Tuesday, January 28, 2014

Facebook နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ဝေဖန် သုံးသပ်ခွင့်


By Lwin Aung Soe
ခုတလော ကျနော်တို့ မြန်မာ ဖဘ သုံးစွဲသူတွေကြားမှာ ဘလော့တာတွေ အန်တာတွေ (Unfriend) လုပ်လာတာတွေ သိသိသာသာ များလာတာကို သတိပြုမိပါတယ်။ အရင်ကတည်းက ရှိနေခဲ့တာ ဆိုပေမယ့် သိသာတဲ့ အတိုင်းအတာဖြစ်လာလို့ လိုအပ်မလား ထင်ပြီး ဒီစာကို ရေးဖြစ်ပါတယ်။

ဖဘ Facebook ဟာ လူမှုရေးကွန်ရက်ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေး ခွဲခြားထားလို့ မရတာကြောင့် အထူးသဖြင့် နိုင်ငံရေး စိတ်အားထက်သန်ကြတဲ့ ကျနော် မြန်မာတွေဟာ ဖဘကို နိုင်ငံရေး ပိတ်ကားအဖြစ် ကိုယ်တိုင် ပါဝင်သူ (သို့) ကြည့်ရှုသူအဖြစ် ပါဝင်လာကြပါတယ်။


တကယ်တော့ ကျနော်တို့ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ဝေဖန် သုံးသပ်ခွင့်ကို ဆယ်စုနှစ်နဲ့ချီပြီး ဆုံးရှုံးခဲ့ရပါတယ်။ ဒီမိုကရေစီနဲ့ ကွင်းဆက်ပြတ်နေခဲ့ရပါတယ်။ အကူးအပြောင်းကာလမှာ ဒီမိုကရေစီ စံနှုန်းထက် ကိုယ်ပိုင် ခံစားချက်တွေနဲ့ တိုင်းတာဆုံးဖြတ် ပြုမူနေကြတာမျိုးတွေ ရှိလာပါတယ်။

ပြည်သူတဦးချင်း မဆိုထားနဲ့ ... အစိုးရအဖြစ် တာဝန်ယူသူ အကြီးအကဲ တချို့တောင်မှ အဆင်ခြင်မဲ့ လွတ်လပ်စွာ စကားပြောမိခဲ့ကြလို့ လူထုက အကြီးအကျယ် အပြစ်တင် ဝေဖန် ရှုတ်ချတာ ခံရပါတယ်။ မြစ်ဆုံ၊ ဖယောင်းတိုင်၊ ထမင်းတနပ် ကိစ္စတွေဟာ ဥပမာကောင်းတွေပါပဲ။ သူ့စရိတ်နဲ့ သူသွားကြတာပါပဲ။ ဖဘမှာလည်း ဒီသဘောပဲ ရှိတတ်ကြပါတယ်။ သူ့သဘောသူဆောင်လို့ သူလမ်းလျှောက်သွားနေကြတာပါပဲ။

ပြောစရာ ရှိတာကတော့ ဖဘမှာက နာမည်ဝှက်တွေ အမျိုးမျိုး အကြိမ်ကြိမ် ပြောင်းလဲလို့ ရနေတာကြောင့် တာဝန်ခံယူတဲ့ Accountability ကို ရှောင်ကွင်းနိုင်တဲ့ နည်းစနစ်အမှားတခု ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ သူတပါးကို အသားလွတ် တိုက်ခိုက် စော်ကားပြီး တာဝန် မခံယူချင်တဲ့ လူဖျင်း လူညံ့ လူကြောက်တွေအတွက် အားသာချက်တခု ဖြစ်လာပါတယ်။

အဲဒီလို ဖြစ်လာတာမျိုးကို မခံမရပ်နိုင် ဖြစ်လာတော့ ဘလော့ကြ အန်ကြပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်လာရတဲ့ ဒဏ်ကို ဆက်ပြီး သီးခံလို့ မရတာကြောင့် ဖြစ်မယ် ထင်ပါတယ်။

ဒီမိုကရေစီကို တကယ်တမ်း မြတ်နိုးစွာ တန်ဖိုးထား ကျင့်ကြံချင်တယ်ဆိုရင် ဒီမိုကရေစီ အခွင့်အရေးတခုဖြစ်တဲ့ လွတ်လပ်စွာ ပြုမူခြင်းကို အများသူငါ မထိခိုက်စေဖို့ နံပါတ်တစ် အလေးထားပြီးမှ ပြုမူရပါမယ်။

ဒီမိုကရေစီဟာ လေ့ကျင့်ယူရတဲ့ Practice အမျိုးအစားပါ။ ကောင်းတဲ့ လူ့ယဉ်ကျေးမှု အတော်များများကို စုစည်းထားတာကြောင့် တခါတလေ (သို့) များသောအားဖြင့် မိမိရဲ့ ပင်ကိုယ် အလေ့အထနဲ့ မကိုက်ညီဘဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်တာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုမျိုး အပြုသဘောနဲ့ မြင်ရင် လမ်းမှန်ရောက်စေဖို့ ကူညီ အားပေး ထိန်းကျောင်းပေးရပါမယ်။

တချို့အနေအထားတွေမှာတော့ တမင်တကာကိုပဲ ဝါဒရေးရာ တိုက်ခိုက်မှုအနေနဲ့ တဖက်သားကို အသားလွတ် တိုက်ခိုက် စော်ကားတာတွေ ရှိပါတယ်။ ဒါမျိုးဆိုရင်တော့ အပြုသဘောဘက်က အချိန်ပေးရဖို့ သိပ်မလွယ်လှပါဘူး။ ဥပေက္ခာသာလျှင် အကောင်းဆုံးဖြစ်ပြီး မိမိကိုယ်ရဲ့ ဥပေက္ခာ ပြုနိုင်စွမ်းကို လေ့ကျင့်ပေးနေတာပဲလို့ သဘောထားဖို့ ဖြစ်လာရပါတယ်။ (တကယ်တော့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာမှာ ကျင့်ကြံဖို့ အခက်ဆုံးက ဥပေက္ခာပါ။)

အထက်မှာ ဖော်ပြထားတာမျိုး မဟုတ်တာကတော့ Personal interest အရ Block / Unfriend မျိုးလည်း ရှိပါတယ်။ ဒါမျိုးဆိုရင်တောင် အလွယ်တကူ မဆုံးဖြတ်ဘဲ အနည်းဆုံး နောက်တကြိမ်လောက်မှ တုန့်ပြန်ရင် ကောင်းမယ်လို့ အကြံပေးချင်ပါတယ်။

ဒီစာကို ကျနော် ဘာကြောင့် ရေးသားဖော်ပြမိသလဲ ဆိုတော့ ကျနော်တို့တိုင်းပြည်ကို အစကနေ ပြန်လည် တည်ဆောက်ဖို့ လုပ်စရာ အများကြီး ရှိနေသေးချိန်မှာ ကျနော်တို့ မြန်မာတွေမှာ အယူအဆတွေ ကွဲပြားနေတာတောင် အမြင်ကျယ်ကျယ်နဲ့ တစုတစည်း အင်အားရှိရှိ လုပ်စေချင်လို့ပါပဲ။

အစိုးရကိစ္စတွေဖြစ်တဲ့ မဏ္ဍိုင် ၃ ရပ်ကို နိုင်ငံရေးအပိုင်းက လုပ်နိုင်တဲ့ လုပ်သင့်တဲ့သူတွေ လုပ်ကြပါလိမ့်မယ်။ ဒါမျိုးတွေ ဝင်မလုပ်တဲ့ ပြည်သူတွေကတော့ ဒီမိုကရေစီကို ပိုမို ဖြစ်ထွန်းအောင်မြင်စေဖို့ ဒီမိုကရေစီ အလေ့အကျင့် အလေ့အထတွေ ပိုမို တည့်မတ် အားကောင်းလာအောင် လူထုပညာပေးတွေ လုပ်ပေးကြဖို့ သိပ်အရေးကြီးလှပါတယ်။

ပြည်သူတွေမှာ ဒီမိုကရေစီ ခိုင်မာနေရင် ဘယ်အစိုးရမှ အာဏာရှင်စနစ်ကို တည်ဆောက်လို့ မရပါဘူး။

Facebook ဟာ ပြည်သူအချင်းချင်း အပြုသဘောနဲ့ မြင်တတ် အားပေးတတ် လက်တွဲ ပံ့ပိုးပေးနိုင်တဲ့ လူမှုရေးကွန်ရက် အဖြစ် ကနေ့ခေတ်မှာ ဦးဆောင်ထွက်ပေါ်လာတာကို ကျနော်တို့ မြန်မာတွေက အကျိုးရှိဆုံး အသုံးပြုနိုင်ကြဖို့ တိုက်တွန်းပါတယ်။

လေးစားလျက်
လွင်အောင်စိုး
၂၈-၁-၂ဝ၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...