Sunday, January 19, 2014

``` စိတ်ကူးထဲက ရေကန်လေး´´´

ကမ္ဘာပေါ်မှာ ကမ္ဘာကျော်ရေကန်ကြီးတွေ ရှိကြတယ်...၊
လှလည်းလှကြတယ်၊ ခန့်လည်း ခန့်ငြားကြတယ်၊ ဂန္ဓ၀င်လည်း မြောက်ကြတယ်..၊
ရာဇ၀င်တွေကိုလည်း သိမ်းပိုက်ထားကြတယ်၊ ရာဇ၀င်ထက် ပိုတဲ့ လူသားဆိုင်ရာ ခိုင်မာမှုတွေကိုလည်း ဆုပ်ကိုင်ထားကြတယ်၊

ဒဏ္ဍာရီ ဇာတ်လမ်းတွေကိုလည်း ဖန်တီးပေးခဲ့ကြပါတယ်။

တစ်ချို့ ကြီးမားလွန်းတဲ့ ရေကန်ကြီးတွေကိုတော့ ပင်လယ်လို့ အမည်တပ်ကြတယ်၊ ဥပမာ ပင်လယ်ဝါ၊ ပင်လယ်နက် စသည်ဖြင့်ပေါ့....။

ရေကန်ကြီးတွေကို သဘာဝတရားကြီးက ဖန်တီးပေးထားသလို.. ရေကန်လေးတွေကိုတော့ လူသားတွေက တည်ဆောက်ယူကြတယ်။

လူသားတွေက အုတ်ရေကန်လေးတွေလည်း ဖန်တီးယူကြတယ်၊ မိသားစုသုံးဖို့၊ အဖွဲ့အစည်းတစ်ခု သုံးဖို့နဲ့ နောက်ပြီးအများသုံး၊ မီးသတ်ရေကန် စသည်ဖြင့်ပေါ့...။

ဒီထက်ကြီးမယ်၊ ကျယ်လည်း ကျယ်မယ်၊ ပိုပြီးများပြားတဲ့ အကျိုးတရားတွေကို ရှာဖွေရယူဖို့ တည်ဆောက်ခဲ့တဲ့ ရေကန်ကြီးတွေ ဆိုရင်တော့ ဒီရေကန်တွေကို အမည်ပြောင်းလိုက်ကြတယ်... `` ဆည်´´ဆိုပြီးတော့လေ...

ဒီဆည်တွေက ရေတွေကိုတော့ လူတွေ သောက်သုံးဖို့အပြင် စိုက်ပျိုးရေ အဖြစ်လည်း အသုံးပြုကြတယ်။

ရေကန်တွေ တည်ဆောက်ကြတယ်။
ရေကန်တွေကို ပြုပြင်ထိန်းသိမ်းကြတယ် ဆိုတာက အမြဲမပြတ် ရေကောင်းရေသန့်တွေ ရရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ရေဆိုတာက သက်ရှိအားလုံးရဲ့ အသက်ဖြစ်နေလို့ပါ။

လူသားတွေ ဖန်တီးထားတဲ့ ရေကန်တွေထဲမှာတော့ ရေတွေကို သိုလှောင်သိမ်းဆည်းပြီး သောက်သုံးရေ၊ စိုက်ပျိုးရေတွေအပြင်၊ လိုအပ်ရင် လိုအပ်သလို အသုံးပြုနိုင်ဖို့ ရည်ရွယ် တည်ဆောက်ခဲ့ကြပါတယ်။

သဘာဝရဲ့ ရေကန်လေးတစ်ကန် သူ့သဘာဝအတိုင်း ရှင်သန်လာတဲ့အခါ...
ရေကန်ကြီးက စိမ်းစိုလှပလာတတ်တယ်... ကောင်းကင်ပြာကြီးရဲ့ အရောင်တွေနဲ့ ပတ်ဝန်းကျင်က သစ်ပင်ကြီးတွေရဲ့ အရိပ်တွေ ထင်ဟပ်နေလို့လည်း ဖြစ်နိုင်ပါတယ်။

နောက်ပြီး ရေမှော်လေးတွေ၊ ကြာပန်းလေးတွေ၊ ရေမြက်ရိုင်းတွေလည်း ထွားထွားကျိုင်းကျိုင်း ပေါက်ရောက်လာကြတယ်...။

ငါးကလေးတွေ၊ ဖားကလေးတွေ၊ ခရုလေးတွေနဲ့ အခြား ရှင်သန်နိုင်တဲ့ ရေသတ္တ၀ါလေးတွေလည်း ပေါက်ဖွားရှင်သန်လာကြတယ်။

လူသားတွေ အပါအ၀င် အခြားသက်ရှိလေးတွေလည်း ကန်ရေကို သောက်သုံးရင် ရှင်သန်ကြရတယ်။

သူ့အနီးဝန်ကျင်မှာလည်း သူ့ရဲ့ ကန်ရေသောက် အ၀န်းအ၀ိုင်းအတွင်းမှာ သစ်ပင်ကြီး/ငယ်တွေ စိမ်းလန်း စိုပြေစွာ ပေါက်ရောက်လာကြတယ်...။

ဒီလိုပါပဲ သစ်ပင်ကြီး/ငယ်တွေ စိမ်းလန်း စိုပြေစွာ ပေါက်ရောက်လာကြတော့ သူ့သဘာဝအတိုင်း ပန်းတွေလည်း ပွင့်ကြတယ်၊ အသီးတွေလည်း သီးလာကြတယ်လေ...။ သဘာဝကျတဲ့ ရနံ့လေးတွေ မွှေးပျံ့ ပြီး အရောင်အသွေးတွေလည်း စုံလင်လှပလာကြမယ်..

အချို့ အပင်တွေရဲ့ အသီးတွေကို ကျေးငှက်လေးတွေ လာရောက် စားသုံးကြတယ်၊ အချို့ ပန်းပွင့်လေးတွေကိုတော့ လိပ်ပြာလေးတွေ... ပျားပိတုန်းလေးတွေက ၀တ်ရည် သောက်သုံးကြတယ်...။

ဒီတော့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ရေကန်လေးတစ်ကန်ရဲ့ အေးမြမှုကို သူ့ကို မှီခိုနေကြတဲ့ လူသားတွေ အပါအ၀င် သက်ရှိတွေရယ်၊ သစ်ပင်တွေရယ်၊ သဘာဝမြေဆီ မြေနှစ်တွေရယ်က အကျိုးခံစားနိုင်ကြပါတယ်။

ဒီထက်ပိုပြီး ကြီးမားရင် ကြီးမားသလို အခြား အခြားသော အကျိုးကျေးဇူးတွေကိုလည်း ခံစားနိုင်ကြပါတယ်...။

အုတ်ရေကန်လေးတွေကိုတော့ မိသားစုသုံး၊ ကျောင်းသုံး၊ အများသုံး စသည်ဖြင့် ဆောက်လုပ်တတ်ကြတယ်...၊

တစ်ချို့လည်း ရေတွင်းတွေ တူးပေးထားကြတယ်...။

တစ်ချို့လည်း အ၀ီစိတွင်းကရေကို ရေကန်ကြီးတစ်ကန်ထဲ ထည့်ပေးပြီး ချိုးရေ သုံးရေအဖြစ်ခွင့်ပြုပေးထားကြတယ်...။ အဲဒီပတ်ဝန်းကျင်မှာလည်း ရေကန်တို့ရဲ့ သဘောသဘာဝအတိုင်း ၀န်းကျင်တစ်ဝိုက်ကတော့ အေးမြစိမ်းစိုနေတတ်တာပါပဲ..။

ဖြစ်နိုင်လို့ ရေကန်တစ်ကန် တည်ဆောက်နိုင်တဲ့အခါ... လူသားတွေ သောက်သုံးဖို့ရော..၊ သတ္တ၀ါလေးတွေ သောက်သုံးနိုင်ဖို့ရော...၊ အပင် ကြီး/ငယ်တွေ သောက်သုံးနိုင်ဖို့ရော...၊ မြေဆီမြေနှစ်တွေ ကြွယ်ဝစိုပြေနေစေဖို့ရော... စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်ဖို့ကိုရော အလုံအလောက် ဖြန့်ဝေပေးနိုင်တဲ့ စိမ်းစိုလှပပြီး ကြံ့ခိုင် ကျန်းမာတဲ့ သက်တမ်းရှည် ရေကန်ကြီးတစ်ကန် တည်ဆောက်ပေးချင်ပါရဲ့.....

ဘယ်လို ရေကန်မျိုးလည်း ဆိုတော့... အ၀ီစိတွင်းထဲကရေတွေကို ကုန်းအမြင့်ကြီးပေါ်မှာ တည်ဆောက်ထားတဲ့ ရေကန်ကြီးကနေ ရေသွယ်လမ်း အမျိုးမျိုးက တဆင့် တသွင်သွင်စီးဆင်းစေတဲ့ ရေကန်မျိုးကြီးပေါ့....။

ကျွန်တော် တည်ဆောက်ပေးချင်သလို စေတနာရှင် တစ်ချို့ ကလည်း အစောကြီးကတည်းက အများကြီးတည်ဆောက်ပေးထားကြတာကို ၀မ်းမြောက်စွာလည်း တွေ့မြင်နေရတာပါပဲ..။

ကျွန်တော် ထင်ပါတယ်... စေတနာရှင်တွေအနေနဲ့ သူတို့ လှူဒါန်းထားတဲ့ ရေကန်ကြီးတွေမှာ လူတွေ ရေချိုး၊ အ၀တ်လျှော်၊ ထမ်းကြ ပိုးကြတာကို မြင်တွေ့နေရသမျှ သူတို့ ကျေနပ် ပီတိဖြစ်နေကြတယ်လို့လေ...။

ဒီလိုလုပ်ပေးနိုင်တဲ့အခါ နောက်ထပ် ရရှိနိုင်တဲ့ အကျိုးတစ်ခုက ရေရှားပါးမှုကြောင့် ဖြစ်ပွါးနေတဲ့ ရောဂါတွေလည်းမဖြစ်တော့ဘူးပေါ့...။

ဒါဆိုရင် ကျွန်တော် မြင်တွေ့နေရသမျှ ၀န်းကျင်တစ်ခုလုံး စိမ်းစိုလှပနေမယ် ထင်တယ်နော်...။

(ကွန်ဆူးမား)(၁၈-၁-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...