Wednesday, January 29, 2014

"ဗိုလ်၊ ကျား၊ သေနတ်"



1.
'ငါနဲ့ မတည့်တဲ့လူကို ခေါ်ရင်၊ မင်းကို မခေါ်တော့ဘူး'... ဆိုတဲ့ စကားဟာ ကျနော်တို့ငယ်ငယ် ကလေးဘဝတုန်းကပဲ ပြောခဲ့ကြတယ် မှတ်နေတာ...
ခု အရွယ်ရောက်ပြီး၊ လူလားမြောက်ပြီးသူ တချို့လည်း ပြောနေ၊ ကျင့်ကြံနေကြဆဲဆိုတာ သိလိုက်ရတယ်။


2.
လူတိုင်းလူတိုင်းမှာ ကိုယ်စီယုံကြည်ချက်တွေ၊ ခံယူချက်တွေ ရှိနေတယ်။ ဒါ လူ့သဘာဝ။
ကိုယ်ယုံကြည်သလို မယုံလို့၊ ကိုယ်ခံယူသလို မခံယူလို့ ရန်သူလို့ သတ်မှတ်နေကြရင် ကျနော်တို့အားလုံး ရန်သူ/ရန်ဘက်တွေချည်း ဖြစ်နေတော့မယ်။
လောကအလယ် ပေါင်းဖက်စရာ သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ဖက်၊ ရှာလို့တောင် ရမယ်မထင်။
ဥပမာ... နိုင်ငံရေးနယ်မှာကြည့်
တစ်ပါတီထဲက ပါတီဝင်အချင်းချင်းတောင် ယုံကြည်ချက်၊ ခံယူချက် တစ်ထပ်တည်း မကျပါဘူး။
နည်းနည်းလေးတော့ လွဲနေဦးမှာပါပဲ။
တစ်မိထဲက ပေါက်ဖွားလာတဲ့ ညီအကို၊ မောင်နှမချင်းတောင် ယုံကြည်ချက်၊ ခံယူချက်တွေ မတူဘူး၊ အကြိုက်ချင်း မတူဘူး။
မောင်နှမတွေ ဟင်းအကြိုက်ချင်းမတူလို့ ဟင်းချက်ပေးတဲ့ အမေကို ဂျီကန်ခဲ့ကြဘူးတယ် မဟုတ်လား။


3.
မနေ့က One Marina Boulevard က NTUC Auditorium ခန်းမမှာ စာပေဟောပြောပွဲလုပ်တယ်။
ကျနော်လေးစားအားကျတဲ့ ဆရာဖေမြင့်ပါတယ်။
ဘလော့ဂါအနေနဲ့ နာမည်ကြီးတဲ့ ကိုနေဘုန်းလတ်ပါတယ်။
ရှေ့နေကြီး ဦးကိုနီပါတယ်။
-ကျနော့်လို စာရေးတာ စာဖတ်တာ ဝါသနာပါတဲ့ လူတစ်ယောက်အတွက် စာပေဟောပြောပွဲဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုဖြစ်တာက တစ်ကြောင်း…
-ကျနော်ရဲ့သူငယ်ချင်း ကိုလွင်ကိုကိုက အကူအညီတောင်းတာက တစ်ကြောင်းကြောင့်
ကျနော်တို့ဖွဲ့စည်းထားတဲ့ G & C ဆိုတဲ့ ပရဟိတအဖွဲ့ထဲက အဖွဲ့ဝင် ၃၀ လောက် အဲဒီစာပေဟောပြောပွဲမှာ လုပ်အားပေးသွားတဲ့အခါ ကျနော်လည်း ပါဝင်လုပ်အားပေးခဲ့တယ်။


4.
လုပ်အားပေးသွားကြတဲ့ ညီငယ်/ညီမငယ်တွေဘက်က ကျနော် သေချာပြောရဲတာ တစ်ခုရှိတယ်…
“ကျနော်တို့ အဲဒီစာပေဟောပြောပွဲကို လုပ်အားပေးသက်သက် သွားခဲ့တာသာဖြစ်တယ်၊ ဘာနိုင်ငံရေး၊ ဘာဘာသာရေး အရောင်အသွေးမှ မပါဘူး”
ကျနော်တို့တွေ…
-စာအုပ်တွေ ရောင်းပေးကြတယ်
-လက်မှတ်တွေ ထုတ်ပေးကြတယ်
-ဧည့်ပရိတ်သတ်တွေကို အစားအစာတွေ ဝေငှပေးခဲ့ကြတယ်
-ဧည့်သည်တွေနဲ့ ခန်းမရဲ့လုံခြုံရေး ယူပေးခဲ့ကြတယ်
-အမှိုက်တွေကောက်ခဲ့၊ သန့်ရှင်းရေးလုပ်ပေးခဲ့ကြတယ
စေတနာသက်သက်နဲ့ ကိုယ့်မြန်မာလူမျိုးတွေ ခဏတာစုဝေးရာ နေရာလေးတစ်ခုမှာ ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်အားပေးခဲ့ကြတာသာ ဖြစ်တယ်။
ဘယ်ပါတီက ဦးဆောင်လုပ်လို့၊ ဘယ်ဘာသာဝင်တွေ ဦးဆောင်လို့ ကျနော်တို့ မသိဘူး။
သိစရာလည်း မလိုဘူး။
အဲဒီပွဲက ရလာတဲ့ အကျိုးအမြတ်တွေကို ပရဟိတလုပ်ငန်းတွေမှာ သုံးကြမယ်။
ဒါ သူတို့ ကောင်းတာလုပ်တာဖြစ်တယ်။ ကျနော်တို့လည်း ကောင်းတဲ့ဘက်က ကူညီတယ်။
ဒါပဲ…
အဲလိုမျိုးလုပ်ရပ်တွေ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းက လုပ်လုပ်၊ ကျနော့်ကို အကူအညီတောင်းလာရင် ကျနော်ဘက်က ကူညီပေးမှာသာ ဖြစ်တယ်။


5.
ကျနော့် Facebook မှာရှိတဲ့ သူငယ်ချင်းတွေထဲမှာ မတူညီတဲ့ နိုင်ငံရေးခံယူချက်တွေ၊ မတူညီတဲ့ ကိုးကွယ်ရာဘာသာဝင်တွေ ရှိပါလိမ့်မယ်။
ပါတီပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံ ပါဝင်ပါလိမ့်မယ်။
ကျနော့် အယူအဆပြောရရင်…
“ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်ယုံကြည်ရာကိုယ်ကိုးကွယ်၊ ဘယ်သူ့မှ မထိခိုက်စေနဲ့”
မကောင်းဘူးလားဗျာ…
ကျနော်ငယ်ငယ် လူပျိုပေါက်အရွယ်က ခရစ်ယာန်ဘာသာဝင် ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးတယ်။
ကျနော်ကလည်း သူ့ကို ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းခိုင်းတယ်
သူကလည်း ကျနော့်ကို ခရစ်ယာန်ဘာသာဝင်အဖြစ် ပြောင်းခိုင်းတယ်
နောက်ဆုံး… ဘယ်သူ့ဘယ်သူကမှ အလျှော့မပေးတော့ လမ်းခွဲခဲ့ကြတယ်။

ကျနော် ပြောချင်တာက…
ကိုယ်ချစ်ရတဲ့ သူအတွက်တောင် ကိုယ့်ယုံကြည်မှုကို မစွန့်လွတ်နိုင်ကြသေးတာ ကိုယ်နဲ့ သွေးမတော် သားမစပ် ဘာမှမပတ်သက်တဲ့ လူတွေကို ကိုယ့်လိုချည်း ယုံကြည်စေချင်လို့ ကိုးကွယ်စေချင်လို့ မရနိုင်ဘူး။


6.
‘ငါနဲ့ ခံယူချက်မတူတဲ့လူတွေကို ပေါင်းတယ်၊ ငါနဲ့ ဘာသာမတူတဲ့ လူတွေကို ပေါင်းတယ်၊ မင်းကို အပေါင်းအသင်းမလုပ်တော့ဘူး’ ဆိုတဲ့ စကားမျိုး မနေ့က ကြားလိုက်ရတယ်။
နည်းနည်းနှောနှော မဟုတ်ဘူး၊ အများကြီး ကြားလိုက်ရတာ။
တစ်နေ့လေးကမှ ကျနော် ပို့စ်တစ်ခုရေးပြီး ကျနော့် သဘောထားကို တင်ပြခဲ့တယ်….
[ကျနော် သန်၎ကိုသည်…
-နိုင်ငံရေး အမြင်မတူလို့ မဆန့်ကျင်ဘူး
-ဘာသာရေးအမြင်မတူလို့ မဆန့်ကျင်ဘူး
-နိုင်ငံရဲ့ ရန်သူ၊ နိုင်ငံကို ဒုက္ခပေးသူ၊ ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်ရာကို စော်ကားလာသူတွေကိုတော့ ဆန့်ကျင်မယ်]… လို့။
ဘယ်လိုဆန့်ကျင်မှာလည်း ဆိုရင် တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ဆန့်ကျင်မယ်။


7.
ဆိုတော့….
-ဘယ်ပါတီဝင်ဖြစ်ဖြစ်
-ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်
-ဘယ်ဘာသာဝင်ဖြစ်ဖြစ်
-တိုင်းပြည်၊ လူမျိုး နဲ့ ဘာသာသာသနာကို မစော်ကားသရွေ့၊ အန္တရာယ်မပေးသရွေ့၊ ကျနော် အပေါင်းအသင်း လုပ်ပါမယ်၊
လုပ်ပါရစေ။
လုပ်ခွင့်ပြုပါ။

တိုင်းပြည်ရဲ့ရန်သူ၊ ဘာသာသာသနာရဲ့ ရန်သူဆိုရင် ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဆန့်ကျင်ပါမယ်။
ခင်ဗျားတို့နဲ့ ထပ်တူပါပဲ။


နားလည်နိုင်ကြပါစေ-သန်၎ကို။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...