Saturday, January 25, 2014

“စကားတက္ကသိုလ် / ခင်ယုမေ”

Soe Min December 9, 2010 at 11:42am
 
အဆိုတော်ဘ၀ကလာတဲ့ မြန်မာရုပ်ရှင်မင်းသမီးတွေထဲမှာ အံတီချိုပြုံးကြီးလိုပဲ လှလည်းလှ၊ သရုပ်ဆောင်ကောင်းလို့ အကယ်ဒမီတွေလည်းရ လျှမ်းလျှမ်းတောက် နံမည်ကြီးခဲ့တဲ့သူ တယောက်ကတော့ ခင်ယုမေ ပါပဲ။ ချိုပြုံးမှာ ရွှင်ပြုံးလို့ခေါ်တဲ့ အဆိုတော် ညီမတယောက်ရှိသလို သူ့မှာလည်း ခင်ယုဆွေဆိုတဲ့ ညီမတယောက်ရှိတာချင်းလည်း တူပါတယ်။
ဖက်ရှင်ကျတာ လှတာကတော့ အံတီမေက သာတယ် ထင်ပါတယ်။ သူတို့နှစ်ယောက်ဆုံပြီး ဘဘဦးသုခ ရိုက်ခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားမှာ နှစ်ယောက်လုံးကောင်းသလောက် ဒေါ်မေနွဲ့ကြီး ကို မမီလို့ ကျန်ရစ်ခဲ့ကြရှာတယ်။ အံတီချိုကို ဦးဝဏ္ဏရိုက်တဲ့ နှောင်းတမြေ့မြေ့ ကို အသည်းစွဲကြသလိုပဲ အံတီမေကိုလည်း ပန်းတွေနဲ့ဝေ မှာ မမေ့နိုင်ကြပါဘူး။ အံတီမေ အကယ်ဒမီရတဲ့ ကိုယ်ပိုင်မေတ္တာ ကို မကြည့်ဖူးပေမယ့် ဦးကျော်ဆွေ နဲ့ ပုလဲမျက်ရည် ကို မျက်စိထဲကမထွက်ပါဘူး။ စကားအရှည်ကြီးတွေ ပြောတတ်တဲ့ ဦးမြတ်လေးကြီးနဲ့ ကားတွေမှာလည်း ကြည့်ကောင်းခဲ့တာပဲ။ သူနဲ့ တွဲဖက်အညီဆုံးကတော့ ဦးကျော်ဆွေပေါ့။ အရင်တင်ထားတဲ့ ရွှေမန်းမေ သီချင်းကလေးလိုပဲ စကားတက္ကသိုလ် သီချင်းဟာလည်း အံတီမေရဲ့ ပေါက်သီချင်းထဲမှာ ပါပါတယ်။ ဟေမာနေ၀င်းဆို လိုက်တော့ ဒီဘက်ခေတ်လူ တော်တော်များများ ရင်းနှီးသွားတာပေါ့။ သူလည်း သူ့ခေတ်နဲ့သူတုန်းက အခုမင်းသမီးချောလေး မိုးဟေကိုလိုပဲ နံမည်သတင်းကြီးခဲ့တဲ့ ဖက်ရှင်မင်းသမီး တယောက်ပါ။ အခုချိန်ထိ အကယ်ဒမီပွဲတွေ ပုံမှန်တက်လေ့ရှိပေမယ့် အံတီချိုလိုတော့ ပိတ်ကားပေါ်မှာ မတွေ့ရတော့ပါဘူး။ မြန်မာ့ ရုပ်သံအစပိုင်းလောက်မှာ သူ့သီချင်းကလေးတွေကို သူကိုယ်တိုင် စတိုင်ဆန်းဆန်းလေးတွေ ၀တ်ဆင်လို့ လည်ပင်းမှာ ပုဝါရောင်စုံကလေးတွေပတ်ပြီး ဆိုခဲ့တာတော်တော် လူကြိုက်များခဲ့ပါတယ်။
ဒီသီချင်းကလေးကိုတော့ ဆရာရွှေပြည်အေး က ရေးပေးခဲ့တာ မှတ်တယ်။ နောက်ခံတီးလုံးကလေးတွေက တော်တော်လေး အနောက်တိုင်းဆန်ပါတယ်။ ဆန်မှာပေါ့ ကော်ပီသီချင်းလေးပဲ ဥစ္စာ။ ဒီသီချင်းသွားအတိုင်း ဇော်ဝင်းရှိန် ပြန်ဆိုထားတာလည်း ရှိပါတယ်။ နေချင်တာ မင်းအနားမှာ တဲ့။ သီချင်းသဘောကတော့ အပြောကောင်းလွန်းတဲ့ ချစ်သူကို စကားတောင်စားနဲ့ ခိုင်းနှိုင်းပြီး ချစ်သူက မြှောက်ပင့်ပြောတဲ့ စကားကလေးတွေကို လွန်တာပေါ့။ မယုံနိုင်ပါဘူး နားဝင်မချိုပါဘူး လို့ ပြောနေသော်ငြား စိတ်ထဲက ကျိတ်သဘောကျနေလို့ အကုန်မှတ်မိနေပြီး အဟင့် ဟုတ်လဲ ဟုတ်ပဲနဲ့ လို့ မူနွဲ့နေတဲ့ မိန်းမပျိုကလေး တယောက်ကို သရုပ်ဖော်ထားပါတယ်။ ကွယ်ရာကျရင်တော့ မိန်းကလေးလှလှမြင်ရင် သွားရည်ယိုနေမှာကို သိပါတယ်နော် လို့ နော့တော့တော့နဲ့ ငေါ့ထားပါသေးတယ်။ အရင်ခေတ်က မောင်တွေမယ်တွေဟာ တယ်ပလီကြသလားတော့ မသိပါဘူး။ သူတို့ခေတ်က သီချင်းတွေ နားထောင်လိုက်ရင် “ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင် ပြေးကြည့်ပြီးမှ ယုံမယ် မသည်းအူ” တဲ့။ “ရှင်ကျိန်တာတွေ အဟုတ်စူးမနော်။ တမင်လိမ်တာတွေ မမြုတ်ဘူး ဗူးပေါ်သလိုပေါ်” တဲ့။ “လိမ်ဥာဏ်တွေနှောလို့ ပြောတော့ ခပ်တည်တည် ချိုမြပါသည် ပျိုကယုံကြည်” တဲ့။ တကယ်တော့ သီချင်းရေးဆရာတွေက အားကြီးစကားတတ်တာပဲ။ ယောင်္ကျားလေးဘက်ကရေးလိုက် မိန်းကလေးဘက်ကရေးလိုက်နဲ့ အတော်ဟုတ်နေခဲ့တာ။
ဒီကနေ့ခေတ်အခါမှာတော့ မောင်တို့မယ်တို့အားလုံးက နပ်သွားကြပြီ။ အချာဘင်တွေ မဟုတ်ကြတော့ သူများပြောစကားကို လွယ်လွယ်နဲ့ မယုံကြတော့ဘူး။ ယုံချင်ယောင်ဆောင်ပြီး ထင်ရာလုပ်ကြတာချည့်ပဲ။ လာညာတဲ့သူသာ ငါပြောတာ သူတို့ အဟုတ်မှတ်သကွဆို ပြန်အညာခံရတာပါ။ တကယ်တော့ ဘာမဆို ဖုံးဖိလိမ်ညာလို့ မရတဲ့ခေတ်ကြီးလေ။ တယ်လီဖုန်းထဲက တစ်တစ်ခွခွ အချစ်စစ်ပွဲတွေ၊ ပိုးစိုးပက်စက် အတင်းစကားတွေတင် မကဘူး။ ၀င်းစက်စက်ကလေး လိုးရှင်းလိမ်းနေတာရော၊ ချစ်၍ခေါ်ရာ လိုက်တော်မူခဲ့ မပြောင်းနွဲ့နဲ့ ဘဘကြီးရဲ့ မြေးလေး အာဘွား နှုတ်ဆက်သွားတာတွေအထိ မမြင်ချင် မကြားချင်မှအဆုံး။ ဆိတ်ကွယ်ရာ ဆိုတာ ဘယ်မှာမှ မရှိတော့ဘူး။ ၀က်ကင်ပေါ်က ကိုကိုမမတွေရဲ့ ဘယ်သူမှရှိဘူး။ ဒမှာကျန်း ဒမှာကျန်းတွေလည်း လူတကာကြည့်တဲ့ စူပါဂွိအဖြစ် ဆိုက်တကာဆိုက်ပေါ် ရောက်ကုန်ကြတာလေ။ နိုင်ငံတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ဆိုတာတွေတောင်မှ နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲကြည့်နေသလား ထင်ရလောက်အောင် ပေါက်ကြားကုန်တော့မှ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ရွှေသမင်ဘယ်ကထွက် လိုက်ဖမ်းနေရတာ အခါခါပေါ့။ ဆင်သေကိုဆိတ်ရေနဲ့ ဖုံးလို့မရတဲ့အခါ အို ဘယ်သူဘာပြောပြော ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဇာတ်လမ်းတွေ ဆက်ခင်းတော့တာမို့ နိပါတ်တော်တွေထဲမှာ အတိတ်ဆောင်သလို ဟိုးအရင် ပဝေသဏီကတည်းကလည်း ဒါမျိုးတွေ ရှိခဲ့ပြီး ဘယ်လို အဆုံးသတ်သွားတယ် ဆိုတဲ့အကြောင်း သမိုင်းကြောင်းလေး လှန်လိုက်ပါရဲ့ကွယ်။
အနှောင့်မလွတ် အသွားမလွတ် တွေမဖြစ်ရလေအောင် ဒီတခါတော့ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းပဲ သူများအတင်းတုတ်ကြပါစို့။ တခါတုန်းက အင်္ဂလန်မှာပေါ့ကွယ်။ အဋ္ဌမမြောက်ဟင်နရီဘုရင်မင်းမြတ် ရဲ့ လက်ထက်တော်ဟာ ဟောလိဝုဒ်က ဒါရိုက်တာများအကြိုက် အင်န်စီရာဇ၀င်လေးတွေ တင်းကြမ်းပြည့်နေတဲ့ အခါပေါ့။ သူနန်းတက်တော့ သူ့အကိုမိန်းမ စပိန်ဘုရင်ရဲ့နှမတော် ကက်သရင်းကို သိမ်းပိုက်ပြီး နန်းတက်သတဲ့။ နန်းတက်စမှာပဲ သူ့ကို အတိုက်အခံလုပ်မည့် သူ့ခမည်းတော်ရဲ့ လက်ရုံးနှစ်ယောက်ကို သစ္စာဖောက်မှုနဲ့ ကွပ်မျက်ခဲ့ပါသတဲ့။ ရှင်ဘုရင်ကိုအံတုရင် သည်လိုပဲဖြစ်ရမယ်လို့ နမူနာပြထားတာဆိုပဲ။ ရှင်ဘုရင် ပီသစွာပဲ သိပ်မကြာခင်မှာပဲ ကက်သရင်းရဲ့ ရံရွေတော်များထဲက မေရီဘိုလင်းနဲ့ ဘာညာဘာညာ ဖြစ်ပါလေရော။ ရှင်ဘုရင်ဆိုတော့ အစာဝလည်း ဌာနပြန်စရာမလိုဘူးလေ။ သူကောင်းမျိုးထဲက တယောက်နဲ့ နေရာချထားလို့ အဝေးပို့လိုက်တာပေါ့။ ညီမငယ်လေး အန်းဘိုလင်းကို မျက်စိကျနေတာကိုး။ အန်းက သူ့အမဘ၀ကို သင်္ခန်းစာယူလို့ တတ်နိုင်သမျှရှောင်ပါတယ်။ သို့သော်လည်း ကျုပ်တို့မင်းကြီးက ဒါမျိုးမှ ပိုကြိုက်သလေ။ ဘယ်လိုမှ ရှောင်ပြေးလို့မလွတ်နိုင်တဲ့ အဆုံးမှာ အန်း က သူ့ဘ၀အတွက် အာမခံချက်တခုကို ရအောင်တောင်းပါတယ်။ တရားဝင်မိဖုရားအဖြစ် လက်ထပ်ဖို့ပါ။ သူ့ဘက်ကတော့ မိန်းမသားမို့ ဒါလေးတောင်းဆိုတာ မလွန်ဘူးဆိုပေမယ့် မောင်ကြီးဘုရားမှာ အခက်ကြုံရပါတယ်။ ကက်သလစ်ကျောင်းတော်ရဲ့ထုံးစံ ဘုရားသခင် စုလျားဆင်ထားတဲ့ အမှုကို လူတို့မဖျက်နိုင်ပါဘူး။ ဆိုလိုတာက ရှင်ဘုရင်ဆိုတာ ကွာရှင်းလို့ မရပါဘူး။ အင်္ဂလန်က ကက်သလစ်ကျောင်းတော် သာသနာပိုင်ဟာ ရောမက ပုပ်ရဟန်းမင်းကြိးရဲ့လက်အောက်မှာ ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဘုရားသခင်ခွင့်မပြုတဲ့ အမှုကို ဘယ်လိုနည်းနဲ့မှ ခွင့်ပြုဖွယ် မရှိပါဘူး။ ဒီအခါမှာ ဟင်နရီက သူပိုင်တဲ့ အင်္ဂလန်မှာ သူသာလျှင်ကျောင်းတော်ရဲ့ အကြီးအမှူးလို့အမိန့်ထုတ်ပြီး မင်းမိန့်နဲ့ ဘိသိက်ခံမိဖုရားကြီး ကက်သရင်းရဲ့ ခေါင်းပေါ်က သရဖူကို အန်းဘိုလင်းဆီလွှဲပြောင်းလို့ လက်ထပ်သဘင် ဆင်ပါတယ်။ ဓါးထက်တဲ့မင်းမို့ ငြင်းမိသူအားလုံး ဇက်ပြုတ်ရတာ မျက်မြင်ဆိုတော့ အမှားမှန်းသိသိ မတရားမှန်းသိသိနဲ့ ရေငုံနေရပါတယ်။
ကဲ ခုမှ မင်းသား အခန်းရောက်တော့တယ် ။ မိတ်ဆက်ပေးရရင်တော့ ဆာသောမတ်စ်မိုးတဲ့။ ဟင်နရီဘုရင်မင်းမြတ်ရဲ့ ကောင်ဆယ်လာပါ။ အင်္ဂလန်ရဲ့ တရားရေးလောကမှာ အင်မတန် ဖြူစင်ဖြောင့်မတ်ပါတယ် လို့ သတင်းမွှေးပြီး မှန်လွန်းအားကြီးလို့ ဘုရင်က အမြဲအားကိုး ယုံကြည်သူတယောက်ပါ။ ဟင်နရီက သူလုပ်ချင်တာလုပ်နေပေမယ့် ပြည်သူ့ဆီက ထောက်ခံမှုရဖို့အတွက် မဲတစ်မဲပဲလိုပါတယ်။ အဲဒါ သောမတ်စ်မိုးရဲ့မဲပါ။ ကျန်တဲ့လူအားလုံး သူသေဆိုသေ ရှင်ဆိုရှင်မှန်း သူသိတယ်လေ။ ဒါကြောင့် သူကိုယ်တိုင် အိမ်တိုင်ယာရောက်သွားပြီး စည်းရုံးခဲ့ပါတယ်။ သူ့အကို မိန်းမကို မတရား သိမ်းပိုက်သလိုဖြစ်နေလို့ သူ့မင်္ဂလာပွဲကို ဘုရားသခင် ဒဏ်ခတ်ပါသတဲ့။ ကက်သရင်းကမွေးတဲ့ ကလေးတွေထဲမှာ သားယောင်္ကျားလေးမှ မပါပဲကိုး။ အခုတော့ နန်းညွန့်နန်းလျာမရှိလို့ ဘုရားသခင်သဘောမတူတဲ့ အိမ်ထောင်ကို သူကွာရှင်းချင်ပါတယ် လို့ တိုင်ပင်သတဲ့။ သောမတ်စ်မိုးက ရောမက ပုပ်ရဟန်းမင်းကြီး လက်ထပ်ပေးထားတာဖြစ်လို့ ပုပ်ရဟန်းမင်းကသာ ကွာရှင်းပေးနိုင်ပါလိမ့်မယ်။ နန်းလျာရင်သွေးလေးအတွက်တော့ ကျွန်တော်မျိုးကြီး နေ့စဉ် ဘုရားသခင်ထံ ဆုမွန်တောင်းလျက်ပါလို့ ဖြေလိုက်ပါတယ်။ မှန်ကန်တဲ့အဖြေပေမယ့် လိုချင်တဲ့အဖြေမဟုတ်လို့ ဒေါသူပုန်ထပြီး ပြန်သွားသတဲ့။
ရှင်ဘုရင်ကို စည်းမျဉ်းထုတ်ရင် မှားမှာပေါ့ကွယ်။ ရှင်ဘုရင်ကသာ စည်းမျဉ်းထုတ်ရတာ မဟုတ်လား။ ဟင်နရီဟာ ကက်သရင်းကို ကွာပြီး အန်းဘိုလင်းကို မရရအောင် ယူပါတယ်။ မင်္ဂလာပွဲကိုလည်း မူးကြီးမတ်ရာအားလုံး မတက်မနေရ အမိန့်ထုတ်တဲ့အခါ ဘိုးတော်က မလာပဲနေပါသတဲ့။ ဒီအခါမှာ သူ့ကို သစ္စာဖောက်ဖျက်မှုနဲ့ ရုံးတော်မှာ တရားစီရင်တော့တယ်။ ရုံးတော်မှာ သောမတ်စ်မိုးက သူ့မှာ ဘာအပြစ်ရှိပါသလဲ တဲ့။ ရှင်ဘုရင် ကို ဆန့်ကျင်မှု ဆိုပဲ။ ဘယ်လို ဆန့်ကျင်မိလို့ပါလဲ လို့မေးမှ ဘုရင်မင်းမြတ်နဲ့ အရှင်မိဖုရားခေါင်ကြီးရဲ့ မဂ်လာပွဲကို မလာတာ ဆန့်ကျင်တာပဲပေါ့ တဲ့။ ကျွန်တော်မျိုးကြီး အဲသလို ပြောမိတဲ့ အထောက်အထား ရှိပါသလား ဆိုတော့ ခုံရုံးက ပြောစရာ စကားမရှိ ဖြစ်ရတယ်။ ကဲ ဒါဖြင့် သင့်ကို မေးမယ်။ ဘုရင်မင်းမြတ်ရဲ့ မင်္ဂလာပွဲကို သင် သဘောတူပါသလား ဖြေပါ ဆိုတော့ ဆိတ်ဆိတ်သာနေပါသတဲ့။ ကဲ ဘာတတ်နိုင်သေးလဲ။ မပြောနိုင်တော့ဘူးမဟုတ်လား။ မင်းပရိသတ်အားလုံး ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို သောမတ်စ်မိုး ဆန့်ကျင်တယ်ဆိုတာ မသိတဲ့လူရှိသလားလို့ မေးလိုက်တော့ သောမတ်စ်မိုးက ဆိတ်ဆိတ်နေ ၀န်ခံ၊ မလှုပ်စိတ်တူ လို့ ဆိုရိုးရှိတော့ သူဆိတ်ဆိတ်နေတာကို သဘောတူတယ်လို့ ယူဆရင်လည်း ရတာပဲ လို့ ဖြေသတဲ့။ တရားသူကြီးက မင်းကသာ ဆိတ်ဆိတ်နေတယ်ဆိုတာ မင်းသဘောမတူတာ တလောကလုံးသိပြီးသားပဲ လို့ ဆိုတော့ ဘိုးတော်က တလောကလုံးက သူတို့ထင်ချင်သလို ထင်နိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံရဲ့ ခုံရုံးတော်ကတော့ ဥပဒေအညီသာ စီရင်ခွင့် ရှိပါတယ် တဲ့။ ကျွန်တော်မျိုးကြီးဆိတ်ဆိတ်နေတာကို မင်္ဂလာပွဲကို သဘောမတူဘူးလို့ ယူဆမယ်။ အဲသလို သဘောမတူတာဟာ အမိန့်တော်ဖီဆန့်တာလို့ ထပ်ပြီးယူဆမယ်။ အဲဒီယူဆချက်တွေနဲ့ ပြစ်ဒဏ်စီရင်လို့ မရပါဘူး။ တရားဥပဒေဆိုတာ ခိုင်လုံတဲ့ အထောက်အထားနဲ့သာ ဆုံးဖြတ်ရပါတယ် တဲ့။
တကယ့်တကယ်တော့ နားလည်လွယ်အောင်သာ မှတ်မိသလောက် အတိုချုံးပြီး ပြောတာပါ။ အမှန်က တရားရုံးဟာ သူ့ကို ထုတ်စစ်လိုက် ကြေလည်အောင် စကားစစ်မထိုးနိုင်လို့ ပြန်ချုပ်ထားလိုက်နဲ့ အခါခါပါပဲတဲ့။ နောက်ဆုံးတော့ ဒီလူကို သေဒဏ်စီရင်ရမယ်လို့ အထက်အမိန့်က ရထားပြီးဖြစ်လေတော့ သူ့အိမ်မှာ အလုပ်လာတောင်းဖူးသူ ရာထူးငမ်းငမ်းတက်လိုချင်ပြီး ဘာမဆိုလုပ်မယ်ဆိုတဲ့ ဖွတ်ကျားတကောင်က သူ သောမတ်စ်မိုး အိမ်မှာနေတုန်းက ဒီလိုဒီလို ပြောတာတွေကို နားနဲ့ဆတ်ဆတ် ကြားခဲ့ပါတယ်ဆိုပြီး သက်သေလိမ်ထွက်ပြီး သေဒဏ်စီရင်လိုက်သတဲ့။ ဒီလိုလူမျိုးတွေကလည်း ကမ္ဘာဦးကတည်းက ရိုက်သတ်လို့မကုန်အောင် ရှိခဲ့သလားမသိပါဘူး။ ပြောမည့်သာပြောရတာပါ။ သူတို့ကချည့် ရိုက်သတ်နေတာ။
ကဲ ဇာတ်ပေါင်းလိုက်ကြပါစို့ တရားနာ ပရိသတ်ရေ။ အင်္ဂလန်သမိုင်းမှာ သောမတ်စ်မိုးရဲ့ နံမည်ဟာ မွှေးလွန်လွန်းလို့ သူတို့ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့ သူတော်စင်နေရာမှာတောင် ထားခဲ့ကြပါတယ်ဗျာ။ မင်းတရားကြီး ကိုကိုထင်ရာစိုင်းကတော့ အန်းဘိုလင်းနောက်မှာ အဲသလောက် ခက်ခက်ခဲခဲနဲ့ လူမုန်းများမည့် ကွာရှင်းမှုအလုပ်ကို မလုပ်တော့ဘူးကွဲ့။ နည်းကောင်းလမ်းကောင်း ရသွားတယ်။ ရှင်ဘုရင်ဆိုတာ ကွာရှင်းလို့ မရပေမယ့် တပင်လဲမူ တပင်ထူ လို့ ရသလေ။ ဘာရမလဲ။ အပင်သစ်မြင်တိုင်း အပင်ဟောင်းကြီးကို ခုတ် ခုတ်ပစ်တာပေါ့။ မများပါဘူး။ ခြောက်ယောက်တည်း ယူတာပါ။ သေတော့ ဘာနဲ့သေရှာသလဲ သိလား။ ဆစ်ဖလစ်နဲ့တဲ့။ နန်းတော်ထဲမလည်း တစ္ဆေအခြောက်သားနော်။ မိဖုရားတွေ မောင်းမတွေလည်း မယုံလေနဲ့ကွဲ့။ သူလိုချင်တဲ့ သားရတနာလား။ မယားခြောက်ယောက်သာ တခေါင်းပြီးတခေါင်းပြုတ်သွားတယ်။ မွေးလိုက်သမျှ သမီးချည့်ပဲ။ နောက်ဆုံး အန်းဘိုလင်းက မွေးတဲ့သမီးကို အယ်လစ်ဇဘက်ဘုရင်မကြီးဆိုပြီး နန်းတင်လိုက်ရတာ။ ပုဆိန်ရိုးတွေ အောက်ဖိဖားတွေကတော့ တယောက်မှ နံမည်လည်း မကျန်သလို အသက်နဲ့ခန္ဓာလည်း ကြာရှည် မမြဲကြဘူးကွယ်။ ဘယ်သတ္တ၀ါတစ်ဦးတစ်ယောက်မှ ကိုယ်ပြုတဲ့ ကုသိုလ် အကုသိုလ်အမှုရဲ့ ကောင်းကျိုးဆိုးပြစ်ကို မခံစားရတာ မရှိဘူးဆိုတာ ယုံပြီလား။ အင်္ဂလန်က စကားတောင်စားကြီး အပြောကောင်းသလို အံတီမေရဲ့ စကားတောင်စားကလေး အပြောကောင်းတာကလေးကို ပြန်နားထောင်ကြည့်ကြပါစို့လား။

(စကားတောင်စား မွေးထားတဲ့သားလိုလို ကြားသူမှာ ဖရဏာပီတိ ဂွမ်းဆီထိပုံ တအိအိစို စေတနာ သဒ္ဒါထား တကယ်ရိုးသားရဲ့လားအကို ကဗျာအလား တာသွား လျှာဖျား စကားတက္ကသိုလ်) ၂ ။
ဟိုအရင် စပယ်ပင်နံဘေး သူ့အကြိုက်နဲ့ တွေ့ခွင့်ပေး နုလိုက်တဲ့ အချစ်အဖွင့်ကလေး သည်းအေးအေး နားဝင်ချို ခင်ပျိုပျို လှယမင်း အသားလေးက ဖွေးရောင်လင်း ပါးကလေးက သွေးရောင်ဝင်း မင်းပပထက် နှစ်ဆပို ခါးတွင်သေး သိကြားပင်ငေးရတဲ့ပျို နတ်ဘုံဖျား သွားကာပဲ ထားအပ်သကို ဘယ်လိုသူဇာ မိုးနတ်မှပင် ယှဉ်သမျှငို လောက အလှပဂေး အသာပေး အမလေးလောက် မြှောက်တင်တာ မြင်သဆို။
(တကယ်လာတဲ့ကိုကို ကွယ်ရာမှာ ဘာလိုလို အို ချစ်သူရှိနေသား ပြီသလို မျက်နှာထားနဲ့ သည်ဟိုကျက်စားမည့်အပို မြာကိုမြင်တိုင်း သွားရည်ယို စေလိုရာစေပါဆို ပျို လကမ္ဘာထဲကိုပဲ အလည်ခေါ်ငင်သွားမတဲ့ တကယ်ပေါ်ပင် စကားတက္ကသိုလ်) ၂ ။
မယုံနိုင်ဘူးအကို အချစ်ဖူး ပြုစုလို တကယ်နုပျို ဘယ်သူ့လက် ၀ကွက်ကာ မဆက်ဘူးဆို တော်ဝင်ဂေါ်သဇင်ပန်းလို ရွှန်းရွှန်းစို နန်းဆောင်တွင်းဗဟို ရေမြေ့သနင်း မင်းတို့ကို ကြင်ဖို့ကြို မောင်ရယ်ချစ်ပါသလား ကြိုးစားတော့အကို မဖွယ်ရာ ဆွယ်လာစကားမဆို ရယ်စရာများအပို နားမချို။
(တကယ်လာတဲ့ကိုကို ကွယ်ရာမှာ ဘာလိုလို အို ချစ်သူရှိနေသား ပြီသလို မျက်နှာထားနဲ့ သည်ဟိုကျက်စားမည့်အပို မြာကိုမြင်တိုင်း သွားရည်ယို စေလိုရာစေပါဆို ပျို လကမ္ဘာထဲကိုပဲ အလည်ခေါ်ငင်သွားမတဲ့ တကယ်ပေါ်ပင်စကားတက္ကသိုလ်) ၂ ။

သီချင်းနားထောင်ရန်။
http://soundcloud.com/aye_marlar/08-sakar-tet-ka-thoe

(မဟေသီမဂ္ဂဇင်းထဲမှ Man of the all seasons ရုပ်ရှင်အညွှန်း နှင့် ထိုရုပ်ရှင်ဇာတ်ကားကို ပြန်လည်စဉ်းစား၍ ရေးပါသည်။ စာရေးသူအမည် မမှတ်မိပါ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...