Monday, February 24, 2014

ငွေကြေးခ၀ါချမှု (၂)

JOB seekers Journal's photo.
Photo: ငွေကြေးခ၀ါချမှု (၂) 

ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)

Job Seekers Journal vol.2,No.38

ငွေကြေးခ၀ါချမှုသည် ခြစားမှုများ၊ လာဘ်စားမှုများနှင့်ယှဉ်လျှင် အကြီးစား အပြင်းစားရာဇ၀တ်မှုမျိုးလို (Large Scale criminal enterprises) ဖြစ်နေ သည်။ ခေတ်စနစ်များ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ၊ ထိုခေတ်စနစ်ပေါ် လိုက်ပြီး ငွေကြေးခ၀ါချမှုသည်လည်း ပြောင်းလဲနေမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ငွေကြေးခ၀ါချတိုက်ဖျက်ရေးအတွက် ခေတ်အခါနှင့်လျော် ညီစွာအမြဲပြုပြင်ပြောင်းလဲပြီး ပြဋ္ဌာန်းပေးနေရလေ့ရှိသည်။ War on Drugs  သမိုင်းများအရ ပြန်လည်လေ့လာသုံး သပ်မည်ဆိုပါလျှင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေများသည် ခေတ် အခါအလိုက်၊ နိုင်ငံအခြေအနေ အလိုက်ပြောင်းလဲပြီး ဥပဒေများကို ပြောင်းလဲသတ်မှတ်ပြဋ္ဌာန်းပေးနေ ရသည်ကို တွေ့မြင်နိုင်ပါသည်။ ငွေကြေးခ၀ါချမှုကို အချို့လည်း ငွေကြေး အကြမ်းဖက်မှု Terrorist Financing အမြင်ဖြင့် မြင်လာကြသည်။ဘဏ္ဍာရေး စနစ်ထဲသို့ မရ-ရအောင်ကြံဆောင်ပြီး ၀င်ရောက်လာသောငွေကြေးများ အဖြစ် ရှုမြင်လာသည်။ ငွေကြေးခ၀ါချမှုများသည် သိသာသိစေ၊ မမြင်စေနှင့် ဆိုသည့်သဘောမျိုးလည်း အတော်သက်ရောက်သည်။ ငွေကြေးခ၀ါချမှုများ တွင် ထိုငွေမည်းများသည် မည်သည့်ဇာစ်မြစ်မှရရှိလာသောငွေကြေးများဖြစ် သည် ကိုလည်းသိနေသည်။ မည်သည့်စာရင်းကြောင်းများအရ မည်သည့် ဘဏ္ဍာငွေများအတွင်းသို့ တရားဝင်ဖြစ်သွားအောင် စီးဝင်သွားသည်ကို လည်း သိမြင်နေကြသော်လည်း၊ လက်ဆုပ်လက်ကိုင် မပြနိုင်လောက်အောင်ပြု လုပ်ချက်များသည် ညင်သာလွန်း၊ ပညာပါလွန်း သည်ကို လည်းတွေ့နေရပြန်သည်။

 ငွေကြေးခ၀ါချမှုများကို လေ့လာရာတွင် ငွေကြေးခ၀ါချမှုအဆင့်များကို သုံးဆင့်လောက်ခွဲခြားပြီး လေ့လာကြသည်ကို တွေ့ရှိရသည်။ပထမအဆင့်မှာPlacement အဆင့်ဖြစ်သည်။ ထိုအဆင့်တွင် ဘဏ္ဍာရေးစနစ်လမ်းကြောင်း ထဲတွင် စနစ်တကျနေရာယူပြီး ၀င်ရောက်သွား သောငွေမည်းများဖြစ်သည်။ ထိုငွေမည်းများသည် သတ်မှတ်ထားသော နေရာများတွင် ၀င်ရောက်နေရာ ယူပြီးသောအခါတွင် ငွေဖြူအမည်ခံနိုင်လောက်သည်အထိစီးပွားရေးနယ်ပယ် တွင် နေရာယူပြီး ပြန်လည်  လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ငွေဖြူ လိုနေသောနေရာများတွင် ငွေမည်းများကို ငွေဖြူအသွင်ဖြင့် Placement  အသွင်ယူပြီး ၀င်ရောက် လာခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ "Layering" သဘောမျိုး ငွေမည်းမှ ငွေဖြူအဖြစ်သို့ အလွှာလိုက်သဘောမျိုးပြောင်းလဲ လာခြင်းဖြစ်သည်။ အဆင့်ဆင့်အသွင်ဆောင်ပြီး ပြောင်းလဲလာသောငွေမည်း များဖြစ်သည်။ အလွှာလိုက်ဝင်ရောက်လာတတ်သောကြောင့်လည်း ကျည် ကွယ်၊ မျက်ကွယ် (Camouflage) သဘောမျိုး တစ်စတစ်စအသွင် ပြောင်း ပြီး ငွေဖြူဖြစ်လာစေရန် လုပ်ကိုင်ဆောင်ရွက်သောနည်းလမ်းဖြစ်သည်။ ရလျှင်ရသလို ငွေမည်းများသည် ငွေဖြူအဖြစ် ၀င်ရောက် လာကြခြင်းဖြစ် သည်။တတိယနည်းလမ်းကား ငွေမည်းများသည် မတရား ရယူထားသောငွေ illicit funds များဖြစ်သည့်တိုင်၊ လူမှုရေးလုပ်ငန်းများတွင်လည်းကောင်း၊ လူထုအကျိုးပြုလုပ်ငန်းများတွင်လည်းကောင်း၊ အစွန်းထွက်သဘောမျိုး အလှူဒါနပြုကြသူ ငါ- သဘောမျိုးလုပ်ကိုင်လာကြသည်။ ရက်ရောစွာ လှူဒါန်းနိုင်မှု၏ နောက်ကွယ်တွင် ice berg theory သဘောမျိုးအရ ရေခဲ တုန်းရေတွင် ထည့်ထားသောအခါတွင်ရပေါ်တွင်ပေါ်နေသော အ ပိုင်းလောက်ဖြစ်သောအလှူများကိုကြည့်ခြင်းဖြင့် ရေခဲတုံး အနေဖြင့်ရေအောက် တွင်မည်မျှရှိနိုင်မည်ဆိုသည့် ငွေမည်းအပိုင်းကိုပါ ခန့်မှန်းနိုင်ပါသည်။ ထိုအဆင့်ကိုတော့ Integration Step ဟုခေါ်ကြသည်။ သို့သော်လည်း Placement Step ပင်ဖြစ်စေ၊ Layering Step  ပင်ဖြစ်စေ၊ နောက်ဆုံး Integration Step ပင်ဖြစ်စေ၊ အဆင့်တစ်ခု ပြီးမှ နောက်အဆင့်တစ်ခုလုပ်ရမည်ဆိုသည့် ကန့်သတ်ချက်လည်းမရှိ သည်ကို တွေ့ရမည်ဖြစ်သည်။ အခြေအနေနှင့် အချိန်အခါပေါ်လိုက်ပြီး အစိုးရ၏ အားနည်းချက်၊ အားသာချက်များအပေါ်မူတည်ပြီး သင့်တင့် သော အဆင့်မျာဖြင့် ငွေမည်းများကို ငွေဖြူဖြစ်လာစေရန်၊ ခ၀ါဖွတ်ကြ မည်သာဖြစ် သည်။ ဥပမာအားဖြင့် ဘဏ္ဍာရေးစနစ်တွင် ငွေကြေးတစ်ရပ် ရပ်သည် မည်သည့်ဇာစ်မြစ်မှ ရောက်ရှိလာပြီး၊ မည်သည့်နေရာသို့ စီးဆင်းသွား သည် ဟူသော ဆန်းစစ်မှုမျိုး non- cash proceedsမရှိခဲ့လျှင် ငွေမည်းများ ကို ငွေဖြူအဖြစ် ခ၀ါချရာတွင် Placement Strategy Step ကို တကူး တက ကျင့်သုံးရန်မလိုပါ။ ငွေမည်းကို အလွယ်တကူငွေဖြူဖြစ် လာစေရန် ခ၀ါ ဖွတ်နိုင်ပါသည်။

 အထက်ဖော်ပြပါ တင်ပြချက်များသည် ခ၀ါချနိုင်မှုအဆင့်(၃)ဆင့် ကို သာဖော်ပြခြင်းသာဖြစ်သည်။ ငွေကြေးခ၀ါချမှုနည်းလမ်းများ Money Laundering Methods များအနေဖြင့်များစွာရှိနိုင်ပါသည်။ ငွေကြေး ၀င်ရောက်နိုင်မှုအဆင့်နှင့် ခ၀ါချနိုင်မှုနည်းလမ်းများတွင် အဆင့်အားဖြင့် သုံးဆင့်ရှိသော်လည်းနည်းလမ်းများကား စုံလှသည်။ ခ၀ါချမှုနည်းလမ်း များစွာထဲမှ ထင်ရှားသောနည်းလမ်းများကို တင်ပြမည်ဆိုပါက ဘဏ်နည်း လမ်းဖြင့် ငွေကြေးခ၀ါချခြင်း Bank Methods များဟုခေါ်ဆိုသည်။ ဘဏ် လမ်းကြောင်းဖြင့် ခ၀ါချခြင်းဖြစ်သည်။ နောက်နည်းလမ်းတစ်မျိုး မှာ Smurfing သို့မဟုတ် Structuring နည်းလမ်း၊ ငွေကြေးလဲလှယ်မှု ပုံစံဖြင့် ငွေကြေးခ၀ါချသည့်နည်းလမ်း Currency Exchanges Method နှင့် double invoicing တို့ပင်ဖြစ်သည်။ Bank Methods သည် အရိုး အစင်း ဆုံးငွေကြေးခ၀ါချနည်းတစ်မျိုးဖြစ်သည်။ဘဏ်နှင့်ဆက်သွယ်သော ငွေတိုင်းသည် ငွေဖြူချည်းသာဖြစ်သည်။ ဘဏ်တွင်ရှိသောငွေသည်တရား ၀င်ငွေကြေးများသာဖြစ်သည်။ ငွေမည်းများကို ဘဏ်စာရင်းသွင်း နိုင်မည် ဆိုလျှင် ငွေဖြူအော်တိုမစ်တစ်ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့်လည်း ငွေ မည်း ပိုင်ရှင်များသည် ပုဂ္ဂလိကဘဏ်များအဖြစ် သူ့ထက်ငါ ထူထောင် ကြခြင်းဖြစ်သည်။ ဘဏ်သို့ငွေအပ်လျှင် ထိုငွေရရှိရာဇာစ်မြစ်ကို ဖော်ပြနိုင် ရမည်ဖြစ်သည်။ မဖော်ပြနိုင်လျှင် ဘဏ်အနေဖြင့် ထိုကြေးငွေကို လက်ခံလို့မ ရပေ။ လက်ခံလိုက်မည်ဆိုလျှင်လည်း ထိုငွေကြေး သည် ငွေဖြူများ သာဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။

 နောက်တစ်မျိုးငွေကြေးခ၀ါချနည်းတစ်မျိုးကားအသွင်သဏ္ဍာန် ပြောင်း လိုက်ခြင်းဖြစ်သည်။ ယင်းကို Structuring ဟုလည်းခေါ်ကြ သည်။ နောက် Structuring ကို နောက်အမည်တစ်မျိုး Smurfing အနေဖြင့်လည်း ငွေ မည်းလောကသားတို့ အသိများလှသည်။ ငွေတွေကို Placement လုပ် ပစ်ခြင်းဖြစ်သည်။ ငွေမည်းထုကြီးအဖြစ်မထားတော့ဘဲ၊ အပိုင်းပိုင်းခွဲခြား လိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပိုင်ဆိုင်မှုတစ်ဦးတည်း မထားခြင်းဖြစ်သည်။ လင်ပိုင်၊ မယားပိုင်၊ သားသမီးပိုင်၊ သမက်၊ ချွေးမ စသည့် ပိုင်ဆိုင်မှုများအဖြစ် အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ အချို့ ဆိုလျှင် မြေးမြစ်များအထိပင် ပိုင်ဆိုင်မှုကို ခွဲဝေလိုက်ကြသည်။ ငွေမည်း စာရင်းလည်း ပျောက်သွားသည်။ ငွေများသည်လည်း ဟိုရောက်ဒီရောက် ဘ၀များဖြင့် ပိုင်ဆိုင်မှုအသွင်လည်းပြောင်းသွားပါတော့သည်။ အကြောင်း မှာ ပိုင်ဆိုင်မှုပမာဏသေးသောငွေပမာဏများသည် အလွယ်တ ကူငွေဖြူဖြစ်နိုင်သောကြောင့်ဖြစ်သည်။ Structuring နည်း သို့မဟုတ် Smurfing နည်းအရဆိုလျှင် ငွေမည်းတောင်ကြီးကို အပိုင်းငယ်များအဖြစ် ခွဲခြားနိုင်လျှင် ထိုငွေများသည် ငွေကြေးလည်ပတ်စီးဆင်းမှုတွင်ပါဝင်လာပြီး အလိုလိုငွေဖြူဖြစ်လာသောကြောင့်ဖြစ်သည်။ ဘဏ်များအနေဖြင့် လည်း ငွေထုပမာဏကြီးမားသော ငွေကြေးပမာဏများနှင့် ငွေစက္ကူအတု၊ အကြွေအတုလောက်သာ ဂရုစိုက်နေရခြင်းဖြစ်သည်။ ငွေစက္ကူလည်း မှန်ကန်သည်။ ငွေကြေးပမာဏလည်း ထုထည်မကြီးပါက ဘဏ်ငွေစာရင်း တွင် အလွယ်တကူဝင်ရောက်နိုင်ခြင်းဖြင့် ငွေကြေးခ၀ါချမှုကို အလွယ် တကူ လုပ်ကိုင်နိုင်စွမ်းရှိလာပါတော့သည်။
 
 နောက်နည်းတစ်မျိုး ငွေကြေးခ၀ါချခြင်းတွင် Cash- intensive businesses နည်းလမ်းများဟုခေါ်ဆိုပါသည်။ ငွေဖြူကို ငွေမည်းဖြင့် မက် လုံးပေးဝယ်ယူခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် အလွန်တရာချမ်း သာ သောလူများသည် ငွေရှိရာ ငွေလာစု၊ ရတနာရှိရာ ရတနာလာစု၊ ရေရှိ ရာ ရေလာစုသည်ဟု ပြောကြသည်။ ငွေများများရှိလာသည်နှင့်အမျှတရားဝင် ဖွင့်လှစ်ထားသော ထီများလည်း ပေါက်တတ်ကြသည်။ ဖွံ့ဖြိုး ဆဲနိုင်ငံများ တွင် ကျင့်သုံးလေ့ရှိသောနည်းလမ်းလည်းဖြစ်သည်။ ထီပေါက်သောငွေများ သည် အခွန်ကင်းလွတ်ခွင့်ရရှိထားသည့် ငွေဖြူများလည်းဖြစ်သည်။ အလွန် အဖိုးတန်သောငွေဖြူများဟုလည်းခေါ်ဆိုနိုင်သည်။ ထိုသို့သော ထီလက်မှတ် များကိုလည်း ၀ယ်ယူလိုက်ခြင်းဖြင့် ငွေဖြူဖြစ်အောင်လည်း လုပ်နိုင်သည်။ ထို့အပြင် အခြားသောငွေဖြူပြလုပ်ငန်းမျိုးများဖြစ်သော စီးပွားရေးလုပ်ငန်း များ ကလပ်များ၊ မဂ်္ဂဇင်းထုတ်ဝေ ခြင်းမျိုးများ၊ ကာစီနိုများစသည်တို့ကို လည်း ဖွင့်လှစ်ထားရှိခြင်းဖြင့် ငွေဖြူပြလုပ်ငန်းမျိုးများကို ပြုလုပ်နိုင်ကြသည်။

 ထို့အပြင် အခြားငွေဖြူပြနိုင်သောနည်းလမ်းတစ်ခုမှာ Trade Based Laundering ဟုခေါ်သည်။ ကုန်သွယ်မှုကိုအကြောင်းပြုပြီး၊ ငွေမည်း မှ ငွေဖြူဖြစ်လာအောင်လုပ်ခြင်းဖြစ်သည်။ ကုန်သွယ်သောစီးပွားရေးလုပ် ငန်းများ နေ့ခြင်း၊ ညခြင်း မည်သို့လုပ်လိုက်သည်မသိ ကြီးပွားတိုးတက် လာခြင်းဖြစ်သည်။ ကုန်သွယ်မှု nvoices များကို တန်ဖိုးချပြတန်ရာပြ၊ တန်ဖိုးမြင့်တန်ရာမြင့် စသည့် ကစားနည်းမျိုးဖြင့် ငွေမည်းကို ငွေဖြူ ချက်သောနည်းများဖြစ်သည်။ ထိုသို့ကုန်သွယ်မှုပေါ် အခြေခံကစား ရင်းဖြင့် ငွေလုံးငွေရင်းများသည် ရွှေ့ပြောင်းမှုမှတစ်ဆင့် ငွေမည်းများ သည် ငွေဖြူအဖြစ် စီးဆင်းလာပါတော့သည်။

 နိုင်ငံခြားတွင် ငွေကြေးအပ်ထားသော Round- Tripping Methods  ကို ဆက်လက်ဖော်ပြသွားပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...