Tuesday, January 28, 2014

အပျိုကြီးဖီလင်


 ဘုရားဘုရား အချစ်ဆိုပါလား။ ကျွန်မစိတ်ထဲမှာ အချစ်ဆိုတဲ့ အရာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့တာ သေချာသည်။ ယောက်ျားတစ်ယောက်ထံမှ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းဟာ ကျွန်မ အတွက် မြောက်များစွာသော စိတ်လှုပ်ရှားမှု့ကိုဖြစ်ပေါ်စေနိုင်မယ်လို့ ဘယ်တုန်းကမှထင်မဘူး။ ဘာကြောင့်လည်းဆိုရင် ကျွန်မဟာ အပျိုကြီးတစ်ယောက်ဖြစ်သောကြောင့်ဖြစ်၏။
ယောက်ျားတစ်ယောက် ကျွန်မကိုချစ်တယ်လို့ ပြောလာတယ်ဆိုရင် ထိုယောက်ျားရဲ့ လိုအပ်နေသောအရာက ဘာလဲဆိုတာကို ထာဝစဉ်စဉ်းစားမိနေခြင်းသည် ကျွန်မရဲ့ အပျိုကြီးဆိုသော ဂုဏ်ပုဒ်ကို ပိုမိုတင့်တယ်စေခဲ့သည်။ အသက်(၃၁)ဆိုတာ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ပြုဖို့ အရမ်းကြီး နောက်ကျနေတဲ့ အချိန်တစ်ခုမဟုတ်ပေ။ ဒါပေမဲ့ အပျိုဖော်ဝင် တစ်ဆယ်ငါးနှစ်ကျော်ကတည်းက ထူးခြားစွာ တောင်းတမိ ခြင်းမရှိသော ယောက်ျားတစ်ယောက်ထံမှ အချစ်ကို ကျွန်မသုံးဆယ်ကျော်သောအချိန်မှ နဖူးတွေ့ ဒုးတွေ့ ရင်ဆိုင်နေရပြီဖြစ်သည်။ ဒီနေ့သည်ကျွန်မဘဝအတွက် အိမ်ထောင်သည် ဘဝကိုအစပြုရန် ကျွန်မ၏ အပျိုကြီးဆိုသော ဂုဏ်ကိုချေဖျက်ရန်အတွက် အချိန်ပေးလိုက်ရသော နေ့တစ်နေ့ဖြစ်သည်။ ကျွန်မသည် ကျွန်မမိခင်၏ အိမ်ထောင်ပြုစေလိုသောစိတ်ကို အားဖြည့်ပေးနိုင်ရန်အတွက် အွန်လိုင်းလောက၏ ခေတ်အစားဆုံးဖေ့ဘုတ်မှ ကျွန်မနှင့်တင့်တယ်မည်ဟု ယူဆရသော ယောက်ျား တစ်ယောက်၏ တွေ့ဆိုရန် ချိန်းဆိုမှုကို လက်ခံခဲ့သည်။ ထိုယောက်ျားသည် ကျွန်မကို အချစ်အ ကြောင်းများစွာပြောပြီး မည်မျှချစ်မြတ်နိုးကြောင်းကိုလည်း လိုင်းပေါ်တွင်များစွာ ပြောဖူးလေသည်။ အပြင်မှာတွေ့ဆုံဖို့ အခြေအနေတစ်ခု ဖန်တီးပေးလိုက်ပြီဖြစ်သည်။ နှစ်ဦးသဘောတူ ချိန်းဆိုထား တဲ့ကော်ဖီဆိုင်လေးကိုရောက်လျှင် ဆိုင်ရဲ့ ထောင့်ကျကျထိုင်ခုံတစ်ခုမှာ အသားလတ်လတ် မျက်မှန် တပ်ထားတဲ့ အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ ကျွန်မကိုချိန်းဆိုထားသောသူမှာ ထိုယောက်ျားဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူဝတ်ထားသော အင်္ကျီအရောင်မှာ ကျွနှ်မနှင့်တူညီစွာ ဝတ်ဆင်ခဲ့မည်ဟု တိုင်ပင်ထားခဲ့သော အရောင်ဖြစ်သောကြောင့် ဖြစ်၏။ ကျွန်မသည် အိမ်မှမိခင်၏ ဖိအားကို လက်မခံလိုသောကြောင့် လာတွေ့သော်လည်း အချစ်ဆိုသောအရာကို ကျွန်မကသာပေးချင်သည်။ ယောက်ျားများထံမှ ပူလောင်တဲ့ အချစ်ကို မြတ်နိုးလက်ခံလိုစိတ်မရှိပါ။ အချိန်တိုလေးအတွင်းမှာ ကိုယ်ကိုချစ်မြတ်နိုးသည်ဟု တဖွဖွပြောနေသော ယောက်ျားတစ်ယောက်ရဲ့ စိတ်အသွင်သဏ္ဍာန်ကိုလည်း အကဲခတ်ခွင့်ရခဲ့လေသည်။ ကျွန်မသည် ကျွန်မချစ်သော ယောက်ျားတစ်ယောက်ကိုဘဲ လက်ထပ်ချင်သော မိန်းမသားတစ် ယောက်ဖြစ်သော်လည်း ကျွန်မကိုချစ်သော ယောက်ျားတစ်ယာက်ရဲ့ နူးညံ့ခြင်းတွေကိုလည်း လက်တွေ့စမ်းသပ်ကြည့်ချင်ခဲ့၏။ အိမ်မှ မွေးမိခင် ပြောဆိုနေတုန်း ဘာမှစိတ်ထဲမှတ်မထားဘဲ နားအေးပြီးတာဘဲဟု သဘောပိုက်ကာ ယောက်ျားတစ်ယောက်ကို လာတွေ့မိခြင်းသည် ကျွန်မအတွက် စိတ်ပျက်မှုများစွာ ပိုင်ဆိုင်ခဲ့ရသည်။ ဆိုင်ကိုရောက်တယ်ဆိုရင်ဘဲ ထိုယောက်ျားထံမှ လျှာရိုးမရှိစွာပြောဆိုနေသော “မ” ကိုအရမ်းချစ်တယ် အရမ်းမြတ်နိုးတယ် အရမ်းပိုင်ဆိုင်ချင်တယ်စသည်ဖြင့် ကျွန်မ၏ မျက်စိတစ်ထောက်စာ အလှတရားပေါ်တွင် ရစ်မူးနေခြင်းကိုလည်း များစွာအံသြစွာတွေ့ရ၏။ အသက်က( ၃၁ ) လှပသောအချိုးအစားနှင့် ကျောင်းဆရာမ အပျိုကြီးဆိုသည့် ဂုဏ်နှင့်လိုက်ဖက်စွာ မာနကြီးသော ကျွန်မသည် ထိုယောက်ျား၏ ရမ္မက်ဆန်စကားအပြုံးကို လှပစွာရှောင်တိန်းနိုင်ခဲ့သည်။ ကျွန်မသည် အချစ်ကို ချစ်ဖို့အတွက်သာ အလေးထားပြီး အချစ်နှင့်ဘဝ အချိုးချမည့် သူ တစ်ယောက် မဟုတ်ခြင်းကို သိရှိခြင်းမရှိသော ထိုယောက်ျားအတွက် စိတ်မကောင်းစိတ်လည်း အနည်း ငယ်မျှ ဖြစ်ပေါ်မလာခဲ့ပေ။ “မ” “ကျွန်တော်ရဲ့ အချစ်ကိုဘယ်လိုမြင်သလဲ” “အပွင့်လင်းဆုံး နဲ့အရိုးသားဆုံးပြောရမယ်ဆိုရင် အစ်မက အချစ်ဆိုတာကိုမယုံဘူးရှင့်”။ “ယောက်ျားတစ်ယောက်က မိန်းမ တစ်ယောက်ကို ချစ်တယ်လို့ပြောပြီးတဲ့နောက်ပိုင်းမှာ ယောက်ျားတွေရဲ့ လိုအပ်ချက်တွေ ၊ လိုချင်မှု ပြင်းပြတဲ့ စိတ်ဆန္ဒတွေကို ကျွန်မဖြည့်ဆည်းပေးနိုင်မယ်မထင်ဘူး။ ရှင်… အချစ်ကိုဘဲ လိုချင်တယ်ဆိုရင်တော့ ကျွန်မတို့ တွေ့ဆုံခြင်းဟာ ဒီလောက်ဘဲ” စကားကိုခပ်ရင့်ရင့်ပြောပြီး ကော်ဖီဆိုင်မှပြန်ခဲ့သည်။ အိမ်ပြန်လမ်းတစ်လျှောက်မှာ သွားပြန်ပြီ ဒီတစ်ခါလည်း ဟုတွေးပြီး ပြုံးမိလေသည်။ို့ အလားတူသော လူပေါင်းများစွာနှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် ကျွန်မသည် ခပ်ရင့်ရင့် အချစ်ဒဿန များကို ထူးခြားစွာ ပိုင်ဆိုင်ထားသည့် အသဲမာသော ရက်စက်တတ်သော၊စိမ်းကားနိုင်စွမ်းပြင်းသော၊ သုံးဆယ်ကျော် ခပ်စွာစွာအပျိုကြီးတစ်ယောက်ဟု ဂုဏ်သတင်းကြီးလေတော့သည်။ ကျွန်မကျောင်းကနေပြန်လာသည့် ငါးနာရီပတ်ဝန်းကျင်အချိန်လောက်မှာ ဆိုင်ကယ်တစ်စီးဖြင့်ကျွန်မ အနည်းငယ်ပွတ်တိုက်မိခြင်းခံလိုက်ရသည်။ ကျွန်မ၏ ဆိုင်ကယ်သည် အနည်းငယ် ဟန်ချက်ပျက်လဲသွားသည်။ ရှေ့ခြင်းထဲထွင် ထည့်ထားသည့် ထမင်းဂျိုင့်နှင် အခြားကျွန်မ၏ စာအုပ်များ အောက်သို့ ကျသည်။ “ခုကောက်ပေး ကျွန်မရဲ့ထမင်းဂျိုင့်နဲ့ စာအုပ်တွေ ဒီလောက် လမ်းအကျယ်ကြီးရှိတာကို သေချာစီးတာမဟုတ်ဘူး ဘယ်လိုအမျိုးစားတွေမှန်းမသိဘူး” ဟုပြောပြီး မျက်နာကိုတည်လိုက်သည်။ ထိုအခါမှ ကျွန်မဆိုင်ကယ်ကို လာချိတ်သော သူကိုသေချာကြည့်မိသည်။ အကျီက ရှပ်အင်္ကျီ အကွက်စိတ် ဂျင်းဘောင်းဘီနဲ့ ပုံစံကတော့ ခေတ်လူငယ်ပီပီစတိုင်ကျ၏။ ကျွန်မကို ဆိုင်ကယ်က ထိတယ်ဆိုရုံမျှ ပွတ်တိုက်တယ်ဆိုပေမဲ့ အပျိုကြီးတို့ထုံးစံအတိုင်း စကားတွေ သြဝါဒတွေကို မနားတမ်း ချွေလိုက်သည်။ ဆိုင်ကယ်သည် ဘာဖြစ်သွားသည်မှန်းမသိသောကြောင့် အနားရှိ ဆိုင်ကယ်ပြင်ဆိုင်သို့လည်း ထိုကောင်လေးကို တွန်းပီး အပ်ခိုင်းလိုက်သည်။ တိုက်မိသော အရှိန်ကြောင့် ခြေထောက်အနည်းငယ် နာသွားသဖြင့် ကျွန်မ၏အိမ်သို့ ဆိုင်ကယ်ပိုင်ရှင်ကို လိုက်ပို့ပေးရန်လည်း တောင်းဆိုလိုက်၏။ ထိုသို့ဖြင့် ကောင်လေးနှင့် အပျိုကြီး တို့၏ ဇာတ်လမ်းစခဲ့သည်။ ကျွန်မသည် ဆိုင်ကယ်တိုက်သော ကောင်လေးကိုမကျေနပ်သဖြင့် အိမ်သို့ရောက်သောအခါ ဒုတိယ အကြိမ်ထပ် ပြောမိပြန်သည်။ ထိုအချိန်မှ ကျွန်မထိုကောင်လေးကို သတိထားမိလေသည်။ အလွန်ဆုံး ရှိလှ ၂၅နှစ် ရှိမည်ထင်သည်။ ကျွန်မမိခင်က အိမ်ရောက်ရောက်ခြင်း ဧည့်သည်ကို ထိုင်ပြောနေခြင်းကို နစ်လိုခြင်းရှိပုံမရသော်လည်း စိတ်ကြီးသော အပျိုကြီး ကျွန်မကို ဘာမှ ဝင်ရောက်တားဆီးခြင်းတော့ မရှိခဲ့ပေ။ နောက်ဆုံး “မင်းမိဘတွေနဲ့လာတောင်းပန်မှ ကျေနပ်နိုင်မယ်”ကျွန်မ ထိုကောင်လေး ကို ပြန်လွှတ်လိုက်သည်။ အဲ့အချိန်မှ ကျွန်မရဲ့မိခင်က “သမီးရယ်ညည်းလည်းဘာမှဖြစ်တာမဟုတ်ဘူး နည်းနည်းပါးပါး နာတာလောက်ကိုအေ သူ့မိဘတွေကို ဘာလို့ခေါ်ပြီးလာခိုင်းတုန်း”ဟု ပြောလေသည်။ မည်သို့ပင်ဆိုစေ ညဘက် ၈ နာရီပတ်ဝန်းကျင်လောက်မှာ ကျွန်မအိမ်ကို ထိုကောင်လေးသည် သူ၏ အဖေ အမေကိုခေါ်ပြီးလာတောင်းပန်သည်။ ထိုသို့လာတောင်းပန်ခြင်းကို ကျွန်မမိခင်ကအားနာသည့်ပုံစံမျိုးပြသော်လည်း ကျွန်မ၏ သဘောအတိုင်း အတောင်းပန်ကိုခံလေသည်။ “သူတို့သားအားခွင့်လွတ်ပေးပါ ဆရာမလေးစိတ်ချမ်းသာသလို ဖြစ်စေပါမည်”ကောင်လေး ခေါင်းတငြိမ်ငြိမ့်ဖြင့် ထောက်ခံနေလေသည်။ ကျွန်မကလည်း နောက်ခါ အဲလိုမျိုးထိခိုက်မှု မဖြစ်အောင် ဆိုင်ကယ်ကိုစီးစေသင့်ကြောင်း အရွယ်က လည်းကလေးအရွယ်မဟုတ်ဘဲ ထိုသို့ဖြစ်နေခြင်းသည် မကောင်းကြောင်းခပ်ဖိဖိပြောပြီး ကျေအေး လိုက်သည်။ သို့သော် ကျွန်မတွင် ဆိုင်ကယ်မရှိသည့်အတွက် နောက်ရက်များတွင် ကျောင်းသို့ ကြိုပို့ လုပ်ဆောင်ပေးရန်ကိုလည်း ညစ်ပြီးတောင်းဆိုလိုက်သည်။ ထိုသို့ဖြစ်ပြီး နောက်ရက်များတွင် ထိုကောင်လေးသည် ကျွန်မ၏အိမ်သို့ များစွာဝင်ထွက်ခွင့်ကို မည်သို့မည်ပုံမှန်းမသိဘဲ ကျွန်မ၏မိခင်က ခွင့်ပြုလိုက်၏။ ဆိုင်ကယ်ပြင်ဆိုင်မှ ကျွန်မဆိုင်ကယ်ကို ပြန်ရွေးပြီးသော်လည်း ကျွန်မမွေးမိခင်သည် ကျွန်မအားစိတ်မချဟူသော အကြောင်းပြချက်ဖြင့် ဆိုင်ကယ်စီးခွင့်ကို ပိတ်ပင်လိုက်သည်။ ထိုကောင်လေး၏ မိဘများသည် ကျွန်မ မိခင်နှင့်တရားမိတ်ဆွေများ ကြ၏။ ထိုနောက်ပိုင်းတွင် မေမေက ကောင်လေးကို အိမ်လာလည်ခွင့်သာမက ကျွန်မအားပို့ကြို လုပ်ပေးရန်အတွက် စီစဉ်လိုက်သည်။ ထိုနောက်ကွယ်တွင် ကျွန်မမိခင်၏ ထာဝရ စိတ်ကူးဖြစ်သော အိမ်ထောင်ချပေးရေး အစီိအစဉ်ကို ထိုကောင်လေးနှင့် အကောင်ထည်ဖော်လိုခြင်းကြောင့် လည်းဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။ ထိုသို့ဆိုလာလျှင် ကျွန်မသည် ကျွန်မမချစ်သော မည်သည့် ယောက်ျား ကိုမျှ ကျွန်မ၏ ဘဝကိုပေးအပ်ခြင်းမပြုလိုဟုပြောပြီး ငြင်းဆန်ရပေမည် ။ ထိုသို့ မိခင်၏ အိမ်ထောင်ပြုစေ ရေးအစီအစဉ်များစွာကိုငြင်းဆန်ခြင်းသည်လည်း အပျိုကြီးတစ်ယောက်၏ဗီဇဖြစ်လိမ့်မည်။ ထိုနောက်ပိုင်း ကျွန်မသည်ထိုကောင်လေးကို သတိထားမိသည်။ မည်မျှဂရုမစိုက်သည် ဖြစ်စေ ကျွန်မကိုအမြဲသတိထားပြီးဂရုစိုက်မှုများကိုပြ၏။ ကျွန်မ၏ မိခင်သည်လည်း ထိုကောင်လေးအား ကျွန်မကို ကျောင်းအသွားအပြန်အားလိုက်ပို့ခြင်းကိုခွင့်ပြုပေးထားသည်။ ဆိုင်ကယ်မောင်းတိုင်း ထိုကောင်လေးထံမှ ပြင်းရှသောရနံတစ်ခုကိုရှူရှိုက်နေရခြင်းကိုလည်း ကျွန်မရှက်ရွံ့ရင်ခုန်မိသည်။ အချိန်တို့သည် ရက်ကို လစားဖြင့် ခြောက်လဝန်းကျင်သို့ပင်ပတ်သက်မှုရှိလာခဲ့ပြီ။ ကျွန်မ ၏မိခင်သည် ကျွန်မအား ထိုကောင်လေးနှင့်လက်ထပ်ပေးမည် မယူဘဲငြင်းပါက သူအားအဆိုးမဆိုနှင့်ဟု ရာဇသံပေးနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်မအားဆိုင်ကယ်တိုက်သော နေ့ကထဲက ထိုကောင်လေးနှင့်သူ၏ မိခင်များသည် သမီးအားလိုချင်သည်ဟု တောင်းဆို ထားခဲ့သည်ဟု ပြောသည်။ ထိုမိသားစုနှင့် အမေသည် ထိုနေ့က ကျွန်မစိတ်ဆိုးနေမှန်း သိသဖြင့် ဘာမှပြောဆိုခြင်းမရှိဘဲ ဒီတိုင်းပြန်သွားခဲ့ခြင်းဖြစ်သည်။ထိုအခါမှ ဟိုကောင်လေးကို အိမ်ဝင်ထွက်သွားလာခွင့်ကို အမေကခွင့်ပြုပေးထားသည် ကိုဟု ခုမှသဘောပေါက်တော့သည်။ ကျွန်မမေမေ အတိအလင်းပြောပြီးသည့်နောက်ပိုင်းတွင် ထိုကောင်လေးက ယောက်ျားဆန်သော အခွင့်အရေးများကို ကျွန်မထံမှသိုသိပ် စွာတောင်းဆိုနေပြီ။ ကျောင်းသွားချိန်များကိုလည်း စောလွန်းစွာ အိမ်သို့လာကြိုပြီး ကျွန်မအိမ်ကို ဝင်ထွက်နေသလို ကျောင်းပြန်ချိန်များတွင်လည်း မသေချာသော အကြောင်းပြချက်များနှင့် တောင်သွားခြင်းမြောက်သွားခြင်းများ များစွာပြု၏။ ကျောင်းပိတ်ရက်များတွင်လည်း အိမ်သို့ အကြောင်းမရှိ အကြောင်းရှာပြီ ကျွန်မထံသို့ ညင်သာစွာ ချဉ်းကပ်နေသည်။ မိုးရေစက်လက်ဖြင့် အေးမြနေသော နေ့တစ်နေ့တွင် ကျွန်မဘဝရဲ့ အဖြစ်အပျက်များစွာ ဖြစ်ပေါ်ဖို့ အကြောင်းဖန်လာသည်။ ဒီနေ့သည် ကျောင်းပိတ်ရက်နှင့် ဥပုဒ်ရက်ထပ်တူကျ၏။ ကျွန်မမေမေသည် ဘုန်းကြီးကျောင်းသို့ သီလယူရန်သွားသော အချိန်တွင် ထိုကောင်လေးသည် ကျွန်မထံသို့ ရောက်လာသည်။ သူ ကျွန်မ အိမ်သို့ရောက်လာချိန်တွင် သူထံမှ ကျွန်မအတွက် အနည်းငယ် စိမ်းသက်သော အရက်နံ့ ခပ်သင်းသင်းကိုရသည်။ ကျွန်မက အမေ မရှိဟုပြောသည်ကိုလည်း ထိုကောင်လေးက မသိချင်ယောင်ပြုပြီး ဧည့်ခန်း တွင်ထိုင်နေသည်။ကျွန်မကပြန်စေလိုသည့်သဘောကိုသိအောင် ပြောသော်လည်း မသိယောင်ဆောင်ပြီး “အစ်မကို ကျွန်တော် ဒီနေ့ပြောစရာရှိတယ်” “ပြောစရာရှိတာပြောပြီးပြန် မိုးတွေက ရွာတဲ့အပြင် အမေလည်း အိမ်မှာမရှိတော့ ပတ်ဝန်းကျင်ကမြင်ရင်မကောင်းဘူး” ထိုအခါကောင်လေးက ထိုင်နေရာမှထပြီး ကျွန်မနားကိုလျှောက်လာသည်။ ထိုကောင်လေး၏ မျက်နာသည် ယမကာတန်ခိုးဖြင့် နီရဲနေလေသည်။ ကျွန်မနားသို့ရောက်သောအခါ ထိုကောင်လေးက ကျွန်မကိုဗြုန်းကနဲဖက်ပြီး “မကိုကျွန်တော် ချစ်တယ်”ယောက်ျားတစ်ယောက်ထံမှ ချစ်သည်ဟူသော စကားသံကိုကြားလိုက်ရ သည်နှင့်တစ်ပြိုင်နက် ရှေးယခင်က ကျွန်မထံ ပြောဆိုထားခဲ့ဖူးသော စကားသံတွေကိုကြားယောင်မိပြီး ထိုကောင်လေး၏ ရဲတွတ်နေသောပါးနှစ်ဖက်ကို ကျွန်မလက်ဝါးဖြင့် မိတ်ဆက်ပေးလိုက်သည်။ အသံနှစ်ခုဆင့်ထွက်လာပြီးထိုကောင်လေး အနည်းငယ် ယိမ်းယိုင်သွားလေသည်။ ထို့နောက် ကောင်လေးက ကျွန်မကို မယုံကြည်စွာကြည့်ပြီး “အစ်မ ဘာလို့ အဲလောက်ရက်စက်ရတာလည်းဗျာ။ ကျွန်တော်က ချစ်တယ်လိုပြောတဲ့ စကားက အစ်မအတွက် အဲလောက်ဖြစ်သွားစေလား” ကောင်လေး မယုံကြည်နိုင်စွာ မေးသည်။ ကျွန်မလည်းရှက်ရွံခြင်း များစွာဖြင့်ထိုကောင်လေး၏ အမေးကို မဖြေနိုင်ပေ။ ထိုအချိန်တွင် ကျွန်မ၏ အမေသည်သီလယူပြီအိမ်ပြန်လာသည်။ ဧည်ခန်းကိုရောက်တော့မေမေက “မိုးတွေရွာနေတယ် သားငယ် အေးဆေးမှပြန်”ဟု ထိုကောင်လေးကို တစ်ချက်ကြည့် ပြောပြီး အခန်းထဲဝင်သွားလေသည်။ ထိုအချိန်တွင် ကျွန်မသည် ကောင်လေးမျက်နှာအား သေချာကြည့်မိသည်။ မျက်ဝန်းထက်တွင် မျက်ရည်ဟုထင်ရမည့် အရာတစ်ခုက ဝင်းလက်နေပြီ နှုတ်ခမ်းတစ်ဖက်ကို တင်းတင်းစေ့ ထားလေသည်။ ကျွန်မ စိတ်လှုပ်ရှားစွာ တုန့်ပြန်လိုက်သော အရာသည် ထိုကောင်လေး၏ မျက်ဝန်းမှတစ်ဆင့် ကျွန်မ နှလုံးသားသို့ အနည်းငယ် ဝင်ရောက်သွားသလိုခံစားမိ၏။ “ကျွန်တော်ပြန်တော့မယ်အစ်မ အစ်မရဲ့ ရက်စက်ခြင်းတွေကို ကျွန်တော်ရဲ့ချစ်တယ်ဆိုတဲ့ စကား တစ်ခွန်းအတွက်နဲ့ ပိုင်ဆိုင်ခွင့်ရခဲ့တာကို တစ်သက်လုံးမှတ်ထားပြီး သတိရနေပေးမယ်” ကောင်လေးသည် မေမေကိုနှုတ်ဆက်ပြီး ပြန်သွားသည်။ ကောင်လေး၏ ကျေားပြင်အားကြည့်နေ့ရင်း ကျွန်မ၏ လက်နှစ်ဖက်မှ နာကျင်ခြင်းကိုသတိပြုမိသည်။ ကျွန်မသည်ပင် ထိုမျှနာကျင်နေလျှင် လက်မဟုတ်သော ပါးနှစ်ဘက်မှ နာကျင်ခြင်းသည် မည်မျှဖြစ်ပေမည်နည်း။ ထိုသို့ဖြင့် နောက်ပိုင်းတွင် ထိုကောင်လေးသည် ကျွန်မ၏ အိမ်သို့အဝင်ထွက်ပြုလုပ်ခြင်း နည်းပါး သွားခဲ့သလို့ ကျွန်မအားကျောင်းကြိုပို့တာဝန်များကိုလည်း အလုပ်မအားဟု အကြောင်းပြကာငြင်းဆန်လိုက် သည်။ ကျွန်မသည် အပျိုကြီးပီသစွာ လက်သွက်သွက်ပြုမူလိုက်ပေမဲ့ ကျွန်မ၏ အမှားကို ပြန် တောင်းပန်လိုစိတ် ရှိသည်။သို့သော် အကျိုးအကြောင်းက တိုက်ဆိုင်လာခြင်းမရှိတော့ပါ။ ထိုအခါများတွင် ကျွန်မအား လိုက်ပို့ပေးခဲ့သောအချိန်များထဲမှ ရှက်ရွံစွာ ပျော်ရွင်ခဲ့ဘူးသော အချိန်များကို သတိရမိသည်။ ထို့အပြင် ထိုကောင်လေး၏ မိမိဘာပြောပြော အပြုံးမပျက်သည့် နှုတ်ခမ်းပါးပါးလေးတွေကို သတိရသလို ထိုကောင်လေး၏ ကိုယ်သင်းရနံလေးတွေကိုလည်း တမ်းတမိသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်မ အရှက်ကြီးစွာ ပြုမူလိုက်သော တစ်စုံတစ်ရာသည် ကျွန်မ၏ သတိရခြင်းများကို ထို ကောင်လေးနှင့် ပတ်သက်ပြီး လက်ဆောင်ပေးလေပြီ။ ကျွန်မသည် ထိုကောင်လေးအိမ်သို့ လိုက်ပြီး ကျွန်မအမှားကို တောင်းပန်လိုစိတ်ရှိသော်လည် ကျွန်မ အပျိုကြီးဗီဇက မာနကြီးစွာခွင့်မပြုပေ။ ယခင်ကဆိုလျှင် ကျွန်မမေမေသည် ထိုကောင်လေးနှင့် သူ့သူငယ်ချင်းမိသားစုအကြောင်းကို အာပေါက်မတတ်ပြောမရှိတော့ပေ။ ဒီအကြောင်းအရာတွေကိုများ ကောင်လေး မေမေကိုပြောလိုက်လေသလားမသိပေ။ ကျွန်မသည် အပျိုကြီးဆိုသော ဂုဏ်ပုဒ်ကို အားပြုထားသော်လည်း ကောင်လေးကို သတိရသောစိတ် အားနာသော စိတ်နှင့် အခြားအရာများကို တမ်းတမိလေသည်။ မှန်ရာကို ဝန်ခံရမည်ဆိုလျှင် အချစ်ဆိုသောအရာ သည် ကျွန်မ၏နှလုံးသားတွင် ခိုဝင်နေလေပြီဖြစ်သည်။ လိုက်လျှင်ပြေးသော လောကနိယာမအရ ယခုအချိန်သည် ကျွန်မအတွက် စိတ်ပင်ပန်းဆုံး အချိန်ပင်ဖြစ်လေသည်။ ကျောင်းရှိဆရာမများသည်ပင် ကျွန်မမျက်နာညိုးပြီး ကိုယ်ရည်အနည်းငယ် စစ်သွားခြင်းကို ဂရုပြုမိလေသည်။ ကျွန်မအားတိုက်ရိုက်မေးမြန်းခြင်းမရှိသော်လည်း သိုသိပ်စွာလေ့လာပြီးကျွန်မအ ကြောင်းကို ကျွန်မနောက်ကွယ်တွင်ပြောနေပေလိမ့်မည်။ ကျွန်မကျောင်းသို့သွားရန်ပြင်ဆင်နေသော တစ်ရက်တွင် ကောင်လေးသည် ဆိုင်ကယ်ဖြင့် အိမ်သို့ရောက်လာပြီး ကျွန်မကိုမကြည့်ဘဲ မေမေကိုမေးလေသည်။ “အန်တီရှိလားမသိဘူး မေမေ ပစ္စည်း တစ်ခုပို့ခိုင်းလိုက်လို့” “အင်းရှိတယ် ထိုင်အုံးလေ မေမေရှိတယ်” ထိုအခါကောင်လေးက ခပ်ရဲ့ရဲ့ တစ်ချက်ပြုံးပြီး “တော်ပါပြီ မထိုင်တော့ပါဘူး ပါးနှစ်ဘက်က အရောင်ကျတာတောင် သိပ်မကြာသေး”ထို စကား ကိုကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျွန်မသည် အားနာစိတ် သတိရစိတ်ဖြင့် ရင်ထဲတွင် နင့်ခနဲဖြစ်သွားသည်။ ယောက်ျားတစ်ယောက်၏ အချစ်သည် တစ်စုံတစ်ခုသော အရာကြောင့် နာကျင်မှုကိုပင် လက်ခံနိုင် စွမ်းမရှိဟုလည်း တွေးမိလေသည်။ ထိုသို့တွေးမိသော်လည်း ကျွန်မ၏အမှားကို တောင်းပန် လိုစိတ်က ပိုမြင့်မားနေသဖြင့် ကျွန်မသည် ထိုကောင်လေးကို အောက်ကျို့လိုစိတ် ဖြစ်နေမိသည်။ “ထိုင်ပါအုံးကွာ မင်းကလည်း ယောက်ျားမဟုတ်သလို စကားနာတွေ ထိုးနေလိုက်တာ” သူကိုလည်း ထိုင်ခိုင်းပြီး မေမေကိုလည်း လှမ်းပြီး ကောင်လေး ရောက်နေတယ်ဆိုတဲ့ အကြောင်းအော်ပြောလိုက်သည်။ ထိုအခါမှကောင်လေးသည် ဧည့်ခန်းတွင်ထိုင်ပြီး မေမေထွက်အလာကိုစောင့်နေသည်။ ကျွန်မသည်လည်း ကောင်လေးသောက်ရန် ကော်ဖီသွားဖျော်ပြီး လာပို့သောအခါ မေမေနှင့်ကောင်လေး မည်သည့် အကြောင်းအရာများကို သဘောကျနေသည်မသိ ရယ်မောနေသည်။ ကျွန်မသည် ထိုသို့ပျော်စရာကောင်းသော မိသားစုဘဝလေးကို မေမေကို ပေးလိုစိတ်ဖြစ်နေမိသည်။ မေမေကို ယောက်ျားလေးတွေ နှင့်တွေ့ပြီး ထိုသို့ရယ်မောခြင်းမရှိသည်မှာ ဖေဖေဆုံးသွားခဲ့ကထဲ ကပင်ဖြစ်သည်။ ကျွန်မကော်ဖီခွက်ကို ချပေးသော အခါမေမေက “စကားပြောကြအုံး မောင်နှမတွေ အမေ အပြင် ခဏသွားလိုက်အုံးမယ် သားငယ်လည်းမေမေပြန်လာမှပြန်” မေမေလှေကားထက်မှဆင်းသွားသည်။ ကျွန်မသည် အပြစ်ပြုလုပ်ထားသော လူတစ်ယောက်ဖြစ်သည့်အတွက် ကျွန်မထက်ငါးနှစ်ခန့် ငယ်သော ကောင်လေးကို ရဲဝံ့စွာကြည့်နိုင်စွမ်းမရှိပေ။ “သောက်…အဲမှာ မင်းကော်ဖီခါးခါးကြိုက်တယ်မို့လား” “ခင်ဗျားကြီး ကော်ဖီတစ်ခွက် တိုက်ပြီး ပါးတစ်ဖက်ကို ထပ်ရိုက်ဖို့တော့ မဟုတ်ဘူးမို့လား” ထိုစကားကို ကြားလိုက်ရတဲ့ ကျွန်မသည် ထိုကောင်လေးရှေ့မှအဝေးဆုံးကို ထွက်ခွာသွားချင်လိုစိတ် ဖြစ်မိသည်။ “မင်း ငါ့ကိုမကျေနပ်သေးဘူးလားကွာ ဒီလောက် အောက်ကျို့ပြီးတော့ တောင်းပန်နေတာကို ဒါမှမကျေနပ်နိုင်လည်း မတတ်နိုင်ဘူး” ထိုင်ခုံမှထကာ အခန်းပြူတင်းပေါက်ဘက်ကို ထွက်ရပ်နေလိုက်သည်။ ကျွန်မဘာဆက်လုပ်လို့ လုပ်ရမည်မှန်းမသိ။ ထိုကောင်လေးကို ကျေနပ်အောင် တောင်းပန်ချင်သော်လည်း ကျွန်မ၏ အပျိုကြီးဂုဏ်သိက္ခာကျဆင်းမည်ကိုလည်း ကျွန်မစိုးရိမ်မိသည်။ ညအိပ်ရာဝင်တိုင်း ကျွန်မရိုက်လိုက်လို့ ရဲသွားသော ပါးပြင်နှစ်ခုကို အမြဲသတိရနေမိသည့်စိတ်ကိုရှက်လည်း ရှက်ရွံမိသည်။ ခဏလောက်ကြာသော် “နောက်တစ်ခွက်ဖျော်ပေးအုံး ကျွန်တော် ထပ်သောက်ချင်သေးတယ်” “အိုကေ ထပ်ဖျော်ပေးမယ်”လို့ကျွန်မပြော လိုက်၏။ ပုံမှန်အတိုင်းဆိုလျှင် ကျွန်မအထွန့်တက်မိမည်ဖြစ်သည်။ ခုချိန်မှာတော့ ဘာကိုမှထပ်ပြောချင်စိတ် မရှိဘဲ ထိုကောင်လေး စိတ်သဘောအတိုင်း လိုက်ရောမိသည်။ ကော်ဖီထုပ်ကိုဖောက်ပြီး ခွက်အတွင်းသို့ထည့်နေသော အချိန်တွင် ကျွန်မမျက်ဝန်းထက်က မျက်ရည်တစ်ပွင့် ကော်ဖီခွက်အတွင်းသို့ ဆင်းသက်သွားသည်။ တိုးတိတ်စွာ လျှို့ဝှက်ချစ်နေသော အပျိုကြီးတစ်ယောက်ရဲ့ အရှက်တရားကို အားလုံးချနှင်းနိုင်မှ မင်းလေးအစ်မပေါ် ကျေနပ်နိုင်မယ်ထင်သည်။ ထိုအချိန်မှာ ခြေသံကြားလို့ကျွန်မ နောက်ကိုလှည့်ကြည့်တော့ မီးဖိုချောင်ထဲကို ကောင်လေး လိုက်လာတာကိုတွေ့လိုက်ရတယ်။ ကျွန်မမျက်ရည်တွေကို ထိုကောင်လေး မသိအောင် သုတ်လိုက်တယ်။ ကျွန်မအနားကို ရောက်လာတဲ့ အခါမှာ ကောင်လေးက “ကော်ဖီဖျော်တာကလည်းကြာလိုက်တာဗျာ ဘာတွေ များလုပ်နေလဲ” ပြောပြီ ကျွန်မမျကဝန်းကို သေချာကြည့်လေ သည်။ ထိုအခါ ကောင်လေးက အစ်မ ဘာဖြစ်လို့ငိုနေတာတုန်းလို့မေးသည်။ ကျွန်မမှာ ဖြေဖို့ အဖြေ အဆင့်သင့်မရှိ။ ဒါကြောင့် “အော်ရေနွေးငွေ့ ဟပ်သွားလို့ပါ” လို့ပြောလိုက်တယ်။ ဒါပေမဲ့ သူကျွန်မစကားကို ယုံကြည်ပုံမပေါ်ပေ။ “အစ်မ ကျွန်တော်တစ်ခုလောက်ထပ်မေးချင်တယ် ခွင့်ပြုမလား” ကျွန်မမေးဆတ်ပြလိုက်တော့ ကောင်လေးက “ခုအစ်မ မျက်ရည်ကျနေတာ ကျွန်တော်ကြောင့်မို့လား”။ ကျွန်မလို့ သုံးဆယ်ကျော်အပျိုကြီးတစ်ယောက်ထံမှ ချစ်ခြင်း စကားတွေကို နူးညံ့စွာထွက်ပေါ်လာဘို့ ထိုကောင်လေး ကြိုးစားနေလေပြီ။ အမှန်တိုင်းပြောလျှင်လည်း နှစ်ပေါင်းများစွာ ထိန်းသိမ်းလာသော ကျွန်မ၏ဂုဏ်ထိခိုက်စေနိုင်ပြီး မပြောပြန်လျှင်လည်း ကျွန်မချစ်နေမိသော ထိုကောင်လေးကို စိတ်ဆင်းရဲသွားစေနိုင်ပေသည်။ “အစ်မပြောလေ” ထပ်မံတောင်းဆိုလာသော ထိုကောင်လေး ကို ကျွန်မ ကော်ဖီခွက်လှမ်းပေးပြီး “မင်းထင်ချင်သလိုထင်ကွာ” မီးဖိုခန်းထဲမှ ကျွန်မ ပြေးထွက်လာခဲ့တယ်။ ကောင်လေးသည်လည်း ကျွန်မပေးသော ကော်ဖီခွက်ကို ပြန်ချပြီး ကျွန် မနောက်ကို ပြေးလိုက်လာတယ်။ ဧည့်ခန်းကိုရောက်တော့ ကောင်လေးက ကျွန်မထိုင်ခုံ၏ကျောအမှီကို ကိုင်ပြီးမတ်တပ် ရပ်နေလိုက်သည်။ ထိုကောင်လေးက “ကိုယ်ဘာသူ မတွေးတတ်ဘူး အစ်မ ဖြေမှရမယ်”့ ထပ်ပြီးတောင်းဆိုသည်။ ကျွန်မမျက်နှာတစ်ခုလုံး အမည်မဖော်နိင်တဲ့ ခံစားမှုတွေ ဖြစ်နေသည်။ နောက်ကောင်လေးက ကျွန်မပုခုံးလေးကိုသူနဲ့မျက်နာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်ပြီး “အစ်မကို ကျွန်တော်ချစ်တယ်အစ်မ” ဟုထပ်ပြောသည်။ “တစ်ကယ်လို့နောက်ထပ် ကျွန်တော်ပါးကို ထပ်ရိုက်မယ်ဆိုလည်း ကျွန်တော်ခံဝံ့ပါတယ်မရယ်” ကျွန်မနှင့်မျက်နာချင်းဆိုင်မှာ သူ့မျက်ဝန်းတွေကို တင်းတင်းပိတ်ထားသည်။ သဘောက ကျွန်မထပ်ရိုက်မယ်ဆိုလည်း သူ ရဲရဲကြီးခံမယ်ဆိုတဲ့ သဘောနဲ့ ဖြစ်ပေလိမ့်မည်ထင်သည်။ ကျွန်မချစ်သော ကျွန်မကလည်းတစ်ဖန်ပြန်ပြီးမြတ်နိုးသော ကောင်လေး၏ပါးပြင်ကိုကျွန်မနမ်းမိလိုက်သည်လားမသိ။ အသားနှစ်ခုထိတွေ့သော အသိသည်ကျွန်မစိတ်တွင် ဖြစ်ပေါ်နေသည်။ ထိုသို့ဖြင့် ရစ်ပတ်နှောင်ဖွဲတတ်သည့် အချစ်တစ်ခုအား မောင်နှင့်ကျွန်မချိုမိန်စွာသောက်သုံးခဲ့ကြသည်။ အမှန်တော့ အချစ်သည် မည်သည့်အရာနှင့်မျှ တိုက်ရိုက်ပတ်သက်မှုမရှိဘဲ အချစ်ကိုနား လည်နိုင်စွမ်းရှိသော နှလုံးသားတစ်စုံနှင့်သာတိုက်ရိုက် သက်ဆိုင်နေပေလိမ့်မည်။ အချစ်ဆိုသောအရာသည် အဆင့်အတန်း ဂုဏ်သိက္ခာ ပညာရေးအခြေအနေတို့နှင် ထိတ်တိုက်တွေ့ဆုံဖြစ် ပေါ်နိုင်စွမ်းရှိလာမည် မဟုတ်သလို အချစ်အား သီးသန့်ကိုးကွယ်မှု မရှိခဲ့လျှင်လည်း အချစ်ရဲ့ပြင်းထန်သော ခံစားချက်များက နှလုံးသားကို နူးညံ့စွာဒဏ်ခတ်ပေလိမ့်မည်ကိုကျွန်မကောင်းစွာ သဘေားပေါက်နေပြီဖြစ်သည်။ ကျွန်မ၏ နှစ်ပေါင်းများစွာအချစ်ကို ဥပက္ခာပြုပြီး အထီးကျန်ခံစားချက်နဲ့ ဖြတ်သန်းခဲရသည့် အပျိုကြီးဖီလင်နှင့် ကျွန်မထက်ငါးနှစ်မျှငယ်သော ကောင်လေးနှင့် နူးညံ့စွာချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့သော ဖီလင်ကို ချိန်ထိုးကြည့်မည်ဆိုလျှင်။
 ဇော်ညီညီ(နေပြည်တော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...