Wednesday, January 29, 2014

မင်းဒင်ရဲ့သက်ခိုင်(၂) ။ အခန်း(၁၄)

ယနေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။

မင်းဒင်ရဲ့သက်ခိုင်(၂) ။ အခန်း(၁၄)

ခြောက်သိန်းတန်ထမင်းတနပ်။

ကိုအမ်းစထရောင်းမောင်းနေတဲ့ကားပေါ်မှာ အငြိမ့်သားလိုက်ပါနေတဲ့ ကျနော်ဟာ မမျှော်လင့်ပဲ သူ့အဖေ မစ္စတာဖီးလစ်(ရှမ်းနာမည် ဦးစိုင်းလတ်)အကြောင်းကိုလည်း နားထောင်ခဲ့ရသေးဗျ။ ကိုအမ်စထရောင်းရဲ့မျက်နှာရုပ်သွင်ကိုကြည့်ရင်း ကျနော့်စိတ်ထဲမှာ အတွေး တစ်ခု ပေါ်မိတယ်။သူ့မျက်နှာကျကိုကြည့်ရင်း ၁၉၅၀ ခုနှစ်ဝန်းကျင်တဝိုက်က မြန်မာပြည်ဘက်ကို ကျူးကျော်ဝင်ရောက်လာဖူးတဲ့ ကူမင်တန်စစ် သားဟောင်းတွေကို ပြေးသတိရမိတယ်။ အဲဒီတုန်းက ကူမင်တန် တပ်အပျက်မှာ ကူမင်တန်စစ်သားအတော်များများဟာ တရုတ်မြန်မာ နယ်စပ်ဒေသတွေမှာ အတော်များများကျန်ရစ်ခဲ့ဖူးတယ်။ ကူမင်တန် စစ်သားဟောင်းတွေဟာ တရုတ်ပြည်ဘက် ပြန်ထွက်ပြေးလို့ တရုတ်ကွန်မြူနစ်အစိုးရက ဖမ်းမိရင်သေဒဏ်၊ဗမာပြည်ထဲမှာ အဖမ်းခံရရင် မသကာကျလှထောင်ဒဏ်မို့ ပုန်းလျှိုး ကွယ်လျှိုး နေကြရာကနေ အနေကြာလာတော့ ဌာနေရှမ်းလူမျိုး၊တရုတ်လူမျိုး၊တွေနဲ့ ပြန်ပြီး အိမ်ထောင်ကျ၊နောက်ဆုံးတော့ နိုင်ငံသား လက်မှတ်ရကုန်ကြ ရောဆိုပါတော့ဗျာ။ရမ်းသန်းပြီးမှန်းကြည့်တာပါ။ဟုတ်မဟုတ် တိတိကျကျရေရေရာရာတော့ ကျနော်မသိပါဘူး။

ဦးစိုင်းလတ်ဟာ ကြံရည်ဖန်ရည်နဲ့ပြည့်စုံသူလို့ဆိုရမယ်။သူငယ်စဉ်သူ့အဖွားနဲ့ ကြီးပြင်းလာတာမို့ သူ့အဖွားကပဲပြုပ်ရောင်းခဲ့ဖူးသလို သူကိုယ်တိုင်လည်း ပဲပြုပ်ရောင်းခဲ့ဖူးသတဲ့။မောင်စိုင်းလတ်ဘဝတုန်းက သူ့ကျောင်းနေ ဘက်တွေရှေ့မှာ သူဟာတစ်နေ့ လေယာဉ်ပျံ မောင်းသူဖြစ်ရမယ်လို့လည်း ကြုံးဝါးဖူးသတဲ့။သူဘယ်လောက်ရုန်းကန်ကျိုးစားခဲ့သလဲ ဆိုတာ အခုဦးစိုင်းလတ်ရောက်နေတဲ့ဘဝကို ကြည့်ရင် ခင်ဗျား ခန့်မှန်းနိုင်ပါလိမ့်မယ်။ သူဟာရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့တယ်။ရှေ့နေလုပ်ခဲ့ဖူးတယ်။ စီးပွားရေး လောက မှာ လုပ်ငန်းမျိုးစုံနဲ့ကျင်လည်ခဲ့တယ်။လက်ရှိအခြေအနေမှာ သူဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီး သူ့သား အမ်စထရောင်းတောင် သူ့အဖေခြေရာကို လိုက်နင်းနေပြီဗျာ။
မယုံမရှိပါလေနဲ့၊ ကျနော်တို့ဗမာပြည်ထဲမှာ လူသုံးများပြီး ပြည်ပဈေးကွက်မှာပါ တွင်ကျယ်နေတဲ့ တောင်ကြီးမောက်မယ်သနပ်ခါးဟာ ဦးစိုင်းလတ်ရဲ့ တီထွင်ကြံဆမှုတဲ့ဗျာ။ ဟုတ်ပါ့ဗျာ။ "တောင်ကြီးမောက်မယ် ရှာလာလာလာလာ၊အချိန်မှန်မှန်လိမ်းပါကွယ်"ဆိုတဲ့ ကြော်ငြာသီချင်းကိုတောင် ဦးစိုင်းလတ်ကိုယ်တိုင်ရေးစပ်သီဆိုခဲ့ပါသတဲ့။ 

အဲဒီ တောင်ကြီးမောက်မယ်စတင်ပေါ်ပေါက်လာပုံကလည်း စိတ်ဝင် စားစရာပဲဗျ။ တနေ့တော့ ဦးစိုင်းလတ်ရဲ့ ဇနီးသည်ဟာ သူ့ခေတ်သူ့အခါက နာမည်ကြီးလှတဲ့ ဝင်းဝင်းသနပ်ခါးကို လိမ်းချင် လွန်းလို့ နေ့တဝက်လောက်တန်းစီပြီးဝယ်ရတာကြောင့် အိမ်အပြန်မှာ စိတ်ပျက်ပျက်နဲ့ ညည်းရှာသတဲ့။ "ကိုစိုင်းလတ်ရယ်၊ ဝင်းဝင်း သနပ်ခါး ဝယ်ရဖို့အရေးတန်းစီလိုက်ရတာ ဖတ်ဖတ်ကိုမောလို့၊ဒီလိုသနပ်ခါးမျိုး ရှင်မလုပ်နိုင်ဘူးလား" ဆိုပြီးရေရွတ်သတဲ့။ ဗျစ်တောက်ဗျစ်တောက် လုပ်တာကို နားပူတယ်ထင်ပါရဲ့။ ဦးစိုင်းလတ်ဟာ "မင်းစိတ်အေးလက်အေးသာ နေပေတော့၊မင်းလိုချင်လှ ချည့်ရဲ့ဆိုရင် အဲဒီဝင်းဝင်း သနပ်ခါးထက် အဆပေါင်းများစွာသာတဲ့ သနပ်ခါးကို ငါဖန်တီးပေးပါ့မယ်"ဆိုပြီး အာမခံလိုက်ရာကနေ တောင်ကြီးမောက်မယ် ဖြစ်လာတော့တာပဲတဲ့။ဦးစိုင်းလတ်ရဲ့ဇနီးကိုတောင်ကြီးမောက်မယ်ရဲ့ မိခင်ကြီးလို့ဆိုရမယ်ဗျ။ အင်းလေ။ ကျနော်တို့ယောက်ျားတွေ ဆိုတာမျိုးကလည်း ချစ်ရသူအတွက်ဆို ဓူဝံကြယ်တောင်တက်ခြွေပြချင်ကြတဲ့အမျိုးထဲက ပေကိုး။
ကျနော်က စကားတခွန်းတည်းနဲ့ ဖြစ်လာရောဆိုတော့ ဦးစိုင်းလတ်ဟာ တကြိမ်တည်းအားထုတ်ရုံနဲ့ ဝုန်းဆို အောင်မြင်တယ် လို့တော့ ခင်ဗျားမထင်ပါလေနဲ့။ တောင်ကြီးမောက်မယ်မဖြစ်ခင် ဦးစိုင်းလတ်ကျိုးစားဖန်တီးခဲ့တဲ့ သနပ်ခါးလေးမျိုးဟာ တံဆိပ်သေသွားဖူးသတဲ့။ မအောင်မြင်ခဲ့ဘူးတဲ့ဗျ။ကိုအမ်စထရောင်းပြောပြချက်အရ သေသွားတဲ့တံဆိပ်တွေက မိုးမိတ်ရှမ်းသနပ်ခါး၊ နှင်းဆီ(Rose)သနပ်ခါး၊ ရွှေလီသနပ်ခါး၊ ရှင်မတောင် သနပ်ခါးတွေတဲ့ဗျ။ ပိုပြီးထူးဆန်းတာက သူကြီးပြင်းခဲ့တဲ့ ရှမ်းပြည်နယ်ကျောက်မဲဒေသဟာ သနပ်ခါး ထွက်တဲ့ သနပ်ခါးပင်တွေပေါက်တဲ့ အရပ်တော့မဟုတ်ဘူးဗျ။လေယာဉ်ပျံ မောင်းဖို့ ရည်ရွယ်ချက်ကိုလည်း သူမမေ့ဘူး။ ဦးစိုင်းလတ်ဟာ အခုလက်ရှိအချိန်မှာလေးယောက်စီးလေယာဉ် တမျိုး ကို ဆယ့်ခြောက်နာရီကျော် ကြာအောင် မောင်းဖူးခဲ့ပါပြီိတဲ့ခင်ဗျာ။

စကားကောင်းနေလိုက်တာ ပြောလက်စဇာတ်ကြောင်းဘက်ပြန်လှည့်အုံးမှပါ။ကျနော်တည်းမဲ့ဟိုတယ်ကိုရောက်တော့ အသင့်စောင့်နေ တဲ့ သူဌေးလင်မယားနဲ့ ကိုအမ်စထရောင်းကို မိတ်ဆက်ပေးလိုက်တဲ့အခါ ကိုအမ်စထရောင်းဟာ ကျနော်တို့သုံးယောက်ကို နေ့လည်စာကျွေးချင်သတဲ့ဗျာ။ ဒီမှာတင် ကျနော့်နားထဲမှာ ကြားလိုက်တာကတော့ အခုဧည့်ခံမဲ့စားသောက်ဆိုင်ဟာ တယောက်ကို ဒေါ်လာလေးရာကျ သင့်တယ်ဆိုပဲ။ ဒါတောင် တွဲဘက်ဧည့်ခံမဲ့ ဝိုင်ဖိုးမပါသေးဘူးတဲ့ခင်ဗျ။နောက်ဆုံးတော့ လေးယောက်သား ကိုအမ်းစထရောင်းရဲ့ကားနဲ့ပဲ ဘန်ကောက်မြို့(Yama-4)ရာမ(လေး)လမ်းမကြီးမှာရှိတဲ့  Water Library Restaurant ကိုရောက်ရော ဆိုပါတော့ ဗျာ။အဲဒီဆိုင်နာမည်အပြည့်အစုံက Water Library Chamchuriတဲ့ဗျ။ ချန်ချူရီစကွဲယားဒုတိယ ထပ်မှာ ရှိလေရဲ့။အဲဒီဆိုင်ထဲကနေ အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ ဘန်ကောက်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နေရလေရဲ့။အေးဗျာ။ ဘဝအတက်အကျတွေကို ကြိမ်ဖန်များစွာကြုံခဲ့ရလို့ထင်ပါရဲ့။ ပွဲကြီးလမ်းကြီး ကိန်းခန်းကြီးတဲ့နေရာတွေနဲ့ အချိန်အကြာကြီး အဆက်ပြတ်နေခဲ့ပေမဲ့ ဒီစားဝိုင်းသောက်ဝိုင်းအပေါ် ကျနော့်စိတ်မှာ ဘယ်လိုမှခံစားလို့မရဘူးဖြစ်နေတယ်ဗျ။ကျနော့် စိတ်ဟာ တုန်လှုပ်ခြင်းကင်းပြီး ထူးထူး ခြားခြားတည်ငြိမ်နေလေရဲ့။အဲ တစ်ခုတော့ ရှိတယ်။ ကျနော်ဟာ အစားကောင်းစား တော့မဲ့ ၊အချိန်တိုင်း လိုလို ကွယ်လွန်သူမိခင်ကြီးကို သွားသွား သတိရမိတတ်တယ်ဗျ။ ဒီလိုအစားအသောက်ကောင်းတွေကို ကျနော့်အမေတောသူမကြီး စားစေ ချင်စမ်းပါဘိဆိုတဲ့ အတွေးပေါ့။အော် အမေ၊အမေ၊ ကျနော်တို့အညာကနေ၊ ရန်ကုန် တက်လာခါစ၊နေခဲ့တဲ့လမ်းထဲမှာ တဲစုတ်ကလေးနဲ့နေတဲ့၊ဒေါ်မျှင်ဆိုတဲ့ တကောင်ကြွက်အသက်ရှစ်ဆယ်ကျော်အဖွားအိုကြီးကို ငါးနှစ်လောက်၊တစ်ရက်မှ မပျက်ပဲ နေ့စာညစာနေ့တိုင်းသွားသွား ပို့ခဲ့ဖူးတဲ့ အမေ၊ နှစ်စဉ်နှစ်တိုင်းသင်္ကြန်ရက်တွေမှာဆို လက်ထဲရှိသမျှငွေစလေးနဲ့ တလမ်းလုံးက ကလေးတွေကို ကိုယ်တိုင်ထမင်းချက်ကြွေးရတာကို အပျော်ကြီး ပျော်နေတတ်တဲ့အမေ..ပေါ့။
ကျနော်တောင်တွေးမြောက်တွေးလုပ်နေတုန်းကိုအမ်စထရောင်းဟာ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေရင်း "အကိုဘာစားမလဲ၊မှာပါ"တဲ့။ တောချုံအုံကြားကတက်လာတဲ့၊ကျနော်ဟာ ရန်ကုန်နဲ့ဖူးခက်လိုနေရာမျိုးမှာရှိတဲ့ ဒိတ်တကာ့ဒိတ်ဆိုတဲ့ထိပ်တန်း စားသောက်ဆိုင်တွေကို ဝင်ထွက်ဖူးတာမှန်ပါတယ်။ဒါပေမဲ့ ထမင်းတနပ် ဒေါ်လာလေးရာတန်တဲ့ ဆိုင်မျိုးကိုတော့ မရောက်ဖူးတာမို့ "ခင်ဗျား ကောင်းမယ်ထင် တာသာ မှာပေတော့ဗျာ"လို့ ချော်လဲရောထိုင် ရသပေါ့ဗျာ။

စားစရာတွေမှာပြီးပြန်တော့ "ဘာရေသောက်မတုန်း"ဆိုပြီုးလုပ်ပြန်ရော။ ရေဆိုတာတယ်ပြီးကွဲပြားဆန်းကျယ်တဲ့အရာမဟုတ်ဘူးလို့ ယူဆနေတဲ့ ကျနော့် အထင်ဟာ မှားနေသဗျ။ ဒီဆိုင်မှာတကမ္ဘာလုံးက ရေမျိုးစုံရနိုင်သတဲ့ဗျာ။စပ်စုချင်တဲ့ကျနော်လည်း ကြုံတုန်းအထူး အဆန်းလေးလုပ်ကြည့်အုံးမှဆိုပြီး "ဒိန်းမတ်က ရေပေးဗျာ"လို့ မှာလိုက်ပြီး၊သောက်ကြည့်တော့ အမယ်ဒိန်းမတ်ကရေဆိုတာ ကျနော့်လျှာဖျားပေါ်မှာ ဆော်ဒါလို ခပ်စူးစူးအရသာမျိုး ထွက်နေသဗျ။ မသိရင်မေး မစင်ရင် ဆေးဆိုသမို့လား၊ အမေးအမြန်း ထူလိုက်တော့ ဒိန်းမတ်က သဘာဝရေထဲမှာ  သဘာဝထုံးကျောက်ဓာတ်ငွေ့ထည့်ထား ဆိုပဲ။ထပ်ပြီး သိရတာကတော့ အဲဒီဆိုင်က ရေအမျိုးမျိုးထဲမှာ ဗမာပြည်ကထုတ်တဲ့ ရေတော့မပါဘူးဗျ။ အာရှနိုင်ငံတွေအနက်က ဂျပန်နဲ့ဟောင်ကောင်ထုတ် ရေတွေတော့ ရှိလေသတဲ့။
ကျနော်ဟာ တစ်ပုလင်းကို ဗမာငွေသောင်းချီတန်တဲ့ ဒိန်းမတ်ရေကို သောက်နေရင်း ကျနော့်စိတ်ဟာ မဆီမဆိုင်ဇာတိရွာက ရေပြဿ နာဆီ ရောက်သွားသေးဗျာ။ဟုတ်တယ်ဗျ။ ကျနော်ခုနစ်တန်းကျောင်းသားဘဝလောက်တုန်းက မှိုက်ပင်ကိုပြန်ရောက်တော့ ရေတစ်စည်ရဖို့ ရွာနဲ့သုံးလေးမိုင်ဝေးတဲ့နေရာကို နွားလှည်းတစီးနဲ့သွားတိုက်ရတာကလား။တိုက်လို့ရလာတဲ့ရေကလည်း အဝါအနီရောနေတဲ့ အရောင်၊လချေး ကျောက်စလေးတွေ တစ်ညအိပ်လောက်ထည့်ထားမှ သောက်လို့ရတာမျိုး။ ဖြစ်ပုံများ ကျနော်တို့ငမိုက်သား ညီအကိုဟာ တခါသား၊ရန်ကုန်က ဘုံဘိုင်တွေအောက်မှာ ဘုံဘိုင်ခေါင်းဖွင့်ပြီး ရေချိုးသလိုမျိုး ရေစည်လှည်းက အဆို့ကိုဖွင့်ပြီး ရေချိုးလိုက်တုန်းက ကျနော့် ကြီးဒေါ်မစန်း အလန့်တကြားထအော်လိုက်တဲ့ အသံကို အခုထက်ထိကြားနေသလိုပဲဗျာ။အေးလေ။ ကျနော်သာ ဒီလောက်တန်ဖိုးကြီးတဲ့ရေကို သောက်နေတာ တွေ့ရင် ကြီးဒေါ်မစန်းက "အမယ်လေး၊အံ့ရော၊အံ့ရော၊ဒီကလေးတွေလုပ်ပုံများ ရောက်ပတ်ချက်။ ဒီလောက်ဖြုန်းတီး ရသလား" ဆိုပြီးတရွာလုံးကြားအောင် ထအော် အုံးမှာသေချာတယ်ဗျာ။

စားဖွယ်သောက်ဖွယ်တွေကတော့ တမျိုးပြီးတမျိုးမရိုးရအောင် တပန်းကန်ချင်းရောက်ရောက်လာနေ တော့တာပါပဲ။ ကျနော်မှတ်မိ သလောက် ပထမဆုံးလာချတာက ဂျပန်နည်းနဲ့ကြော်ထားတဲ့ ဂျပန်ပုဇွန်ကြော်ဗျ။ အကောင်သိပ်ကြီးလှတယ် မဟုတ်ပါဘူး။ ဒါပေသည့် အရသာထူးခြားတာကတော့ အမှန်ပဲဗျ။အမှန်တော့ အဲဒီပုဇွန်ကြော်ဟာ ဝိုင်သောက်ရင်းတွဲဖက်စားသောက်ရမဲ့ အမြည်းဆို ပါတော့။ ကျနော်တို့ကို ချပေးတဲ့ဝိုင်ကလည်း တပုလင်းကို ဒေါ်လာနှစ်ရာ(ဗမာငွေနှစ်သိန်းနီးပါး)တန်သတဲ့။အေးလေ။ အဲဒီနေ့က ကျနော်တို့ လေးယောက်ဝိုင်းမှာ ဝိုင်လေးပုလင်းကုန်တာမို့ ဝိုင်ဖိုးပါထည့်တွက်ရင် တစ်ယောက်အတွက် ကျသင့်ငွေ ဒေါ်လာခြောက်ရာ ဗမာငွေ ခြောက်သိန်းပေါ့ဗျာ။ဝိုင်ဆိုတာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့ ဝိုင်ကို ကျနော်သိပ်မကြိက်လှဘူး။မကြိုက်ဆို မိုက်လုံးကြီး ခဲ့တဲ့ကျနော်ဟာ မူးယစ်စေတဲ့ အရာတစ်ခုခုကို သုံးမယ်ဆိုရင် နားထင်ကို တူနဲ့နှက်လိုက်သလို ဒိန်းကနဲဆောင့်တက် တာမျိုးကိုမှ သဘောကျတာကလား။ ဝိုင်ကိုတစ်ငုံချင်းတကျိုက်ချင်း ဟန်ကြီးပန်ကြီး စတိုင်တခွဲသားနဲ့ သောက်နေရတာကိုက ကျနော့် အတွက်ဝဋ်တမျိုးပဲဗျာ။
အမယ်နေဦးဗျ။ ဒီဝိုင်းမှာ ကျနော်မစားတာကြာပြီဖြစ်တဲ့ အမဲသားနှပ်ကိုလည်း အထူးအဆန်းအဖြစ်စားခဲ့ရသေးတယ်။ အဲဒီအမဲသား ကလည်း ဂျာမဏီကလာတာတဲ့ဗျ။အမဲသားရှောင် ထားတာကို စားဖြစ်အောင် ကိုအမ်စထရောင်းမဲဆွယ်ပုံက "ဒီအမဲသားဟာ အကိုထင်နေသလို လယ်ထဲယာထဲမှာခိုင်းစားဖို့မွေးထားတဲ့နွားတွေရဲ့အသား မဟုတ်ဘူး။နဂိုကတည်းက အသားစားဖို့ရည်ရွယ်ချက်နဲ့ စံနစ်တကျ မွေးမြူထားတာမို့ ကျေးဇူးရှင်စာရင်းမှာ မပါဘူး"ဆိုပဲ။ဒီအသားကို ရှောင်ခဲ့တုန်းက ကိုယ့်ဖာသာစားချင်စိတ်မရှိလို့ရှောင်ခဲ့ တာကြောင့် ဗဟုသုတ အလို့ငှာစားဖြစ်ပြန်ရောဗျာ။အမယ်မင်း၊ တကယ့်ကို လျှာဖျားမှာ စွဲသွားစေတဲ့အမဲသားပါကလားဗျ။ အမဲသားဋီကာကို ဆက်ပြီးကြားနာရတာကတော့ အဲဒီအမဲသားထုတ်မဲ့နွားတွေကို သတ်ခါနီးဆဲဆဲမှာတောင် နွားတွေစိတ်ချမ်းသာ လက်ချမ်းသာ သေနိုင်အောင် သာယာနာပျော်ဖွယ်တီးလုံးလေးတွေဖွင့်ပြ၊ နွားတွေကို နားသောတဆင်ခိုင်းရင် သတ်ထားတာတဲ့ဗျ။ သူပြောခါမှ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာပြီး အမဲသားပေါင်းကို အငမ်းမရကျိတ်နေတဲ့ ကျနော်ဟာ ဆက်ပြီးစားမဝင်တော့ပဲ လေးပုံတပုံ လောက်ချန်ထားခဲ့ရသဗျ။ ထားပါတော့ဗျာ။
ဒါတင်မဟုတ်သေးဘူး။ကျန်သေးတယ်။နောက်ဆုံးလာချပေးတာက ငှက်ပျောသီးပူတင်းလိုလိုဟာမျိုးဗျ။ ဝိုင်ကော အမြည်းတွေပါ စား သောက်ပြီးနေပြီမို့ ငှက်ပျောသီးပူတင်းလိုဟာမျိုးကိုတော့ စားချင်စိတ်မရှိလှတာကြောင့် ရှောင်ဖယ်ဖယ်လုပ်နေတုန်း "စားကြည့် ပါအုံးလေ။ အဲဒါ ပန်းသီးပူတင်းလို့ခေါ်တယ်။ဥရောပအစားအစာ"ဆိုပြန်တာကြောင့် ဇွန်းနဲ့ဖဲ့မြည်းလိုက်တော့ ကောင်းလိုက်တဲ့ အရသာ။ကျောက်ပန်းတောင်း ထန်းညက်ကို နတ်သုဒ္ဓါမှတ်ခဲ့တဲ့ အညာသားဟာ၊မှိုက်ပင်ရွာတောင်မေ့ချင်ချင်ဖြစ်သွားသဗျာ။

အဲဒီစားသောက်ဆိုင်မှာစားရင်း ရခဲ့တဲ့ဗဟုသုတ နောက်တစ်ခုကတော့ အစားအသောက်တွေချက်ပြုပ်စီမံရာမှာ ဘော်ဒီ(Body) မပျောက်ဖို့ သိပ်အရေးကြီးတယ်ဆိုပဲ။ ဘော်ဒီဆိုတာ ဗမာစကားနဲ့ဆိုရင်"မူလအရသာ"လို့ဆိုနိုင်မယ်ထင်တယ်။ ကျနော်ပြောနေတဲ့ အစား အသောက်တွေအားလုံးဟာ ဘော်ဒီမပျောက်ပျက်အောင်ချက်ပြုတ်ထားတာကြောင့် ထူးထူးခြားခြားအရသာရှိနေတာပေါ့ဗျာ။
ကျနော်ထပ်ပြီးသိရသလောက် ဒီဆိုင်ဟာ နိုင်ငံတကာသံတမန်တွေ၊ထိုင်းနိုင်ငံက ထိတ်ထိတ်ကြဲသူဌေး၊လုပ်ငန်းရှင်တွေ စားကျက်ကျတဲ့ နေရာတဲ့ဗျ။အွန်လိုင်းမှာတင်ထားတဲ့ဈေးနှုန်းက ဒေါ်လာတစ်ရာဝန်းကျင်သာရှိပေမဲ့ ကြိုတင်စာရင်းပေးတဲ့ ပုဂ္ဂိုလ်၊အဆင့်အတန်းအလိုက် တာဝန်ယူတဲ့စာဖိုမှူးတွေပေါ်မူတည်ပြီးဈေးကွာဟနေတာတဲ့ဗျာ။တချို့အထူးစပါယ်ရှယ်အော်ဒါဝိုင်းတွေအတွက် နိုင်ငံတကာ စာဖိုမှူး ခြောက်ယောက်ခုနစ်ယောက် လက်စွမ်း ပြကြသတဲ့။စာဖိုမှူးတွေကိုယ်တိုင် သူတို့လက်ရာတွေရဲ့ထူးခြားမှုတွေကို ရှင်းပြသတဲ့။အင်း၊ ကျနော်တို့တိုင်ပင်မဲ့လုပ်ငန်းပမာဏဟာ အမေရိကန်ဒေါ်လာသန်းရာချီတာမို့ တကယ်တမ်းတွက်ကြည့်ရင်ဒေါ်လာ လေးရာတန် ထမင်းဝိုင်းဆိုတာ များတယ်လို့မဆိုနိုင်ပြန်ဘူးဗျ။ဟား၊ကျနော်လည်း ဒေါ်လာသန်းရာချီတန်တဲ့လုပ်ငန်းရဲ့ အကြံပေးပုဂ္ဂိုလ်မို့ ဒီဝိုင်းနဲ့ မတန်မရာတော့မဖြစ်လောက်ဘူးထင်ပါရဲ့။
ပြောရင်ပိုတယ်ထင်မယ်။ ဒီဆိုင်မှာ ထိပ်တန်းအဆင့်အထူးအော်ဒါနဲ့ လူဆယ်ယောက်စာ၊စားဝိုင်းတစ်ဝိုင်းအတွက် ကျသင့်ငွေဟာ ထိုင်းဘတ် တစ်သန်းအထိတောင်ရှိသတဲ့ဗျ။ တသိန်းမဟုတ်ဘူးနော်။ဘတ်တစ်သန်း။ဗမာငွေနဲ့ဆိုအခုငွေလဲနှုန်းအရ ဗမာငွေသိန်းသုံးရာ ဝန်းကျင်ပေါ့ဗျာ။
ကျနော့် မိတ်ဆွေသူဌေးလင်မယားကတော့ ဗမာပြည်မှာ ဒီလောက်ဈေးကြီးတဲ့ဆိုင်မျိုးနဲ့၊ တွက်ခြေကိုက်မယ်မထင်တာကြောင့် (MK Restaurant)လို လူလတ်တန်းစား၊စားနိုင်မဲ့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ကျိတ်တိုင်ပင်နေကြလေရဲ့။

အဲဒီအချိန်မှာပဲ ကျနော့်မိတ်ဆွေ ကိုယဉ်မင်းဆီကနေ ဖုန်းဝင်လာပြီး "အကိုဘယ်ရောက်နေသလဲ"မေးတော့ ကျနော်ရောက်နေ တဲ့စားသောက် ဆိုင်နာမည်လည်း ပြောလိုက်ရော သူကအံ့သြတကြီးနဲ့ "အကိုဘယ်လိုလုပ် အဲဒီဆိုင်ကိုရောက်နေတုန်း"ဆိုပဲ။ သူလည်း ဒီဆိုင်ကို ဗမာပြည်က ထိတ်ထိတ်ကြဲသူဌေးတွေရဲ့ ကျေးဇူးနဲ့ တခေါက်ရောက်ဖူးသတဲ့။မှတ်မှတ်ရရ ဆိုင်ပိုင်ရှင် မစ္စတာလီကနေ ဗမာသူဌေး တွေအတွက် ဝိုင်ပုလင်း တလုံးစီလည်း လက်ဆောင်ပေးဖူးသတဲ့။တိုက်တိုက်ဆိုင်ဆိုင် အဲဒီဝိုင်ရဲ့အမှတ်တံဆိပ်ဟာ ရှစ်လေး လုံးတဲ့ဗျာ။ တောင်တောင်အီအီ လျှောက်တွေးမနေနဲ့အုံး၊မစ္စတာလီက တရုပ်လူမျိုးမို့ တရုတ်ဘာသာနဲ့ ရှစ်ဂဏန်းကို ရွတ်ဆိုတဲ့ အသံထွက်ဟာ မင်္ဂလာရှိတယ်၊ ကြက်သရေတိုးတယ် ဆိုပြီး အယူရှိတာကြောင့် ဒီနာမည်ပေးထားတာဖြစ်နိုင်တယ်ဗျ။ ဟုတ်တယ်။ ဘန်ကောက်မှာ ရှစ်လေးလုံး နံပတ်ပါတဲ့ ကားနံပတ်ကို ဘတ်သန်းချီလေလံဝင်ဆွဲပြီးစီးတာ တရုတ်သူဌေးတဲ့ဗျ။အဲဒီဆိုင်ကနေ လက်ဆောင်ရတဲ့ ဝိုင်ပုလင်းကို ကိုယဉ်မင်းဟာ မသောက်ရက်ပဲ သိမ်းထားရာကနေ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဘန်ကောက်ကိုရောက်တုန်းက အမှတ်တရ လက်ဆောင် ပေးလိုက်ဖူးသတဲ့။
စားသောက်ပြီးလို့ ဝိုင်လက်ကျန်လေးငုံရင်း အလုပ်အကိုင်အကြောင်း စကားစနေတုန်း၊ဗြုန်းဆို ကျနော်တို့စားပွဲဝိုင်းဆီကို အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ဗိုက်နည်းနည်းရွှဲပြီး၊ဆံပင်ဖြူတချို့ရောနေတဲ့ မသေမသပ်ဆံပင်ပုံစံနဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဝင်လာပါလေရောဗျာ။ ထူးခြားတာ ကတော့ သူ့မျက်နှာပေါ်က ဟန်ဆောင်မှုကင်းလှတဲ့အပြုံးပဲဗျ။သူအပြုံးဟာ တကယ့်ကို အပြစ်ကင်းတယ်။သူ့အမူအယာဟာ ပွင့်လင်းဖော်ရွေချက်ဗျာ။  ကျနော်တို့ အားလုံးကို သူကဗမာလိုစပြီးနှုတ်ဆက်သဗျ။ "အားလုံးမင်္ဂလာပါ။စားလို့ကောင်းကြရဲ့လား။ လိုတာရှိ ပြောနော်။ အားမနာနဲ့။ကျနော် မစ္စတာလီ" ပါတဲ့။မစ္စတာလီဟာ အသက်ခြောက်ဆယ့်ငါးနှစ်ဝန်းကျင်ရှိမယ်လို့ခန့်မှန်းရပါတယ်။
လက်စသတ်တော့ စောစောက အမ်စထရောင်းတစ်ယောက် "အန်ကယ်အန်ကယ်"ဆိုပြီး ဖုန်းဆက်ခေါ်နေတာ မစ္စတာလီပေပဲကိုး။ ဟုတ်ပါတယ်။ သူဟာဗမာပြည်ဖွားတရုတ်လူမျိုးတဦးပါပဲ။ Water Library Restaurant ရဲ့ပိုင်ရှင် မစ္စတာလီပေါ့။ ကိုအမ်စထရောင်းက မစ္စတာလီနဲ့ တစ်ယောက်ချင်း မိတ်ဆက်ပေးအပြီးမှာတော့"အခု ကျနော့်သူငယ်ချင်းတွေလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အန်ကယ့်ဆီက အကြံဥာဏ်လိုချင်လို့ ပါလို့လည်း ကျနော်စကားစလိုက်ရော၊ မစ္စတာလီရဲ့တုန့်ပြန်ချက်ကတော့ "ကျနော်ဘာမှ မတတ်ပါ ဘူး။အခုကျနော်တနေကုန် ဝိုင်လျှောက်သောက်ပြီးမူးနေတာပါ"တဲ့။ကောင်းကြရော့ဗျာ။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေကြတဲ့ တတ်ယောင် ကားတွေနဲ့ "ဘာမှမတတ်ပါဘူး"ဝန်ခံနေတဲ့ နာမည်ကျော်သူဌေးကြီးတွေ့နေကြပါပကော။မစ္စတာလီဟာ ဝိုင်ခွက်ကို နှာခေါင်းဝတေ့ပြီး မကြာခဏအနံခံရှူရှိုက်နေလေရဲ့။ အကြာကြီးနေမှ တစ်ငုံလောက်သောက်တာကိုလည်း ကျနော် သေချာသတိပြုမိတယ်ဗျ။ဝိုင်ကိုဒီပုံစံနဲ့သောက်နေမှတော့ ဘယ်မှာလာ မူးမတုန်းဗျာ။

ကိုမင်းဒင်ရေ။ ကျနော်ဆိုတဲ့ကောင်ကလည်း လူတမျိုးဗျ။ မစ္စတာလီကိုလည်းတွေ့ရော လာရင်းလုပ်ငန်းကိစ္စကြီးကြီးကျယ်ကျယ်တွေကို မေ့ပြီး မစ္စတာလီ့အကြောင်းကို အရမ်းစိတ်ဝင်စားသွားမိသဗျာ။သူဟာ ဘာကြောင့်ဗမာပြည်ကို စွန့်ခွာခဲ့သလဲ။ သူဟာ ထိုင်းနိုင်ငံမှာ ဘယ်လို ရုန်းကန်လှုပ်ရှားခဲ့သလဲ။အခုကျနော်ရောက်နေတဲ့ ခေါင်ခိုက်အောင်ဈေးကြီးလှတဲ့စားသောက်ဆိုင်ကို ဘယ်လိုစိတ်ကူး စိတ်သန်းနဲ့ ဖွင့်ခဲ့ သလဲ။ဒီဆိုင်အပြင်သူဘာလုပ်ငန်းတွေလုပ်နေသေးသလဲ၊ဆိုတဲ့မေးခွန်းတွေ ကျနော့်ခေါင်းထဲကို တန်းစီပြီး ဝင်လာပါလေရော။
အချိန်ရသေးတယ်ဗျာ။တစ်ဆိုင်ဆိုင်မှာ ဝင်ပြီး ကော်ဖီသောက်ကြရအောင်။ ကျနော်နိုင်ထောင်ကအိမ်ကိုမပြန်ဘူးဗျ။ ဖူးခက်တောင်း (Phuket Town)က ခင်ဗျားအိမ်ကိုလိုက်ခဲ့အုံးမယ်။ ကျနော်သိသမျှမစ္စတာလီအကြောင်းခင်ဗျားကိုပြောပြချင်သေးတယ်ဗျာ။
ယနေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။

ခြောက်သိန်းတန်ထမင်းတနပ်။
ကိုအမ်းစထရောင်းမောင်းနေတဲ့ကားပေါ်မှာ အငြိမ့်သားလိုက်ပါနေတဲ့ ကျနော်ဟာ မမျှော်လင့်ပဲ သူ့အဖေ မစ္စတာဖီးလစ်(ရှမ်းနာမည် ဦးစိုင်းလတ်)အကြောင်းကိုလည်း နားထောင်ခဲ့ရသေးဗျ။ ကိုအမ်စထရောင်းရဲ့မျက်နှာရုပ်သွင်ကိုကြည့်ရင်း ကျနော့်စိတ်ထဲမှာ အတွေးတစ်ခု ပေါ်မိတယ်။

သူ့မျက်နှာကျကိုကြည့်ရင်း ၁၉၅၀ ခုနှစ်ဝန်းကျင်တဝိုက်က မြန်မာပြည်ဘက်ကို ကျူးကျော်ဝင်ရောက်လာဖူးတဲ့ ကူမင်တန်စစ် သားဟောင်းတွေကို ပြေးသတိရမိတယ်။ အဲဒီတုန်းက ကူမင်တန် တပ်အပျက်မှာ ကူမင်တန်စစ်သားအတော်များများဟာ တရုတ်မြန်မာ နယ်စပ်ဒေသတွေမှာ အတော်များများကျန်ရစ်ခဲ့ဖူးတယ်။ ကူမင်တန် စစ်သားဟောင်းတွေဟာ တရုတ်ပြည်ဘက် ပြန်ထွက်ပြေးလို့ တရုတ်ကွန်မြူနစ်အစိုးရက ဖမ်းမိရင်သေဒဏ်၊ဗမာပြည်ထဲမှာ အဖမ်းခံရရင် မသကာကျလှထောင်ဒဏ်မို့ ပုန်းလျှိုး ကွယ်လျှိုး နေကြရာကနေ အနေကြာလာတော့ ဌာနေရှမ်းလူမျိုး၊တရုတ်လူမျိုး၊တွေနဲ့ ပြန်ပြီး အိမ်ထောင်ကျ၊နောက်ဆုံးတော့ နိုင်ငံသား လက်မှတ်ရကုန်ကြ ရောဆိုပါတော့ဗျာ။ရမ်းသန်းပြီးမှန်းကြည့်တာပါ။ဟုတ်မဟုတ် တိတိကျကျရေရေရာရာတော့ ကျနော်မသိပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...