Friday, February 28, 2014

‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’

July 5, 2012 at 2:08pm

မြန်မာပြည်မှာ ခေတ်နဲ့မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို   Celebrity များထံမှ တစ်နေ့တစ်ခြား ဖော်ချွတ်ပုံဖော် ဝတ်ဆင်မှုများကို တွေ့နေရပါတယ်။ Celebrity ဆိုသည့်အတိုင်း ၎င်းတို့၏ ဖော်ချွတ်ဝတ်ဆင်ပုံများမှာလည်း အတော်ပင်ကြည့်လို့ကောင်းသည်မှာ  အမှန်ဖြစ်နေပါတယ်။


အဲဒီလို ဖော်ချွတ်ထားတဲ့ ဝတ်စားဆင်ယင်ပုံများမှာလည်း ‘ပုရိသပရိတ်သတ်များ’ အကြိုက် ဆွဲဆောင်နိုင်တာကြောင့်လားဆိုတာကို မသိပေမယ့်. .  ဖေလ်ဘုတ် လူမှုကွန်ယက်ပေါ်မှာတော့ တစ်နေ့တစ်ခြား Myanmar Celebrity Facebook Fun Page တွေ ထောင်ပြီး Celebrity ပုံအများစု တင်လာကြသူများမှာတော့ အတော်ပင် ပေါများလာတာကိုလည်း ဖေလ်ဘုတ်သုံးစွဲသူ အများစု တွေ့မြင်ကြမှာ မလွဲပါဘူး။

ဒါပေမယ့် လွဲနေတာတော့ ရှိနေပါတယ်။ ဘာလွဲနေတာလဲဆိုရင်တော့ . .

အဲဒီ Sexy Fun Page တွေမှာပဲ Celebrity တွေရဲ့ Sexy ပုံများကို LIKE လုပ်ပြီး အားပေးကြတဲ့အပေါ်မှာ ကျွန်တော် သုံးသပ်မိတာကတော့ လူကြိုက်အများဆုံးဖြစ်တဲ့ LIKE လုပ်ပေးခံရမှုအများဆုံးဆိုတဲ့ ပုံတွေဟာ Sexy ပုံများ မဟုတ်ဘူးဆိုတာကို သတိထားမိလာပါတယ်။



သရုပ်ဆောင် - သက်မွန်မြင့် အကြောင်း ကြားဖြတ်ပြောချင်ပါတယ်။


သရုပ်ဆောင် ‘သက်မွန်မြင့်’ ဆိုတာဟာ မြန်မာပြည်မှာ လူကြိုက်အများဆုံး နာမည်ကြီး သရုပ်ဆောင်တစ်ယောက် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကမှ အကယ်ဒမီရလာတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်သာ ဖြစ်ပါတယ်။ ယခုချိန်ထိ အကယ်ဒမီရပြီးလို့လည်း မြန်မာပြည်မှာ နာမည်အကြီးဆုံး ပရိတ်သတ် အားပေးမှုအခံရဆုံး မင်းသမီးတစ်လက် အဖြစ် နေရာယူထားသူတစ်ယောက် မဟုတ်ပါဘူး။





ယခု LINK  မှာရှိတဲ့ သက်မွန်မြင့် ကို Clip ကြည့်ပါ၊
ပုရိသပရိသတ် သောင်းနဲ့ချီးပြီး နေရာယူထားတဲ့ Sexy Fun Page မှာ Celebrity တစ်ယောက်ရဲ့ Sexy Photo များကို အားပေးနေတဲ့ပုရိသများရဲ့ LIKE လုပ်ပြီး အားပေးခြင်းကို ယှဉ်ကြည့်မယ်ဆိုရင် Celebrity တစ်ယောက်ရဲ့ Sexy Photo ထက် ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ သာမာန်မင်းသမီးတစ်ဦးရဲ့ပုံကို လူကြိုက်ပိုများပြီး LIKE လုပ်၍ အားပေးခံရမှု များနေတာကို တွေ့ရပါတယ်။

အခုလို နှိုင်းယှဉ်ပြီး ပြောတဲ့အပေါ် သရုပ်ဆောင် သက်မွန်မြင့်ဆိုတာက အကယ်ဒမီရပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နာမည်ရပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်ဆိုပြီး ပြောလာမယ့် အတွေးမျိုးဝင်ခဲ့မယ်ဆိုရင်လည်း အောက်မှာဖော်ပြထားတဲ့ ထက် ထက် ဆိုသူ၏ ပုံတွင်လည်း အားပေးထားပုံကို မြင်နိုင်မှာ ဖြစ်ပါတယ်။




ယခု LINK ရှိ နာမည်ရ သရုပ်ဆောင် မဟုတ်တဲ့ ထက် ထက် ကို Clip  ကြည့်ပါ။ သရုပ်ဆောင်-ထက် ထက်ရဲ့ အကြောင်းပြောရရင် မြန်မာပြည်မှာ လူအတော်များများ မသိကြပါဘူး။ သရုပ်ဆောင်မှန်းကို မသိတဲ့သူတွေ အများကြီးရှိနေမှာပါ။ ကျွန်တော်ကိုယ်၌လည်း ထက် ထက် ဟာ သရုပ်ဆောင်တစ်ယောက်မှန်း မသိခဲ့ပါဘူး။
ဒါပေမယ့် အဲဒီလို လူမသိသူမသိ Sexy  Photo  မဟုတ်တဲ့အလှပုံမှာတော့   ပုရိသများအကြိုက် Sexy Photo  များထက် ပိုပြီး အားပေးထားတာကို တွေ့ရပါတယ်။

ဒါမှ လက်မခံသေးဘူး အားမရသေးဘူးဆိုရင်တော့ ဒီ wall photo မှာ Clip ပြီး ကြိုးစားပါရန်။


အဲဒီတော့ အစောပိုင်းက ပြောထားတဲ့ လွဲနေတာရှိပါတယ်ဆိုတာကို ပြန်ပြောရရင်. .

 လူတွေပဲဗျာ ကျော်ကြားခြင်း၊ အောင်မြင်ခြင်းဆိုတာကို မကြိုက်တဲ့လူရယ်လို့ ဘယ်သူရှိနိုင်မှာလဲလို့ ပြောရမှာပါ။ အဲဒီတော့ ထင်ရှားကျော်ကြားခြင်းဆိုတဲ့ ‘Celebrity ဘွဲ့ထူး ဂုဏ်ထူး’  ကို လူတိုင်း လိုချင်တာပေါ့။ အောင်မြင်တယ်၊ ထင်ရှားတယ်ဆိုတာက ကိုယ်ပိုင်အရေအသွေးနဲ့ ထင်ရှားကျော်ကြားဖို့ လိုပါတယ်။ အောင်မြင်လိုသူအများစုဟာ မအောင်မြင်သေးသူများဖြစ်တာကြောင့် သူတို့မှာ အောင်မြင်စေဖို့ စိတ်ဆန္ဒတစ်ခုဟာ အထွဋ်ထိပ်ကို ရောက်နေမှာ အသေချာပါပဲ။

အဲဒီအပေါ်မှာ မော်ဒယ်အများစု ယနေ့ဖေလ်ဘုတ်ဆိုတဲ့ လူမှုကွန်ယက်ပေါ်မှာ မိမိဘဝအောင်မြင်ဖို့အရေး အနုပညာသယ် တစ်ယောက်ရဲ့ အရည်အသွေးနဲ့ ပရိတ်သတ်ကို ဖျော်ဖြေနိုင်ဖို့၊ ပရိတ်သတ်ကို စွဲဆောင်ဖမ်းစားစေနိုင်ဖို့ ဆိုတာထက်  Sexy Photo  ဖော်ချွတ်ပုံများသာ ရိုက်ပြီး ဖေလ်ဘုတ်ပေါ်တင်ရန် ကြိုးစားနေတဲ့ Model အများစုကိုလည်း တွေ့မြင်နေရပါတယ်။
အဲဒီလို Sexy Photo များ ရိုက်ပြီး ဖေလ်ဘုတ်ပေါ်တင် လူကြိုက်များ ကျော်ကြားစေရန်ဆိုပြီး မော်ဒယ်အများစု လွဲမှားတဲ့အယူဆမျိုး အတွေးခေါ်မျိုးက ခေါင်းထဲဝင်မယ်ဆိုရင်လည်း ဝင်နိုင်စရာပါ။

ဘာဖြစ်လို့ ဒီလိုအတွေးအခေါ်မျိုး ဝင်နိုင်စရာပါလို့ ပြောသလဲဆိုရင် ဖေလ်ဘုတ်မှာက ဘာရယ်မဟုတ်ပဲ  Friend 5000  လောက်ရှိမယ်၊ Page ထောင်မယ်၊ Fun Page ဆိုတဲ့အပေါ်မှာ Fun Member သောင်းချီရှိနေပြီဆိုရင်တော့ ဘာမှစဉ်းစားမနေနဲ့တော့  
Page Admin တင်လိုက်တဲ့  Hello guys... today, photo shooting for. . .  thz ya all . ဆိုတဲ့  Status လောက်ကို LIKE လုပ်ပြီး အားပေးတဲ့သူက ရာကျော်နေတာကိုးဗျ။

ဒီ့အပြင် အင်တာနက်လူမှုကွန်ယက်သုံးစွဲပြီး ဖွမယ်ဆိုရင် ဖွလို့ကောင်းတဲ့နေရာက ဖေလ်ဘုတ်လို နေရာကလွဲပြီး ဘယ်နေရာမှ မရှိဘူး ဆိုတာကိုလည်း မြန်မာပြည်က အနုပညာအသိုင်းအဝိုင်းက မသိတဲ့သူ မရှိသလောက်ဖြစ်နေပြီလို့ ပြောရမှာပဲ။

အဲဒီ ဖွတာနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိအောင် ဖွလို့ အောင်မြင်တယ်ဆိုတာ ပြောချင်ပါသေးတယ် . .

ပြီးခဲ့တဲ့ သင်္ကြန်မှာ သရုပ်ဆောင်- သင်ဇာဝင်ကျော်ရဲ့ သင်္ကြန်တွင်း ဝတ်စားဆင်ပုံနဲ့ ပတ်သက်ပြီး ဖေလ်ဘုတ်ဆိုတဲ့ လူမှုကွန်ယက်မှာ ဖွလိုက်ကြတဲ့ သတင်းတွေကြောင့် သူ့ဖခင် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အဲဒါအပြင် ပြီးခဲ့တဲ့ ရက်အနည်းငယ်က “အဆိုတော်မင်းသမီး တစ်ဦး” လို့ ပြောရုံနဲ့ ကျွန်တော် နာမည်မပြောလည်း အားလုံးနီးပါး သိပြီးသားဖြစ်ကြမယ်လို့ ထင်ပါတယ်။

အဲဒီ အဆိုတော်မင်းသမီး အပျိုဘဝက တခြားအမျိုးသားတစ်ဦးနဲ့ ကာမဆက်ဆံနေတဲ့ပုံကို ဖေလ်ဘုတ်ပေါ်ကို ရောက်လာပါတယ်။ အဲဒီပုံရောက်ခါစကတော့ ဓာတ်ပုံထဲ ကြည့်ရတာဆိုတော့ အဲဒီမင်းသမီး ဟုတ်မဟုတ် မသဲကွဲဘူးပေါ့။
ဆိုတော့အွန်လိုင်းပေါ် ရောက်လာတဲ့အပေါ် ဓာတ်ပုံတင်ပြီး သတင်းဖြန့်သူကို LIKE လုပ်ပြီးအားပေးခဲ့သူများ ရှိခဲ့သလို၊ ပစ်တင်ကဲ့ရဲ့ သူများကလည်း   အခုချိန်မှာ အိမ်ထောင်နဲ့ဖြစ်နေပါပြီ၊  ဒီလို ပုံမျိုး မဖြန့်သင့်တော့ပါဘူး  သူ့ဘဝ နောင်ရေးသာယာပါစေစတဲ့ ကဲ့ရဲ့ ပစ်တင်သံတွေလည်း ရှိခဲ့သလို အဲဒီလို လူတစ်ဖက်သား နစ်နာစေလိုကြောင်း သတင်းစတင်ဖြန့်တဲ့ သူကိုတော့ အတော့်ကို  အံ့သြခဲ့ရပါတယ်။ အံ့သြမယ်ဆိုလည်း အံ့သြလောက်ပါတယ်။

ဒါပေမယ့် မကြာပါဘူး ခုဆိုရင် Movie ပါ  အွန်လိုင်းပေါ်ကို ရောက်လို့လာပါပြီ။ ရောက်လာတဲ့ MOVIE ကိုတောင်မှ တင်ဆက်သူက အပိုင်း (၁) (၂) နဲ့ တင်ဆက်ထားပါတယ်။ အပိုင်း (၁) က လွန်ခဲ့တဲ့  လေးငါးရက်လောက်က ထွက်ခဲ့ပေမယ့် အပိုင်း (၂) ၂ ရက်ကျော်လာပါပြီ။   အပိုင်း(၃) (၄) ဆက်ရန်တော့ ဘယ်အချိန် လာမလဲ မပြောတတ်ပါဘူး။

ဖေဘုတ်မှာက xxx movie တင်ရင် public တင်လို့ မရပါဘူး၊ ကိုယ်ကတင်ခဲ့လို့ အမြင်မတော်သူက report လုပ်ရင် ကိုယ့်အကောင့် ပျက်မှာဆိုတော့ Public မတင်ပေမယ့် ဒီလိုသတင်းမျိုးကျတော့ private တင်ပြီး ကိုယ်နဲ့ ခင်ရာ သတင်းဖြန့်တော့လည်း အပြန့်မြန်တဲ့သတင်းမျိုး ဖြစ်နေတဲ့အတွက် လူသိမြန်ခဲ့ရတာကို မသိစေချင်လို့ ထိန်းနေလည်းဘဲ ထိန်းမရခဲ့ပါဘူး။   ခုလို မစာမနာဖြန့်ဝေတဲ့ လုပ်ရပ်တစ်ခုကြောင့် တဖက်သား ဘာဖြစ်သွားမယ် ဘယ်လောက်ထိဖြစ်သွားနိုင်တယ်ဆိုတာ တွေးကြည့်လို့ ရနိုင်ပါတယ်။

သို့ပေမယ့် ကိုယ်တိုင်ခံစားရတဲ့ ကာယကံရှင်တစ်ယောက်အနေနဲ့ကတော့ ဖြစ်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဘာပဲဖြစ်လာလာ ကိုယ်လုပ်ခဲ့တဲ့ အမှားကြောင့် ကိုယ်ရခဲ့တဲ့အပေါ် ‘ဘယ်သူမပြု မိမိမှု’ဆိုတဲ့ ဆိုစကားအရ ကိုယ်လုပ်ခဲ့တဲ့ အမှားကြောင့် ကိုယ်ပြန်ခံရတယ်လို့ မှတ်ယူဖို့နဲ့ နောင်လျှောက်လမ်းရမယ့် လမ်းကို အခုရခဲ့တဲ့ သင်ခန်းစာတရပ်ကို ကောင်းကောင်းနမူနာယူပြီး ပြုပြင်နေထိုင်သွားနိုင်ဖို့က အရေးအကြီးဆုံးပါ။


အဲဒီတော့ ဖေလ်ဘုတ်လိုနေရာမျိုးမှာ သတင်းကူးစက်မှုနှုန်းကို အားသာချက်ယူပြီး မိမိရဲ့အနုပညာ အောင်မြင်ကျော်ကြားဖို့ဆိုးတဲ့ အတွေးနဲ့ အကောင့်ဖွင့်မယ်၊ ဒီလိုနည်းလမ်းသုံးဖို့အတွက် photographer  ကို ပိုက်ဆံပေးရမယ်ဆိုတော့ ငွေကုန်မယ်၊ အချိန်ကုန်မယ်၊  ဓာတ်ပုံရိုက်ရဖို့အတွက် အဝတ်အစားလိုမယ်စသဖြင့် စရိတ်စကတွေက အရမ်းများလွန်းပါတယ်။

ကိုယ်အောင်မြင်ဖို့အရေး ဒီငွေကို ရင်းရဖို့ ဆိုတာထက် ကိုယ့် ဘဝ တစ်ခုလုံး ကုန်သွားမယ့်အဖြစ်မျိုးကို သတိရှိစေချင်ပါတယ်။ ဘဝကုန်တယ်ဆိုတာ အပျိုစစ်ခြင်း /မစစ်ခြင်းကို မဆိုလိုပါဘူး။

တချို့သောသူတွေ ပြောကြတဲ့စကားကိုလည်း  ကြားဖူးကြမှာပါ။ တစ်သက်စားလည်း ကြက်သွန် နှစ်သက်စားလည်း ကြက်သွန် မထူးပါဘူးဆိုတာမျိုး ခဏခဏ ကြားဖူးကြမယ် ထင်ပါတယ်။ အဲဒီလို တွေးလိုက်မယ်ဆိုရင်တော့ လတ်တလောဖြစ်သွားတဲ့ အဆိုတော်တစ်ယောက်ရဲ့ အဖြစ်ကလေးကိုသာ ယှဉ်ထိုးပြီး သတိရကြစေဖို့ မျှော်လင့်ပါတယ်။

နောက်ဆုံး အချုပ်အနေနဲ့ ပြောရရင် . .

အဲဒီလို လွဲမှားမှုတွေက ဘယ်သူတော့ မှားနေတယ်၊ ဘယ်သူတော့ မမှားဘူး။ အဲဒီ မော်ဒယ်တွေထဲမှာ ကျွန်မ မပါဘူး (သို့) ငါ မပါဘူး ဆိုတဲ့ စကားတွေလည်း ဖွင့်ပြောနေစရာ မလိုသလို၊  ရေးသူဘက်ကလည်း ဘယ်မော်ဒယ်တွေတော့ ဒီလို ဖြစ်နေပါတယ်ဆိုပြီး ရေးစရာ မလိုသလို၊ အောင်မြင်မှု၊ ကျော်ကြားမှု ရလိုတဲ့အပေါ် တက်လှမ်းနေတဲ့ ကိုယ်တိုင်လျှောက်နေတဲ့ လမ်းကြောင်းအမှားကို မိမိကိုယ်တိုင် အသိဆုံးပဲလို့ ပြောချင်ပါတယ်။

နောက်ပြီး အခုလိုရေးတဲ့အပေါ် ကိုယ်တိုင်လည်း စာရေးဆရာ မဟုတ်သလို ဒီလိုလည်းမရေးခဲ့ဖူးပါဘူး။
ဖေလ်ဘုတ်သုံးစွဲရင်ကနေ မြင်တွေ့လာတဲ့အပေါ် မိမိမြင်တဲ့ အမြင်ကို ချိန်ထိုးပြီး  ‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’ ဘဝတစ်ခု ထိုးကျွေးလိုက်ရမယ့်အဖြစ်မျိုးနဲ့ မကြုံရလေအောင် . .

‘Sexy Photo ရိုက်မယ် ဖေလ်ဘုတ်ပေါ်တင်မယ်၊ လူကြိုက်သွားအောင် ဖော်ချွတ်ပလိုက်မယ်၊ လူသိများရင် နာမည်ကြီးမယ် ကျော်ကြားမယ်ဆိုပြီး  ကိုယ်ထိုးကျွေးလိုက်ရမယ့် ကိုယ့် ဘဝတစ်ခုလုံးကို မေ့နေမှာဆိုးတဲ့အတွက်’ အခုလို ကိုယ်မြင်တာကို ချရေးလိုက်ရတဲ့အပေါ်မှာ ထိခိုက်နစ်နာသူများ ရှိခဲ့ရင်လည်း ဒီကနေပဲ တစ်ခါတည်း တောင်းပန်လိုက်ပါတယ်။


အနုပညာ ပါရမီအထုံ ပါလာသော ‘ကံ’ ကြောင့် မိမိတတ်မြောက်ထားတဲ့ အနုပညာရဲ့ အရည်အသွေး အရည်အချင်းဖြစ်တဲ့ သရုပ်ဆောင်နိုင်မှု သရုပ်ဖော်နိုင်မှု၊ ပရိတ်သတ်အပေါ် စွဲဆောင်ဖမ်းစားနိုင်ခြင်း မိမိကိုယ်တိုင် အားထုတ်ကြိုးစားမှုအပြင် “ဆန်း” ဆိုတဲ့ ကံ အားဖြည့်ချိန်မှာ၊ ဥာဏ်နဲ့ ဝရိယထည့်ပေါင်းပြီး အောင်မြင်စွာနဲ့ ပရိတ်သတ်များအပေါ် ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်ကောင်းများ ဖြစ်စေလိုပါကြောင်း ရေးသားလိုက်ပါတယ်။

  1 comment:

  1. FBမှ တင်ခွင့်ပြုပါခင်ဗျာ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...