Monday, January 27, 2014

ဂီတအတွက် မမေ့မလျှော့လမ်းကလေး

January 27, 2014 at 2:03am
ဝေးရေ
ဖီးဆန့်ပန်းဘီးအနီ
ဖားလျားဆံပင် လေအဝှေ့
ဒီအလှသင်္ကေတနဲ့ နင်
ဗာဒံပင်တွေ တန်းစီနေတဲ့
မြို့ကလေးရဲ့ ကျောင်းလမ်း

ရွာကနေ နို့ပုလင်းတွေကို
စက်ဘီးမှာတင်ပြီး
ကျောင်းတက်တဲ့ ငါနဲ့
ဈေးမှာရွှေဆိုင်ခင်းပြီး
ဆိုင်ကယ်နဲ့ ကျောင်းတက်တဲ့ဝေး
အဲ့ဒီ ဗာဒံရွက်တွေ ခင်းထားတဲ့ မြို့မှာ
တို့ မေတ္တာနဲ့ နေခဲ့ကြတယ်။

ရွက်ဝါဆိုတဲ့
ဗာဒံပင်တွေအောက်က စာအုပ်ဆိုင်မှာ
စာအုပ်အတူငှား
စာအုပ်ငှားခက နင်ကပဲ အမြဲပေးတယ်
မကြီးရောင်းတဲ့ အအေးဆိုင်မှာ
နင်က ဆီး(ဇီး)ဖျော်ရည်ကြိုက်တယ်
ငါက ဘာလီကြိုက်တယ်
မကြီးက တို့နှစ်ယောက်အတွက
ဆီး(ဇီး) ဘာလီ အမြဲဖျော်ပေးတယ်
ပြီးတော့ ငါက မကြီးဆိုင်မှာ
နင့်ကို ဂစ်တာတီးပြီး
သီချင်းဆိုပြတော့
နင်ပြုံးပြီး နားထောင်တယ်
ပြီးရင် နင်ပဲရှင်းတယ်။

ဒီလို ကံ့ကော်ပွင့်ချိန်ဆို
နင်က တို့ကျောင်းမှာ
ကံ့ကော် ဘုရင်မပဲ
ဘာလို့ဆို
ငါ့အိမ်ခြံထဲက
ကံ့ကော်ပင်တွေ အဦးဆုံးပွင့်ရင်
နင်ပန်လို့ဝပြီး
ရောင်းပါတော့ ဆိုမှ
ငါက ရောင်းတာလေ။

တစ်ရက်ကျတော့
တို့မြို့နဲ့ ခြောက်မိုင်လောက်ဝေးတဲ့
ညောင်ပင်သာ၇ွာမှာနေတဲ့
အတန်းပိုင်ဆရာမကို
ကံ့ကော်ပန်းတွေနဲ့ သွားကန်တော့ကြတော့
ငါ့ကို နင့်ဆိုင်ကယ်ပေါ်တင်လို့လေ
'ဆိုင်ကယ်ပေါ် ခွမထိုင်နဲ့
မိန်းကလေး မောင်းမှာဆိုတော့
ရုပ်ဆိုးတယ်
မိန်းကလေးထိုင်သလို
ဘေးစောင်းပဲထိုင်' တဲ့
ငါက 'ကံ့ကော်ပန်းစည်းကြီးနဲ့
လိမ့်ကျမှာပေါ့' လို့ပြောတော့
'ငါ့ခါးကိုဖက်ထား' တဲ့
နင့်ခါးလေးကို ဖက်ပြီး
ခွင့်မတောင်းရဘဲ
လေအတိုးမှာ ငါ့နှာခေါင်းဆီရောက်လာတဲ့
နင့်ဆံပင်တွေကို နမ်းရတာ
မိုင်ပေါင်းခြောက်ကုဋေ
သွားနေရသလို ပျော်လိုက်ရတာ
သတိရတယ် ဝေးရယ်။

ဝေး.. တို့တွေ ဆယ်တန်းအောင်တဲ့နှစ်က
နင်က ငါ့ကို 'ဟကောင်..ဘာလုပ်မှာလဲ'တဲ့
(နင်တစ်သက်လုံးလည်း
ငါ့ကို ဟကောင်ပဲ ခေါ်သွားခဲ့တယ်နော် ဝေး)
ကဗျာဆရာလုပ်မှာ
တက္ကသိုလ်သွားတက်မှ ကဗျာဆရာဖြစ်တာမဟုတ်ဘူး
ရွာမှာနေပြီး
ကဗျာဆရာဖြစ်အောင်လုပ်မှာ
ပြီးတော့ အမေက ပန်းနာသည်
ညီမလေးက စာတော်တယ်
ဆရာဝန် အင်ဂျင်နီယာဖြစ်နိုင်တယ်
ဒီတော့ ငါကအိမ်က နွားနို့ရောင်း
ပန်းရောင်း
နောက်ပြီး တို့ရေသျှံကြီးရွာက
ဆရာဝန် အင်ဂျင်နီယာတစ်ယောက်တော့
ဖြစ်စေ ရှိစေချင်တယ်
ဒါကြောင့် ညီမလေးအတွက်
ငါ...
အနုပညာသမား ဖြစ်ကိုဖြစ်ရမယ်ဟာ
ဒီတော့ နင်ကရယ်ပြီး
'နေတော့ ရွာသား
စကားပြောကျတော့ အမေရိကားက
မြင့်လိုက်တာ လွန်ရော' တဲ့
နင်သဘောမကျလို့လားလို့
ငါကမေးတော့
'နင်ဘာလုပ်လုပ်
ငါသဘောကျပါတယ်
ငါက နင့်ကိုချစ်တာကိုး' တဲ့
ဖြူးချောင်းတံတားပေါ်မှာ
နင့်လက်ညှိုးလေး ငါဆုပ်ထားတုန်း
နင်ပြောခဲ့တဲ့စကားလေ
စကြ၀ဠာတစ်ခွင်လုံး
ဝေစည်သင်းပျံ့နေတာပဲ ဝေး။

ငါ့ရဲ့ပထမဆုံးကျဗျာ
ရုပ်ရှင်မျက်မှန်မှာပါလာတော့
ရွက်ဝါ စာပေမှာဖတ်ပြီး
နင်နဲ့ငါ နှစ်ယောက်လုံး
သံကုန်ဟစ်ပြီး အော်လိုက်တာ
စာအုပ်ဆိုင်ရှင် အန်တီက
ဘယ်လိုဖြစ်ကြတာလဲဆိုတော့
မဂ္ဂဇင်းမှာ ကဗျာပါလာလို့
ကဗျာပါတာပဲ ငါနားကန်းရတော့မယ်တဲ့
တို့နှစ်ယောက်လောက် ၀မ်းသာတာ
ဖြူးတစ်မြို့လုံး ခုချိန်ထိမရှိနိုင်ဘူး
စာတိုက်ကရောက်လာတဲ့ စာမူခလေးနဲ့
နင့်ကိုငါ ဘောလ်ပင်တစ်ချောင်း
လက်ဆောင်ပေးခဲ့တာ
နင့်တစ်သက်လုံး သွားလေရာယူသွားပြီး
မသုံးဘဲ သိမ်းခဲ့တယ် မဟုတ်လား
အဲ့ဒါလည်း
ဒီလိုကံ့ကော်တွေပွင့်
ဥသြတွေတွန်တဲ့ ရာသီပဲနော်။

ဝေးက စာမူခရတဲ့အထိမ်းအမှတ်
ငါ့ကို အလုပ်သင်ကဗျာဆရာလေးအဖြစ်
နင်က ဘယ်လိုအသိအမှတ်ပြုခဲ့လဲဆိုတော့
ငါ့စက်ဘီးအစုတ်လေးနဲ့
ပွဲတော်ရက် မဟုတ်ဘဲ
ပဲခူးရိုးမပေါ်က
မြသိန်းတန်ဘုရားကို သွားဖူးကြမယ်တဲ့
နင့်ဆန္နပဲ ငါလည်းတစ်ထပ်တည်းပေါ့
ပြန်လည်းလာရော
ငါကနင့်ကို ချစ်လွန်းလို့
ရင်ထဲကထွက်လာတဲ့ အသံနဲ့
ဝေးလို့ ခေါ်ခဲ့မိတာ
ဝေးရမယ့်အဖြစ် စတော့တာပဲ။

ဝေးမေမေက
"ဖိုးသူတော်ယိမ်းက သူပါတယ်
ရှင်လောင်းထမ်း ရှမ်းအိုးစည်က သူပါတယ်
လမ်းလေးခွ ဂစ်တာတီး သီချင်းဆို သူပါတယ်
သင်္ကြန်မဏ္ဍပ် သူပဲ
မသာခေါင်း ပန်းကပ် အရုပ်ရေး သူပဲ
လူထူထူဆို ကဗျာရွတ်မယ်
စာရူးပေရူး
ရူးရင်းနဲ့ သေမယ့်အကောင်
ဆီစက်ထဲမှာ
စာရေးလေးလုပ်ဖို့ပြောတော့
မလုပ်နိုင်ဘူးတဲ့
ကျွန်တော်က အနုပညာသမားလုပ်မှာတဲ့
လူအထင်မကြီးတဲ့အလုပ် သူအကုန်လုပ်တယ်
လူရာဝင်မယ့်အလုပ် ဘာမှမလုပ်ဘူး
ရွာနီးစပ်ချုပ်က တက်မဲ့ကောင်မဟုတ်ဘူး
သမီးကောင်ကို အခုဖြတ်
မဖြတ်နိုင်ရင် အမေချစ်ရက်နဲ့
သမီးကို အဝေးပို့ရမယ်"
တို့နှစ်ယောက်
ဖြတ်လို့မရနိုင်ဘူးဆိုတာသိတော့
ဝေးကို စင်ကာပူပို့ ကျောင်းတက်စေတယ်
မသွားခင်
ဖြူးချောင်းတံတားအောက်က
သောင်ပြင်မှာ
နင်ပြောသွားတဲ့စကားတွေ
"ဟကောင် ငါ့ကိုစိတ်မချမဖြစ်နဲ့နော်
နင့်ကိုငါ စိတ်ချပြီးသား
ငါကဟိုမှာ ကျောင်းတက်ရင်း
အလုပ်ရှာလုပ်မယ်
ပိုက်ဆံစုမယ် ကိုယ့်အားကိုယ်ကိုးပြီး
ကျောင်းတက်မယ် ငွေစုမယ်
ဘွဲ့တစ်ခုခုရပြီးရင် ပြန်လာမယ်
နင့်ကို ကဗျာစာအုပ်ထုတ်ပေးမယ်
ပြီး နင့်ကိုပဲ ယူမယ်
နင့်ကိုငါ ချစ်တယ်
နင်က ရိုးလို့လားမသိဘူး
ငါအရမ်းချစ်တာပဲ
နင် ကဗျာဆရာဖြစ်အောင်လုပ်
ငါ ကဗျာဆရာကတော်လုပ်မယ်"
နှုတ်ဆက်တဲ့ အနေနဲ့
ငါ နင့်နဖူးလေးကိုနမ်းတော့
ကံ့ကော်ဝတ်ဆံနဲ့ လိမ်းထားတဲ့
နင့်ပါးလေးကို ထိုးပေးတယ်
အလွမ်းက သိပ်ပြီးမွှေးမြတာပဲ ဝေး။

မဂ္ဂဇင်းတွေကို
ကဗျာပို့တိုင်း နင့်ဆီကို
တစ်စောင်ပို့တော့
နင်က
မဂ္ဂဇင်းထဲမှာပါမှ မဂ္ဂဇင်းပို့ပေး
မပါရင် မပေးနဲ့ဆိုလို့
မဂ္ဂဇင်းထဲပါမှ ပို့ပေးတော့
ငါ့ကို စာပြန်ရေးတယ်
"ဒီမှာ အနေကြာတော့
မြန်မာစာအုပ်ဆို အရမ်းဖတ်ကြတာ
သူငယ်ချင်းတွေကို
ဒီကဗျာရေးတဲ့လူဟာ
ငါ့ရည်းစားလို့ပြောရတာ
ငါ့ဘာသာငါ
သိပ်ဂုဏ်တက်တာပဲ
ဟကောင်ရ
ငါ နင့်ဆီကိုရေးတဲ့စာတွေထဲမှာ
နင့်ကို 'ကို' တို့ 'မောင်'တို့က 'ဟကောင်'လောက်ကို
အရသာမရှိဘူး
နင်ဆွဲပေးလိုက်တဲ့
ကံ့ကော်ပန်းစည်းပုံ
အရမ်းလှပြီး အရမ်းတူတာပဲ
ငါ နင့်ကို အရမ်းလွမ်းသွားတာပဲ
နင် ပန်းချီဆရာလည်းဖြစ်နိုင်တယ်ဟ
ဒါပေမယ့် ကဗျာဆရာပဲလုပ်ပါဟာ
ကဗျာဆရာက ပိုပြီးမြင့်မြတ်တယ်လို့
နင် ငါ့ကို ပြောဖူးတယ်လေ
အခု ငါအလုပ်ရနေပြီ
ကိုယ့်စာရိတ်နဲ့ကိုယ် ကျောင်းတက်နိုင်ပြီ
မေမေ့ကို ငွေမပို့ခိုင်းတော့ဘူး
ကျောင်းပိတ်ရက် ငါပြန်မလာဘူးနော်
ဒီမှာ အချိန်တိုင်းတန်ဖိုးရှိတယ်
ပိုက်ဆံရှာရမယ်
ငါ့ကိုလွမ်းတိုင်း
ကဗျာရေး စာရေး ပန်းချီဆွဲပေါ့
လူကြုံရှိလို့ ဆေးစုတ်တံ ကင်းဗတ်စ်တွေ
ပို့ပေးလိုက်တယ်
ရုပ်ရှင်တေးကဗျာထဲမှာ
ငါ့အကြောင်းရေးတဲ့ ၀ထ္ထုလေးဖတ်တော့
နင်ငါ့ကို လွမ်းနေတာ
သိပါတယ်
ငါလည်းလွမ်းတာပါပဲ
နောက်သုံးနှစ်လောက်လေး
အောင့်ထားနော်
ငါပြန်လာရင် စုထားတဲ့ငွေနဲ့
ရွှေဆိုင်လေး အမေတို့ဆီကခွဲဖွင့်မယ်
ရေသျှံကြီးရွာက ကဗျာဆရာနင်နဲ့
မြို့နယ်ခန်းမမှာ
မင်္ဂလာပွဲ အကြီးအကျယ်လုပ်မယ်
လက်ထပ်ပြီးရင်
နင်ကိုငါ ဟကောင်လို့မခေါ်တော့ဘူး
ဆရာ လို့ ပြောင်းခေါ်မယ်
နင်ကြိုက်တယ်မဟုတ်လား
အောင့်ထားနော် ခဏလေး.."
အကြိမ်ပေါင်းများစွာ ဖတ်ထားလို့
အဲဒီ စာအုပ်လေးထုတ်လိုက်တာနဲ့
ငါ့နှလုံးသားမျက်ဝန်းမှာ
ကွန်ပျူတာမှာပေါ်သလို
အစဉ်လိုက် နင့်လက်ရေးတွေ
ပေါ်လာတယ် ဝေး။

နင်မရှိပေမယ့်
နင်ရှိနေသလို
ရွက်ဝါစာပေကို
ညနေတိုင်း စာအုပ်ငှားသွားတယ်
ဖြူးချောင်းတံတားမှာထိုင်
သောင်ပြင်မှာလမ်းလျှောက်
မကြီးဆိုင်မှာထိုင်
ဆီး(ဇီး) ဘာလီသောက် ဂစ်တာတီး
မကြီးကတောင်မေးသေးတယ်
"ကံ့ကော်ဘုရင်မလေးနဲ့
အဆက်အသွယ်ရရဲ့လား" တဲ့
ရင်ဘတ်ထဲမှာ အမြဲထည့်ထားတဲ့
နင့်စာလေး ထုတ်ကြွားလိုက်တာပေါ့
အလုပ်က သိပ်ပင်ပန်းလို့ဆိုပြီး
နင် စာ တစ်ပတ်တစ်ခါ မရေးနိုင်တော့ဘူး
တစ်လတစ်စောင်လောက်ပဲ ရေးတယ်
ငါနားလည်ပါတယ် ဝေး
အမြဲနီးရအောင်
ခဏလေးဝေးနေရတာကို။

ငါကံဆိုးပုံလေး
နင့်ကိုပြာရဦးမယ်
နံနက်ဆို
ညီမလေး ကျောင်းပို့ရင်း
ဈေးထဲမှာ နွားနို့ပို့ ပန်းပို့
ပြီးတော့ လက်ဖက်ရည်ဆိုင်ထိုင်
သူငယ်ချင်းတွေနဲ့
ကဗျာအကြောင်း စာအကြောင်းပြော
နေ့လယ်ကျ
ရွာကခြံထဲမှာ
ပန်းပင်ရေလောင်း သစ်ပင်စိုက်
နွားစာကျွေး
ပန်းနာသည်အမေ့လည်း
ကူရသေးတာပေါ့
ညီမလေးကလည်း
စာတော်တယ်ဟ
ငါမှန်းသလို ဖြစ်မှာပါ
ညနေကျတော့
နင်နဲ့ငါ သွားနေကျ
ရွက်ဝါစာပေသွား စာအုပ်ငှား
ပြန်လာတော့ မကြီးဆိုင်မှာထိုင်
ဂစ်တာတီး
လက်ဖက်ရည်ဆိုင်ထိုင်တဲ့အချိန်
ဂစ်တာတီးတဲ့အချိန်ဆို
နင့်မေမေက ငါ့ကို တွေ့ပြီ
တစ်ရက်ကျ
အိမ်ကိုခေါ်တယ်
ငါ ကြောက်ကြောက်နဲ့
သွားရတာပေါ့
"ဘာအလုပ်မှ ဟုတ်တိပတ်တိ မလုပ်ဘဲ
အနုပညာသမားယောင်ယောင်
ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်မနေနဲ့
ဆယ်တန်းအောင်ထားတာပဲ
ကျူရှင်ပြပေါ့
ဂုဏ်လည်းရှိ ငွေလည်းရ
လူလည်း မလေဘူး" တဲ့
ငါက "ကျွန်တော်
မဂ္ဂဇင်းတွေမှာ
ကဗျာရေးနေတယ်လေ
ကဗျာဆရာလုပ်မှာ" ဒီတော့
"ရည်မှန်းချက်က ကြီးပါ့
တစ်နှစ်မှ နှစ်ပုဒ်သုံးပုဒ်ပါတာကို
လျှာပေါ်မျကပေါက်မယ့် အလုပ်"
အဲဒီနေ့က
ငါသိမ်ငယ်သွားလိုက်ပုံများ
လောကကြီးမှာ ငါမရှိတော့ဘူးလား
ထင်မိတယ်
နင်သိအောင်ပြောတာနော် ဝေး
စိတ်ညစ်မသွားနဲ့
နင့်မေမေ သဘောတူအောင်
ငါကြိုးစားမှာပါ။

ငါလည်း
ကဗျာစာအုပ်ထုတ်ဖို့
စာမူခလေးတွေရယ်
အိမ်ကပိုတဲ့ ပိုက်ဆံလေးတွေရယ်
စုထားပါတယ် ဝေးရဲ့
တစ်ရက် အိမ်မှာ
နင်ပို့ပေးလိုက်တဲ့
စုတ်တံ ဆေး ကင်းဗတ်စ်တွေနဲ့
ပန်းချီဆွဲနေတုန်း
နင့်အိမ်က နင့်မောင်လေး
်ဆိုင်ကယ်နဲ့ရောက်လာပြီး
ငါ့ရင်ထဲကို
မီးစကြီးတစ်စ ပစ်သွင်းသွားတယ်
"မမ ဒီနေ့ကစပြီး
ဘယ်တော့မှ ကျွန်တော်တို့ဆီ
ပြန်မလာနိုင်တော့ဘူး" တဲ့
ပြောပြောပြေးပြေး ပြန်မောင်းသွားတယ်
ငါမယုံပါဘူး ငါ့ကို သဘောမတူလို့ပြောတာ
ဘာလို့ဆို
ဒီအပတ်ထဲမှာ ရေးလိုက်တဲ့
နင့်စာလေး ငါ့အိတ်ထဲမှာ
"ဟကောင်
ကံ့ကော်တွေပွင့်ပြီမဟုတ်လား
နောက်နှစ်ပတ်လောက်ဆို
ငါပြန်လာပြီ
ရည်မှန်းသလောက်လည်း ရပြီဖြစ်ပြီဆိုတော့
နင်ပျော်ပေတော့" ဆိုတဲ့
ကြေးနန်းစာလေး ရှိတယ်လေ
ရင်ထဲမှာတော့
နင့်မောင်လေးပြောသွားတဲ့ စကားက
ခရမ်းပြာအရိုင်း
အပြာလွင်ပြင်
စုတ်ချက်ဓားထက်ထက်မှာ
နှင်းဆီတစ်ခင်းလုံး ကြွေခဲ့တယ် ဝေး။

နှစ်တိုင်း နှစ်တိုင်း
ဒီရက်ရောက်တိုင်း
နင့်အိမ်ကို ကံ့ကော်ပန်းစည်းကြီး
နင့်အတွက် ငါသွားသွားပို့ပေးတယ် ဝေး
ဒီနေ့ကျမှ
နင့်မေမေကိုယ်တိုင် တံခါးဖွင့်ပေးပြီး
ငါ့လက်ထဲက ပန်းစည်းကြီးကိုယူ
နင့်ဓာတ်ပုံရှေ့ချ
ငါ့အင်္ကျီကို ဆွဲပြီး
"သားရယ် မေမေတို့
ကြာရင် မမေ့အောင်
တစ်နှစ်တစ်ခါ လာလာလုပ်နေတာလား
ကြည့်ရတာ ဖရိုဖရဲကြီးနဲ့
သားလည်း ကဗျာဆရာဖြစ်နေပြီပဲ
ငေးငေးငေါင်ငေါင်ကြီး လုပ်မနေပါနဲ့
ကြာခဲ့ပြီပဲ
ကံအတိုင်းပေါ့ သားရယ် " ဆိုပြီး
ငိုတော့တာပဲ
ငါမငိုဘူး ဘယ်တော့မှမငိုခဲ့ဘူး
ပျော်တောင် ပျော်သေးတယ်
နင့်မေမေက ငါ့ကို သားတဲ့
ဒါဆို နင်နဲ့သဘောတူလို့ပေါ့
ငါပျော်လိုက်တာ ဝေး
မကြီးကို သွားကြွားရမယ်။

မကြီး ဆီး(ဇီး)ဘာလီ နှစ်ခွက်ဖျော်ဗျာ
ဒီနေ့ အရမ်းဝမ်းသာတယ်
ဝေးရဲ့မေမေ ကျွန်တော့်ကိုသားတဲ့ဗျ
ဝေးနဲ့သဘောတူပြီ
ပြီးတော့ ကဗျာဆရာတဲ့
ဝမ်းသာတဲ့ အထိမ်းအမှတ်
ဝေးကိုဆိုပြတဲ့ သီချင်းလေး
ဆိုပြမယ် နားထောင်
"သည်နွေကူးပြောင်းရင်
အလွမ်းစိတ်ဖြေပြေမယ့်
မင်းကိုယ်စားကို
ဘယ်ရာသီမှာ ရုန်းထွက်လို့
စေနိုင်မှာလေ
နေနေနိုင်တဲ့ ဘ၀သစ်မှာ
အဆင်သင့် မဖြစ်နိုင်ခဲ့ရင်
နေရာဟောင်းလေးမှာ.."
...ဘယ်တော့များမှ
ပြန်ဆုံကြမှာလဲ ဝေးရယ်...
မကြီးလည်း ငိုပြန်ပြီ။

ဖြူးချောင်းသောင်ပြင်ပေါ်က
ကောင်းကင်ကြီးကို ကြည့်ပါဦး
နင်သိပ်ကြိုက်တဲ့ အပြာအလွင်
တစ်ဖြူတစ်စတောင် မတွေ့ရဘူး
ဝေး ပြောဖူးတယ်လေ
ဒီချောင်းထဲကနေ ပဲခူးရိုးမ ဆည်းဆာကိုကြည့်ရင်
နေလုံးကြီးက အသည်းနှစ်မွှာထဲဝင်သွားသလို
နေက၀င်သွားပေမယ့် နောက်နေ့ဆို ပြန်ပေါ်လာတာ
လလည်း မိုက်နေပေမယ့်
တစ်ညညဆို ပြန်သာလာတာ
နင့်ကို ငါ ဘယ်တော့မှမတွေ့ရတော့ဘူးတဲ့
တကယ်လား...ဟင်
ဝေးမရှိဘူးဆိုတာ
ဘယ်တုန်းကမှ မယုံခဲ့ဘူး
ဝေးက ငါ့ရင်ထဲမှာ ကဗျာအဖြစ် အမြဲရှိတယ်
ဝေးရနံ့က ကံ့ကော်ပန်းနဲ့အဖြစ် အမြဲသင်းနေတယ်
ငါ့ ကဗျာစာအုပ်လေးက
စာရွက်လေးတွေ ဆုတ်ဖြဲပြီး
လှေလေးတွေ
နှစ်ဆယ့်တစ်စင်းလုပ်တယ်
နင့်သက်စေ့လေ
လှေလေးတွေပေါ်မှာ
နင်သိပ်ကြိုက်တဲ့ ကံ့ကော်ပန်း
ပွင့်ဖတ်လေးတွေ
ဝတ်ဆံလေးတွေ တင်ပြီး
ဒီဖြူးချောင်းလေးအတိုင်း လွှတ်လိုက်တယ်
ဖြူးချောင်းကနေ စစ်တောင်းမြစ်
စစ်တောင်းမြစ်ကနေ
ပင်လယ်
ပင်လယ်ကနေ နင်ရှိရာ
စင်ကာပူနိုင်ငံကိုပေါ့
ဝေး ဒီသောင်ပြင်ပေါ်မှာ
နေရာဟောင်းလေးကို သီချင်းဆိုရင်း
ငါစောင့်နေမယ်လေ
သုံးနှစ်ဆိုတာ ခဏလေးပါဆို
သုံးနှစ် သုံးနှစ်တွေလည်း များခဲ့ပြီ
ကံ့ကော်ပွင့်ချိန်ဆို
ပြန်ခဲ့မယ်ဆို
အခု ကံ့ကော်တွေပွင့်နေပြီလေ
ဖြူးချောင်းတစ်ခုလုံး ကံ့ကော်ပန်းတွေခင်းပြီး
ကြိုနေမယ် ဝေးရယ်
ငါချစ်သလောက် ပြန်ချစ်မယ့်သူရှိနိုင်ပေမယ့်
နင်ချစ်သလောက်
ငါ့ကိုချစ်မယ့်သူ
မရှိနိုင်ဘူး ဝေး မရှိနိုင်ဘူး
ပြန်မလာတော့ဘူးလားဟင်
ပြန်မလာနိုင်တော့ဘူးလား
ပြန်လာပါတော့ ဝေးရယ်
ငါလွမ်းလို့ ရူးတော့မယ်။   ။

(ဒီမိုကရေစီမရခင် ကွယ်လွန်သွားသော ထူးအိမ်သင်နှင့်
 စင်ကာပူနိုင်ငံတွင် ကွယ်လွန်ခဲ့သော ကျွန်တော့်ရဲ့ ဝေးသို့)
များစွာဖြင့်
စောဝေ

ကဗျာဆရာစောဝေရဲ့ ထူးအိမ်သင် အသက်(၅၀)ပြည့် အမှတ်တရစာအုပ် ထဲကနေ သူငယ်ချင်းတွေ ဖတ်စေချင်လို့တကူးတက ရိုက်တင်ပေးလိုက်တယ်ဗျာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...