Friday, February 21, 2014

ပါးပါးလျားလျား ကျားတစ်ကောင်

<<<<<(   ပါးပါးလျားလျား ကျားတစ်ကောင်  )>>>>>

လမ်းမကြီးဘေး သစ်ပင်ရိပ်လေးတွေအောက်က ဖြတ်လျှောက်လာရင်း မလှမ်းမကမ်း ကားမှတ်တိုင်က ခုံတန်းမှာ ခြေတစ်ဘက်ချိတ်၊ နောက်ကလက်ရမ်းပေါ်ကို လက်မောင်းနှစ်ဘက်လုံး တင်ထားတဲ့ လူတစ်ယောက်ကို လှမ်းတွေ့ရတယ်၊ ခေတ်စကားနဲ့ ပြောရရင်တော့ စတိုင်မြောက်တယ်လို့ ဆိုရမလား၊ ခန့်ခန့်ထည်ထည်ပြောရရင်တော့ ထီမထင်တဲ့ ဒီဇိုင်းနဲ့ပေါ့...။

ဦးထုပ်အပြားလေးကိုလည်း ခပ်ငိုက်ငိုက်ဆောင်းထားသေးတယ်၊ ဦးထုပ်ငိုက်နေပေမယ့် မျက်နှာကတော့ ငိုက်မနေဘူး.. နေကာမျက်မှန်အနက်ကြီးကိုလည်း တတ်ထားသေးတယ်..။

အနားရောက်မှ တွေ့ရတာက တစ်ယောက်ထဲ လျှောက်လာတဲ့ ကိုယ့်ကို တည့်တည့်မျက်နှာမူရင်း ပါးစပ်မှာ သွားကြားထိုးတံ တတ်လျှက်က ဘာမှမရှိတဲ့ ပါးစပ်ကို ၀ါးပြနေသေးတယ်။

စိတ်ထဲရှိတဲ့ အတိုင်း ပြောရရင်တော့ တစ်စက်ကလေးမှ ကျက်သရေ မရှိတဲ့သူပါပဲ။ ကာတွန်းကားတွေထဲက ဦးထုပ်ဆောင်းထားတဲ့ ပုတ်သင်ညို မျက်မှန်တတ်ထားတာနဲ့ တူနေတယ်လေ...။

`` ဖြောင်း ဖြောင်း ဖြောင်း ´´

သူ့ကို ကျော်သွားတော့ နောက်က လက်ခုပ်သံ ၃ ချက် လိုက်လာတယ်...။ ခြေလှမ်းတွေကို မရပ်ပဲ ခပ်ဖြည်းဖြည်း တစ်ချက်လှည့်ကြည့်လိုက်တော့ ထိုင်နေတဲ့ ပုတ်သင်ညိုပါပဲ။

အရေးမလုပ်ပဲ ပြန်လှည့်ထွက်ခဲ့တယ်။

နောက်က တဗြုန်းဗြုန်းပြေးလိုက်တာပြီး ရှေ့တည်တည်မှာ ပိတ်ရပ်တယ်။

`` ခေါ်နေတာ မကြားဘူးလား ´´
လက်နှစ်ဘက်ကာရင်း မေးလာတော့ ကိုယ့်မျက်မှန်လေးကို ခပ်ဖြည်းဖြည်း ဆွဲချွတ်ရင်း..

`` ဘာလုပ်မလို့လဲကွ´´

အေးစက်စက် ခပ်လေးလေး အသံက သူ့ကို ထင်ထားသလို မဖြစ်စေလို့ထင်တယ် နည်းနည်းလေးတော့ တစ်မျိုး ဖြစ်သွားတယ်..။

`` အိတ်ထဲက ဘာတွေလဲ ´´

ပြောလည်းပြော လက်ကလည်း လွယ်ထားတဲ့ အိတ်ကို လှမ်းလာတယ်...
အိတ်လွယ်ထားတဲ့ ပုခုံးကို နောက်နည်းနည်းယို့ပြီး ကျန်တဲ့ လက်တစ်ဘက်နဲ့ သူ့လက်ကောက်ဝတ်ကို လှမ်းဆုပ်ထားလိုက်တယ်... ခပ်တင်းတင်းပဲ ဆိုပါစို့။

သူနည်းနည်းတော့ ရုန်းကြည့်သေးတယ် အင်အားပါတဲ့ ဆုပ်ကိုင်မှုက သူ့ရဲ့ အသွင်ကို ပြောင်းလဲ ပေးလိုက်နိုင်ပါတယ်။

`` မင်းကဘာလုပ်မလို့လဲ´´

သူမျက်နှာကို ခပ်တည်တည် ပြန်ပြင်ရင်း

`` အေး ငါက ဒီနယ်မြေက နယ်ထိန်းပဲ၊ အခု ဖောက်ခွဲရေး သတင်းတွေအရ မင်းအိတ်ကို ရှာမယ်...၊ ငါမသင်္ကာဘူး´´ သူခပ်တည်တည်ပြောနေပေမယ့် အသံက ငြိမ်မနေဘူး၊ လူပုံစံက မာန်မပါဘူး၊ ဟန်လည်း မသိမသာလေး ပျက်နေတယ်...။

သဘောကျစွာ ခပ်ပါးပါးလေး ပြုံးပြရင်းက

 `` မင်း နယ်ထိန်းဆိုရင် တစ်ခုခုပြလေ´´

သူက ဘောင်းဘီအနောက်အိတ်ကနေ သားရေပိုက်ဆံအိတ် အနက်ကလေးကို နှစ်ဘက်မြင်အောင် လှန်ပြတယ်။
တစ်ဘက်မှာ ရဲတပ်ဖွဲ့ ရုံးတံဆိပ်ဝိုင်း ရိုက်နှိပ်ပြီး ပတ်စ်ပို့ ဓါတ်ပုံကပ်ထားတဲ့ ကဒ်ပြားလေးတစ်ခုထည့်ထားတယ်။

သူ့ပုံစံက အမေရိကန် FBI တွေ ရဲတံဆိပ်ပြတဲ့ စတိုင်မျိုးပေါ့... အမြန်ပြပြီး ချက်ချင်းပြန်ထည့်လိုက်တယ်...။ သေသေချာချာ မမြင်စေချင်တာလည်း ပါလောက်တယ်ဗျ။

`` ဟားဟားဟား မင်းအစစ်ဆိုရင်လည်း ပြုတ်ဖို့ တော်တော် နီးပြီ၊ အခု အတုဆိုတော့ အယောင်ဆောင်မှုနဲ့ ထောင်ကျဖို့က သေချာသွားပြီကွ၊ ကဲ ငကြောင် မင်းအပိုတွေ လုပ်မနေနဲ့... တက္ကစီတစ်စီး ခေါ်ပေးတော့၊ မင်းလုပ်တာနဲ့ ငါနောက်ကျသွားပြီ၊ ဈေးပိုမတောင်းတဲ့ တက္ကစီကိုခေါ်...  သွား မြန်မြန်´´

ပြောရင်း သူ့နောက်စေ့ကို လှမ်းပုတ်လိုက်တယ်။

သူကြောက်လန့်သွားတဲ့ ပုံစံနဲ့  `` ဟုတ်... ဟုတ်ကဲ့ဆရာ၊ ခဏလေးစောင့်ပေးပါ´´
ပြောရင်းချက်ချင်းလှည့်ထွက်သွားတယ်...၊ ကျွန်တော် သစ်ပင်လေးတစ်ပင်ကို မှီရင်း စီးကရက်တစ်လိပ် ထုတ်သောက်ရင်း ပြုံးနေမိတယ်...၊ 

သတင်းပေးဆိုတဲ့ ကောင်တွေ့  တကယ့်ကောင်တွေပါပဲ၊ ဒါပေမယ့်တစ်ခုတော့ တော်တယ်၊ ဒေသခံမဟုတ်တဲ့ သူတွေကို ခဏလေး ထိုင်ကြည့်ရုံနဲ့ မှန်းဆနိုင်တယ်..၊ အ၀တ်အစားကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက  အခြေအနေကို ရုတ်ချည်း ပြောင်းလဲနိုင်တယ်...၊ ကျွန်တော် အူကြောင်ကြောင် လုပ်နေမိရင် ဒီကောင် ဘာဆက်လုပ်မယ် မပြောနိုင်ဘူး...၊ အကြိမ်ပေါင်းများစွာလည်း လုပ်ခဲ့ ပြီးပြီထင်ပါတယ်။

ခဏလေးကြာတော့ တက္ကစီတစ်စီးနဲ့ အတူ သူပြန်ရောက်လာတယ်...။

`` ဗိုလ်လေးကို သေချာ ပို့ပေးလိုက်နော်´´ ဘသားချောက ကားပေါ်က ဆင်းရင်း ကားဆရာကို သခင်အားရ ကျွန်ပါးဝ  ကျွန်တော်ကြားအောင် လှမ်းပြောနေသေးတယ်..။ ကျွန်တော် ဘယ်က ဒုရဲအုပ်မှန်းလည်းသူမသိ၊ ရဲအုပ်မှန်းလည်း သူမသိနဲ့လေ...။

`` ဟေ့ကောင် ဗိုလ်လေး မဟုတ်ဘူး၊ ဗိုလ်ကြီးကွ ဒီအသက်အရွယ်နဲ့ ဗိုလ်လေးဖြစ်မလား တုံးလိုက်တာ... ဒါနဲ့များ ´´
 
 ပြောရင်း စကားရပ်ထားလိုက်တယ်။

`` ဟုတ်ကဲ့ပါ ဗိုလ်ကြီး မသိလို့ပါဗျ၊ နောက်လမ်းမှာ တွေ့ရင် နှုတ်ဆက်နော်ဆရာ၊ ခိုင်းစရာရှိရင်လည်း ခေါ်လိုက်ပါ´´

ကျွန်တော် ကားတံခါးဆွဲဖွင့်ရင်းဝင်ထိုင်နေတုန်း ခါးလေး ညွတ်ရင်း ငမိုက်သားက ပလီပလာ လှမ်းပြောနေသေးတယ်။

ကားတံခါးပြန်ပိတ်ပြီးတော့ဘေးပေါက်ကလှမ်းကြည့်ရင်း

``ဒါနဲ့ မင်း နံပတ်က ဘယ်လောက်လဲ´´

`` ဗျာဆရာ... မင်းနံပတ်က ဘယ်လောက်လဲလို့၊ မသိဘူးလား၊ မင်းသတင်းပေးကဒ်မှာ ပါတဲံ နံပတ်ကို ပြောတာ၊ ပြန်ကြည့်စမ်းကွာ´´

`` ဟုတ်... ဟုတ်ကဲ့ ဗိုလ်ကြီး´´ ပြောရင်း ကဒ်ကို ပြန်ထုတ်တယ်၊ ပြီးတော့ သေချာကြည့်နေတယ်။

`` ဟေ့ကောင် ကဒ် ဘယ်ဘက်အပေါ်ဆုံးမှာ နံပတ်မတွေ့ဘူးလား´´

`` အော တွေ့ပြီဗိုလ်ကြီး ၀၀၂၇ ပါ၊ ကျွန်တော်က ဒါကို ကဒ်ပြား အရည်အတွက်ကို မှတ်တဲ့ နံပတ်ထင်နေလို့၊ ဒါက ဘာလဲ ဗိုလ်ကြီး´´

`` အေး အဲဒါမှတ်ထား ကဒ်နံပတ်တော့ ဟုတ်တယ်၊ နောက်တစ်ခုက မင်းတို့ သတင်းပေးတွေရဲ့ စီနီယာ နံပတ်လည်း ဟုတ်တယ်၊ အလုပ်ကြီးလုပ်တဲ့အခါ ဖုန်းထဲမှာပဲ ဖြစ်ဖြစ် နံမယ်ပြောလို့မရဘူး၊ စီနီယာ နံပတ်နဲ့ ပြောရတယ်၊ သဘောပေါက်လား´´

`` ဟီး.. ဟုတ်ကဲ့ ဗိုလ်ကြီး ကျေးဇူးပါပဲဗျာ´´

`` အေးသွားမယ် ဟေ့ကောင်၊ ဂွင်ချည်း ဖန်တီးမနေနဲ့ မြွေကိုက်မယ်...´´

`` ဟုတ်ကဲ့ပါ´´ ချက်ချင်း မျက်နှာသေလေးလုပ်ပြီး ကျန်ခဲ့တယ်။

ကားသမားက သဘောကျလို့ ထင်တယ် ပြုံးနေရင်းက `` ဘယ်ကိုမောင်းရမလဲ ဗိုလ်ကြီး´´

`` အင်း ဘယ်ကို မောင်းရမလဲဆိုတော့.... လောလောဆယ် တရုတ်ဆိုင်တစ်ဆိုင် ပို့ပေးဗျာ ဗိုက်ဆာနေပြီ´´

`` ဟုတ်ကဲ့... မြင်းကြီးလည်း ဗိုလ်ကြီးနဲ့ တွေ့မှ အပိုးကျိုးသွားတော့တယ်... ဒီကောင်လုပ်စားတာတော့ ကြမ်းတယ် ဗိုလ်ကြီးရ... အချင်းချင်းတောင် ညှစ်တာ´´

`` သတင်းပေးတွေက ဒီလိုပါပဲဗျာ... အရမ်း သတိထားရတယ်´´

`` ဟုတ်... ဒါနဲ့ ဗိုလ်ကြီး ပြီးရင် ဘယ်လိုပို့ပေးရမလဲ၊ ခရီးဝေးရင်  ဗိုလ်ကြီး တစ်ခုခု စားနေတုန်း  ဆီဖြည့်ထားချင်လို့ပါ´´

`` အော်ရတယ်ဗျ... ကျွန်တော်စားပြီးရင် အေးအေးလူလူပဲ လမ်းလျှောက်တော့မယ်... ဆိုင်ရောက်ပြီးရင် ရပါပြီ´´

`` အော်.. ဟုတ်ကဲ့ ဒါဆို ဒီတရုတ်ဆိုင်လေး ကောင်းတယ် ဗိုလ်ကြီး ဒီမှာပဲ စားပါလား´´

`` ကောင်းတယ်ဗျာ၊ ခင်ဗျားပါ ၀င်စားပါလား၊ ကားခထဲက မနှုတ်ပါဘူး၊ ဒါနဲ့ ကားခ ဘယ်လောက်လဲဗျ´´

`` ၁၅၀၀ ပဲပေးပါ´´

`` ရော့ဗျာ ၂၀၀၀ ယူလိုက်´´

`` ဟုတ်ကဲ့ ကျေးဇူးပါပဲ ဗိုလ်ကြီး လိုရင်လည်း လှမ်းခေါ်လိုက်ပါ၊ ဒီမှာ ဖုန်းနံပတ်ရေးထားပါတယ်´´ ပြောရင်း ကားဘော်ဒီကို လက်ညှိုး ထိုးပြတယ်။

`` ကောင်းပြီဗျာ... အလုပ်အားလို့  အေးအေး လျှောက်သွားချင်တဲ့နေ့ လှမ်းခေါ်လိုက်မယ်´´

ဒီလိုနဲ့ အဲဒီနေ့က ဖြတ်သွားဖြတ်လာတွေကို လုပ်စားနေတဲ့ ကျားတစ်ကောင်ကို မီးကွင်းခုန်နည်းလေး တစ်ခု သင်ပေးလိုက်မိတယ် ဆိုပါစို့....၊ 

တကယ်တော့ ကျွန်တော်က ဒီကောင်ထင်သလို ဒုရဲအုပ်လည်း မဟုတ်၊ ရဲအုပ်လည်း မဟုတ်၊ ဗိုလ်လေးလည်း မဟုတ်၊ ဗိုလ်ကြီးလည်း မဟုတ်သလို ကားဆရာ အထင်ကြီးနေသလို သွားစရာ ရဲစခန်းလည်း မရှိဘူး ဆိုတာတော့ ဘယ်သူမှ မသိလိုက်ပါဘူး...။ ကျွန်တော် တစ်ယောက်က လွဲရင်ပေါ့...။

တကယ်တော့ လူ့လောက ဆိုတာ ပါးပါးလေးပါပဲ... တစ်ခုသတိထားဖို့က လိုတာထက်ပိုပြီး ကြောက်တတ်ရင် နေရင်းထိုင်ရင်း  ကွဲတတ်တယ်လေ။

(ကွန်ဆူးမား)(၂၁-၂-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...