Wednesday, January 29, 2014

Pen ဖရန့်နှင့် မန္တလေးသိန်းဇော်


သူများတွေ တက္ကသိုလ်ဝင်တန်း ဖြေပြီးရင် စပီကင်တွေ တက်ကြ ကွန်ပူတာတွေ တက်ကြနဲ့ပေါ့။ဦးကျော်စွာဝင်းက LCCI ဆိုတာ ဘာပါ...ခင်ညာလို့ ကြော်ငြာပြီး သင်တန်းဂျီးလာဖွင့်တော့ တက်စရာက တစ်ခုထပ်တိုး လာပြန်ပါတယ်။သူငယ်ချင်းတွေက သင်တန်းပေါင်းစုံနဲ့ မအားကြပါဘူး။
ကျွန်မမှာတော့ စာမေးပွဲပြီးကတည်းက ခြေချုပ်မိပြီး အိမ်တွင်းပုန်းလုပ်ရပါတယ်။

သူငယ်ချင်းတွေက လည်ဖို့ပတ်ဖို့ လာခေါ်လည်း မထည့်တော့ တဖြည်းဖြည်း စိမ်းကုန်ပါတယ်။ ဘဝကလည်း အရမ်းကို အထီးကျန်ပြီး စိတ်အားငယ်ရပါတယ်။ ကျွန်မအဖြစ်ကို မကြည့်ရက်လို့ ငယ်ကျွမ်းဆွေ ငြိမ်းငြိမ်းက သူ့ဖေဖေ ကိုထွန်း လမ်း၈၀ ကို ကျွန်မဖေဖေနဲ့ စကားစမြည်ပြောရင်း "နေထက်ထက်အောင်ကို လူငယ်သဘာဝ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ သင်တန်းတွေတက်ခွင့် စသဖြင့်တွေ ပေးသင့်ကြောင်းးးး " ထည့်သွင်းပြောခိုင်းတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီလို ပျင်းရိငြီးငွေ့ စိတ်ညစ်စရာ အချိန်ကာလရှည်ကြီးမှာ ကျွန်မရဲ့ သူငယ်ချင်းကောင်း အဖော်မွန်တွေအဖြစ် စာအုပ်တွေက တောက်လျှောက် ရပ်တည်ပေးခဲ့ကြ ပါတယ်။ ပျင်းပျင်းနဲ့ စာကြည့်ခန်းထဲမှာ ရှိသမျှသော စာအုပ်တွေ အကုန်ဖတ်မယ်လို့ ကြိမ်းပြီးကို ဖတ်ခဲ့တာပါ။ မှန်နန်း ရာဇဝင်တွဲတွေနဲ့ သမိုင်းအစောင်စောင်၊ဖေဖေ့ရဲ့ ဥပဒေနဲ့ တရားရေး စာအုပ်တွေ၊ဘင်္ဂလီ စာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုးရဲ့ ကဗျာစာအုပ်တွေနှင့် စာဆိုတော် ဝတ္ထုကြီးလည်း မကျန်ခဲ့ပါဘူး။ အရှင်ဇနကာဘိဝံသရဲ့ တရားစာအုပ်တွေလည်း အလွတ်မပေးခဲ့ ပါဘူး။ သုတပဒေသာ၊ဓန၊မြန်မာ့ဓန စတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေလည်း ဖတ်တာပါပဲ။

အဲ့ဒီမဂ္ဂဇင်းတွေထဲမှာ Best နဲ့ English for all နှစ်စောင်လည်း လစဉ်ဖတ်တဲ့ စာရင်းမှာ ပါခဲ့ပါတယ်။ သူငယ်တန်းကနေ စပြီး အင်္ဂလိပ်စာသင်ခဲ့ရသလို... အခုလို လည်းကိုယ့်ဘာသာ လေ့လာနိုင် သလောက်လေးလည်း လေ့လာနေတာပါပဲ...။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်တယ်လို့ လည်းမထင်သလို ပြောလည်းမပြောတတ်ခဲ့ ပါဘူး။

ဒီအင်္ဂလိပ်စာ မဂ္ဂဇင်းတွေထဲမှာ Pen Fri ကဏ္ဍလေးလည်း ပါဝင်ပါတယ်။ ခုလိုအင်တာနက်သလား ဖြူသလား မသိတဲ့ အချိန်၊ ကွန်ပူတာဆိုတာ ကြွားစရာပစ္စည်းလို ရှိုးပြကြတဲ့ အချိန်၊ ဂျီမေးဆိုတာ ဘာဂျီးမှန်း မသိသေးခင်၊ ဖေ့ဘုတ်ဆိုတာ မရှိသေးချိန်မှာ အဲ့ဒီ ပန်ဖရန့် ကဏ္ဍလေးဟာ လူငယ်တွေ ကြားထဲမှာ အတော်လေး ရေးပန်းစားခဲ့ဖူးပါတယ်။

အထီးကျန်ပြီး အပေါင်းအသင်းမဲ့နေတဲ့ အချိန်ဖြစ်တော့ ကျွန်မက သူငယ်ချင်းအပေါင်းအသင်း အလွန်လိုချင်နေခဲ့ပါတယ်။ ကျွန်မရော ညီမလေးကပါ ပန်ဖရန့်ဝင်ချင်ခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးကလည်း မဝင်ရဲကြပါဘူး။ ဘာလို့လည်းဆိုတော့ အင်္ဂလိပ်စာပေနဲ့ ဗဟုသုတတွေ အပြန်အလှန် ဖလှယ်ဖို့ ဖွဲ့ပေးထားတယ်ဆိုတော့ ဒီပန်ဖရန့်တွေဟာ အချင်းချင်း စာတွေရေးကြရင် အင်္ဂလိပ်လို ရေးကြမယ်လို့ ထင်မိလို့ပါပဲ။

ကျွန်မတို့က အင်္ဂလိပ်လို ပြန်မရေးတတ်တော့ ဒုက္ခတွေ့ရ ချည်ရဲ့ပေါ့နော်။ ဖျစ်ညှစ်ရေးလို့ ခင်သွားပြီး ဖုန်းတွေဘာညာ ဆက်ဖြစ်လို့ အင်္ဂလိပ်လိုတွေ ပြောလာရင် ပြန်လည်းမပြောတတ်၊ သူများပြောသမျှ လည်း နားမလည်ရင် ပိုပိုပြီး အရှက်ကွဲရချည်ရဲ့လို့လည်း တွေးတွေးပြီးးးး ပန်ဖရန့်ကို မဝင်ရဲခဲ့ ကြပါဘူး။

" မမလတ် ဘာလို့ပန်ဖရန့် မဝင်သေးတာလဲ???" "မီးမီးကို စောင့် နေတာလေ။ အတူတူဝင်ရအောင်လို့။" "ဟင့်အင်းးး မစောင့်နဲ့ အရင်ဝင်။" "ဟင့်အင်းးး ငါတစ်ယောက်ထဲ မဝင်ဘူးးး။" နောက်ဆုံးတော့ အတူတူ ပန်ဖရန့်ဝင်လိုက်ကြပါတယ်... မဂ္ဂဇင်းနှစ်စောင်လုံးမှာပါ။ ကျွန်မတို့ အဖွဲ့ဝင်နံပါတ်တွေနဲ့ အိမ်လိပ်စာတွေ မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မတို့ဆီကို စာတွေအများကြီး ရောက်လာပါတော့ တယ်။ ပို့စ်မန်းက တစ်ခါလာပို့ရင် တစ်ယောက်ကို စာအစောင်၂၅ဆီ အနည်းဆုံး လာပါတယ်။

တကယ့်ဟာသပါပဲ။ လာသမျှစာတွေ အကုန်ဖောက်စစ်တဲ့ ဒယ်ဒီခမည်းဘုရားက သူ့သမီးတွေကို ခင်ချင်လို့ လှမ်းမိတ်ဆက်တဲ့ စာတွေဖြစ်နေတာကို တွေ့တော့ တော်တော်အံ့သြပြီး သူ့ခမျာ ဘယ်လိုကိုင်တွယ် အရေးယူ ဆောင်ရွက်ရမှန်း မသိဖြစ်နေခဲ့တာပါပဲ။နောက်တော့လည်း အဆန်းတကျယ် မဖြစ်တော့ဘဲ အသာစောင့်ကြည့် အကဲခတ်ရုံပဲ လုပ်ပါတော့တယ်။

နောက်ထပ်ဟာသကတော့ အဲ့ဒီစာတွေထဲမှာ အင်္ဂလိပ်လို ရေးထားတဲ့စာ တစ်စောင်မှ မပါရှိခြင်းပါပဲ။ အဲ့ဒီထဲက ထူးခြားတဲ့ စာတစ်စောင်ကတော့ တိုင်းရင်းသားလူမျိုးများ ကောလိပ်က ဒုတိယနှစ် ကျောင်းသားတစ်ယောက်ရဲ့ စာပါပဲ။ သူက စာတွေရေးပြီးရင် အောက်ဆုံးမှာ "မည်သည့်အရာကိုမှ သိမ်းပိုက်မထားသော.... " လို့ရေးပြီးမှ လက်မှတ်ထိုးလေ့ရှိပါတယ်။သူက စာရေးဆရာ မင်းမြတ်သူရရဲ့ ပရိတ်သတ်ပါတဲ့။

ဘာအခွင့်အရေးနဲ့ ဘာအရာမှမရှိတဲ့ ကျွန်မကတော့ ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင် တာတွေကို ကောင်းမွန်သင့်တော်တဲ့ နည်းလမ်းမှန်သမျှကို သုံးပြီး ဘယ်လိုအရယူမလဲလို့ ကြံစည်နေချိန် ဆိုတော့ကာ....သူ့အတွေးနဲ့ သူ့အရေး တွေကို နားမလည်ခဲ့ပါဘူးးး ဒါနဲ့ ကျွန်မကလည်းပြန်စာမှာ ရေးချင်တာ ရေးပြီးရင် အောက်ဆုံးမှာ သူ့လိုပဲ ပြန်ရေးပေးလေ့ ရှိပါတယ်။ "အရာအားလုံးကို သိမ်းပိုက်ရယူလိုသော..." နေထက်ထက်အောင် ဆိုပြီးမှ လက်မှတ်ထိုးလေ့ ရှိပါတယ်။ ကျွန်မက အဲ့ဒီလိုကို ပေါရဲခဲ့ပါတယ်။

ဒီလိုပေါရဲတယ်ဆိုတာ ကလည်း ပါရမီပါမှ ရတာပါ။ ဒီပါရမီဟာ ဘယ်ဂလောက် ထူးသလဲဆိုတော့ ကျွန်မမူကြိုအရွယ်မှာ ကတည်းက အစွမ်းပြပြီး ထူးခဲ့တာပါ။ ကျွန်မကို မီးဖွားပြီးကတည်းက မေမေက မကြာခဏ ချူချာပြီး ဆေးရုံ ခဏခဏ တက်ရပါတယ်။ ဒီတော့ ကျွန်မက မေမေ့ဘက်က အဒေါ်အပျိုလေး၊အပျိုကြီးတွေနဲ့ သွားနေရတာ များပါတယ်။ မေမေ့ဘက်က အဖွားအိမ်ဟာ တရုတ်တန်းက ဇာတ်ရုံဝင်းကြီး(ယခုကြည်တင်ဟိုတယ် နေရာ)နဲ့ လမ်းပဲ ခြားတာပါ။

အဲ့ဒီအချိန်မှာ မန္တလေးသိန်းဇော်ဟာ အနုသဘင် ဆင်မြင့်ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်ပေါ့။ မန္တလေးသိန်းဇော် ဇာတ်ပွဲနေ့ကို အဒေါ်အပျိုတွေရော ဦးလေးလူပျို တွေရောက အပျက်မခံတမ်း အားပေးသလို နှစ်နှစ်၊သုံးနှစ်အရွယ်ကျွန်မကိုလည်း ဇာတ်ပွဲဆီကို အိပ်ရာလိပ်နဲ့ ခေါ်သွားကြပါတယ်။

ကျွန်မက ဇာတ်ပွဲကြည့်စဉ်မှာ ဘာမှနားမလည်ပါဘူး။ မှတ်မိပြီး သဘောကျတာကတော့ မင်းသားသိန်းဇော်က "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်... " ဆိုတဲ့သီချင်းကို ဆိုဆိုပြီးကတာကိုပါပဲ။ အဲ့လိုကတဲ့အခါမှာ သေတ္တာကြီးတွေ တစ်လုံးပြီး တစ်လုံးဆင့်ကတယ်၊ ကျွမ်းထိုးတယ်၊ ဒါပဲမှတ်မိပါတယ်။အဲ့ဒီ ကကွက်ကိုလည်း သိပ်ပြီးသဘောကျ စွဲလမ်းခဲ့ပါတယ်။

လေးနှစ်ပြည့်တော့ မူကြိုတက်ရမယ် ဆိုပြီးဖေဖေက ကျွန်မကိုမေမေ့ဘက်က အဖွားအိမ်ကနေ ပြန်ခေါ်လာပါတယ်။ ဖေဖေ့ဘက်က အဖွားက ဟိုးယခင်က မြသဇင် ကော်စမတ်တစ် လုပ်ငန်း လုပ်ပါတယ်။ အဖွားရဲ့ မြသဇင် ကော်စမတ်တစ်ရဲ့ လုပ်ငန်းမိတ်ဆွေ စာရင်းမှာ ဦးဘိုအေး အလှကုန်က ဦးဘိုအေး တစ်ယောက်သာ သက်ရှိထင်ရှား ကျန်ပါတော့တယ်တဲ့။

စနိုး၊ခေါင်းလိမ်းဆီ၊ ခေါင်းလျော်ရည် စသဖြင့်ကို ကိုယ်တိုင် ထုတ်လုပ်ပြီး ရောင်းချခဲ့တာပါ။ ပြည်သူပိုင် သိမ်းခံရတော့ မလုပ်ဖြစ်တော့ဘူးလေ။အဲ့ဒီမှာပဲ အလှကုန်မှာ ကပ်တဲ့ တံဆိပ်လှလှလေးတွေ အများကြီး အထုပ်တွေနဲ့ ပိုနေတော့တာပါပဲ။ သူခမျာ လွှင့်လည်းမပြစ်ရက်သလို သိမ်းထားရတာလည်း အတော်ရှုပ်နေပါတယ်။ တံဆိပ်တွေမှာ တောက်ပတဲ့ အနီ၊အစိမ်းနဲ့ ရွှေရောင်တွေ အများဆုံး အသုံးပြုထားပြီး တော်တော်လှပပါတယ်။

ဒီတော့ ဖွားဖွားက ကျွန်မဆော့ကစားဖို့ တစ်ရက်ကို တံဆိပ်လေးတွေ နည်းနည်းချင်းဆီ ပေးပါတယ်။ကျွန်မသူငယ်ချင်းတွေက အဲ့ဒီတံဆိပ် လှလှလေးတွေကို လိုချင်ကြပါတယ်။ ဈေးကွက်ရဲ့ အကြိုက်နဲ့ ကုန်စည်ရှားပါးမှုကို ကျွန်မက ကလေးပီပီ သဘောပေါက် ပါတယ်။ ဒီတော့ လူတွေ စိတ်မဝင်စား မကြိုက်တဲ့ အရာ(အရောင်းထိုင်းပစ္စည်း)ကို လူတွေ သဘောကျမြတ်နိုးတဲ့အရာ(ဝယ်လိုအားမြင့်တဲ့ ပစ္စည်းနဲ့)ပူးတွဲဖြန့်ချိရင် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ် ဆိုတဲ့ နိယာမကိုလည်း ကလေးပီပီ အထာနပ်ခဲ့ပါတယ်။

အဲ့တော့ ကျွန်မက ဖေဖေ့ပုဆိုး အဟောင်းတစ်ထည်ကို ဝတ်ပြီး အိမ်ရှေ့က ကွပ်ပစ်မှာ "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်.... " ဆိုတဲ့ သီချင်းကို အားရပါးရ ဆိုဆိုပြီး ဂျွမ်းတွေထိုးပြီး ကပြဖျော်ဖြေပါတယ်။ သူငယ်ချင်းတွေကို လက်ခုပ်တီးခိုင်းပါတယ်။ ကလို့မောရင် ဇာတ်မင်းသားက ဇာတ်စင်အောက်ကို ပန်းတွေနဲ့ ချိုချဉ်တွေ ကျဲချသလိုမျိုး ပုံစံအတိုင်း ကျွန်မက ကော်စမတ်တစ် တံဆိပ်လှလှလေးတွေကို ကျဲချပေးခဲ့ ပါတယ်။

ကျွန်မ ကပြဖျော်ဖြေ နေစဉ် လက်ခုပ်မတီးတဲ့ သူငယ်ချင်းတွေကိုလည်း မှတ်ထားပြီး အဲ့ဒီလူတွေကို တံဆိပ်ကောက်ခွင့် မပေးခဲ့ပါဘူးးးခ်ခ်။ ပေါတာက ပေါတာသပ်သပ်ပါ.... ကျွန်မရဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ကလေးဘဝကတည်းက အဲ့ဂလိုကို တိကျပြီး ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ဒီတော့ ကွန့်မန့်ပေးရင် သတိထားကြပေါ့နော် ခ်ခ်။

နေထက်ထက်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...