အသင့်စောင့်နေမိသော်
နာခေါင်းထဲကိုစူးရှသည့် အနံများတိုးဝင်နေသည်။ လူကနွမ်းနေသဖြင့် ကိုယ်ခန္ဓာကိုဘယ်ညာ ယိမ်းလိုက်လျှင်ပင် မောပန်းခြင်းကဆက်တိုက်ဖြစ်လာသည်။ ကုတင်အောက်မှ ခင်းထားသော အ၀တ်ကြောင့် ခါးနောက်ပိုင်းက ပူလောင်နေသည်။ ပက်လက်အိပ်ပြီး အသက်ကိုပြင်းပြင်းရှူလိုက်လျှင် လှိုက်တက် လာသောရင်ဝမှ နာကျင်မူက မည်သို့ပြုလုပ်ရမည်မသိဖြစ်နေသည်။
အနောက်ခန်းဆီမှ ချက်ပြုတ်နေသော မယ်ခင်၏ဟင်းအနံသည်ပင် ရောဂါဝေဒနာကိုပိုဆိုးစေသည်။ နုပျိုစဉ်က တမ်းတမ်းတတလျှာပေါ် တင်ခဲ့သောရနံများသည် ကျန်းမာရေးမကောင်းသောအချိန်တွင် စက်ဆုတ်ဖွယ် ဖြစ်နေသည်။ “မယ်ခင် ဘာချက်နေတာလည်း” ကျွန်တော်အော်လိုက်သည်နှင့် မယ်ခင်က “အမဲသားလေ ရှင် စားလို့ရအောင် ကျွန်မပြုတ်ကြော်လုပ်နေတာ”သူမကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သား သမီးတွေ အရွယ်ရောက် အိမ်ထောင်တွေပြုကုန်တော့ ကျန်ခဲ့သည်လင်မယားနှစ်ယောက်၏ ဘ၀ကအထီးကျန်ဆန်လွန်းပေသည်။ ယခုဆိုလျှင်ပိုဆိုးနေသည်။ ကျွန်တော်က ရင်ကြပ်ပန်းနာ လမ်းများများမ လျှောက်နိုင်တော့သည် ဒုက္ခိတတစ်ပိုင်းဖြစ်နေပြီ။
ငယ်ရွယ်စဉ်က လောကကိုခစောင်းတင်နိုင်ခဲ့သမျှ ယခုတော့ ဇရာ၏ ဂုဏ်သတ္တိဖြင့် ကုတင်ထက်ဝယ် ပက်လက်တေးကိုသာဆိုနေရသည်။ မယ်ခင်ကိုကြည့်မိတော့လည်း ဟိုယခင်လို တောင့်တင်းဖြောင့်စင်းသည့် အရွယ်တင်နု့ပျိုမှုတွေက နတ္ထိ။ ဦးခေါင်းထက်တွင် စံပယ်တစ်ရုံလုံးပွင့်နေသကဲသို့ ဖွေးဖွေးဖြူနေသည်။ အတိတ်က ကေသာကျော့မှ အမျိုးမျိုးသော ရတနာပစ္စည်းများသည် ဘယ်ဆီသို့ရောက်ကုန်ပြီးမသိ။
ကျွန်တော်အိပ်ယာထဲလဲနေတာကလည်းတစ်နှစ်ကျော်ကြာပြီ။ ဆေးဖိုးအိမ်သုံးစာရိတ်နှင့်အခြား အခြား သောအထွေထွေစာရိတ် များကြောင့်ဖြစ်မည်။
သားနှင့်သမီးတို့သည်လည်း အိမ်ထောင်တစ်ခုဆီဖြင့်ဟိုအဝေးရပ်ဆီရောက်နေကြပေသည်။ ဝေဒနာ တွေကတစ်ရက်ထက်တစ်ရက် ပိုပိုပြင်းထန်လာသည်။
အချိန်တို့သည် အတိတ်၏တိုက်စားမူကြောင့် တဖြေးဖြေးသေမင်းနှုတ်ခမ်းဝသို့ရောက်နေလေပြီ ။လောကတွင်မယ်ခင်ကိုလည်းတစ်ယောက်ထဲမထားခဲ့နိုင်ပေ။ သားနှင့်သမီးတို့က သူ့မိခင်အားကြည့်ရူပေးလျှင်မည်မျှကောင်းမည်နည်း။ မိဘတို့၏ စုန်ရေတို့ကို သားသမီးတို့မှ ပြန်ဆန်တက်နိုင်ကြပါမည်လား။ မိမိခံစားနေရသော ဝေဒနာထက် မယ်ခင်ကို စိတ်မချစိတ်က ပိုတိုးလာသည်။
ငယ်စဉ်သန်မာတုန်းဆိုလျှင်ကိစ္စမရှိသော်လည်း ခုချိန်တွင်ကျန်းမာသန်းစွမ်းသော ခွန်အားတို့ကမရှိတော့။ တစ်ခါတစ်ရံ မယ်ခင်၏ မျက်ရည်ရွန်းသော မျက်ဝန်းများကိုမြင်ရလျှင် အတိတ်မျက်ဝန်းများကိုသွားမြင်နေမိသည်။ အခြေနေအချိန်ခါတစ်ခုတွင် မသက်သာ၍ ပြုခဲ့ရသောအသက်မွေးဝမ်းကြောင်းတစ်ခုသည် နောင်သံသ ရာထက်သို့ပါလေတော့မည်။ထိုနေ့က မယ်ခင်နှင့်ကျွန်တော် အကြီးအကျယ်စကားများခဲ့သည်ကိုမှတ်မိသေးသည်။
ထိုအချိန်က အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သည့် ငွေကိုကျွန်တော်နည်းလမ်းလွဲမှားစွာရှာဖွေပေးခဲ့မိသည် ။ ကုသိုလ်ကံအရှိန်ကုန်လို့ အကုသိုလ်တွေ သက်ဝင်လာမည်ကို သိနေသော်လည်းလောကရှိ မိမိစခဲ့မိသော တာဝန်များကိုကျေပွန်နိုင်ဖို့ မိုက်တွင်းခက်နက်နက်ကို မျက်စိမှိတ်ကာတိုးဝင်ခဲ့သည်။
အိမ်ထောင်တာဝန်ကို ထမ်းဆောင်နေရသော အိမ်ထောင်ဦးစီးတစ်ယောက်၏ ၀င်ငွေနည်းပါမှုသည် မိသားစုအားများစွာ ဂရက်ထစေသည်။ အခြေခံ အသုံးစာရိတ်ဖြစ်သည့် စာဝတ်နေရေးသည်ပင် ကျွန်တော်အ တွက် အတော်ရုံးကန်နေရသည်။ သားတစ်ယောက်နှင့်သမီးတစ်ယောက်၏ ကျောင်းစာရိတ်များမှာ မယ်ခင်၏ ကုန်စုံဆိုင်နှင့် ကျွန်တော်၏ ကျပန်းဝင်ငွေတို့က လောက်ငခြင်းမရှိ။
တစ်နေလုံး အဆင်ပြေသောကုန်များကို ထမ်းပို့လာသဖြင့် ပင်ပန်းမူကို သက်သာစေရန်ညနေပိုင်းတွင် ယမကာအနည်းငယ်မှီဝဲတတ်သည်။
မူးရင်ရူးတတ်သောလူသဘာဝအရ ကျွန်တော်ငွေရလွယ်သောလမ်းလွဲကို လိုက်မိတော့သည်။ “ခင်ဗျားအဲအလုပ်လုပ်မလား” အဆက်အစပ်မရှိဘဲမေးသာသော ကုန်ထမ်းဖော်သူငယ်ချင်း ကို ဘာအလုပ်လည်းဆိုသည့် သဘောဖြင့်မေးဆတ်ပြမိသည်။ “တစ်ရက်ကို နာရီပိုင်းထဲနဲ့ ခုနှစ်ထောင်လောက် ရမယ်။ ပြီးတော့ ကျုပ်တို့သောက်နေတဲ့ အရက်ထက်အဆများစွာကောင်းတဲ့ ယမကာကလည်းအပြည့်စုံရှိ တယ်”။ ကျွန်တော်စိတ်ဝင်စားသွားမိသည်။ ဘယ်အလုပ်ကများအရက်တိုက်ပြီး နာရီပိုင်းအတွင်းခုနှစ်ထောင်ပေးမည်နည်း။
အသံကိုနိမ့်ပြီးပြောလာတဲ့သူအလုပ်ကြောင့်ကျွန်တော်ခေါင်းနားပန်ကြီးသွား၏။ “ ဟာ ဖြစ်ပါ့မလားကွာ” ကျွန်တော်၏ ဟာဆိုသောစကားလုံးသည် အနည်းငယ်ကျယ်သွားပုံရသည်။ ဘေးပတ်ဝန်းကျင်မှ မျက်လုံးများက ကျွန်တော်တို့ဝိုင်းစီလှမ်းကြည့်နေကြသည်။ အလုပ် အလုပ်။ ငွေကလည်းမြိုင်ဆိုင်စွာနိုင်သော အလုပ်။ မည်သို့ရွေးချယ်ရမည်မှန်းမသိဖြစ်နေသည်။ တစ်နေ့တစ်နေ့ ကျွန်တော်ဝင်ငွေနှင့်လောက်ငမှုမရှိသဖြင့် အမြဲမျက်နာငြိုးနေသော မယ်ခင်မျက်နာနှင့် သားတို့သမီးတို့၏ မျှော်လင့်ချက်ပြည့်မျက်နာဖြင့် မျှော်နေတတ်သော အေးစက်စက်ထမင်းဝိုင်းတို့က တလည့်စီပေါ်နေသည်။
နောက်ဆုံးတွင် လူတို့၏ ငွေအားအတ္တကြီးစွာလိုချင်မိသော လောဘကြောင့်ထိုအလုပ်ကိုကျွန်တော် လက်ခံလိုက်မိသည်။ထိုသို့ဖြင့်ကျွန်တော်သည် သံသရာတစ်ခွင်တွင် အရိပ်ပမာလိုက်နိုင်သော သားသတ်ခြင်း အမှုကိုပြုမိတော့သည်။ ထိုကိစ္စ၏ ပထမဆုံးအကြိမ်သည်များစွာကြောက်ရွံမိသည်။ ချွန်မြနေသောဓါးသွားကို ကိုင်စွဲမိသော ကျွန်တော်လက်သည် ငြိမ်သက်နေသည်။ ငိုကျွေးနေသောမျက်ဝန်းများသည် ကျွန်တော်နှလုံး သားကိုများစွာ ပူလောင်နေသည်။ ၀ိသမလောဘကြောင့် အရာအားလုံးကိုကျွန်တော် ဥပက္ခာထားနိုင်ခဲ့သည်။
နောက်နေ့နောက်နေ့များတွင် သားဇောမယားဇောဖြင့် မြောက်များစွာသောအသက်များ၏နောက်ဆုံး ထွက်သက်ကို ကျွန်တော်များစွာအဆုံးသတ်ပေးခဲ့သည်။ ကျွန်တော်မှတ်မိနေသေးသည်။ ထိုမနက်က ဘုရား ကန်တော့ပြီးသားသတ်ရုံသို့သွားသော ခြေလှမ်းများသည်နှေးကွေးလွန်းလှပေသည်။ အဆင်သင့်ချဉ်ထားသော နွားတစ်ကောင်သည် မိန်ပျပျမီးေ၇ာင်အောက်တွင် ကျွန်တော်အားတောင်းပန်နေသည်။သြော် ၀မ်းရေးအတွက် ရွေးချယ်စရာမရှိသည့် ဘ၀ကိုနာလည်ပေးကြပါ။ လက်ကလည်ပင်းကိုကိုင်လိုက်သည်နှင့် နူးညံ့သောသားမွေး တို့သည် ကျွန်တော်အတွက်ဆူးတမျှဖြစ်နေသည်။
ကိုင်ထားသောဓါးသည်တဆတ်ဆတ်တုန်လာသည်။ အံကိုတင်းတင်းကြိတ်ပြီးလက်ကိုမြောက်လိုက် သော်လည်း ရည်မှန်းထားသော သတ္တ၀ါ၏လည်တိုင်သို့မရောက်ဘဲဖြစ်နေသည်။ အောက်တွင်သွေးထည့်ရန် ခံ ထားသော ခွက်ကိုကြည့်ပြီး များစွာစိတ်ညစ်နေမိသည်။ နောက် ဒုတိယအကြိမ်မြောက်ထပ်မံကြိုးစားကြည့် သည်။ ထိုနည်း၎င်းပင်ထပ်ဖြစ်နေသည်။ ထို့ကြောင့် ဘေးစားပွဲတွင်အသင့်ချထားသော အရက်ပုလင်းကို ယူမော့လိုက်သည်။
ရင်ထဲသို့ပူဆင်းသွားသော ယမကာ၏ အစွမ်းသတ္တိကြောင့် တခဏတာ လူစိတ်ပျောက် သွားသည်။ ဖြာခနဲ့ကျဆင်းလာသော သွေးများနှင့်အတူ နာကျင်စွာအော်လိုက်သော အသံသည်ကျွန်တော် နားထဲသို့စီးကနဲဝင်လာသည်။ လုပ်ပုံလုပ်နည်းများကို အရင်ရက်ထဲက ပြထားသဖြင့် လုပ်မည့်သတ္တိအား အရက်ဖြင့် မီးစာထိုးလိုက်သောအခါ မလုပ်သင့်မလုပ်အပ်သော အရာများကို လက်ထဲမှာယဉ်ပါးစွာ လုပ်ကိုင် ခွင့်ပြုသည်။
ထိုသို့သောနည်းလမ်းများဖြင့် ငွေကိုလွယ်လွယ်ရှာနေသည်ကို ကျွန်တော်အမျိုးသမီးမယ်ခင်ကိုမသိ အောင်ရေရှည် ဖုံးကွယ်မထားနိုင်ပေ။ “ရှင် အဲအလုပ်တွေလုပ်နေတယ်။ ကျွန်မတို့မိသားစုကိုရှာဖွေပေးနေတဲ့ ငွေတွေက မသန့်ရှင်းတဲ့ငွေတွေပေါ့။ ရှင်မနက်စောစောကုန်ထမ်းဆိုပြီး သွားနေတာ။သားသတ်ဒိုင်ကိုပေါ့။ အို ဆိုးလိုက်တာရှင်ရယ်။ အကုသိုလ်တွေနဲ့ မိသားစုကိုရှာဖွေကျွေးနေပေမဲ့ ခံရမှာရှင်တစ်ယောက်ထဲရှင့်။ ဒုက္ခတွေ တော့များပါပြီရှင်ရယ်။ သံသရာတွေရှည်တော့မယ်”။ မယ်ခင်ပြောပြီး ငိုနေပြီ။ ကျွန်တော်မည်သို့မျှမတတ်နိုင်။ စလုပ်တုန်းကတော့ ခဏဘဲလုပ်လုပ်ပြီးလျှင် ရပ်မည်ဟုဆုံးဖြတ်ထားသော်လည်း ငွေကြေး၏ဖျားယောင်းမှုပေါ် ကျွန်တော်၏ လောဘအဆုံးမသတ်နိုင်ခဲ့။
အသက်များစွာတို့၏ အသံများစွာသည်ကျွန်တော်အတွက် အိပ်ပျက်ညတွေကိုဖန်တီးခဲ့သည်။ “ ထမင်း စားတော့မလား ဟင်းကျက်နေပြီ” အတွေးမည်မျှကျွံဝင်သွားသည်မသိ။ မယ်ခင်ကျွန်တော်လက်ကို ကိုင်လှုပ် လိုက်မှ အတိတ်အတွေးလွင့်မျောသွားသည်။ ရောဂါသည်တစ်ယောက်၏ နောက်ဆုံးအချိန်သည် အကုသိုလ် မိုက်များဖြင့် ရှင်သန်နေရသည်။ နေထိုင်ခွင့်ရနေသည်ကို ကျေးဇူးတင်ရမည်လား။ ဒါမှမဟုတ် အပြစ်များ ကုန်လွန်သွားအောင် မည်သို့ပြုလုပ်ရမည်မသိဖြစ်နေသည်။ ဘာသာတရား၏ ဆိုဆုံးမမူတစ်ချို့တစ်ဝက်ကြောင့် အနည်းငယ်ရှင်သန်နေသော အသက်သည် နေပျော်ထိုင်ပျော်ဖြစ်နေသည်။
အကုသိုလ်အလုပ်ဖြင့် အကျိုးပေးခဲ့သောငွေကြေးတို့သည်လည်း ဒီအချိန်တွင် တစ်ခုမှမရှိတော့။ မယ် ခင်၏ ကုန်စုံဆိုင်လေးပင် ကျွန်တော်ဆေးဖိုးအတွက် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေ၏။ ထမင်းစားလျှင်လည်း အ နည်းငယ်သော ပမာဏကိုဝမ်းအတွင်းသို့မျိုချရန် အတော်ခက်ခဲနေသည့်ဘ၀ဖြစ်နေသည်။ ကုန်ဆုံးနိုင်စွမ်းမရှိသော အချိန်တို့အား ဆရာတော်ဘုရားကြီး၏ လူမိုက်တို့သွားရာလမ်းဖြင့် ဖြေသိမ့်နိုင်ခဲ့၏။
ထိုသို့ဖြင့် ကံကြမ္မာ တစ်ပတ် တစ်ဖန်ပြန်ပတ်မည့် အချိန်တွေကို ကျွန်တော်ချစ်သော မယ်ခင်၏ လက်ကို တွဲ၍ စောင့်မျှော်နေမိပါတော့သည်။
ဇော်ညီညီ(နေပြည်တော်)
0 comments:
Post a Comment