်ထဲမှာထင်မှတ်နေမှာ စိုးလို့ ......့။
အခု လေးလေးက သမီးတို့ သမိုင်းဖတ်စာအုပ်မှာ ပါတဲ့ အကြောင်းအရာလေးတွေကိုအခြေခံပြီးတော့ လေးလေး လေ့လာဖတ်ရှုခဲ့တာလေးနဲ့ ပေါင်းစပ်ပြီး သမီးကို ပြောပြမယ်နော်..။ သမီးတို့စာအုပ်ထဲမှာတော့အခု လေးလေးတို့သမီးတို့ နေထိုင်တဲ့ မြန်မာ နိုင်ငံ ကြီးအတွင်းကို မြန်မာလူမျိုးနဲ့တိုင်းရင်သားလူမျိုးတွေ ဖြစ်လာမယ့်သူတွေဘယ်လိုဘယ်ပုံ ရောက်လာခဲ့တယ်ဆိုတာကနေ ကျောက်ခေတ် ကြေးခေတ်သံခေတ် တွေကိုဖြတ်သန်းလာပြီး မြို့ ပြနိုင်ငံအဖြစ် ထူထောင်နေခဲ့ ကြတဲ့ ပျူလူမျိုး ပျူ နိုင်ငံတော် အကြောင်းနဲ့ ပုဂံခေတ် မြန်မာ နိုင်ငံတော်ကြီး အကြောင်း ၊ ပြီးတော့ အုပ်စိုးခဲ့ တဲ့ မင်းတွေ အကြေင်းရေးပြထားတယ် သမီးရဲ့  ။ အင်း.......... အဲဒီ သမိုင်း ကြောင်းတစ်လျှောက် မှာ ကျောက်ခေတ်ကနေ ပျူလူမျိုး နဲ့ ပျူ နိုင်ငံတော် ကြီးအကြောင်းတွေ ကတော့ အတိအကျပြောဖို့ အထောက်အထားတွေ သိပ်မကျန်တော့လို့ ဒါမှ မဟုတ် မတွေ့ သေးလို့ ပညာရှင်တွေ က အမျိုးမျိုးမှန်းဆပြီး ပြောနေရတယ် ကွဲ့  ။ အဲဒီတော့ သမီးရယ် အထောက်ထားတွေ ခိုင်ခိုင်လုံလုံ ကျန်နေခဲ့ တဲ့ ပုဂံ နိုင်ငံတော်ကြီး အကြောင်းနဲ့ စိုးစံခဲ့ တဲ့ မင်းတွေ အကြေင်းကို သမီး ကိုပြောပြမယ်နော်.. ။ ဒါတောင်မှ ပုဂံခေတ်ဦး သမိုင်းတွေဟာ တိကျ ခိုင်လုံတဲ့ အထောက်ထားတွေ မရှိလို့ ချန်လှပ်ပြီး ပြောရအုံးမယ် သမီးရေ......။
ပုဂံ နိုင်ငံတော်ကြီး မှာ မင်းပြုခဲ့ တဲ့ မင်းဆက် 55 ဆက်ရှိတယ်လို့ တချို့ ရာဇ၀င်တွေ မှာ ရေးသားထားပေမယ့် ခေတ်သစ်သမိုင်းပညာရှင်တွေက ပုဂံခေတ်ကျောက်စာတွေ မှာ လေ့လာတွေ့ ရှိရတာက မင်းဆက် 13 ( တချို့ ကလည်း 14 ဆက် ) ဆက်သာ ရှိတယ်လို့ ဆိုတယ် သမီးရဲ့  ။ ပြီးတော့ တချို့ ပညာရှင်တွေက မှတ်တမ်း အထောက်ထားမရှိတဲ့ ပျဉ်ပြားမင်းတို့ ပျူစောထီးမင်းတို့ ကို ပုံပြင်ထဲက ဇာတ်ကောင် တွေ လို့ ပဲသတ်မှတ်ကြတယ် ။ ဒါပေမယ့် အဲဒါတွေ ကို လက်ခံတဲ့ ပညာရှင်တွေ လည်းရှိနေပြန်တယ် သမီး ။ ကဲ ပါလေ.....အဲလို ငြင်းခုံတွေ ဖြစ်နေတဲ့ အပိုင်းကို ဖယ်ထားပြီး ပထမ မြန်မာ နိုင်ငံတော် ကြီးကိုတည်ထောင်ခဲ့ တဲ့ အနော်ရထာမင်း အကြေင်းပြောပြမယ်နော်..။
အနော်ရထာမင်း ဆိုတာ သမီးသိပါတယ် ။ သမီိး 3 တန်းလောက် ကတည်း က ဘယ် အချိန်မေးမေး တန်းပြီးဖြေ နိုင်အောင် လေးလေး သင်ပေးထားတဲ့ ပထမ ၊ ဒုတိယ ၊ တတိယ မြန်မာ နိုင်ငံတော်ကြီး ကို တည်ဆောင် ခဲ့တဲ့ မင်းသုံးပါးထဲက ပထမဆုံးမင်း ပေါ့ ။ ကျောက်စာတွေ အုတ်ခွက် ဘုရားတွေ မှာတော့ အနော်ရထာမင်းကြီးကို အနုရုန္ဓမင်း ဆိုပြီးရေးလေ့ ရှိတယ် သမီး ။ အဓိပ္ပါယ်ကတော့ အတားဆီးမလုပ်ခံသူ ပြီးတော့ လူတိုင်းနဲ့ ဆက်ဆံရေးပြေပျစ်တယ် လို့လဲ အဓိပါယ် ရတယ်တဲ့ ။ အဲဒီ အနုရိုန္ဓမင်းကြီးဟာ ပုဂံမင်းနေပြည်တော်ကြီးမှာ ခရစ်သက္ကရာဇ် 1044 ခုနှစ်က နေ 1077 ခုနှစ်အထိ 33 နှစ်အကြာ မင်းပြု စိုးစံခဲ့တယ် ။ ဒါပေမယ့် အနော်ရထာမင်း ကြီးဟာအဲဒီခုနှစ်တွေ မှာ နန်းစံ ခဲ့တယ် ဆိုတာဟာ အတိကျကြီးပြောလို့ မရသေးဘူးတဲ့ ။ ဒါပေမယ့် အဲလို မှန်းဆတာဟာလည်း အများကြီးလဲ မလွဲမှားနိုင်ဘူးလို့လည်း ဆိုပြန်တယ် ။ အဲဒီလို မှန်းဆပြီးပြောနေရတာဟာအနော်ရထာမင်းကြီးနဲ့ပက်သက်ပြီး ပြောစရာအထောက်အထားတွေ တော်တော်ကိုနည်းတယ်လို့ဖြစ်တယ်လို့  ဆိုတယ် သမီးရေ ..။ အနော်ရထာ ခေါ် အနုရုန္ဓမင်းကြီး အကြောင်းပြောရမယ် ဆိုရင် သူကိုယ်တိုင်ပြုလုပ်လှူဒါန်းခဲ့တဲ့ အုတ်ခွက်ဘုရားတွေကို အဓိကထားပြီးပြောရမယ် ထင်တယ် ။ ဘာဖြစ်လို့ သူကိုယ်တိုင်ပြုလုပ်လှူဒါန်းခဲ့ တယ်လို့ ပြောရသလဲ ဆိုရင် အဲဒီအုတ်ခွက်ဘုရားတွေရဲ့ နောက်ကျာမှာ ...ဤဗုဒ္ဓ ( ရုပ်ပွါးတော် ) ကို နတ်တမျှဘုန်းကြီးလှသော အနုရုန္ဓဒေ၀ မင်းကြီိး ကိုယ်တော်တိုင် လက်တော်ဖြင့် ပြုလုပ်သည် .....ဆိုပြီး ရေးထိုးပါရှိခဲ့လို့ဘဲ သမီးရေ.....။
အဲဒီအုပ်ခွက်ဘုရားမှာပါတဲ့ဘုရာရုပ်ပွားတော်ရဲပုံစံတွေကိုကြည့်ပြီးအနော်ရထာမင်းကြီးဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အပြင် မဟာယာန နဲ့ ဟိနရာနဗုဒ္ဓသာသာ ကို ပါအားပေးချီးမြှောက်ခဲ့ တယ်လို့ ပညာရှင်တွေ ကယူဆခဲ့ ကြတယ် ။ ပြီးတော့ အဲဒီအုပ်ခွက်ဘုရားတွေ မှာ ရေးထိုးတဲ့ စာတွေ ကိုကြည့်ပြီး အနော်ရထာလက်ထက် မှာ မွန်ဘာသာနဲ့ ပါဠိဘာသာကို ပါ သုံးပြုခဲ့ ပြီး မြန်မာစာကိုတော့ အနည်းအကျဉ်း ပဲသုံးပြုသေးတယ် ဆိုပြီး ကောက်ချက်ချကြတယ် သမီးရေ...။ အခုချိန်အထိတော့ အနော်ရထာမင်ကြီး ခေတ် မတိုင်မှီက မြန်မာစာနဲ့ ရေးထိုးတဲ့ မှတ်တမ်းတွေ မတွေ့ ရသေးဘူးလို့ ဆိုပါတယ်.။နောက်တစ်ခါ အဲဒီ အုပ်ခွက်ဘုရားတွေ ကိုအကြောင်းပြု ပြီး အနော်ရထာမင်းကြီး လက်ထက်ကရှိခဲ့တဲ့ မြန်မာ နိုင်ငံ အကျယ် ၀န်းကိုလည်း ပညာရှင်တွေ ကခန့်မှန်းကြပါသေးတယ် ။ ဘယ်လို ခန့်မှန်းသလဲ ဆိုတော့ စောစော ကပြောခဲ့ တဲ့ အနော်ရထာမင်းကြီး လက်တော်နဲ့ ပြုလုပ် လှူဒါန်းခဲ့တဲ့ အုတ်ခွက်ဘုရားတွေ တွေ့ရှိရာ အရပ်တွေ ဟာနော်ရထာမင်းကြီး အာဏာစက်ရောက်ရှိတဲ့ နေရာတွေ လို့ ခန် မှန်းရပါသတဲ့ ။ အဲဒီ နေရာတွေ ကတော့ အထက်ဘက် မှာ ဆိုရင် ရွှေလီ နဲ့အောက် ဘက်မှာ ဆိုရင် ဒလအထိ ( တချို့  စာများမှာ ဘိတ်အထိ ) ဖြစ်တယ်တဲ့။အဲဒီလိုအုတ်ခွက်ဘုရားတွေကို မြန်မာနိုင်ငံအနှံအပြားမှာတွေ့ရှိနေတာ ဖြစ်လို့အနော်ရထာမင်းကြီးဟာသူပိုင်တဲ့နယ်မြေတွေကိုဗုဒ္ဓသာသနာထွန်းလင်းလာအောင် ဆောင်ရွက်ခဲ့တယ်လို့ ယူဆရပါသေးတယ် ။ ပြီးတော့ အနောရထာမင်းကြီး လက်ထက်မှာ ပိဋကသုံးပုံကို အရယူချင်လို့
မွန်ဒေသဖြစ်တဲ့သုဝဏ္ဏဘူမိကိုတိုက်ခိုက်သိမ်းယူတယ်လို့တချို့ သမိုင်းရေးဆရာတွေ ရေးကြ ပြောကြတယ် ။ ဒါပေမယ့် အဲဒီလို မွန်ဒေသကို ပိဋကကိုအရယူချင်လို့တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့အကြောင်းအရာတွေဟာ ခေတ်ပြိုင်မှတ်တမ်းတွေ မှာမရှိဘဲ နောက်ပိုင်း နှစ်ပေါင်း 400 ကျော်လောက် ကြာမှ ပဲခူးမှာရှိတဲ့ ကလျာဏီ ကျောက်စာမှာမှသာရေးထိုးပါရှိလို့တချိုသမိုင်းပညာရှင်တွေကလက်မခံချင်ကြဘူးကွဲ့။ဘယ်လိုဘဲဖြစ်ဖြစ်အနော်ရထာမင်းကြီးဟာ မွန်ဒေသကို တိုက်ခိုက် သိမ်းပိုက်အောင် နိုင်ခဲ့တယ် ဆိုတာကတော့ သေချာတယ်လို့ ပြောရမှာ ဖြစ်တယ် သမီး ။ ဘာလို့လဲ ဆိုတော့ ပုဂံဒေသမှာ အဲဒီအချိန်ခါ ကတည်းက ရေးထိုး တည်ဆောက်ခဲ့ တဲ့ မွန်ကျောက်စာနဲ့ မွန်လက်ရာ အဆောက်
အအုံတွေ ကိုအခုထိ မြင်နိုင်တွေ့ နိုင်သေးလို့ ဘဲ သမီး ရေ ။ ဆိုချင်တာကတော့ အဲဒီ အချိန်ကတည်းက မွန် မြန်မာ ဒေသ နှစ်ခု ကူးလူးဆက်သွယ်မှု တွေ အများကြီး ရှိခဲ့ တယ်လို့ ဆိုချင်တာပါ။ ။
တကယ်တော့အနော်ရထာမင်းကြီးနဲ့ပက်သက်ပြီး ပြောစရာအကြောင်းအရာ တော်တော် နည်းလို့ ပညာရှင်တွေ ကမချင့်မရဲဖြစ်ကြရတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူနဲ့ ပက်သက်ပြိး ကိုးကားစရာဆိုလို့ အုတ်ခွက်ဘုရား မှာ ရေးထိုးထာတဲ့ စာတွေ နဲ့ နောက်သူ့ အရိုက်ရာကို ဆက်ခံတဲ့ မင်းတွေ ရေးထိုးတဲ့ ကျောက်စာတွေ မှာ ပါတဲ့ အကြောင်းအရာ အနည်းအကျဉ်း လေးတွေကိုသာ ကိုးကားပြီး အနော်ရထာမင်း ကြီးရဲ့  အကြောင်းကိုပြောကြရတာကိုး။ နောက်နှစ်ပေါင်း လေးရာကျော် လောက်ကျမှရေးထိုးထားတဲ့ ကျောက်စာတွေ မှာ အနော်ရထာ မင်းကြီးအကြောင်းရေးထိုးတာပါရှိပေမယ့် ပညာရှင်တွေ က ခေတ်ပြိုင်မှတ်တမ်း မဟုတ်လို့ ယူမသုံးကြဘူးလေ..။ ဘာဘဲ ဖြစ်ဖြစ် သူကိုယ်တိုင် စာရေးထိုးပြီး လှူခဲ့တဲ့ အုပ်ခွက်ဘုရား အထောက်ထားတွေကြောင့် ကွဲကွဲပြားပြား ဖြစ်နေတဲ့ ပထမ မြန်မာနိုင်ငံတော်ကြီးကိုကြီးမားကျယ်ပြန့် အောင်စုစည်းတည်ထောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ ဗုဒ္ဓသာသနာတော်ကြီး ပုဂံနေပြည်တော်ကြီးမှာ တိုးတက်ကြီးပွားစည်ပင် လာအောင်လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ အချက်တွေကြောင့် အများသိတဲ့ အနော်ရထာ သို့မဟုတ် အနုရုန္ဓ ဆိုတဲ့ အရည်ချင်းရှိတဲ့ မင်းတစ်ပါးဟာ ပုဂံနိုင်ငံတော်ကြီး မှာလွန်ခဲ့တဲ့ 969 နှစ်နဲ့ 936 နှစ် အကြား ကာလ မှာ မင်းပြုစိုးစံခဲ့တယ် ဆိုတာ ကတော့ အသေချာပါဘဲ သမီးရယ် ။ ပညာရှင်တော်တော် များများက အနုရုန္ဓ လို့ ခေါ်တဲ့ အနော်ရထာမင်းကြီးအကြောင်း ကို ကျယ်ကျယ်ပြန့် ပြန့် ရေးသားထားတာတွေကို လေးလေး အနေနဲ့ အများကြီးဖတ်ရဖူးပါတယ် ။ ဒါပေမယ့် သမီး အနေနဲ့ တော့ ဒီိလောက်ဘဲ လောလောဆယ် မှတ်ထားအုံးပေါ့ ။ နောက်တစ်ပတ်ကျရင် ဒုတိယ နဲ့ တတိယ မြန်မာ နိုင်ငံတော်ကြီိး ကို တည်ထောင်ခဲ့တဲ့ မင်းနှစ်ပါး အကြောင်းကိုလည်း သမီး ကိုပြောပြအုံးမယ်နော်. ။
သမီးရေ...သမိုင်း ကိုလေ့လာသင်ယူရတာကို မပျင်းနဲ့ နော်....လူရယ်လို့ ဖြစ်လာရင်သမိုင်းဆိုတာကို လေ့လာသင်ယူတတ်ရမယ် ။ ဘာကြောင့် လဲဆိုတော့ သမိုင်းဆိုတာ လူ့ အကြောင်း ၊ လူနဲ့ ပက်သက်ဆက်နွယ်နေတဲ့ အရာတွေမှန်သမျှ ရဲ့ အကြောင်းတွေ ဖြစ်တယ် ။ လူတစ်ယောက်ဖြစ်လာပြီး လူတွေ အကြောင်းနဲ့ လူနဲ့ ဆက်စပ်နေတဲ့ အရာတွေ အကြောင်း မလေ့လာ မလိုက်စားတဲ့ သူတွေ ကို လူ ရယ်လို့ တောင်မခေါ်သင့် ဘူးကွဲ့  ။ အဲဒီတော့ ပထမ ကိုယ့်နိုင်ငံ ကိုယ်လူမျိုးအကြောင်း အရင်လေ့လာရမယ် ပြီိးတော့ မှ လူသားတွေ နေထိုင်ရာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ သမိုင်း ကိုပါ လေ့လာရမယ်နော် သမီး..........။
 ( လေးလေး )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...