ဒုက္ခအစစ်
UZa Wana January 19, 2014 at 3:39am
ရှင့်အတွက်
သစ်ခွပန်းရောင်းရတဲ့ဘဝဟာ
ကြီးစွာသော ဒုက္ခတဲ့လား။…
ရှင်တို့တွေ
အဘ အခေါ်ခံ ဇိမ်ခံ နှပ်နေချိန်
မှောင်အတိပြီးတဲ့
ခန်းကျဉ်းတွေထဲမှာ
အဝေးကအိမ်ကို
လွမ်းနေခဲ့ရတာ
သူတို့အကျဉ်းသားတွေပါ။
ရှင်တို့တွေ
ရာထူးတွေ အဆင့်ဆင့်တက်
ပခုံးပေါ်က ကြယ်တံဆိပ်တွေ
တဖျတ်ဖျတ်လတ်နေချိန်မှာ
သူတို့ဘဝ အောင်မြင်မှုတွေ
မှေးမှိန်ခဲ့ရတာပါ။
ရှင်တို့ရဲ့ မိသားစုတွေ
ရွှေဘုံစံ ပျော်ပါးနေကြချိန်မှာ
သူတို့ရဲ့ မိသားစုတွေ
လူ့ငရဲကို အံကြိတ်ကာ ဖြတ်ကျော်ကြရလေရဲ့။
ကြင်သူဇနီးမယားရဲ့
ခွန်အားပေးသော အပြုံးများ၏နောက်က
ကြေကွဲရိပ်ကို မြင်ရ
သူတို့ရင်ထဲ မချိအောင် ခံစားရလေရဲ့။
ထောင်ဝင်စာ ဆယ်မိနစ်မှာ
သံဇကာကွက်စိတ်ကြားက
ချစ်ရသူတွေရဲ့ ပုံရိပ်တွေဟာ
သူတို့အတွက်တော့
ရှင်တို့ အိမ်နံရံပေါ်က
သိန်းကျော်တန် အလှပြပန်းချီကားတွေထက်
ခမ်းနားနေလေရဲ့။
အိမ်သူအား တွေ့ရာ
" အဆင်ပြေရဲ့လား" ဟူသော
လောကွတ်ဆန်ဆန် စကားတစ်လုံးကို
သိမ်ငယ်စွာ ပြောရုံမှအပ
ဘာမှမတတ်နိုင်သူတွေပါ။
သားလေး၊ သမီးလေးတွေ ကြီးပြင်းလာတာကို
မြင်ရတာဟာ
ပျော်ရွှင်မှုတစ်ခုဆိုရင်
သူတို့ဟာ
ယုံကြည်ချက်အတွက်
ထို ပျော်ရွှင်မှုကို
စတေးခဲ့ရသူများပေါ့။
သူတို့ဟာ
သူတို့ယုံကြည်ရာအတွက်
ရာဇဝတ်သားဆိုတဲ့
မှားယွင်းစွာ တံဆိပ်ခတ်နှိပ်မှုရဲ့အောက်မှာ
ဒုက္ခပေါင်းများစွာကို
ခါးစည်းခံခဲ့ရသူတွေပါ။….
ရှင်တို့ရဲ့ ဒုက္ခဟာ
ကြီးမားသေးသတဲ့လား။
ကံ ကံ၏အကျိုးကလည်း
တုံဏိဘာဝေ ဖြစ်နေဆဲမို့
ဒုက္ခအစစ်ကို
ရှင်တို့မသိသေးပါလေ။
အေးမြတ်ဆုဝေ ၁၉၊ ၁၊ ၂၀၁၄။
ဒီကဗျာကိုရေးတဲ့
သမီးငယ်လေးဟာ သူ့အဖေအဖမ်းခံရစဉ် တကယ့် လူမမယ် ခလေး လူမှန်းသိတတ်စထဲက
အာဏာရှင်ဆီက သိလိုက်ခံစားလိုက်ရတဲ့ခါးသီးတဲ့ ဘဝ အတွေ့ အကြုံဟာ
ဒီကဗျာဖြစ်စေခဲ့တယ်လို့ ထင်ပါတယ် -သမီးလေးက ဒီမနက်မှာပဲ
ဒီကဗျာလေးဖတ်ကြည့်ပါဆိုပြီး ပို့ပေးလာတယ် သူဘယ်ထဲကရေးထားတာလဲမသိဘူး ၊
တကယ့်ရင်ထဲက လာတဲ့ခံစားချက် ကဗျာလေးမို့ မိတ်ဆွေတို့လဲဖတ်ရအောင်
သူ့ကိုယ်စားတင်လိုက်ပါတယ်
သူ့အဖေ
ဖမ်းခံရစဉ်က သူတို့မောင်နှမက ဒီအရွယ်လေး -- အမွှာထဲက အငယ် သမီးလေး
အေးမြတ်စုဝေ ရဲ့ ရင်တွင်းဖြစ်ကဗျာနဲ့အတူ သူတို့မောင်နှမပုံလေးပါ
တင်လိုက်ပါတယ် -လူသား အားလုံး ကိုယ်ချင်းစာ တရား ထွန်းကားသော
နေ့ရက်များကိုတည်ဆောက်နှိုင်ကြပါစေ ---
0 comments:
Post a Comment