Wednesday, January 22, 2014

အမေ (သို့မဟုတ်) အဖြူရောင် သမုဒယ ကြိုးလေးများ၏ သခင်

<<<<< ((( အမေ (သို့မဟုတ်) အဖြူရောင် သမုဒယ ကြိုးလေးများ၏ သခင် )))>>>>>

``အမေများနေ့´´ တဲ့။

စဉ်စားမိပါတယ်၊ အမေ့အတွက် နေ့တစ်နေ့ သတ်မှတ်ပေးစရာလိုသလားလို့။
အဲဒီလိုသတ်မှတ်ရတဲ့ အထိတိုင်အောင်၊  အမေတွေကို မေ့နေကြတာလားလို့။

``အမေ´´ဆိုတာဘာလဲ ? လို့ မေးခွန်းလေးမေးလာရင် ဘယ်လိုဖြေရပါ့မလဲလို့ စဉ်းစားကြည့်လိုက်တော့ အဖြေတစ်ခုရပါတယ်။

အမေဆိုတာ အမေပါပဲ လို့ ။ 

ကျန်တာတွေနဲ့ တစ်ခုမှ အစားထိုးမရနိုင်တဲ့၊ မပြည့်စုံနိုင်တဲ့အတွက် အမေ့ကို အမေလို့ပဲ ဖြေလိုက်မိမှာပါ၊

အမေ့အကြောင်းကို ဂုဏ်ပြုချင်လို့ မပြည့်စုံတဲ့ ကဗျာလေးတစ်ပုဒ်အဖြစ် ဖန်တီးဖြစ်ခဲ့ တယ်ဗျာ။

=====================

``ကျွန်တော်သိသော မေမေ´´

ကျွန်တော် သိတဲ့မေမေက 
လူ့ဘ၀ရဲ့အစ
ဘာမှ မသိခင်ကတည်းက ရင်းနှီးခဲ့ရသူ။

မှတ်မိစကတည်းက
မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့ရတဲ့သူ။

အားကိုး၊ ရိုသေ၊ လေးစား
ယုံမှားခြင်းလည်းမရှိ ပကတိ ကြည်လင်သန့်စင်သူ။

ဝမ်းနည်းချိန်၊ အားငယ်ချိန်နှင့်
ဒုက္ခဆင်းရဲ ကြုံတွေ့ချိန်မှာ
ဦးစွာ သတိရ တမ်းတမိတဲ့သူ။

ဘယ်အချိန် ဘယ်မှာဖြစ်ဖြစ်
အမြဲကမ်းလင့်နေတဲ့သူ။

ပူခြင်း၊ အေးခြင်း၊
စွတ်စိုခြင်း၊ ခြောက်သွေ့ခြင်းနှင့်
မှောင်မိုက်ခြင်း၊ ကြမ်းတမ်းခြင်း
အကြောက်တရား ကင်းပျောက်
သားသမီးများ အလိုရှိခိုက်မှာ
ရောက်အောင် လာတတ်သူ။

ဘာတစ်ခုမျှ မမျှော်လင့်
ကောင်းမွန်ခြင်းဆိုသော
မြင်နေခွင့်၊ ကြားနေခွင့်ဖြင့်
ပျော်ရွှင်ကျေနပ်နေတတ်သူ။

ဘာလေးပဲဖြစ်ဖြစ် ပေးဆပ်နေရမှ
ကျေနပ်နေတတ်သူ။

အပြုံးလေးတစ်ချက်ကိုဆောင်
သားသမီးများအတွက်
အဆုံးမရှိ လိုချင်တတ်မက်ခြင်းတွေနဲ့
ရှင်သန်နေတဲ့သူ။

ဘာမှ မရှိသော်လည်း
သားသမီးများအတွက်
ဘာတွေလိုအပ်နေသလဲလို့
တွေးတောနေတတ်သူ။

ကိုယ်တိုင် နေမကောင်းသော်မှ
သားသမီးများအတွက်
ကျန်းမာကြစေကြောင်း
ဆုတောင်းပေးတတ်သူ။

သားသမီးတွေအတွက်
အသက်ချင်းလဲဖို့အထိ
အသင့်ရှိနေတတ်တဲ့သူ။

နောက်ထပ်.. နောက်ထပ်
အမေ့အကြောင်းတွေ ရေးဖွဲ့
ဘယ်တော့များမှ ပြည့်စုံနိုင်ပါ့မလဲ။

မေမေ...
သားကို ချစ်ခြင်းများအတွက်
မေမေ့ရဲ့ အကြောင်းကို
စာကြောင်းလေးအဖြစ်
သားရေးခြစ်လိုက်ပြီ
မေမေကျေနပ်ရဲ့လား... ဟင်။

မပြည့်စုံပေမဲ့လည်း
ထာဝရ အစိုင်အခဲများအဖြစ်
သားရင်ထဲမှာသိမ်းထားတယ်။
မေမေ့ရဲ့ ချစ်ခြင်းများကိုလေ။

လောကကြီးထဲမှာ.....
အမေကလည်း တစ်ယောက်ထဲ
သားကလည်း တစ်ယောက်ထဲ
ဘယ်လိုပဲ ကွဲပြားနေပါစေ
အမေတို့ရဲ့ ချစ်ခြင်းတွေက
အားလုံးတူမျှနေကြတယ်နော်။

မအံ့သြမိပါဘူး
သူ့ရင်ထဲက ဖြစ်တဲ့သား
သူ့ နှလုံးသားရဲ့ သွေးစက်
သူ့ ဘ၀မှာ မမောနိုင်တဲ့ ချွေးစက်တွေပဲ....

တကယ်တော့လေ.....
အမေဆိုတာက
နေ့ခင်းမှာလဲ သာတဲ့လ
ညနက်နက်မှာ ထွက်တဲ့နေ
မဖြစ်နိုင်တာတွေကို
ချစ်ခြင်းတရားဖြင့် ဖန်ဆင်း
သားတို့အားလုံးရဲ့
ထာဝရအလင်းရောင်သခင်ပါ။

======================

မေမေ့အကြောင်းလေးတွေကို ဒီလောက်လေး တွေးမိ ရေးမိတာနဲ့တင် တော်တော်ကျေနပ်နေခဲ့တာပါ။

တစ်ခါကညတစ်ညမှာ စာကျက်နေရင်းက အပြင်ခဏ ထွက်လာတော့ အိမ်ရှေ့မှာ ကျွန်တော့်ကို ထိုင်စောင့်နေတဲ့ မေမေ့ကိုတွေ့ရတယ်၊ ကျွန်တော့်ပုခုံးကို လှမ်းဖက်ရင်းနဲ့ ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ကြယ်လေးတွေကိုပြရင်း မေမေပြောပြခဲ့ဘူးတယ်။

``သား ဟိုး မိုးပေါ်အထိရောက်အောင်ကြိုးစား၊  ယောက်ျားဆိုတာ ကြိုးစားရင် ဘုရားတောင်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေပဲ ဘယ်တော့မှ မလျော့နဲ့´´တဲ့.။

ကျွန်တော် ပြန်မေးလိုက်မိတယ်

`` သားက မိုးပေါ်ကိုရောက်သွားရင် မေမေက ဘယ်လိုလုပ်မှာလဲ´´လို့။

မေမေက ဘာပြောလဲ သိလား......
 
``သားကိုကြည့်ရင်းနဲ့ မေမေပြုံးနေမှာပေါ့၊ နောက်ပြီးလာသမျှ လူတွေကို မေမေကြွားမှာပေါ့၊  အဲဒါ ကျွန်မသားလေးလို့´´တဲ့။  

ကျွန်တော် အဲဒီအချိန်ကတည်းက မေမေ့ကို ကျေနပ်စေချင်ခဲ့တယ်။

ကြိုးစားဖို့ မကြောက်တော့ဘူးလို့ ဆိုရမှာပေါ့။ 
ဒီအကြောင်းလေးကို တွေးမိလို့ ကဗျာလေးတစ်ပိုဒ် ထပ်တိုးလိုက်တယ်။

``ကောင်းကင်မှာ ကြယ်ပွင့်လေးအဖြစ်
ထွန်းလင်းခွင့် ရခဲ့လျှင်
သန့်စင်သော အပြုံးကို ပိုက်လျှက်
မြေပြင်မှာ ရှင်သန်ရစ်မဲ့
သားချစ်တဲ့ အမေ´´ လို့။

========================

တကယ်တော့ အမေနေ့ဆိုတာ အမေ့ကို  မေ့နေကြလို့ မဟုတ်ပါဘူး.. 

အတိုင်းအဆမရှိသော မေတ္တာများဖြင့် မွေးဖွားသန့်စင်ပေးခဲ့သော၊ 
အဆုံးမရှိသော ချစ်ခြင်းများဖြင့် သားသမီးများအတွက် အဖြူရောင် သမုဒယကြိုးလေးများကို ထာဝစဉ် ဆုပ်ကိုင်ထားသော၊  
သားသမီးများအတွက် ဘယ်ခါမှ အိုမင်းမသွားသော တုနှိုင်းမဲ့ ကျေးဇူးရှင် မိခင်တို့အား သားသမီးများမှ မမေ့မလျော့ကျေးဇူးတင် ဂုဏ်ယူလျှက်ရှိကြောင်း သိစေလိုခြင်း၊ 

မိခင်တို့၏ ဂုဏ်ကျေးဇူးကိုအထူးအားဖြင့် ထွန်းလင်းတောက်ပစေလိုသဖြင့် အားလုံး ပူးပေါင်း၍ ပူဇော် ဂုဏ်ပြုကြခြင်းဖြစ်သည်ဟု။

သားသမီးများအားလုံး အမေ့ စေတနာ၊ မေတ္တာနှင့် ချစ်ခြင်းများကို သတိနေလျှက်ရှိပါကြောင်း .....

ကွန်ဆူးမား (၂၂-၁-၂၀၁၄)

( ၄-၅-၂၀၁၂)ရက်နေ့တွင် `` ချစ်သူမြို့တော်´´၌ ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင် ရေးသားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...