Saturday, January 25, 2014

“မန်းနေပြည် / ခင်ယုမေ”

Soe Min November 30, 2011 at 4:23am
 
ဒီသီချင်းကလေးရဲ့ နံမည်ကို တချို့ကလည်း မင်းနေပြည် လို့ ပြောကြတယ်။ ကိုယ်ကပဲ အမှတ်မှားလို့လား မပြောတတ်ပါဘူး။ စာသားတွေလည်း နည်းနည်း မူကွဲတာတွေ ရှိတယ်။ နဂိုက ကြားဖူးထားတာက ရှေ့က `စန်းသရေ´ ဆိုတာလေး ပါတယ်။ အခု ဒီမှာ မပါဘူး။ `မင်းတုန်းမင်းကြီးသားတော် စံပျော် သီပေါဘုရင်မှာ တန်ခိုးအာဏာ မိုးဆုံးအောင် ရိုက်ချုန်းသည်။´ ဆိုတာလေးလည်း ဘယ်နားကျန်ခဲ့သလဲ မသိဘူး။
`အရှေ့ဘက်ရှုလိုက်တော့ ရန်ကင်းတောင်နဲ့ သေလာမဟီ၊ အနောက်ဘက်ရှုလိုက်တော့ အမှန်သတင်းပြောင်တဲ့ ဧရာဝတီ၊ တောင်ဘက်ရှုလိုက်တော့ ကန်သင်းဘောင်နဲ့ရေဇလာနဒီတို့၊ မြောက်ဘက်ရှုလိုက်တော့ အလျှံဝင်းပြောင်တဲ့ မြေပဒဗျာအညီ´တို့ ဆိုတာတွေလည်း မပါလာဘူး။ ကိုယ်တွေကလည်း ငယ်ငယ်တုန်းက ကြားဖူးတဲ့သီချင်းကို အစပြန်ဖော်ရတာဆိုတော့ ဘာမှ ရေရေရာရာ မရှိ။ အအ အိပ်မက်မက်သလို ပြန်ပြောချင်ပါလျက်နဲ့ မပြောတတ်။ ဒါပေမယ့် အခုဟာက အံတီခင်ယုမေရဲ့ အဆိုနဲ့ဆိုတော့ မူရင်းဖြစ်ဖို့များပါတယ်။ လက်ရာကတော့ ဆရာရွှေပြည်အေးရဲ့ လက်ရာနဲ့ သိပ်တူတာပဲ။ မှားတယ်ဆိုရင်လည်း ပြန်ပြင်ပေးကြပါဦး။ မြန်မာ့ရုပ်မြင်သံကြားမှာတော့ ဒေလီမြင့်ဆိုထားတဲ့ ဓါတ်ပြားလေးလည်း ကြည့်ဖူးပါတယ်။ မျက်ရည်ကလေးတ၀ဲဝဲနဲ့ ဆိုသွားတာ ရင်ထဲကို နင့်နေအောင် ကောင်းတယ် လို့ ပြောရရင် မလွန်ပါဘူး။ ဆိုတဲ့လူရဲ့ မုဒ်နဲ့ နားထောင်တဲ့သူရဲ့ မုဒ် တိုက်ဆိုင်သွားတဲ့အခါ သီချင်းကလေးတွေဟာ ရင်ထဲကို မြားတစ်စင်းလိုပဲ စိုက်ဝင်သွားတတ်တာ ကြုံဖူးရင်တော့ သိပါလိမ့်မယ်။ ရှေးမီနှောင်းမီ မန္တလေးသားစစ်စစ်ကြီးတွေကတော့ ဒီသီချင်းကလေးကို မကြိုက်မရှိဘူး ထင်တယ်ဗျ။
သီချင်းအစနဲ့အဆုံးက ညည်းသံကလေးကတော့ မာရီလင်မွန်ရိုး ရဲ့ `ပြန်လမ်းမကြုံ မြစ်ယမုံ´ သီချင်းထဲက ညည်းချင်းနဲ့ အတူတူပဲ။ ဘိုသံကြီးနဲ့ ပီပီသသ ချီပြီးတော့မှ နောင် ဒိုင်း တွေရော ဗိန်နောင်ပတ်တွေရော မြန်မာလို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးသွားလိုက်တာ သောက်ကျိုးနည်း ကောင်းလိုက်တာကွယ် လို့ ပြောရမလိုပဲ။ အခုခေတ် ကိုကျောက်စိမ်းတို့ ဦးမွတ္တားကြီးတို့များ ပြန်တီးလိုက်ရင် ဘာပြောကောင်းမလဲနော်။ (ဟိုမရောက် သည်မရောက် ကလေးမကလေးတော့ ပြန်မဆိုစေနဲ့ပေါ့။) မြန်မာဆန်ဆန် ကျက်သရေရှိရှိ နားထောင်ရတဲ့အပြင် ဇာတိမာန်ကို နှိုးဆော်ပေးခဲ့တဲ့ သီချင်းကလေးတွေထဲမှာလည်း ပါခဲ့မှာ အမှန်ပါပဲ။ မြန်မာတွေ ရွှေဘုံရွှေနန်းနဲ့ စိုးစံလာခဲ့စဉ်က အရှင်မင်းတရားကြီးထွက်တော်မူတဲ့အခါ တိုင်းသားပြည်သူတို့က အုတ်အုတ်သည်းသည်း ဖူးကြမြှော်ကြခဲ့ပုံတွေကို နန်းမြို့ရိုးကြီးကြည့်ပြီး မြင်ယောင်ရင်းကနေ ဧရာဝတီကမ်းစပ်က စစ်ကိုင်း အင်းဝနေပြည်တော်တွေဆီဘက် ကို ဆည်းဆာလေညှင်းခံရင်း လှေကလေးနဲ့ ကူးသွားလိုက်သေးတာ။ သေသေချာချာ နားထောင်ပြီး အရသာခံကြည့်လိုက်စမ်းပါလေ။ ရှင်ဘုရင်ကို လွမ်းဖို့ မဟုတ်ပါဘူး။ မြန်မာ့ဦးစွန်းကလေး ထည်ထည်ဝါ၀ါ ရှိခဲ့ပုံကလေးကို အထည်ကြီးပျက် ဂုဏ်ဖော်သလို စားမြုံပြန်ကြည့်တဲ့သဘောပါ။ သူရောကိုယ်ပါ မြင်ဖူးကြတဲ့ ဒေ၀ါဝင်း ရာဇာဝင်းတွေနဲ့ ဘာမှမဆိုင်တဲ့ မြန်မာ့ထီးမူနန်းဟန် အနုပညာတွေကိုလည်း သီချင်းထဲကနေ ခွက်ကပ်နဲ့ မူးလို့ ရှူလို့ရနိုင်တယ်လေ။ ရှင်ဘုရင်တွေ မရှိတော့လို့လည်း ၀မ်းမနည်းလှပါဘူး။ နန်းတော်ကြီး မကျန်ခဲ့တော့လို့လည်း မကြောင့်ကြပါဘူး။ မြန်မာ့အနုပညာ လက်ရာကလေးတွေ ကွယ်ပျောက်ကုန်မှာတော့ နှမြောလှသကွယ်။ သီချင်းကလေးတွေဆို တော်တော်များများ ပျောက်ကုန်ပြီ မဟုတ်လား။ မြနန်းစံကျော်ကြီးထဲဝင်ပြီး လင်းနို့ချေးတွေ ရှူလိုက်၊ မဟာအတုလဝေယံကျောင်းတော်ကြီးက ကြွေပြားအသစ်ကြီးတွေကို သံတိုင်တွေကြားကကြည့်လိုက်၊ ရွှေတ၀င်းဝင်းနဲ့ ကောင်းမှုတော်ဘုရားကြီးဖူးလိုက် လုပ်နေကြတဲ့ မန္တလေးဧည့်သည်တွေကို သနားလိုက်ပါဘိတော့တယ်။ အမြစ်ရှည်ရင် ရေများများလောင်းရမယ်ဆိုလို့ ရေမလောင်းခင် နှုတ်နှုတ်ပြီးကြည့်တဲ့ မျောက်တွေလက်ထဲ ဥယျာဉ်ကြီးအပ်ထားခဲ့တဲ့ ပုံပြင်ကို သတိရမိတယ် လို့ပြောရင် ဆင်ဆာလွတ်မယ် မထင်ဘူးနော်။ (ဘာ အခုမှ ကြောက်ပါပြီလဲ)
ဒီသီချင်းကလေးကို တခုတ်တရ ရေးရတဲ့အကြောင်းကတော့ ဖေ့စ်ဘုတ်ပေါ်ကနေ မိတ်ဆွေဖြစ်သွားတဲ့ ကိုစိုင်းမျိုးတို့၊ ကိုသူရိန်တို့၊ ကိုသခင်ကြီးတို့၊ ကိုထင်လင်းမောင်လှတို့ မန္တလေးသားတွေဆီ သွားလည်တဲ့အခါ အပြန်မှာ ဦးဆူးငှက်လက်ရာ မန္တလေး နှစ်တစ်ရာ့ငါးဆယ်ပြည့် ပဒေသာကပွဲကြီးအခွေတွေကို လက်ဆောင်ပေးလိုက်တာနဲု့ အားရပါးရ အေးအေးဆေးဆေး ကြည့်လိုက်ရလို့ပါ။ ´ကြာ´၊ `အင်္ကျီပါး´ နဲ့ `လှည်းပြင်´ တို့လို ရှားရှားပါးပါး သီချင်းကလေးတွေ နားထောင်ခွင့်ရလိုက်လို့ ကျေးဇူးလည်းတင်ပါတယ်။ ကွယ်ပျောက်လုလုဖြစ်နေတဲ့ မန်းဓလေ့၊ မန်းအနုပညာကလေးတွေကိုလည်း နှစ်နှစ်ခြိုက်ခြိုက် ခံစားလိုက်ရပါတယ်။ ကိုယ်လည်းပဲ မန္တလေးသား မဟုတ်သော်ငြား မြန်မာ့မူ မြန်မာ့ဟန်ကလေးတွေမို့ မက်မက်စက်စက် ရှိလှတာကြောင့် လူငယ်ကလေးတွေဆီ မျှဝေလိုက်ရပါတယ်။ ဒါပေမယ့် ဒီသီချင်းကတော့ အဲဒီပဒေသာကပွဲထဲမှာ မပါပါဘူး။ မန်းရာပြည့်ပွဲကြီးတုန်းက မစိမ်းစိမ်းဆိုတဲ့ `ရွှေမန်းဆီသို့´ လိုမျိုး တစ်ပုဒ်လောက်တော့ တင်ကျန်ရစ်ခဲ့စေချင်တာ။ သီချင်းတွေအများကြီးနဲ့ နားလျှံမသွားပဲ တစ်ပုဒ်ဆို တစ်ပုဒ် ထိထိမိမိ မှတ်မိသွားအောင် ဒီသီချင်းကလေးနဲ့ မန္တလေး လွမ်းခန်းကလေး ဖွင့်လိုက်ကြရအောင် နော်။
မန္တလေးကလူတွေဟာ ထီးစိုက်နန်းတည် မင်းနေပြည်အရပ်မှာ ကြီးပြင်းကြတာမို့ ယဉ်ကျေးတဲ့ နန်းဆန်တဲ့နေရာမှာတော့ သူတို့ကို မီဖို့ ဘယ်လွယ်လိမ့်မလဲ။ ရှင်ဘုရင် ပုဆိုး ပိုးချည့်ပဲထွက်တဲ့အရပ်မို့လို့ သူတို့ဆီက အနုလက်ရာများဟာလည်း တော်သုံးနန်းသုံးသာ များပေလိမ့်မယ်။ တောလက်သမားလက်ရာ၊ တောယက္ကန်းအဆင်မျိုးနဲ့တော့ ဘယ်တိုးလို့ရမှာတုန်း။ အရပ်အခေါ်အဝေါ်များကစလို့ ချမ်းမြသာစည်တဲ့။ အောင်မြေသာစံတဲ့။ ပုလဲငွေရောင်တဲ့။ ချစ်စရာလေးတွေ။ ခုခေတ်မှာလို ဇေယျ၊ သီရိ၊ ဇမ္ဗူ၊ သိဒ္ဓိ ပတ်လည်ရိုက်လို့ဘယ်ရပ်ကွက်မှ နံမည်မမှတ်မိတော့တဲ့ မင်းနေပြည်မျိုး မဟုတ်ဘူး။ ဘုန်းကြီးကျောင်းများတောင်မှ ဆင်ဝန်တိုက်၊ မြင်းဝန်တိုက်၊ မြတောင်ကျောင်း နဲ့ အကုန်လုံး ဗီအိုင်ပီတွေချည့်ပဲ။ နန်းတော်ရာအဟောင်းဖျက်တဲ့ တိုင်လုံးရိုးတံနဲ့တောင် တံတားကြီးတစ်စီး ခန့်ခန့်ထိုးလို့ရတယ်။ နှစ်တစ်ရာ့ငါးဆယ်ပြည့်တော့မယ်။ မနက်ဖွင့်ပွဲလုပ် ညနေကျိုးကျတာမျိုး မဟုတ်ဘူး။ ဒါတောင် အင်မတန် လာဘ်စားပါတယ်ဆိုတဲ့ ကုလားမြို့ဝန် ဆောက်သွားတာတဲ့။ (ပြောပုံဆိုပုံကတော့ တော်တော် လူမုန်းများမယ့် သူငယ်ကွဲ့)
မြို့အရှေ့ဘက်ကို ထွက်လိုက်ရင် အရင်ကတော့ ကိုကြီးတင်ကို ကောက်စိုက်သမကလေးတွေက ပတ်ဗေတိုးဗို နဲ့ သီချင်းသံပြိုင်ဆိုရင်း မျှော်ကြတဲ့ အောင်ပင်လယ် အရပ်ပေါ့။ မြခြေကျင်းမငွေမြိုင်ကို အောင်ပင်လယ်က ကြာအိုင်ကြီးထဲမှာ ကြာတွေ ချိုးထားပါတယ်။ လက်ဦးအရင် ပန်ချင်ရင်တော့ မြန်မြန်သာလာခဲ့ပါတော့ လို့ခေါ်တဲ့အရပ်၊ ငှက်ရွှေဟင်္သာ ရှေးရှေးတုန်းအခါက ဟိုပျံသည်ပျံ စီစီညံညံ ဆိုတဲ့အရပ်ပေါ့။ အခုတော့ လားရှိုး မူဆယ် တက်မယ့်ကားတွေ ဓါတ်ဆီ ဒီဇယ် ၀င်ဖြည့်တဲ့ အရပ်ပါ။ အဲဒီကဆက်သွားမှ ထန်းရွက်ပုတီးသီချင်းထဲက `အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ရယ်´ ဆိုတဲ့ ရွှေစာရံ ကို ရောက်တာ။ အခုတော့ မန္တလေး၊ ၂၁ မိုင် နဲ့ ပြင်ဦးလွင်ဆိုတာ ဆက်များဆက်တော့မှာလား အောင့်မေ့ရတယ်။ အောင်ပင်လယ်က ကြည့်ရင် ငါးရံ့မင်းတောင်ဆိုတာလည်း အဲဒီဘက်ယွန်းယွန်းမှာ ရှိသတဲ့။ မိုးရိပ်လေရိပ်မမြင်ရင် လွန်ဆွဲပွဲတွေလုပ်ပြီး မြို့လုံးပတ်လည် အလှူခံထွက်ကြတယ်ဆိုပဲ။ မန်းလေးသားတွေအတွက်ကတော့ မိကျောင်းမင်း ရေကင်းပြသလိုနေမှာပဲ။ ကိုယ်ကသာ ကိုယ့်လို မရောက်ဖူးသေးတဲ့ ဧည့်သည်တွေအတွက် ကြားဖူးနားဝနဲ့ ဂိုက်လုပ်နေရတာ။ ခင်ဗျားတို့တ ရောက်သာ ရောက်ဖူးမှာပါဗျာ။ ကျုပ်လိုတော့ သီချင်းတွေ မကြားဖူးဘူး မဟုတ်လား။ သြော်.. ဟိုသီချင်းထဲက ပြောထားတာ ဒီနေရာကိုးလို့ သတိတရ လည်ရပတ်ရတာ ဘယ်လောက် အရသာရှိတယ် မှတ်သလဲ။
`အသက်ကလေးရယ် ရှည်စေလို မြနန္ဒာ ရေညိုသန်း လမ်းလျှောက်ကာဆို ရင်ရင်မြ ကိုကို´ ဆိုတဲ့ စိမ်းရောင်စို သီချင်းထဲက မန္တလေးတောင်တော်ကြီးလည်း မတက်လိုက်ရလို့ ဘယ်ဖြစ်မလဲ။ အဲဒီကလှမ်းကြည့်တော့မှ ပန်းဒဏ္ဍာရီထဲက သခင်မတောင်တော်ကို မြင်ရမှာ။ `ညို့ညို့ဆိုင်းဆိုင်း မှိုင်းပြာရီမှောင်သန်းပြန်တော့ တိမ်ခိုးလေးတွေ ဘေးကယှက်လို့ တောင်တန်း တဘက်တချက် ၀န်းကာရံကာပင် လွမ်းစရာ့ စံရာတခွင်´ လို့ လေပါတီဆိုခဲ့တဲ့ မယ်ဥတောင်ပေါ့။ ကုသိုလ်တော်နဲ့ ကျောက်တော်ကြီးဘုရားလည်း ဖူးရဦးမှာ။ သူ့ဟိုဘက်ကိုသွားရင် `အို .. တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ လာ ကိုမြို့မအဖွဲ့နဲ့ တွဲသွားပါရစီ´ ဆိုတဲ့ တောင်ပြုံးလေ။ အနောက်ဘက်မှာ ဂေါဝိန်နဲ့ မင်းကွန်းဗျ။ ဓါတ်ပုံဆရာတို့ အသည်းစွဲပေါ့။ ဒီသီချင်းထဲမှာပါတဲ့ တသွင်သွင်စီး မြစ်ကြီးဧရာဝတီ ဆိုတာ အဲဒီမှာ တွေ့ရမှာ။ စစ်ကိုင်း အင်းဝကတော့ တောင်မြို့က ဖြတ်သွားမယ်လေ။ `ကြိုးကြီးချိတ်မှ နိပ်သကို နိပ်သကို´ ဆိုရင်လည်း ရွေးစမ်းပါလေ့။ ဟိုဘက်မကူးခင် `ပုဆိုးကစို မိုးကည်ုသနဲ့ သစ်ပင်အောက်မှာ ၀င်ကာခို ဦးပိန်တံတားကို ရောက်ခဲ့ပြန်´ဆိုတဲ့ တောင်သမန်အင်း၊၊ မယ်ဇယ်ပင်တန်းနဲ့ အကြော်ဆိုင်ကလေးတွေ။ ရွှေကြက်ယက်တို့ ရွှေကြက်ကျတို့လည်း ဖူးရအောင်။ စစ်ကိုင်းတံတားကို သွားတဲ့လမ်းက လိုဏ်ခေါင်းပေါက်ကြီးနှစ်ခုကိုတော့ မန်းလေးကလူတွေက နှာပေါက်လို့ ခေါ်ကြသဗျ။ တူတော့ အတူသား။ တံတားကမကူးပဲ လှေကလေးနဲ့ ကူးရင်တော့ အင်းဝက အီးတစ်ပေါက်တောင် မကြာဘူး။ ရှေးရှေးကလို ရေချမ်းစင် သုဓမ္မာဇရပ်နဲ့ ကုသိုလ် မယူတော့တဲ့ မန်းလေးသားများဟာ အရိပ်ကောင်းကောင်း လေကြောင်းသာသာ ရှုခင်းရှုရာလေး သင့်တဲ့အရပ်တွေမှာ ပက်လက်ကုလားထိုင်ကလေးတွေ ချပြီး အချိန်နဲ့ ငှားစားကြပုံရပါတယ်။ အဲဒီကပြန်ရင်တော့ ဘုရားကြီးဖူးပြီး ဈေးချိုပတ်ဖို့ပဲ ကျန်တော့တယ်။ ဈေးဝယ်ဖို့သက်သက် မပတ်ပါနဲ့။ မန္တလေးကိုကြည့်ဖို့ ပတ်ရမှာပါ။ ၀ယ်တာက ဘယ်မှာဝယ်ဝယ် အတူတူပဲ။ အဲဒီပစ္စည်းတွေအကုန် ကားဂိတ်မှာလည်း ဆိုင်ခွဲရှိတယ်။ ရန်ကုန်မှာလည်း ၀ယ်လို့ရတယ်။ မန္တလေး ဈေးချိုသူကလေးတွေကို ကြည့်ဖို့ သေသေချာချာ ပတ်ပါ။ `ကျိကော တိုးဆောင်´ လို့ ရောင်းတဲ့ဆိုင်တွေထက် ဗမာဆိုင်ကလေးတွေဝင်ပြီး သူတို့ ပြောပုံဆိုပုံ၊ အမူအယာကလေးတွေကို ဂရုစိုက်ကြည့်ရင် တမူထူးခြားတာ တွေ့ရပါလိမ့်မယ်။ `အခုတော့ သိပ်မထူးတော့တာ ကြာလှပေါ့´ ဆိုရင်တော့ သွေးပုချိပါကွယ်။ အစားအသောက်အတွက် မှာချင်တာကတော့ အထမ်းမြီးရှည်ဆိုတာလေး မြည်းကြည့်ခဲ့ပါ။ (ဆရာအတ္တကျော် လက်ရာတော့ မှီမယ်မထင်။ ဤကား ကြော်ငြာ)။ မြောက်ပြင်က မုန့်တီကလေး၊ မင်းသီဟက လက်ဘက်ရည်၊ ပန်းချီကျောင်းထဲက ကော်ဖီဆိုင်ကလေး၊ ညဘက်ဆိုရင်တော့ အကင်ဆိုင်တွေ ပေါမှပေါ၊။ ဒါကြောင့် ရန်ကုန်မှာတောင် မန္တလေးသားကင်ဆိုင်ဆိုပြီး လာရောင်းကြတာနေမှာ။ (ရွံစရာကြီးနော်) `ကျုံးတော်ပတ်လည် မြမြို့ရိုး ပြအိုးပစ္စင် ကာရံကာအတည် မြန်မာစံဌာနီ သာယာပါပေ့သည်´ ဆိုတာတွေကို မန္တလေးဘီယာလေးနဲ့ ခံစားချင်လည်း ရပါတယ်။ ဆိုင်သိမ်းတဲ့အခါကျမှ `ငါ မမူးသေးဘူး။ ငါ မမူးသေးဘူး။ မန္တလေးကျုံးရေ မခန်းသမျှတော့…´ ဆို ပြန်လာခဲ့။ ကျုးံပတ်ပတ်လည်က ဆိုင်ကယ်ဖာသည် ဆိုတဲ့ဆိုင်တွေကိုတော့ စားချင်တယ် မပူဆာနဲ့ကွယ်။ တောသားမှန်း လူသိကုန်မယ်။ (နောက်ဆိုရင် လုန်းလီးပလန်းနက်ထဲမှာ ရေးတော့မယ်ကွ)
သားသားရဲ့ ရှီးဖောကြီးတွေ ဖြစ်တဲ့ ဆရာကြီး ဦးနော်မန်လှ နဲ့ ရင်ခေါင်းခွဲစိတ်က ဆရာလေး ဦးခင်မောင်အေးကတော့ `၀န်ထမ်းဘ၀မှာ တခေါက်တကျင်းတော့ မန္တလေး ရွှေမြို့တော်ကြီးမှာ အလုပ်သွားလုပ်ဖူးဖို့ ကောင်းပါတယ်´ လို့ ခွန်းမိန့်ခြွေဖူးပါသဗျ။ မြန်မာဆန်တဲ့ မိသားစုဆန်တဲ့ လူမှုအသိုင်းအ၀ိုင်းရှိလို့ ပျော်စရာကောင်းပါသတဲ့။ ရောဂါဗေဒက မမနန်စီကြီးလည်း `များက ကိုးလပဲ နေမှာနော်´ ဆိုပြီးသွားလိုက်တာ ဟိုမှာ ကိုးနှစ်ကြာခဲ့တယ် ဆိုသမဟုတ်လား။ ဟုတ်ပါရဲ့။ ရောက်တော့ အရောက်ဖူးချင်သားပါလေ။ ဒါပေသိ အလုပ်ကောင်းကောင်း မလုပ်ပဲ အဆိုသမား အတီးသမားတွေနဲ့ အဖွဲ့ကျသွားမှဖြင့် ခွက်လက်ဆွဲကာ တောင်းစားပါလည်း နင်သာလူမိုက် ဒုစရိုက်ဖြစ်နေဦးမယ်။ ဓါးတန်းဦးသန့်တို့ နဂါးဒေါ်ဦးတို့ခေတ်ကလည်း အဝေးကြီးမှာ ကျန်ခဲ့ပေါ့။ တုဿိတာက စုတေပြီး လူဝင်စားလာဖြစ်တာ ရတနာပုံဝက်ပေါ်တယ်က ကွန်နက်ရှင်ကြောင့် အနှစ်တစ်ရာလောက် နောက်ကျသွားသကွယ်။ ဘယ့်နှယ်လုပ်ကြမတုန်း။ ဟော။ ပြောရင်းဆိုရင်း။ နားထောင်ကြည့်စမ်းပ။ `စကားတစ်ခွန်းတော့ မှတ်မိသလိုပင်။ သူ တခါတလေ ပြောဖူးတယ်။ မြို့မရဲ့ အတီးနားထောင်ချင်။ ဖွဲ့နွဲ့လို့ တီးသံကြားရင် ဆီးကြိုလှည့် ညိုနွဲ့ချိုပြုံးရွှင်´ တဲ့။

စန်းသရေ မန်းရွှေ ရတနာပုံပြည်၊ ရွှေထီးရွှေနန်း သိမ်းမြန်းပိုင်စိုး ရာဇာနေမျိုးစည်။ ဝေယံစုံညီ နန်းမသုံးဆောင် ကုန်းဘောင်ဆက်မင်း ထင်လင်း ထင်လင်း။ တေဇာဂုဏ်ရည် လျှမ်းပ မဆုံးအောင် ဘုန်းရောင်ကလင်း ပ၀င်း ပ၀င်း။ ဘုန်း (သိမ်းကျုံးစံပါယ်စဉ် တိုင်းအလုံးက ရှိဦးချီ ) ၂ ။ ငေး လက်စုံဖူးပါလို့ ဖူးမျှော် ကန်တော့ကြဖို့ရည်။ ရာဇဌာနီ မဟီ။ သောင်းတိုက်ပေါ်ဇမ္ဗူ ထွက်တော်မူရာ မြင်ယောင်သည်။ အင်းဝရွှေမြို့ညို့တို့တို့နဲ့ မှိုင်းမှိုင်းရီ မျှော်တိုင်းရှုတိုင်း တိမ်လှိုင်းပလီ သိုင်းခြယ်ဟန်ပန်းချီ။ ရွှေမြေဇမ္ဗူချာ ဇေယျာတိုင်း စစ်ကိုင်းဌာန သာစွအလီလီ။ တရားရေအေး အမြှိုက်ဆေး တိုက်ကျွေး၊ ၀ဋ်ဘေးမသန်းအောင် ကမ္မဋ္ဌာန်း တက်လှမ်းရည်။ တီးလိုက်တဲ့ ရွှေကြေးစည်။ တသွင်သွင်စီး မြစ်ကြီးဧရာဝတီ။ ၀ိုင်းကာကြည် မှိုင်းပြာရည် ညနေရီ ညလေသွေးသည်။ ၀ဲယာဆီ လှေကလေးက အပြေးနဲ့လှော်မည်။

သီချင်းနားထောင်ရန်။ ။
http://soundcloud.com/winmyat-nyein/11-minnaypyi

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...