ဒေ၀ါနန်း မိတ်ဆက် (အပိုင်း-၁)
မင်းလူ၏ ၀တ္တုတိုများ January 22, 2014 at 3:33am
"ဒေ၀ါနန်းဆိုတာ နာမည်ရင်းလားဗျ"
ဟု ဒေါက်တာတုတ်ခိုင်မေးသည်။
အရင်ကတော့ ဒေါက်တာတုတ်ခိုင်သည် ဆေးခန်းကို ဆိုင်ကယ်လေးစီးပြီး လာတတ်၏။ သိပ်အကောင်းစားတော့မဟုတ်။ ဟွန်ဒါ စူပါကပ်မော်ဒယ်ဟောင်းကလေးသာဖြစ်၏။
အင်ဂျင်ကလည်းကျ၊ ဆေးရောင်ကလည်း မှိန်နေပြီ။ သိပ်လည်းမဆွဲတော့။ တစ်ခါတစ်ခါမှာ ဓာတ်ခဲ၏စက်ဘီးကတောင် ကျော်ကျော်တက်သွားတတ်သေးသည်။ သူကတော့
"အိမ်က နည်းနည်းပိုစောထွက်လာလိုက်ရင်ပြီးတာပါပဲဗျာ၊ ဘယ်လောက်မောင်းမောင်း ဒီထက်ပိုမသွားဘူးဆိုတော့ စိတ်လိုက် မာန်ပါမောင်းလို့မရတော့ဘူးပေါ့။ အန္တရာယ်ကင်းတယ်လေဗျာ"
ဟု ခပ်အေးအေးပင် ပြောတတ်သည်။
လွန်ခဲ့တဲ့တစ်လလောက်ကတော့ သူ့ဆိုင်ကယ်လေးကိုရောင်းလိုက်ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်ထဲမှာ အမျိုးမျိုးဝေဖန်ကြသည်။ သူက ဆေးဖိုးလျှော့ရုံသာမက မရှိတဲ့သူကို အလကားကုပေးတာတွေလည်း ပါသေးသဖြင့် စီးပွားရေး တွက်ခြေမကိုက်ဘဲ ဆိုင်ကယ်တောင်ရောင်းလိုက်ရှာပြီဟု တချို့ကမှတ်ချက်ချသည်။ တချို့ကတော့ ဒီထက်ကောင်းတဲ့ ဆိုင်ကယ် ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ်ဝယ်ဖို့ဟာ စိတ်ကြိုက်မတွေ့သေးလို့ဖြစ်မှာပေါ့ဟု ထင်ကြေးပေးသည်။
ဘာပဲဖြစ်ဖြစ် ခုအခါမှာတော့ ဒေါက်တာတုတ်ခိုင် ဆိုက်ကားစီးနေပြီ။ ဆိုင်ကယ်ရောင်းပြီး နောက်တစ်နေ့မှာ လိုင်းကား စီးပြီး လာခဲ့ရသည်။ သူ့အိမ်ကဆိုလျှင် လိုင်းကားနှစ်ဆင့်စီးပြီးမှ အနီးဆုံးလမ်းဆုံကိုရောက်သည်။ လမ်းဆုံကနေ ဈေးအထိ တစ်စင်းတည်းသောဘတ်စ်ကားအိုကြီးကို ထပ်စီးရပြန်သည်။ တကယ်လို့ ဒီဘတ်စ်ကားကြီးသာ ပျက်နေပြီဆိုလျှင် သူတို့ ရပ်ကွက်ကလူတွေ မြို့ထဲဘက်သွားဖို့ ကသီလင်တနိုင်လေတော့သည်။
ဒေါက်တာတုတ်ခိုင်သည် ဆိုင်ကယ်ရောင်းပြီး နောက်တစ်နေ့မှစ၍ ဒီလမ်းကြောင်းကို အသုံးပြုရသည်။ ပထမဆုံးနေ့မှာပင် ဘတ်စ်ကားအိုကြီးက ပညာပြလေသည်။ ဆီပျောက်နေသဖြင့် တော်တော်နဲ့နှိုးလို့မရ။ ရလုလုလည်းကျရော မော်တာမွှေရလွန်းသဖြင့် ဘက်ထရီဒေါင်းသွားသည်။ ခရီးသည်တွေ ၀ိုင်းတွန်းကြရသည်။ တစ်ဖာလုံလောက်ရောက်မှနိုးသည်။ သူလည်း အတော်မောသွားသည်။
ဈေးရှေ့ရောက်တော့ အတော်နောက်ကျနေပြီ။ ရပ်ကွက်ထဲက သူ့ဆေးခန်းရောက်အောင် ဆိုက်ကားတစ်ဆင့်စီးရဦးမည်။ ဂိတ်ထဲမှာရှိသည့် ဆိုက်ကားဆရျာွှေကို ဝေ့ကြည့်လိုက်သည်။ ငယ်ငယ်ရွယ်ရွယ်တောင့်တောင့်တင်းတင်း ဆိုက်ကားဆရာကို ရှာခြင်းဖြစ်၏။ ဒါမှ အမြန်ရောက်နိုင်မည်။
"ဆိုက်ကား ဍ ရပ်ကွက်ထဲသွားချင်လို့"
ဟု သန်မာပုံရသောလူငယ်တစ်ယောက်ကိုရွေး၍ခေါ်လိုက်သည်။ တကယ်တော့ ဆိုက်ကားတို့ထုံးစံမှာ လမ်းက ဖြတ်ခေါ်လျှင်သာ ကိုယ့်သဘောနှင့်ကိုယ် လိုက်ခွင့်ရှိ၏။ ဂိတ်မှာလာခေါ်လျှင်တော့ အလှည့်ကျသာလိုက်ရသည်။ ထို့ကြောင့် လူငယ်က တဲလေးအတွင်းသို့လှည့်ကြည့်ပြီး
"ဒေ၀ါနန်း ဍ သွားချင်လို့"
ဟု လှမ်းအော်သည်။ ကျားထိုးနေကြသူနှစ်ယောက်ထဲက တစ်ယောက် ထရပ်သည်။
"၀င်းမောင်၊ ငါ့အစား မင်းဆက်ကစားထားလိုက်"
ဟု မည်းမည်းလုံးလုံးတစ်ယောက်ကို လှမ်းမှာပြီးမှ ထွက်လာသည်။
ဒေ၀ါနန်းဆိုသော ဆိုက်ကားဆရာကိုကြည့်ပြီး ဒီနေ့တော့ ဆေးခန်းကို စံချိန်တင်လောက်အောင် နောက်ကျပြီးမှ ရောက်တော့မည်ဟု တွက်လိုက်မိ၏၊
ဒေ၀ါနန်းဆိုသူမှာ အသက်ငါးဆယ်ကျော်ကျော်။ ဆိုက်ကားဆရာဆိုသောဂုဏ်ဒြပ်နှင့်မလိုက်ဖက်အောင်ပင် ပိန်လွန်းလှ၏။ သူပိန်ပုံက အပေါ်မှအောက်သို့ရှူးပြီး ပိန်သွားခြင်းဖြစ်၏။ ပုဆိုးတိုတိုအောက်မှထွက်ပေါ်နေသော ခြေသလုံးတွေက ချိုင်းထောက် နှစ်ချောင်းလား ထင်ရသည်။ စွပ်ကျယ်အင်္ကျီဝတ်ထားသဖြင့် လက်မောင်းများနှင့် တစ်စွန်းတစ်စပေါ်နေသောနံရိုးများကို မြင်သာသည်။ ထိုအခါ ဆေးတက္ကသိုလ်မှာတုန်းက စကယ်လီတန်ခေါ် လူအရိုးစုများအကြောင်း သင်ခဲ့ရတာကို သွားသတိရမိသေးသည်။
ဒီလိုလူနင်းတဲ့ ဆိုက်ကားစီးရမှာ လူလူချင်းညှဉ်းပန်းနှိပ်စက်သလိုဖြစ်နေမလားပဲဟုလည်း တွေးမိသေးသည်။ ဒေ၀ါနန်းကတော့ ဆိုက်ကားကို တွန်းထုတ်လာပြီး
"တက်လေ ဆရာ"
ဟု ပြောနေပြီ။ ထို့ကြောင့် ဆိုက်ကားပေါ်တက်ထိုင်လိုက်ရ၏။
ဒေ၀ါနန်း၏ဆိုက်ကားသည်လည်း သူ့သခင်လိုပင် ခနော်နီခနော်နဲ့ဖြစ်၏။ သွားနေရင်း ချိုင့်ထဲကျလျှင် ကျတဲ့ဘက်ကို အိခနဲစောင်းကျသွားတတ်၏။ သွားတော့လည်းဖြည်းဖြည်းနှေးနှေး။ ဒေါက်တာတုတ်ခိုင်စိတ်ထဲမှာ ဆိုက်ကားခပေး ပြန်လွှတ်ပြီး လမ်းဆင်းလျှောက်ရကောင်းမလားတောင် တွေးမိ၏။
ထိုစဉ်မှာပင် ဒေ၀ါနန်းက
"ဆရာ၊ ဆရာ့ဆိုင်ကယ်ပျက်နေလို့လား"
ဟု မေးလိုက်သည်။
"ရောင်းလိုက်တာပါ"
ခုလိုမေးကတည်းက ဒေ၀ါနန်းက သူ့ကိုသိနှင့်နေကြောင်း ထင်ရှားသည်။
"ကားပြန်ဝယ်မှာမို့လို့လား"
ထပ်မေးသည်။
"မ၀ယ်နိုင်ပါဘူးဗျာ"
"အင်းပေါ့လေ၊ ဆရာက စီးပွားရေးမှမဆန်ဘဲကိုး"
"ဗျာ"
"သြော်..ဆရာက ဆေးကုခ လျှော့ယူတဲ့အပြင် တချို့ဆင်းရဲတဲ့သူတွေဆို အလကားတောင်ကုပေးတယ် မဟုတ်လား။ ဒီတော့ စုမိဆောင်းမိ ဘယ်ရှိပါ့မလဲ"
ဒေါက်တာတုတ်ခိုင် ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်၏။
"ဒါနဲ့ ဆရာ့မှာ မိန်းမရှိလား"
ဟု ရုတ်တရက်မေးပြန်သည်။
"မရှိပါဘူး"
ဟု ဖြေရ၏။
"ဒါဆို ကျွန်တော့်လိုပဲ လူပျိုကြီးပေါ့"
ဒေါက်တာတုတ်ခိုင် ခေါင်းညိတ်သည်။
"လူပျိုကြီးဘ၀ဟာ ကောင်းလည်းကောင်းတယ်။ မကောင်းလည်းမကောင်းဘူး ဆရာရဲ့"
"ဘာဖြစ်လို့လဲ"
"ကောင်းတယ်ဆိုတာက နားပူသက်သာလို့ နားအေးပါးအေးနေရလို့ပဲ။ ဒါပေမယ့် တစ်ခါတစ်ခါတော့ တစ်ယောက်ထဲ ပျင်းခြောက်ခြောက်ကြီးဗျ"
ပြောရင်းဆိုရင်းက ဆေးခန်းရှေ့ရောက်လာသည်။
"ဘယ်လောက်ပေးရမလဲ"
ဒေါက်တာတုတ်ခိုင်က မေးတော့
"သူများဆို သုံးဆယ်ယူတယ်။ ဆရာကတော့ နှစ်ဆယ်ပဲပေးပါ"
"ဟာ..မဟုတ်တာ၊ ထုံးစံအတိုင်းယူပေါ့"
ဆိုပြီး ငွေသုံးဆယ်ပေးရာ မရဘဲ တစ်ဆယ် အတင်းပြန်ပေးရင်း
"ကျွန်တော့်တုန်းကလည်း ဆရာက လျှော့ယူခဲ့တာပဲဟာ"
"ဟင်.. ဘယ်တုန်းကလဲ"
"ဆရာကတော့ ဘယ်မှတ်မိမလဲ။ လူနာအများစုနဲ့ကိုး။ လွန်ခဲ့တဲ့နှစ်လလောက်ကလေ ဆီးရောဂါဖြစ်ချင်လို့ ဆရာ့ဆီလာတာ အဲဒီတုန်းက ဆေးဖိုးမလောက်လို့ နောက်ရက်မှလာပေးမယ်ပြောတော့ ဆရာက နေပစေ လာမပေးနဲ့လို့ ပြောခဲ့တာလေ။ ကျွန်တော်က ဒီနေ့ ပိုက်ဆံမယူဘူးတောင် စဉ်းစားထားတာ မတတ်သာလို့သာ"
ဒေါက်တာတုတ်ခိုင်လည်း သူ့စေတနာကို လေးစားသည့်အနေဖြင့် ငွေတစ်ဆယ်ကို အိတ်ထဲ ပြန်ထည့်လိုက်ရသည်။
"ဒါနဲ့ညဆေးခန်းပိတ်တော့ ဆရာ ဘယ်လိုပြန်မလဲ"
"အဆင်ပြေသလိုပေါ့"
"ကျွန်တော် လာကြိုပေးရမလား"
ခဏစဉ်းစားပြီးမှ
"ကောင်းသားပဲ တစ်ခုတော့ရှိတယ်။ ဆိုက်ကားခ လျှော့ယူမယ်ဆိုရင်တော့ မဖြစ်ဘူးနော်"
ဒါပေါ့ဆရာ အမြဲတမ်းတော့ ဘယ်လျှော့နိုင်မလဲ"
အစတုန်းကတော့ ဒီဆိုက်ကားဆရာ မလွယ်ဘူးထင်တယ်ဟု တွေးခဲ့မိသည်။ ခုကျတော့ သူ့ကိုပင် လာကြိုခိုင်းမိပြန်၏။ ငွေတစ်ဆယ်လျှော့ပေးထားသဖြင့် အားနာသွားတာလည်းဖြစ်နိုင်သည်။ အသက်ကြီးသူမို့ သနားပြီး အားပေးချင်တာလည်း ပါနိုင်၏။ စကားပြောကြည့်ပြီးနောက် အလိုလိုခင်မင်စိတ်ပေါက်လာတာက အဓိကဖြစ်လေသည်။
နောက်ပိုင်းကျတော့ ဒေ၀ါနန်း၏ဆိုက်ကားကိုပင် ပုံမှန်စီးဖြစ်သွားသည်။ ဆိုက်ကားဂိတ်ကလူတွေကလည်း နားလည်မှု ထားပေးကြသည်။ ဒေါက်တာတုတ်ခိုင်ရောက်လာလျှင် ဘယ်သူ့အလှည့်ဖြစ်ဖြစ် ဒေ၀ါနန်းကိုသာ လိုက်ပို့စေသည်။
ဒီလိုနှင့် ဒေ၀ါနန်းနှင့်ပိုမိုရင်းနှီးလာပြီး သူ့အကြောင်းကိုလည်း တစ်စတစ် ပိုသိလာလေ၏။
* * * *
"ဒေ၀ါနန်းဆိုတာ နာမည်ရင်းမဟုတ်ပါဘူး ဆရာရဲ့ သူများတွေက နောင်ပြောင်ခေါ်ရင်း တွင်သွားတာ။ ကျွန်တော့်နာမည်ရင်းက အန်းတိတ်တဲ့"
ဒေ၀ါနန်းဆိုသောနာမည်ပြောင် ဘယ်လိုဖြစ်တာလဲ မေးမယ်ကြံကာမှ နာမည်ရင်းက အန်းတိတ်ဆိုပြန်တော့ အစက စမေးရမလိုဖြစ်နေ၏။ နောက်တော့မှ ရှေ့မှီ နောက်မှီဖြစ်သော ကိုရှိန်ကပြောပြသည်။
ဒေ၀ါနန်း၏အဖေမှာ တရုတ်ကပြားဖြစ်၏။ ထို့ကြောင့် သူ့သားကို အန်းတိတ်ဟုအမည်ပေးခဲ့ခြင်ဖြစ်၏။ ဒီအတိုင်း အတိအကျတော့ ဟုတ်ချင်မှုဟုတ်မည်။ ဘေးလူတွေက သူတို့အသံထွက်ကိုမခေါ်တတ်သဖြင့် အန်းတိတ်ဟူ၍သာ တွင်သွားခြင်းဖြစ်နိုင်၏။
တရုတ်သွေးပါသော မောင်အန်းတိတ်သည် တရုတ်စာများဖြစ်သော ၀က်ခေါက်ကင်၊ ပေါက်စီ၊ ခေါက်ဆွဲကြော်၊ ကြေးအိုး စသည်တို့ကို လုံးဝမကြိုက်။ အိန္ဒိယအစားအစာများဖြစ်သော ဘယာကြော်သုပ်၊ တိုရှည် အာလူးပူရီ၊ ဒံပေါက်ထမင်းတို့ကိုသာ ကြိုက်သည်။ သူအနှစ်သက်လုံးအစားအစာမှာ ချစ်တီးထမင်းဟင်းဖြစ်သည်ဟု သိရ၏။
ရုပ်ရှင်ဆိုလျှင်လည်း ကုလားကားများကိုသာကြည့်တတ်သည်။ သူတို့ငယ်ငယ်က မြို့ထဲမှာ ရုပ်ရှင်ရုံတစ်ရုံသာရှိ၏။ (ခုထိလည်း တစ်ရုံပဲရှိပါသည်)။ ထိုရုပ်ရှင်ရုံမှာ ကုလားကားတွေ မကြာခဏပြလေ့ရှိ၏။ မြွေမင်းသား၊ မြွှေမင်းသမီးများပါသော နာဂင်း၊ အနာကလီ၊ အာဝါရား၊ မားသားအိန္ဒိယ စသောဇာတ်ကားများဖြစ်၏။ ထိုဇာတ်ကားများထဲမှ မင်းသား၊ မင်းသမီးများဖြစ်ကြသော ရာဂ်ျကမူး၊ ဒီလစ်ကူးမား၊ နရဂစ်၊ ဆူနီဒတ်၊ မာလာဆင်ဟာ၊ ဗီဂျန်တီမာလာ၊ မီနာကုမာရီတို့သည် ပရိသတ်အသည်းစွဲပင်ဖြစ်၏။
"ခုခေတ်မင်းသားတွေဖြစ်တဲ့ ဂျက်ကီရှရှော့ဖ်တို့ကြမ်းတယ်၊ ရမ်းတယ်ဆိုတာ ဘာဟုတ်သေးလဲကွ။ ဟိုအရင်က ရမ္မကျီး ဇာတ်လမ်းတွဲတွေကို ခြေဖျားတောင်မမီဘူး"
ဟု သူက ပြောတတ်သည်။ ပြောရင်းက စိတ်ပါလာလျှင် "အာဝါရားဟို..." ဆိုသောသီချင်း "ပြာရေ..ပြာရေ" အစချီ သီချင်းများကို ဌာန်ကရိုဏ်းကျကျ ဆွဲဆွဲငင်ငယ်ဆိုပြတာများ အိန္ဒိယအဆိုကျော် မာမက်ရဖီနှင့် နင်လား ငါလားပဲ။
အိန္ဒိယမင်းသားတွေထဲမှာ သူအကြိုက်ဆုံးအသည်းစွဲကတော့...
"ရှရွတ်ခန် ချောတယ်ဆိုတာ ဒေ၀ါနန်းက ပျင်းတောင်ပျင်းသေးတာပေါ့ကွာ။ အိုက်တင်ဘော၊ အကြမ်းရော၊ အလွမ်းရော စွယ်စုံရတဲ့ ရှာမှရှားတဲ့မင်းသားကွ"
ဟု ပြောတတ်သည်။
ထိုမင်းသားသည် သူတို့ငယ်ငယ်က နာမည်ကျော်ခဲ့သူဖြစ်၏။ တကယ်တော့ ထိုမင်းသား၏နာမည်မှာ အိန္ဒိယအသံထွက်အရ ဒေ့ဗ်အာနန်သာဖြစ်၏။ သို့ရာတွင် မြန်မာတွေက ဒေ၀ါနန်းဟူ၍သာနှုတ်ကျိုးနေကြသည်။
တစ်ချိန်က အမေရိကန်မှာ ပရက်စလေ၊ မြန်မာနိုင်ငံမှာ ၀င်းဦးတို့ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သလို အိန္ဒိယ ဆိုသည်မှာလည်း ဒေ၀ါနန်းသည် ခေတ်တစ်ခေတ်ကို ပိုင်စိုးခဲ့သူဖြစ်၏။ သူသည် အသက်အရွယ်ကြီးရင့်လာသည်အထိ ပရိသတ်ကို ဖမ်းစားနိုင်ဆဲရှိခဲ့သည်။
တစ်ခါက ဒေ၀ါနန်းသည် တက္ကသိုလ်ကျောင်းတစ်ကျောင်းနားမှာ ရုပ်ရှင်သွားရိုက်ရသည်။ နေ့လယ်ကျတော့ ဒေ၀ါနန်းက အိမ်ပြန်ထမင်းစားဖို့ ကားနှင့်ထွက်လာသည်။ ထိုအချိန်မှာ ကျောင်းသူများလည်း ထမင်းစားဖို့ကျောင်းအဆင်း သွားဆုံသည်။ ဒေ၀ါနန်းကိုမြင်တော့ ကျောင်းသူတွေက ကားကိုဝိုင်းပိတ်ဆို့ထားပြီး အော်တိုလက်မှတ်ထိုးခိုင်းသည်။ တခြားကျောင်းသူတွေကလည်း သတင်းကြားပြီး ထပ်ရောက်လာပြန်သည်။ ဒေ၀ါနန်းမှာ ကျောင်းသူတွေကြားမှာ ပိတ်မိနေတော့သည်။ ထို့ကြောင့်
"နည်းနည်းလောက် လမ်းဖယ်ပေးကြပါ။ ကျွန်တော် ထမင်းမစားရသေးလို့ပါ"
ဟု တောင်းပန်ရသည်။ ဒီအခါကျမှ ပိုဆိုးလေတော့သည်။ ကျောင်းသူတွေက
"ထမင်းမစားရသေးရင် ကျွန်မတို့ထမင်းဘူးထဲက စားပါ"
ဆိုပြီး ထမင်းဘူးတွေ သူ့ထက်ငါ လုယက်ပေးကြသဖြင့် ဒုက္ခရောက်ရပြန်သည်။ နောက်ဆုံးတော့ အားလုံးကျေနပ်အောင် ထမင်းဘူးတစ်ဘူးကို တစ်ဇွန်းစီ ခပ်စားလိုက်ရသည်။ ဒါတောင် ထမင်းဘူးစေ့အောင် မစားနိုင်သဖြင့် မနည်းတောင်းပန်ပြီး ထွက်ခဲ့ရသည်ဟု အဆိုရှိ၏။ ထိုအချိန် ဒေ၀ါနန်း၏အသက်မှာ ငါးဆယ်ကျော်နေပြီတဲ့။
"အဲဒီလောက်ထိ ကျော်ကြားခဲ့တာကွ"
အန်းတိတ်ကြီးက ထိုအကြောင်းကို မကြာခဏတဖွဖွပြောလေ့ရှိ၏။ ဒေ၀ါနန်းအကြောင်းပြောလွန်းလို့ သူ့ကို ဒေ၀ါနန်းဟု နောက်ပြောင်ခေါ်ကြရာမှ ဒီနာမည်တွင်ခဲ့ရခြင်းဖြစ်၏။
ဒေ၀ါနန်း၏ဆိုက်ကားကို စီးရတာ သိပ္ပံမောင်ဝ၏လှည်းသမားဝတ္ထုထဲကလိုပင်ဖြစ်၏။ လှည်းသမားသည် လမ်းတစ်လျှောက်လုံး ပတ်ဝန်းကျင်အခြေအနေအကြောင်း အဆက်မပြတ်ပြောသွားသဖြင့် သရုပ်ဖော်ဝတ္ထုရေးဆရတစ်ယောက်လိုပင် ဖြစ်နေသည်။
ဒေ၀ါနန်းကျတော့တစ်မျိုး။ လူတွေအကြောင်းပြောတတ်ခြင်းဖြစ်၏။ ဆိုက်ကားနင်းလာရင်း လမ်းမှာတွေ့သမျှလူတွေ အကြောင်း တရစပ်ပြောပြခြင်းဖြစ်၏။ သူက လူတော်တော်များများအကြောင်းကိုလည်း သိသည်။ ဘယ်လို စပ်စပ်စုစုလုပ်ထားသလဲတော့မသိ။
"အဲဒီကောင်မလေးက အတော်ကံဆိုးရှာတယ်ဆရာရဲ့။ ကြည့်ပါလား။ မွေးခါနီး ဖွားခါနီး ဗိုက်ကြီးတကားကားနဲ့တောင် ဈေးတောင်းခေါင်းရွက်ပြီး လိုက်ရောင်းနေရသေးတယ်။ သူ့ယောက်ျားက အရက်သမားလေ။ ဘာအလုပ်မှမလုပ်တဲ့အပြင် ကောင်မလေးရှာသမျှ အကုန်သောက်ပစ်တာပဲ။ ကောင်မလေးကလည်း မိုက်တာကိုးဆရာရဲ့။ ဟိုအရင်က သူ့ကိုတစ်ဖက်သတ် ကြိုက်တဲ့ကောင်လေးက တော်ရှာပါတယ်။ ရုပ်ကလေးကတော့ ဆိုးတာပေါ့။ အဲ့ဒါကို ကောင်မလေးက ရုပ်ချောတာမက်ပြီး ဟိုကောင် သွားယူတော့ ဒုက္ခရောက်ရောပေါ့"
လမ်းမှာဖြတ်သွားရင်း တွေ့သည့်ကောင်မလေးတစ်ယောက်အကြောင်း ပြောပြနေခြင်းဖြစ်၏။ ဒါတွင်မက
"သူ့အဖေက ကျွန်တော့်သူငယ်ချင်းလေ။ ဘုန်းကြီးကျောင်းမှာ တူတူနေခဲ့တာပေါ့။ ဒီကောင်ကတော့ လောင်းကစားကို အားကြီးဝါသနာပါတယ်။ သူ့အလုပ်ကိုက အသုဘလိုက်ရှာပြီး ဖဲရိုက်တာလေ။ ဒီတော့ သားသမီးကို ဖိဖိစီးစီး မစောင့်ရှောက်နိုင်၊
မဆုံးမနိုင်ဘူးပေါ့။ သူ့မိန်းမကလည်း အသုံးမကျဘူး"
စသည်ဖြင့် စောစောကကောင်မလေး၏အဖေအကြောင်း၊ ထို့နောက် အမေအကြောင်း ထိုမှတစ်ဆင့် ထိုမိန်းမ၏ မောင်ကတော့ စီးပွားရေးအဆင်ပြေနေကြောင်း၊ အစ်မဖြစ်သူကို သံယောဇဉ်ရှိသော်လည်း ယောက်ဖကို မျက်နှာကြောမတည့်သဖြင့် ခပ်တင်းတင်းနေကြောင်း၊ ထိုသူ၏သားသမီးတွေကတော့ လိမ္မာကြောင်း၊ အကြီးမလေးဆို ဆယ်တန်းရောက်နေပြီဖြစ်ကြောင်း
"ဒါကလည်း သူ့မိန်းမအထိန်းအသိမ်းကောင်းလို့ပါ။ အစကတော့ အဲဒီမိန်းမနဲ့ မိဘတွေက သဘောမတူဘူး။ နောက် ဒီကောင် စီးပွားရေးကောင်းလာမှ အဆင်ပြေသွားတာ။ ဒီကောင့်ယောက္ခခမတွေက ငွေမက်တယ်လေ။ အသုံးအစွဲကလည်း ကြီးတော့ ပေးမလောက်ပဲ ဆရာရဲ့"
စသည်ဖြင့် လူတစ်ယောက်အကြောင်းပြောလျှင် ထိုသူနှင့်ဆက်စပ်ပြီး ရှိသမျှဆွေမျိုးတွေအကြောင်းပါ တစ်သီတစ်တန်းကြီး ပြောတော့သည်။ ဒီလိုနဲ့ဒေါက်တာတုတ်ခိုင်သည် ဈေးမှဆေးခန်းသို့သွားရာလမ်းတစ်လျှောက် လူတွေအကြောင်းကို ဒေ၀ါနန်းဆီကတစ်ဆင့် သိနေလေ၏။
တစ်ခါတလေ ဆေးခန်းရောက်သည်အထိ ဆွေစဉ်မျိုးဆက်မပြတ်ဘဲရှိနေသည်။ ထိုအခါကျတော့ ညဘက်လာကြိုရင်း လမ်းမှာ ဒုတိယပိုင်းကိုဆက်သည်။
"ကျွန်တော် သေသေချာချာသတိပေးရက်နဲ့ သူတို့က အလေးအနက်မှမထားဘဲ။ ခုတော့ ကိုယ်ကျိုးနည်းကုန်ကြတာပေါ့"
ဟု ရုတ်တရက်ပြောလိုက်သဖြင့် ဒေါက်တာတုတ်ခိုင်ကြောင်သွားသည်။
"ဘာ..ကိုယ်ကျိုးနည်းတာလဲ"
"ဟော...ညနေက ကျွန်တော်ပြောတဲ့ သားသမီးကို အလိုမလိုက်သင့်ဘဲ လိုက်တဲ့လင်မယားလေ"
ဒေ၀ါနန်းက ဒီလိုပဲ။ သူပြောချင်တဲ့အကြောင်းကို အရင်းမရှိအဖျားမရှိပြောတတ်သည်။ သူ့စိတ်ကူးနှင့်သူတော့ ဟုတ်သည်။ တဘက်လူအဖို့ကျတော့ သူပြောခဲ့တဲ့အကြောင်းအရာတွေက များလွန်းသဖြင့် ဘယ်အကြောင်းကို ပြန်ဆက်တာမှန်းမသိတော့။ ထိုအခါမျိုးတွင် သူက ဒါလေးတောင်မသိရကောင်းလားဆိုသောပုံစံဖြင့် မကျေမနပ်ဖြစ်တတ်သည်။
ပိုဆိုးတာက သူကိုယ်တိုင်လည်း ဘယ်သူ့ကို ဘယ်အကြောင်းပြောထားမှန်းမမှတ်မိ။ တစ်ခါတလေ တခြားလူတစ်ယောက်ကို ပြောထားသည့်အကြောင်းအရာ၏အဆက်ကို ဒေါက်တာတုတ်ခိုင်ကို လာပြောချင်ပြောတတ်သည်။
"ကိုတင်မောင်ကလည်း သူ့ကိုယ်သူဟုတ်လှပြီ။ ပိရိလှပြီဆိုပြီး အိမ်ကို ခပ်တည်တည်နဲ့ပြန်လာတာကိုး ဆရာရဲ့"
"ကိုတင်မောင်ဆိုတာ ဘယ်သူလဲ"
ဟု ဒေါက်တာတုတ်ခိုင်က မေးရသည်။
"ဟာ..ဆရာကလည်း မေ့တတ်ရန်ကော၊ လူရှေ့သူရှေ့မှာ အာဘောင်အာရင်းသန်သန်ပြောပြီး မိန်းမရှေ့ကျတော့ တုတ်တုတ်မှမလှုပ်ရတဲ့ ကိုတင်မောင်လေ"
"ကျွန်တော့်ကို မပြောဖူးပါဘူးဗျာ"
"ဘာဖြစ်လို့ မပြောရမှာလဲ။ ဟိုတစ်ရက်ကလေ သူ့မိန်းမမသိအောင်လစ်ထွက်ပြီး ပိုကာသွားဆွဲတာ၊ အဲဒီအကြောင်းပြောရင်း ဆိုက်ကားဘီးပေါက်သွားလို့ စကားစပြတ်သွားတာလေ"
ဟု အတင်းငြင်းသည်။ ဒေါက်တာတုတ်ခိုင်မှာ သူပြောတဲ့ကိုတင်မောင်ဆိုတာ တစ်ခါမှ မကြားဖူးခဲ့။ သို့ရာတွင် ဒေ၀ါနန်းက ပြောကိုပြောပါတယ်ဟု အခိုင်အမာဆိုနေသည်။ ဒေ၀ါနန်းက စွဲမိစွဲရာကို ဇွတ်ပြောတတ်တာကတစ်ကြောင်း၊ သူပြောတာတွေကို တစ်ခါ တစ်ခါမှာ ဒေါက်တာတုတ်ခိုင်က ကိုယ့်အတွေးနှင့်ကိုယ်မို့ မကြားမိတာမျိုးဖြစ်နိုင်တာတစ်ကြောင်းကြောင့်
"အင်း..ဟုတ်ပါပြီ။ ဆိုပါဦး"
ဟု စကားထောက်လိုက်ရ၏။ ထိုအခါကျမှ ဒေ၀ါနန်းကလည်း ကျေနပ်သွားပြီး ဆက်ပြောသည်။ ဒေါက်တာတုတ်ခိုင်မှာ တီဗွီဇာတ်လမ်းတွဲကိုကြားဖြတ်ကြည့်ရသလို ရေးတေးတေးသာ နားလည်လိုက်လေသည်။ ဒီလိုပဲ ဒေါက်တာတုတ်ခိုင်ကို ပြောလက်စ အကြောင်းအရာကို ဆိုက်ကားဂိတ်မှာ ဆက်ပြောသဖြင့် ပြဿနာဖြစ်ရတာလည်း ခဏခဏပဲ။
တစ်ခါတစ်လေ ဆိုက်ကားနင်းလာရင်း လမ်းဘေးမှာတွေ့သည့်မိန်းမတစ်ယောက်ကို ညွှန်ပြပြီး
"အဲဒါပေါ့၊ ယောက်ျားကို အမြဲပူညံပူညံလုပ်တတ်တဲ့ ဌေးဌေးမြင့်ဆိုတာ"
ဟု ပြောတတ်သည်။ ဒီလိုအခါမှာတော့ ဒေါက်တာတုတ်ခိုင်က ပါးသွားပြီ။ သိသိ၊ မသိသိ "သြော်..ဟုတ်လား"ဆိုပြီး သိသလိုလို ရောချလိုက်သည်။ ဒေ၀ါနန်းကိုဆက်ပြောသည်။ ဒေါက်တာတုတ်ခိုင်လည်း သူ့ဘာသာ တွေးချင်းရာတွေးနေလိုက်တော့သည်။
* * * *
ဒေ၀ါနန်းက ထမင်းစားလျှင် ဈေးအသက်သာဆုံးဆိုင်မှာ စားတတ်သည်။ ဟင်းကျတော့လည်း ဈေးအနည်းဆုံးဖြစ်သော ဘဲဥချဉ်ရည်နှင့်စားတာများသည်။ ဒါတောင် "တစ်ခြမ်းပဲထည့်ဗျာ"ဆိုတာမျိုး လုပ်တတ်သည်။ တစ်ခါတစ်လေ ဘဲဥဟင်းတောင် ဈေးများလို့ဆိုပြီး ခရမ်းသီးနှပ်တို့၊ မျှစ်ကြော်တို့လောက်ပဲမှာပြီး ငပိရည် တို့စရာတွေ အများကြီးစားသဖြင့် ဆိုင်ရှင်က မကြည်မလင် ဖြစ်ရသေးသည်။
ညစာကိုတော့ အိမ်မှာပဲချက်စားသည်။ ဒါလည်း ကောင်းကောင်းကန်းကန်းမဟုတ်။ ငါးခြောက်နှင့်အာလူး သို့မဟုတ် ပဲဟင်း။ ဒါမှမဟုတ် ကန်စွန်းရွက်ကြော်၊ တစ်ခါတစ်လေ ၀က်ခေါင်းသုတ်၊ ကြက်ရိုးသုတ်၊ ပဲကုလားဟင်း စသည်တို့ ၀ယ်စားတတ်သည်။
ထို့ကြောင့် သူ့ကို ကပ်စေးနဲသည်ဟု ထင်ကြ၏။ သူ့အနေနှင့်တော့ ခုလိုချွေတာရတာ အကြောင်းရှိသည်။ သူက ရုပ်ရှင်တို့၊ ဗီဒီယိုတို့ အလွန်ကြိုက်သည်။ ညစဉ်ညတိုင်း ဗီဒီယိုတစ်ကားလောက်မှ မကြည့်ရလျှင် အိပ်လို့ပျော်သူမဟုတ်။ တစ်ခါတလေများ တစ်ရုံပြီးတစ်ရုံကူးပြီး နေ့တစ်ပွဲ၊ ညတစ်ပွဲကြည့်တတ်သည်။ ရုပ်ရှင်ရုံမှာ ကားသစ်လဲပြီဆိုလျှင်လည်း ပြေးကြည့်လိုက်သေးသည်။
ဒါတွင်ပဲလားဆိုတော့ မဟုတ်သေး။ သူက သီချင်းဆိုတာလည်း ၀ါသနာပါသည်။ ဟိုအရင်ကတော့ ညဘက်ဆိုက်ကား နင်းရင်း အော်ဆိုရတာပေါ့။ ဆိုက်ကားဂိတ်မှာ ခရီးသည်မျှော်ရင်း ညည်းရတာပေါ့။
ခုတော့ ကာရာအိုကေဆိုတာပေါ်လာပြီ။ အစပိုင်းမှာ ခေတ်ပေါ်စတီရီယိုသီချင်းတွေသာရှိသဖြင့် မပတ်သက်ဘဲ နေနိုင်ခဲ့သည်။ နောက်တော့ ခေတ်ဟောင်းသီချင်းတွေ၊ ဟိုအရင်ရေဒီယိုမှာ ခေတ်စားခဲ့သည့်သီချင်းတွေပါ ရောက်လာသောအခါ မနေနိုင်တော့။ သူပါ ၀င်ဟဲတော့သည်။
ကာရာအိုကေက ဗီဒီယိုလိုဈေးသက်သက်သာသာမဟုတ်။ တစ်ပုဒ်တည်းဆိုလျှင် ငါးဆယ်။ သုံးပုဒ်တစ်ရာ။ သီချင်းဝါသနာအိုးတို့အဖို့ တစ်ပုဒ်တလေလောက်နဲ့တော့ ဘယ်တင်းတိမ်နိုင်ပါ့မလဲ။ ဒီတော့ တစ်ခါဝင် တစ်ရာတော့ ထွက်သွားတာပဲ။ တစ်ခါတလေများ ခရီးသည်မပါဘဲ ဆိုက်ကားနင်းလာလို့ ကာရာအိုကေခန်းရှေ့ရောက်လျှင် မနေနိုင်ဘဲ တစ်ပုဒ်တစ်လေ ၀င်နွှဲရာက သုံးပုဒ်တစ်ရာနှင့်ထိသွားတတ်၏။ ပြီးတော့ ခုနောက်ပိုင်းထွက်လာသည့်သီချင်းတွေကလည်း သူ့အကြိုက်တွေ တော်တော်များသည်။ သူ့အကြိုက်ဆုံးအဆိုတော်ဖြစ်သည့် သန်းဖေလေးစီးရီးထွက်တုန်းကဆိုလျှင် စီဒီတစ်ချပ်လုံးကုန်အောင် ဆက်တိုက်ဆိုပစ်လိုက်တာ တော်တော်ထိသည်။ သုံးရက်လောက်ကြာအောင် ထမင်းကို ဆားဖြူးစားခဲ့ရသည်။
ထိုကိစ္စတွေအတွက် အကုန်အကျများသဖြင့် အစားအသောက်နျင့် အ၀တ်အစားဖိုးကို ချွေတာနေရခြင်းဖြစ်လေ၏။
တချို့ကလည်း သူ့ကို လူကပ်သတ်ကြီးဟုပြောကြသည်။ သူက ဆိုက်ကားခတောင်းရာမှာ ပုံသေမဟုတ်။ ပစ္စည်းပါရင် တစ်မျိုး၊ မပါလျှင်တစ်မျိုး၊ တောင်းတာကတော့ ထုံးစံမို့ပြဿနာမရှိ။ ပြဿနာက လူကိုကြည့်ပြီးတောင်းခြင်းဖြစ်၏။ မိန်းမ၀၀ကြီးတွေ ဆိုလျှင် အလေးချိန်စီးလို့ဆိုပြီး ပိုတောင်းတတ်သည်။ ထိုအခါ
"ဘယ့်နှယ်တော် လူကို တန်ဆာဆောင်သလို အလေးချိန်နဲ့တောင်းရတယ်လို့"
ဆိုပြီး စကားများရသည်။
သားသားနားနားဝတ်စားပြီး ရွှေတွေ ငွေတွေနဲ့ဆိုလျှင်လည်း ပိုတောင်းတတ်သည်။
"ခင်ဗျားတို့ကရှိလို့ ဆိုက်ကားစီးတာ၊ ကျုပ်တို့က မရှိလို့ ဆိုက်ကားနင်းရတာ"
ဟု ဆိုတတ်သည်။ တချို့က ငါးကျပ်လောက် ကပ်ဆစ်တတ်သည်။ ထိုအခါ
"ခင်ဗျားတို့က ဇိမ်နဲ့ထိုင်လိုက်ရုံပဲ။ ကျုပ်က လျှာထွက်အောင်နင်းရတာ။ ငါးကျပ်လောက်တောင် မသဒ္ဒါဘူးလား"
ဟု အကြောင်းပြတတ်သည်။
တစ်ခါတလေ ခရီးသည်ကိုတင်နင်းလာရင်း ပင်ပန်းလာသောအခါမျိုးတွင်
"ဟင်း..ခင်ဗျားတို့ကတော့ တတ်နိုင်တိုင်း နင်းကန်စားပြီး ကိုယ်အလေးချိန်တွေတိုးပြီးရင်း တိုးနေတာပေါ့လေ။ ဒီက နင်းရတဲ့ကောင်က မစားသာဘူးဗျ"
ဟု ပေါ်တင်ကြီးဝေဖန်တတ်သည်။ စီးလာတဲ့ခရီးသည်မှာ ဘယ်လိုမျက်နှာထားရမှန်းမသိဘဲ ကိုယ်ပဲ ဖော့ထားရမလိုလို၊ တတ်နိုင်တိုင်းစားခဲ့မိတဲ့အတွက်ပဲ မှားပါတယ် တောင်းပန်ရမလိုလို ကသိကအောက်ဖြစ်ရ၏။
ထို့ကြောင့် တော်ရုံလူက သူ့ဆိုက်ကားဆို မစီးချင်ကြ။
ဘာပဲဖြစ်ဖြစ် သူ့ဆိုက်ားကိုမှ ရွေးစီးသူနှစ်ယောက်တော့ရှိပါသေးသည်။ ဒေါက်တာတုတ်ခိုင်နှင့် ဦးကျော်မိုးတို့ဖြစ်၏။ ဒေါက်တာတုတ်ခိုင်ကတော့ ဆရာဝန်မို့ထားတော့။ ဦးကျော်မိုးနဲ့ကျတော့ ဘယ်လိုက ဘယ်လိုတည့်နေကြလဲ စဉ်းစားစရာ။ အမှန်ကတော့ တစ်ယောက်ကလည်း ခွကျကျ၊ တစ်ယောက်ကလည်း ပေကပ်ကပ်မို့ အပြန်အလှန်ဖြုံပြီး အဆင်ပြေနေကြခြင်း ဖြစ်နိုင်၏။
ဦးကျော်မိုးဆိုလျှင် ဒေ၀ါနန်းက ဆိုက်ကားခ လျှော့ယူသည်။ တစ်ခါတလေ ဦးကျော်မိုးနည်းနည်းမှန်ပြီး လမ်းလျှောက်လာတာနှင့်ကြုံလျှင်
"လာဗျို ကိုကျော်မိုး၊ ကျွန်တော့်ဆိုက်ကားနဲ့လိုက်ပို့မယ်။ အမယ် ပိုက်ဆံမပေးရပါဘူးဗျ။ ခုဟာက ခင်ဗျားငှားတာမှ မဟုတ်ဘဲ။ ကျွန်တော့်သဘောနဲ့ကျွန်တော် လိုက်ပို့တာပဲ"
ဆိုပြီး အတင်းခေါ်သွားတတ်သည်။ တစ်ခါတလေတော့ အိမ်ကိုတန်းမပို့ဘဲ လမ်းမကြီးဘက် လေညင်းခံဖို့ ခေါ်သွားသေးသည်။ ပြီးတော့ နှစ်ယောက်သား သီချင်းတကြော်ကြော်အော်ဆိုကြသည်။ ဦးကျော်မိုးက လေတံခွန်သီချင်း၊ ဒေ၀ါနန်းက ကြာလေလေ ဝေးမှာစိုးတယ်။ ငယ်က အချစ်အနှစ်တစ်ရာ မမေ့သာ စသောသီချင်းများ။
ဒေ၀ါနန်းမှာ ကောင်းကွက်ကလေးတွေလည်းရှိသေးသည်။ ဗိုက်ကြီးသည်တို့ အရေးပေါ်လူနာတို့ဆိုလျှင် ငွေရေး၊ ကြေးရေး ဂရုမစိုက်ဘဲ ပေးသလောက်နှင့်လိုက်ပို့တတ်ခြင်းဖြစ်၏။ မနက်ပိုင်း၊ ညနေပိုင်းတို့မှာ ကလေးတွေကျောင်းသွားကျောင်းပြန်နှင့်ဆုံလျှင်
"ဟေ့ကောင်လေးတွေ တက်ကြ"
ဆိုပြီး ကလေးတပြုံကို ကယ်ရီယာပေါ်ရော ဘားတန်းပေါ်ရော ဆံ့သလောက် တင်ခေါ်သွားတတ်သည်။ အလှူအတန်း ဆိုလျှင် ဆိုက်ကားခရကောင်းစေ သဘောမထားဘဲ ၀င်ကူသည်။ နာရေးကိစ္စဆိုလျှင် ရက်လည်သည်အထိ အသုဘအိမ်ရှေ့မှာ ဆိုက်ကားကို တစ်ချိန်လုံးထိုးထားသည်။ ထင်းသယ်တာလိုအပ်သောပစ္စည်းပြေးဝယ်ပေးတာ မုန့်ဟင်းခါးဖတ် သယ်ပေးတာတို့ကို အားတက်သရော အခမဲ့ကူညီတတ်၏။ အဲ..ညဘက်ကျလျှင်တော့ ကိုတင်မောင်တို့၊ ဦးငွေစီတို့နဲ့ ပိုကာဝိုင်းဖွဲ့ ထိုင်တတ်လေသည်။
"ဆရာ အသက်ဘယ်လောက်ရှိပြီလဲ"
ဟု ဒေ၀ါနန်းက မေးသည်။
"သုံးဆယ်လေးနှစ်"
"အင်း.. ငယ်သေးတာပဲ ဒါပေမဲ့မငယ်တော့ဘူး"
"ဘယ်လိုလဲ ဒေ၀ါနန်းစကားကလဲ"
"အသက်အားဖြင့်တော့ ငယ်သေးတယ်။ ခေါ်ရမှာပေါ့။ ဒါပေမယ့် ဒီအသက်အရွယ်ထိ မိန်းမမရသေးတော့ လူပျိုဟိုင်းကြီး ဖြစ်နေပြီလေ။ ဒါကိုပြောတာ"
ဒေါက်တာတုတ်ခိုင်က ရယ်လိုက်ပြီး
"ကြိုက်မယ့်လူမရှိလို့ပါဗျာ"
"ဟာ..မဖြစ်နိုင်တာ။ ခုခေတ်မှာ ဆရာဝန်ဆိုရင် ကြိုက်မယ့်သူတွေ ၀ိုင်းဝိုင်းလည်လို့ပါ ဆရာရဲ့။ ဆရာကိုက ရိုးလွန်း အလွန်းလို့ထင်ပါရဲ့ဗျာ"
"ကျွန်တော်ကတော့ပြောတယ်။ ဒေ၀ါနန်းကျတော့ကော ဘာလို့မိန်းမမယူတာလဲ"
"အမယ် မစွံလို့မဟုတ်ပါဘူး။ ကျွန်တော်က ငယ်ငယ်ကဆို နှာတန်ပေါ်ပေါ်နဲ့ကြည့်ကောင်းတယ်လို့ လူတွေက ပြောကြတယ်။ မိန်းမလည်းယူဖို့စီစဉ်ပြီးမှ အဲဒီကောင်မက ကြီးကျယ်လို့ မယူဖြစ်တာ"
ဆိုပြီး သူ့ဇာတ်လမ်းကိုပြောပြသည်။
ဒေ၀ါနန်း အသက်သုံးဆယ်ကျော်လောက်က သူ့ဆိုက်ကားကို နေ့စဉ်ပုံမှန်စီးသော အမျိုးသမီးတစ်ယောက်နှင့် ငြိသွားသည်။ ထို့နောက် လက်ထပ်ကြဖို့ သဘောတူကြသည်။ ဒီမှာတွင်ပဲ ပြဿနာတစ်ခုတက်လာ၏။ ဒေ၀ါနန်းက စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့် သတို့သား၊ သတို့သမီးဝတ်ဖို့ အ၀တ်အစားများကို အသစ်မ၀ယ်ဘဲ အဟောင်းဆိုင်က တစ်ပတ်ရစ်တွေကို ဈေးပေါပေါနှင့် ၀ယ်သည်။
"ကျွန်တော်ကတော့ ကိုယ့်တွက်ကိန်းနဲ့ကိုယ်လေ။ အသစ်ဝယ်တော့ကော ဘာထူးလဲ။ မကြာခင် ဟောင်းသွားမှာပဲ မဟုတ်လား။ အသစ်နဲ့အဟောင်းနဲ့ဈေးချင်းက တစ်ဝက်လောက်တောင်ကွာတာ ဆရာရဲ့။ ကျွန်တော်ကတော့ အရှည်ကိုကြည့်ပြီး ချွေတာရေးလုပ်လိုက်တာပဲ။ သူကတော့ ဒါဟာ သူ့ရဲ့အားနည်းချက်ကိုဖော်ထုတ်ပြီး သက်သက်အရှက်ခွဲတာ။ သိက္ခာချတာလို့ စွပ်စွဲပြီး မင်္ဂလာဆောင်ဖို့ကိစ္စကို သူ့ဘက်ကဖျက်လိုက်တာနဲ့ ကိစ္စပြတ်သွားကြတာပဲ"
"နေပါဦး အဲဒီအမျိုးသမီးရဲ့အားနည်းချက်ဆိုတာ ဘာလဲ"
"သူက တစ်ခုလပ်ကိုး။ ဒါကြောင့် အသစ်တွေ မ၀ယ်တာလို့ ထင်သွားတာလေ"
ဒေ၀ါနန်းက ခုလိုပင် စိတ်ကူးတည့်ရျာွှေ စွတ်လုပ်တတ်သည်။ တစ်ရက်မှာ ဒေါက်တာတုတ်ခိုင်ကို မေးပြန်သည်။
"ဆံပင်ဆံထိုးဆေးတွေက လူနဲ့မတည့်တာရှိတယ်ဆို ဟုတ်လားဆရာ"
"ဟုတ်တယ်ဗျ။ ဓာတုပစ္စည်းတွေနဲ့လုပ်ထားတဲ့ဆိုးဆေးတွေဟာ တချို့လူတွေရဲ့ဦးရေပြားနဲ့ဓာတ်မတည့်တာမျိုးရှိတယ်။ အဲဒီအခါမှာ ခေါင်းယားတာတို့၊ ဆံပင်ကျွတ်တာတို့၊ အနာတွေပေါက်လာတာတို့ဖြစ်တတ်တယ်"
"ကျွန်တော့်နည်းကတော့ ဒါမျိုးဖြစ်မယ်မထင်ဘူး"
ဒေါက်တာတုတ်ခိုင်က ဒေ၀ါနန်း၏ခေါင်းကို လှမ်းကြည့်သည်။ သူ့ဆံပင်များမှာ မည်းနက်နေတာမဟုတ်။ ဖြူလည်းမဖြူ။ အနက်တွေကြားမှ ခဲရောင်လိုလို ကွက်တိကွက်ကျားဖြစ်နေ၏။ ဆံပင်ဖြူတွေနှင့်စာလျှင်တော့ ပိုကြည့်ကောင်းသလိုလိုရှိ၏။
"ကျွန်တော်လည်း လှချင်လွန်းလို့မဟုတ်ပါဘူးဆရာ။ ဂိတ်ကကောင်တွေက ခေါင်းဖြူကြီးနဲ့ခေါ်ကြလို့ ကြည့်ကောင်းအောင် လုပ်ရတာပါ"
"ဒေ၀ါနန်းရဲ့ဆံပင်ဆိုးဆေးနည်းကိုပြောပြပါဦးဗျ။ တချို့ဆံပင်ဖြူတဲ့လူတွေပြောပြရတာပေါ့။ သဘာဝပစ္စည်းဆိုရင် အန္တရာယ်ကင်းဖို့များပါတယ်"
"မြို့နယ်ရုံးကရတာလေ၊ လွယ်လွယ်လေးပါ"
"မြို့နယ်ရုံးက ဟုတ်လား"
"ဟုတ်တယ်၊ မြို့နယ်ရုံးက လက်နှိပ်စက်စာရေးနဲ့ ကျွန်တော်နဲ့ခင်တယ်လေ။ သူ့ဆီက ရိုက်ပြီးသားကာဗွန်အဟောင်းတွေ တောင်းပြီး ဆံပင်ကိုပွတ်လိုက်တာပေါ့။ ဒီထက်လွယ်တာ ဘာရှိသေးလဲ။ ပိုက်ဆံလည်း တစ်ပြားမှမကုန်ဘူး"
ဒေါက်တာတုတ်ခိုင် ဟိုက်ခနဲဖြစ်သွား၏။
* * * *
သူ့ဒဏ်ကို ဒေါက်တာတုတ်ခိုင် အတော်ခံရသည်။
ဆိုက်ကားနင်းလာရင်းက သူ့အသိတစ်ယောက်ယောက် လမ်းမှာတွေ့လျှင် လှမ်းနှုတ်ဆက်သည်။ တစ်ခါတလေကျတော့ ဆိုက်ကားကိုရပ်ပြီး ငါးမိနစ်၊ ဆယ်မိနစ်လောက်ကြာအောင် စကားလက်ဆုံကျချင်ကျနေတတ်သည်။ ဒေါက်တာတုတ်ခိုင်မှာ ဆိုက်ကားပေါ်မှာ ကြောင်စီစီကြီးထိုင်စောင့်နေရလေသည်။
ဒေ၀ါနန်းက စကားစမိလျှင် သူ့ထုံးစံအတိုင်း ဆွေစဉ်မျိုးဆက်အကုန်ပါအောင်ပြောတတ်သဖြင့် တော်တော်နှင့် စကားမပြတ်နိုင်။ ပြီးတော့ သူက တစ်ခုခုပြောချင်လာလျှင် ရှေ့နောက်မစဉ်းစားဘဲ စွတ်ရွတ်ပြောတတ်သည်။
တစ်ခါက ဒေါက်တာတုတ်ခိုင်ကို ဆေးခန်းလိုက်အပို့ လမ်းဘေးအိမ်တစ်အိမ်ရှေ့မှာထိုင်နေသော ကောင်မလေး တစ်ယောက်ကို မြင်သောအခါ ဆိုက်ကားကိုထိုးရပ်လိုက်ပြီး
"ဟဲ့..ကောင်မလေး၊ နင့်အမေ နေကောင်းသွားပြီလား"
"သိပ်မကောင်းသေးပါဘူး။ ခုထိ ထမင်းကောင်းကောင်းမစားနိုင်သေးဘူး"
"ဒါဆို အတော်ပဲ။ ဒီမှာ ဆရာဝန်ပါလာတယ်။ ပြကြည့်ပါလား"
"ဟာ..ဒေ၀ါနန်း အဲဒီလိုမလုပ်နဲ့လေ"
ဟု ဒေါက်တာတုတ်ခိုင် တားသော်လည်းမရ။ ဆက်၍
"ကို့ဆရာက သိပ်ဆေးလိုက်တာဟ။ အင်္ဂလိပ်နည်းရော၊ ဗိန္ဓောနည်းရော စွယ်စုံရတယ်။ အမယ် ပယောဂတောင် နိုင်တယ် သိလား"
"ဒေ၀ါနန်း သွားစို့ဗျာ"
"ဆရာကလည်း လမ်းကြုံနေတာပဲဟာ။ သူတို့လည်း ဆေးခန်းထိလာစရာမလိုဘူး။ ဆရာလည်း ခရီးသွားဟန်လွဲ ဖောက်သည်တစ်ယောက်ရတာပေါ့။ ဟဲ့ ကောင်မလေး ငွေရေး၊ ကြေးရေးက အရေးမကြီးဘူး။ ပိုက်ဆံမရှိရင် အကြွေးကုလို့လည်း ရတယ်။ တို့ဆရာက သိပ်သဘောကောင်းတာ"
ဟု ထပ်ကွန့်နေသေးသဖြင့် မနည်းတားယူရသည်။ လမ်းရောက်မှ ရှင်းပြရတော့သည်။
"ဒီလိုဗျ ဒေ၀ါနန်းရဲ့။ ကျွန်တော်တို့ဆရာဝန်တွေဆိုတာ လူနာကို ကိုယ့်ဆီမှာကုဖို့ဆွယ်တာမျိုး မလုပ်ရဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့ စကားလမ်းကြောင်းတာမျိုး လုပ်ခွင့်မရှိဘူး"
"ဟင် ဆရာတို့ဟာကလည်း လူနာတစ်ယောက်လုံးမြင်နေတာတောင် ကုလို့မရဘူးလား"
"ကိုယ့်မျက်စိရှေ့မှာ အရေးပေါ်ဖြစ်နေတာကြုံရင်တော့ ၀င်ကုပေးလို့ရပါတယ်။ အဲ့ဒါမျိုးဆိုရင် အခကြေးငွေ မတောင်းရဘူး။ ပြီးတော့ လူနာက ကုသခံဖို့ ငြင်းနေရင်လည်း အတင်းမကုရဘူး"
ဒေ၀ါနန်းမှာ ခေါင်းရှုပ်သွားဟန်ဖြင့် မီးခိုးရောင်ဆံပင်များကို ထိုးဖွပြီး
"ဆရာတို့စည်းကမ်းတွေကလည်း တစ်မျိုးပါလား"
ဟု ပြောသည်။
* * * *
► (အပိုင်း-၂၊ ဇာတ်သိမ်းဖတ်ရန်)
0 comments:
Post a Comment