Wednesday, January 22, 2014

လူ့ အခွင့်အရေးအတွက် လှုပ်ရှားစွမ်းဆောင်ရင်း လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသူ ဒေါ်ဘောက်ဂျာ

January 22, 2014 at 5:46am
 
       ဖါးကန့် မြို့ နယ်တရားရုံး၌ ဒေါ်ဘောက်ဂျာရင်ဆိုင်နေရသော အမှုတွင် သက်သေတဦးဖြစ်သူ ဓမ္မဆရာ ဦးအင်ဂန်ကန်ဆိုင်းက အောက်ပါအတိုင်း ထွက်ဆိုသွားခဲ့သည်။                
“ဒေါ်ဘောက်ဂျာမှာ ကျွန်တော်တို့ နေထိုင်သော ဒေသတွင် လယ်သိမ်းခံ တောင်သူ လယ် သမားများ ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးခြင်းကြောင့် ဒေသခံ အာဏာပိုင်များ၏ ငြိုငြင်မှု ကို မကြာ ခဏခံခဲ့ရသည်။
       အာဏာပိုင်များ၏ ခြိမ်းခြောက်သွေးဆောင်ကာ တရားစွဲခိုင်းခံခဲ့ရသော တရားလိုဒေါ်ကိုင်ထန် ကိုယ်တိုင်က အမှု ရုပ်သိမ်းလွှာ တင်ခဲ့သည့်အပြင် မည်သည့်တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာ အပေါ်ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိသဖြင့် ဒေါ်ဘောက်ဂျာ ဆေးထိုးကုသ၍ လူသေပါသည်ဟု လုပ်ကြံ အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၀၄ (က) ဖြင့်စွဲဆိုထားသော အမှုအား ရုပ်သိမ်းကြောင်းဖြင့် တရားရုံးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ တွင် အမိန့် ချမှတ်ခဲ့သည်။


      အရင်းလဲလျှင် အဖျားထင်းဖြစ် ဟူသော မြန်မာ ဆိုရိုးစကားရှိသည်။ အဓိက ကျသည့် အမှုကြီး တွင် သက်သေထင်ရှားမတင်နိုင်၍ ပြန်လည်ရုပ်သိမ်းလိုက်လျှင် ယင်းနှင့် ဆက်စပ်နေသော ကျန်နှစ်မှုကို လည်း အလိုအလျှောက် လွှတ်ပေးရုံသာ ရှိသည်။ တရားရုံးသည် ယင်းသို့ မဆောင်ရွက်။ အဖျားကနေ ပြန် လည် မီးရှို့ ကာ အပြစ်ကင်းမဲ့သည့် ဒေါ်ဘောက်ဂျာကို မတရား တရားစီရင်ရေးစနစ်က ဆက်လက် ပြသနာ ရှာတော့မည့် အနေအထားဖြစ်နေသည်။ ဆေးထိုးပြွန် နှင့် ဆေးဝါးတို့ ကို လက်ရှိထား သုံးစွဲကြောင်းဖြင့် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃) အရလည်းကောင်း၊ တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်းဖြင့် ဆေး ကောင်စီ ဥပဒေ ပုဒ်မ (၄၁) အရလည်းကောင်း သူမအား တရားစွဲဆိုထားဆဲဖြစ်သည်။ ယင်းအမှုများ အပေါ် ဇန်န၀ါရီလ (၂၄) ရက်နေ့ တွင် အပြီးသတ် အမိန့် ချမည်ဟု သိရသည်။

       (ကွယ်လွန်သူ ဦးဇော်ဂျာ အား မက်ကလောင်ခြစ်ပြီး ပြုစုပေးခဲ့သူ) တရားလိုပြ သက်သေ ဦးမုန်ဇော်ဂျာက “ဒေါ်ဘောက်ဂျာက ဘာသာရေးအရ ဆုတောင်းပေးပြီး ပြန်သွားပါသည်။ ဆေးထိုးပေး သည်ကို မတွေ့ ရပါ။” ဟု ထွက်ဆိုခဲ့သည်။ ဒေါ်ဘောက်ဂျာအပေါ် စွဲဆိုသော အမှုအားလုံးအနက်မည်သည့် တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာသည် တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်း ထွက်ဆိုခဲ့ ခြင်း အလျှဉ်းမရှိသဖြင့် မည်သို့ လျှင် ဆေးကောင်စီ ဥပဒေ ပုဒ်မ (၄၁) အရ အပြစ်ပေးမည်နည်း။

       ဆေးထိုးပြွန် နှင့် ဆေးဝါးတို့ ကို လက်ရှိထား သုံးစွဲကြောင်းဖြင့် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃) အရစွဲဆိုခဲ့သည့် ရဲတပ်ဖွဲ့ ကို ပြန်လည် တရားစွဲရပါမည်။ ရဲတပ်ဖွဲ့ သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၄၆၄ “မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကို ပြုခြင်း” ဟူသည့် ပြဌာန်းချက် ကို ကျူးလွန်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

ဒေါ်ဘောက် ဂျာ ၏ မိဘများ နေအိမ်အားရဲ က လာရောက်ရှာဖွေသောအခါ အိမ်တွင်အတူ နေ ထိုင်လျှက်ရှိသူ ဒေါ်လွမ်းယန်း (ရုံးထွက်ချက် တွင် ဒေါ်လုယန်း အနေဖြင့် စာလုံးပေါင်းမှားဖေါ်ပြခံရသူ) က တရားလိုပြ သက်သေအဖြစ် အောက်ပါအတိုင်း ထွက်ဆိုသွားခဲ့သည်။

“ရှာဖွေပုံစံတွင် ကျမလက်မှတ်ထိုးလိုက်သည့် အချိန်တွင် ဘာမှ ရေးမထားပါ။ အလွတ် လက်မှတ်            ထိုး ပေးလိုက်ရပါသည်။”

အလွတ်လက်မှတ်ထိုးပေးလိုက်ရသည့် ရှာဖွေပုံစံတွင် ရဲက အောက်ပါစာကြောင်းကို ဖြည့်ရေးကာ ဒေါ်ဘောက်ဂျာ အမှုပတ်စေအောင်ဖန်တည်းလိုက်သည်။

“ ---- ဆေးကု ပစ္စည်းများမှာ အိမ်ရှင်ဒေါ်ဘောက်ဂျာ ဆေးကုရာ၌ အသုံးပြုသော ပစ္စည်းများဖြစ်၍ ကျမ ဒေါ်လုယန်းမှ ပေးအပ်ပါသည်။”

ဒေါ်လွမ်းယန်း (ဒေါ်လုယန်း) ၏ ရုံးရှေ့ထွက်ဆိုချက်အရ အလွတ်လက်မှတ်ထိုးပေးလိုက်ရသည့် ရှာဖွေပုံစံပေါ်တွင် အဆိုပါစာကြောင်းကို ဖြည့်ရေးသူမှာ ရဲတပ်ဖွဲ့ သာဖြစ်သည်။ သို့ ဖြင့် ရဲတပ်ဖွဲ့ သည် “မဟုတ်မမှန်သည့် စာတမ်းအမှတ်အသား ကို ပြု” ခဲ့သည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆၄ ကို အတိအလင်း ချိုး ဖေါက်ခဲ့သည်။ ဖါးကန့် မြို့ နယ်တရားရုံးသည် ဤသည်ကိုစုံစမ်းဖေါ်ထုတ်ကာ ပြစ်မှုကျူးလွန်သည့် ရဲအရာရှိ ကို အရေးယူ အပြစ်ပေးရန် တာဝန်ရှိသည်။ ယင်းနှင့် ပြောင်းပြန်ပြုကာ “မဟုတ်မမှန်သည့် စာတမ်းအမှတ် အသား” အပေါ်အခြေပြုပြီး ဒေါ်ဘောက်ဂျာအပေါ် ပြစ်ဒဏ်စီရင်မည် ဆိုလျှင် တရားရုံးသည် မတရား စီရင်မှု ကျူးလွန်ခြင်း ဖြစ်ပါမည်။

ရှာဖွေသက်သေ ဦးနော်ဒီး သည် ဒေါ်ဘောက်ဂျာထံမှ သက်သေခံပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း ကို ထွက်ဆိုခြင်း မရှိခဲ့။ ဆေးပစ္စည်းအချို့ အား ရဲကသိမ်းဆည်းစဉ်ကလည်း ဒေါ်ဘောက်ဂျာနေအိမ်တွင် ပင် မရှိ။ ခရီးထွက်နေကြောင်း ရှာဖွေသည့် ရဲအရာရှိကိုယ်တိုင်ဝန်ခံထားသည်။ ရှာဖွေပုံစံတွင် ရှာဖွေခံရသူအနေ ဖြင့် လက်မှတ် ရေးထိုးပေးလိုက်သူမှာလည်း ဒေါ်ဘောက်ဂျာမဟုတ်။ ဒေါ်ဘောက်ဂျာ၏ မိဘများနှင့် အတူ နေ ထိုင်နေသူ ဒေါ်လွမ်းယန်းဖြစ်သည်။

ဒေါ်လွမ်းယန်းအား တရားလိုပြသက်သေအနေဖြင့်စစ်ဆေးရာတွင် ဒေါ်ဘောက်ဂျာ၏ မောင်အရင်း ဖြစ်သူ ဒေါက်တာ ဆိုင်းထူးမိုင် နှင့် ညီမဖြစ်သူ အထက်တန်းသူနာပြုဆရာမ ဒေါ်ထုဆန်း တို့ က ၄င်းတို့ ၏ မိဘလည်းဖြစ်၊ ဒေါ်ဘောက်ဂျာ၏ မိဘများလည်း ဖြစ်သူတို့ ၏ အိမ်ကို အလည်လာသည့် အခါတိုင်း မိဘ များအား ဆေးဝါးကုသပေးရာတွင်လည်းကောင်း၊ မိဘမဲ့ ကလေးများ၊ ဆင်းရဲနွမ်းပါးသူများအား အခမဲ့ ဆေး ၀ါးကုသ ပေးရာတွင်လည်းကောင်း သုံးသည့် ဆေးပစ္စည်းများ ဖြစ်ကြောင်းထွက်ဆိုခဲ့သည်။

ကာယကံရှင် ဒေါက်တာ ဆိုင်းထူးမိုင် နှင့် သူနာပြုဆရာမ ဒေါ်ထုဆန်း တို့ ကလည်း အဆိုပါအတိုင်းပင် ရုံးရှေ့တွင် ထွက် ဆိုခဲ့သည်။ တရားခံပြသက်သေ ဓမ္မဆရာ ဦးအင်ဂန်ကန်ဆိုင်းကလည်း ယင်းကို ထောက်ခံထွက်ဆိုခဲ့သည်။
 ဒေါ်ဘောက်ဂျာသည် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃)၊ ဆေးကောင်စီ ဥပဒေ ပုဒ်မ (၄၁) တို့ နှင့် လုံးဝ ပင် ညိစွန်းခြင်းမရှိပါ။

ဒေါ်ဘောက်ဂျာသည် သူမစိုးစဉ်းမျှ ကျူးလွန်ခြင်းမရှိသော မှုခင်းများအတွက် အာဏာပိုင်များ၏ လုပ်ကြံဖန်တည်းမှုများ အောက်တွင် မတရား တရားစွဲခံ နေရသဖြင့် သူမ၏ လူ့ ဂုဏ်သိက္ခာကို ထိပါးခံနေရ သည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့  အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၁) ကို ချိုးဖေါက်ခံ ရခြင်း ဖြစ်သည်။ တရားရုံးက အာမခံ လုံးဝ မပေးဘဲ ရက်ပေါင်း ၂၁၂ ရက်ကြာမျှ ဆက်တိုက် ချုပ်နှောင်ခံ နေရ သဖြင့် သူမ၏ လွတ်လပ်မှု နှင့် လုံခြုံမှုအခွင့်အရေး ဆုံးရှုံးနေရသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၃) နှင့် (၉) တို့ ကို ချိုးဖေါက်ခံ ရခြင်း ဖြစ်သည်။

တရားရုံးသည် စွပ်စွဲခံရသူ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရသည့် နေ့ မှစ၍ သူမကိုယ်တိုင်က ဖြစ်စေ၊ သူမ၏ ရှေ့နေမှ တဆင့် ဖြစ်စေ တင်ပြသမျှများအား ပယ်ချခဲ့ပြီး အစိုးရရှေ့နေ နှင့် ရဲတပ်ဖွဲ့ တို့ မှ တင်ပြ ချက်များအတိုင်းသာ တလျှောက်လုံး လိုက်ပါဆောင်
ရွက် ပေးနေသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေငြာစာတမ်း အပုဒ် (၁၀) ပါ တရားမျှတသည့် စစ်ဆေးစီရင်ခံပိုင်ခွင့် (The Right to a Fair Trial) ကို ချိုးဖေါက်ခံ ရခြင်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာသည် လူ့ အခွင့်အရေးအတွက် လှုပ်ရှားစွမ်းဆောင်ရင်း လူ့ အခွင့်အရေးချိုးဖေါက်ခံ နေရသူ ဖြစ်သည်။ လူ့ အခွင့် အရေးကို လိုလားမြတ်နိုးသူမျှသမျှသည် ဒေါ်ဘောက်ဂျာ ဆုံးရှုံးနေသော အခွင့် အရေးများ အမြန်ဆုံးရင်းစားပြန်လည်ရရှိအောင် ၀ိုင်းဝန်းကြိုးပမ်းသင့်သည်။ အထူးအာဏာရ မြို့ နယ်တရား သူကြီး ဦးဇော်ဇော်ထွန်း ဦးစီးသည့် ဖါးကန့် မြို့ နယ် တရားရုံးသည် ဒေါ်ဘောက်ဂျာ ကို အမြန်ဆုံး ချွင်းချက် မရှိ လွှတ်ပေးပြီး သူမဆုံးရှုံးနစ်နာခဲ့မှုများအတွက် ထိုက်သင့်သည့် လျော်ကြေးနှင့် ကုစားမှုများပြုလုပ်ပေးရန် နှင့် တာဝန်ရှိ အာဏာပိုင်များအား ပြန်လည်အရေးယူ တရားစွဲဆိုခြင်းဖြင့် တရား မျှတသည့် တရားစီရင်ရေး စနစ် ကို ထူထောင်ရန် တောင်းဆိုလိုက်သည်။

အသေးစိတ်သိလိုပါလျှင်

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
(ဖုံး) (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅                                                          နေ့ စွဲ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...