Saturday, July 21, 2012

မြန်မာ့ပညာရေးစနစ်နှင့် နိုင်ငံရေးယဉ်ကျေးမှုတို့၏ ဆက်စပ်မှု (လင်းထိုက်-Y.I.T)


by ပြည်သူ့ခေတ် on Friday, July 20, 2012 at 2:20am ·


ယနေ့ခေတ် မြန်မာ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို “အာဏာရှင်စနစ်ကို ကြိုက်နှစ်သက်သလား” ဆိုတဲ့ မေးခွန်းကို မေးကြည့်ရင် မကြိုက်နှစ်သက်ပါဘူးလို့ ဖြေကြမှာပါပဲ။ အာဏာရှင်စနစ်ကို မကြိုက်နှစ်သက်ပေမယ့် မြန်မာ့ လူမှု အတွေးအခေါ် အစဉ်အလာကြီးထဲမှာ အာဏာရှင် အပြုအမူမျိုးကို လက်သင့်ခံတဲ့ အတွေးအခေါ်နဲ့ အပြုအမူ တချို့ မသိမသာ လွှမ်းမိုးနေတာကို လေ့လာ သတိထားမိပါတယ်။


မြန်မာ့ လူ့အဖွဲ့အစည်းမှာ  ခေတ် အဆက်ဆက် လိုက်နာကြရတဲ့    “ဆရာ ဆို ပြန်မပြောဘူး” “ဆရာနဲ့ ပြန်ပြီး ငြင်းခုံ ဆွေးနွေးတာဟာ ဆရာကို မရို သေရာရောက်တယ်” “သက်ကြီးစကား သက်ငယ်ကြား ဆိုတာရှိတယ်၊ လူကြီး စကားကို နားထောင်၊ ပြန်မပြောနဲ့” စတဲ့  ယဉ်ကျေးမှုလို့ အမည်လှအောင် သုံးထား တဲ့ အတွေးအခေါ်တွေကို ယနေ့လို ဒီမိုက ရေစီ အသွင် ကူးပြောင်းမယ်ဆိုတဲ့ အချိန် အခါမှာ ပြန်လည်  ဆန်းစစ်သုံးသပ်ကြည့်  ဖို့ လိုလာပါပြီ။ ဒီ အတွေးအခေါ်တွေကို ပြန်လည် ဆန်းစစ်ရမှာ ကျောင်းပညာရေး စနစ်ကနေ ဒီအတွေးအခေါ်တွေကို မွေး ထုတ်ပေးလိုက်တယ်ဆိုတဲ့ လေ့လာ သုံး သပ်မှု တစ်ခု ထွက်ပေါ်လာပါတယ်။

ကျောင်းသားများ မေးခွန်း မထုတ်တတ်တော့ခြင်း

စာမေးပွဲ မေးခွန်းကို ဆိုလိုခြင်း မဟုတ်ပါ။ ကျောင်းသားများက ဆရာကို မေးခွန်း မထုတ်၊ မေးခွန်း မထုတ်ရဲ ဖြစ်အောင် မြန်မာ့ ပညာရေးစနစ်က ဖန်တီးနေခြင်းကို အဓိက တင်ပြလိုရင်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့ပညာရေးစနစ်က ပညာရေးစနစ်ရဲ့  ၀ိသေသ လက္ခဏာတွေဖြစ်တဲ့ ခြုံငုံ သုံးသပ်နိုင်စွမ်း၊ ခွဲခြမ်း စိတ်ဖြာနိုင်မှု၊ ဆင်ခြင် သုံးသပ်မှုနဲ့ တီထွင်ဖန်တီးဉာဏ်  စတဲ့ လက္ခဏာရပ်တွေကို တစ်ခုမှ ဖော်ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။ မြန်မာ့ ပညာရေးစနစ်မှာ ကျောင်းသားတွေက ပြိုင်ဆိုင်တတ်ရမယ်။ ဆရာစကားကို မြေ၀ယ်မကျ နားထောင်ရမယ်။ (ဆရာက အမှန်တွေ ပြောလည်း နားထောင်၊ အမှားတွေ ပြောလည်း နားထောင်)။ ကျောင်းသားက ဆရာကို မေးခွန်း ထုတ်တာ၊ ငြင်းခုံ ဆွေးနွေးတာဟာ ဆရာကို အာခံတာလို့ မြန်မာ့ လူမှု ယဉ်ကျေးမှုစနစ်ကြီးက ပုံသေ သတ်မှတ် ထားဟန်တူပါတယ်။
                ဆရာကို အာခံတယ်ဆိုတဲ့ စွဲချက် ထက် ပိုဆိုးတာက မေးခွန်းထုတ်တဲ့ ကျောင်းသား၊ ငြင်းခုံ ဆွေးနွေးတဲ့ ကျောင်း သားဆိုရင် ဆရာတွေက ပြဿနာကောင် လို့ တစ်ညီတညွတ်တည်း သတ်မှတ်တာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ကျောင်းသား လှုပ်ရှားမှုတွေဖြစ်တော့ ကျောင်းတွေ ပိတ်လိုက်ပြီး စာသင်နှစ် နောက်တစ်နှစ် မှာ ကျွန်တော်တို့ တက်နေရတဲ့ အင်းစိန်၊ ကြို့ကုန်း၊ (R.I.T) (ရန်ကုန် စက်မှု တက္ကသိုလ်) ကျောင်းကို တက်ခွင့် မပေး တော့ဘဲ ရာထူးတစ်ဆင့် လျှော့ချပြီး နည်းပညာ ကောလိပ်တစ်ခုမှာ တက် ရောက်ရပါတယ်။ တက္ကသိုလ် ကျောင်း သားကနေ ကောလိပ် ကျောင်းသားအဖြစ်  ကျွန်တော်တို့ ရာထူး ကျသွားပါတယ်။ အဲဒီလို တက္ကသိုလ် ကျောင်းသားလိုလို၊  ကောလိပ် ကျောင်းသားလိုလိုနဲ့ အူလည် လည် ဖြစ်နေတုန်း စာသင်ခန်း တစ်ခန်းမှာ  သူငယ်ချင်း တစ်ယောက်နဲ့ ဆရာမ တစ်ယောက် ပြဿနာ ဖြစ်ပါတယ်။ အဲဒီ ကျောင်းရဲ့ စည်းမျဉ်းတွေ ကလည်း တက္ကသိုလ် ကျောင်းသား တစ်ယောက် အဖို့တော့ တော်တော်ကို အူကြောင် ကြောင် နိုင်ပါတယ်။ အလယ်တန်း၊ အထက်တန်း ကျောင်းတွေမှာလို အတန်း ခေါင်းဆောင်ရှိတယ်။ ကျောင်းခေါ်ကြိမ် ခေါ်ရင် မတ်တတ် ထပြရတယ်။ အတန်း ခေါင်းဆောင်က ကျောက်သင်ပုန်းမှာ စာထွက်ရေးရတယ်။ ကျောင်းသားတွေက လိုက်ကူးရတယ်။ ကျွန်တော်တော့ အဲဒါ တွေ တစ်ခုမှ လိုက်မလုပ်ခဲ့ဘူး။ အဲဒီ စာသင်နှစ် တစ်နှစ်လုံး မှတ်မှတ်ရရ ကျွန်တော် အတန်းချိန် တက်တာ အချိန် ၂၀ မကျော်ပါဘူး။ ခုန ပြဿနာကို ပြန်ပြောရရင် ရယ်စရာတော့ ကောင်းပါ တယ်။ အင်္ဂလိပ်စာ အချိန်မှာ အင်္ဂလိပ်စာ သင်တဲ့ ဆရာမက ကလေးတွေကို တစ်ယောက်ချင်း မတ်တတ် ထခိုင်းပြီး စာမေးပါတယ်။ ပြဿနာဖြစ်တဲ့ ကျွန်တော့် သူငယ်ချင်း အလှည့်ကျတော့  ဆရာမ မေးတာကို သူက အင်္ဂလိပ်လို ထဖြေ ပါတယ်။ (ဆရာမက မြန်မာလို မေးတာ ဖြစ်ပါတယ်)။ သူငယ်ချင်းရဲ့ အင်္ဂလိပ်စကား ပြောနှုန်းကလည်း သိပ် အမြန်ကြီး မဟုတ် ပါဘူး။ သူငယ်ချင်းလည်း အင်္ဂလိပ်လို ဖြေပြီးရော ဆရာမက သူငယ်ချင်းကို အခန်းထဲက မောင်းထုတ်ပါတယ်။ အင်္ဂလိပ်စာ အချိန်မှာ အင်္ဂလိပ်စာ ဆရာမ က မြန်မာလို မေးတာကို အင်္ဂလိပ်လို ပြန်ဖြေမိတာနဲ့ သကောင့်သား ကျွန်တော့် သူငယ်ချင်းမှာ အတန်းထဲက မောင်းထုတ် ခံရပါတယ်။ အံ့သြဖို့ မကောင်းပေဘူးလား။

ဘဏ်စနစ်လို ပညာရေး

မြန်မာ့ အခြေခံ ပညာရေးစနစ်မှာ ကျောင်းသားရဲ့ ဦးနှောက်ဟာ ကွန်ပျူတာ  တစ်လုံးလို၊ ဘူးအခွံတစ်ခုလို ဖြစ်နေမှ စနစ်နဲ့ အံဝင်ခွင်ကျတဲ့ ကျောင်းသားအဖြစ် သတ်မှတ်ခံရပါတယ်။ စာသင်နှစ် တစ်နှစ် တာ ပတ်လုံး ဆရာ၊ ဆရာမတွေရဲ့ ပြွတ် သိပ်ထိုးထည့်သမျှကို ကျောင်းသားရဲ့ ဦးနှောက်က ကွန်ပျူတာ တစ်လုံးလို၊ ဘူး တစ်ဘူးလို မပျောက်မပျက် သိမ်းဆည်းရ ပါတယ်။ အချက်အလက်တွေကို မပျောက် မပျက် ထိန်းသိမ်းတတ်သူကို ဉာဏ် ကောင်းတယ်လို့ ဆရာ၊ ဆရာမတွေက ချီးကျူးလိုက်ပါသေးတယ်။ စာမေးပွဲကြီး  စစ်ဆေးတဲ့ အချိန်မှာ ကိုယ်သိမ်းဆည်း ထားသမျှ အချက်အလက် ဘူးကြီးကို အဖြေလွှာပေါ်မှာ သွန်ချရပါတယ်။ အဲဒီ မှာ စုဆောင်းထားတဲ့ အချက်အလက်တွေ ကို အဖြေလွှာပေါ်မှာ အများဆုံး သွန်ချ  တတ်သူဟာ အမှတ်ကောင်းရပြီး ဂုဏ်ထူး ရှင်လို့ သတ်မှတ်ခံရတယ်။
                ပြွတ်သိပ် ထိုးထည့်ထားတဲ့ ကျောင်း သားရဲ့ ဦးနှောက်ဘူးကြီးဟာ စာမေးပွဲမှာ သွန်ချလည်း ပြီးရော ဘာမှ မရှိတော့တဲ့  ဘူးခွံကြီး ပြန်ဖြစ်သွားပါတယ်။
                အဲဒါနဲ့ တက္ကသိုလ် ရောက်တော့ ဘူးခွံကြီးကို ပြန်ဖြည့်၊ ပြန်သွန်ချ၊ ပြန်ဖြည့်၊ ပြန်သွန်ချနဲ့ ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံ ကြီး ချိတ်နိုင်တဲ့ အဆင့်ထိ ရောက်လာပါ တယ်။ ထူးတော့ ထူးဆန်းပါတယ်။ မိဘ တွေကလည်း ဧည့်သည်လာတိုင်း ကိုယ့် သားသမီးရဲ့ နံရံကပ် ဘူးခွံပုံကြီးကို လက်  ညှိုး တထိုးထိုးနဲ့ ဂုဏ်ယူကြွားဝါကြ ပါတယ်။
                တစ်နှစ်တာ ပတ်လုံး အချက်အလက် တွေကို ပြွတ်သိပ်သိုမှီးပြီး စာမေးပွဲအချိန် မှာ ဖြန့်သွန်ချတဲ့ စနစ်ကို ဘဏ်စနစ်လို သိုမှီးအပ်နှံတဲ့ ပညာရေး (banking concept of education) လို့ ပညာရေး  သုတေသီတွေက ဆိုပါတယ်။ ဒီစနစ်မှာ ဆရာမတွေ စုပြုံရိုက်သွင်းတဲ့ အချက် အလက်တွေကို ရိုရိုသေသေ လိုက်နာ ခံယူတတ်သူဟာ ကျောင်းသားကောင်း အဖြစ် ချီးကျူးခံရပါတယ်။ ရိုက်သွင်းခံ ရတဲ့ အချက်အလက်တွေကို ပြန်လည် ဆန်းစစ်ခြင်း၊ ဝေဖန်ခြင်း၊ မေးခွန်းထုတ် ခြင်း လုပ်တဲ့ ကျောင်းသားကတော့ ပြဿနာအဖြစ် တစ်နှစ်တာ ပတ်လုံး ဆရာ၊ ဆရာမတွေရဲ့ အငြိုအငြင်ကို ခံရ တော့တာပါပဲ။
                ဘဏ်စနစ်လို ပညာရေးနဲ့ ကြီးပြင်း လာတဲ့ ကျောင်းသားဟာ လူမှု ပတ်ဝန်း ကျင် လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ အခါ မှာလည်း မေးခွန်း မထုတ်တတ်တော့ပါ ဘူး။ (complain) သာ မတက်ရဲတယ်။ “ဟုတ်ကဲ့” “ဟုတ်ကဲ့” ဆိုတာတော့ ကောင်းကောင်း ကျင့်သုံးတတ်သွားတယ်။ မြန်မာပြည်မှာ ကြီးစိုးခဲ့တဲ့ “ဟုတ်ကဲ့” ယဉ်ကျေးမှုကြီးနဲ့ ၀န်ထမ်းတွေ အသား  ကျသွားတာဟာ ပညာရေး စနစ်က တွန်းပို့လိုက်တဲ့ အချက် တစ်ချက်လို့ ဆိုနိုင်ပါတယ်။ တိုင်းပြည် တစ်ပြည်ရဲ့ ပညာရေးစနစ်ဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး  စနစ် ပုံဏ္ဍာန်ကို ပုံဖော်နိုင်တဲ့အထိ အရေးပါပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် လုံးလုံး “ဟုတ်ကဲ့” ယဉ်ကျေးမှုကြီး ထွန်း ကားခဲ့တာမှာ ပညာရေးစနစ် အားနည်း ချက်က အချက်တစ်ချက် အနေနဲ့ ပါဝင် ပါတယ်။

ပညာရေး စနစ်ကြောင့် ယဉ်ကျေးမှုများ ပြန့်ကြဲသွားခြင်း

ဆိုရှယ်လစ်ခေတ်မှာ ပညာရပ်များ စုဝေး ရာ ရန်ကုန်တက္ကသိုလ်ရဲ့ သင်ကြားရေး မဟာဌာနတွေကို မိခင် တက္ကသိုလ်ကြီး ကနေ ခွဲထုတ်ပြီး ဆေးတက္ကသိုလ်၊ ပညာ ရေး တက္ကသိုလ် စက်မှုတက္ကသိုလ် စသ ဖြင့် ဘာသာရပ်ဆိုင်ရာ သီးသန့် တက္ကသိုလ်တွေအဖြစ် ခွဲထုတ်ခဲ့ပါတယ်။
                ၁၉၉၆ ခုနှစ် ကျောင်းသား လှုပ်ရှား မှု နောက်ပိုင်းမှာ တက္ကသိုလ် အသီးသီး ကို သူ့ဆိုင်ရာဆိုင်ရာ နယ်ပယ်မှာသာ တက်ခွင့်ရှိတော့တဲ့ အနေအထားမျိုး ဖြစ် အောင် အနယ်နယ်၊ အရပ်ရပ်မှာ တက္ကသိုလ်၊ ကောလိပ် အမြောက်အမြား ဖန်တီးပြီး ကျောင်းသား စုစည်းမှု အင်အား ကို သေးငယ်အောင် ထပ်မံ စိတ်ပိုင်းခြင်း ပြုလုပ်ခဲ့ပါတယ်။ ယခင်က တက္ကသိုလ် တစ်ခုမှာပဲ ကချင်၊ ကရင်၊ မွန်၊ရခိုင်၊ရှမ်း စတဲ့ ကျောင်းသားတွေနဲ့ ဗမာ ကျောင်း သားတွေဟာ လည်ပင်းဖက် ပေါင်းသင်းတဲ့ ညီရင်းအစ်ကိုတွေလို ဖြစ်ခဲ့ကြတဲ့အတွက် ယဉ်ကျေးမှု မတူကွဲပြား မှုတွေကြားမှာ၊ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံတွေကို အပြန်အလှန် နားလည် ဖလှယ်နိုင်ခဲ့ကြ ပါတယ်။ မတူကွဲပြားမှု တွေထဲက ညီညွတ် မှု (Unity in diversity) ကို ကျောင်း သားထု အတွင်းမှာ ရရှိခဲ့တယ်။
                တိုင်းရင်းသား လူမျိုးများစွာ နေထိုင် တဲ့ မြန်မာနိုင်ငံအတွက် အလွန်ကိုပဲ တန်ဖိုးရှိတဲ့ သွေးချင်းညီအစ်ကို ညီညွတ်မှု၊ မတူကွဲပြားမှုတွေကို လက်ခံ နိုင်စွမ်း၊ သည်းခံနိုင်စွမ်း (Tolerance) တွေအတွက် အလေ့အကျင့်ကောင်းများ ရရှိခဲ့တယ်။ အရောင် အသွေးစုံ ယဉ်ကျေးမှု ၀ါဒ (multi-culturalism) ဟာ တက္ကသိုလ် ပရ၀ဏ်မှာ ထွန်းကားခဲ့တယ်။
                ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းတွေကို စိတ်ပိုင်းပြီး အနယ်နယ် အရပ်ရပ်မှာ ဖြန့်ကြက် တည်ဆောက်ခဲ့တယ်။ တိုင်းရင်းသား ဒေသအသီးသီးက ကျောင်းသားတွေဟာ သူ့ဆိုင်ရာဆိုင်ရာ ဇာတိ နယ်မြေမှာပဲ ပညာ သင်ယူကြရတော့တယ်။
                အကျိုးဆက်ကတော့ ရခိုင်လူမျိုး ကျောင်းသားဟာ ရခိုင်လူမျိုး ကျောင်း သား အချင်းချင်းသာ ပေါင်းသင်းဆက်ဆံ ခွင့်ရှိပြီး အလားတူ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသား ကျောင်းသားတွေဟာ လည်း  ကိုယ့်လူမျိုး အချင်းချင်းသာ ပေါင်းသင်း ဆက်ဆံခွင့်ရတော့တဲ့ အမျိုး  သားရေးဆိုင်ရာ ကျဉ်းမြောင်းတဲ့ ဆက်ဆံ ရေးမျိုး ဖြစ်သွားပါတယ်။ ယဉ်ကျေးမှုများ ဆုံစည်းရာ တက္ကသိုလ် အ၀န်းအ၀ိုင်း ဆိုတာ မရှိတော့ပါဘူး။ ဒါဟာ ကိုယ့် လူမျိုးစု အပေါ်မှာသာ ကွက်ပြီး ရွာတဲ့ မျိုးချစ်ကွက်ကျားမိုးဆိုတဲ့ နိုင်ငံရေး ရာသီ ဥတု အခြေအနေတစ်ရပ်ကို ဖန်တီးသလို ဖြစ်သွားပါတယ်။
                အမျိုးသားရေး ၀ါဒဆိုရာမှာ လူမျိုး ရေး ၀ါဒကို အလေးကဲခြင်းဟာ ဒီမိုကရေစီ ဖွဲ့စည်းမှု ပုံဏ္ဍာန်ကို ခြိမ်းခြောက်မယ့် အန္တရာယ်တစ်ရပ်လို့ နိုင်ငံရေး ပညာရှင်  များရဲ့ သုံးသပ်မှုရှိပါတယ်။
                နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာဟာ ပညာ ရေး စနစ်ရဲ့ အားနည်းချက် အားသာချက် များအပေါ်မှာ များစွာ မူတည်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အခြေအနေ၊ အချိန် အခါအပေါ် ဆင်ခြင် သုံးသပ်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်မှု၊ ထိုးထွင်း သိမြင်နိုင်မှု တွေဟာ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်မှာ ဖြစ်ပြီး အထက်ပါ စွမ်းရည်တွေဟာ ပညာ ရဲ့ လက္ခဏာရပ်တွေ ဖြစ်နေလို့ပါပဲ။
                အိနိ္ဒယနိုင်ငံမှာ တစ်နိုင်ငံလုံး အကျင့် ပျက် ခြစားမှုတွေနဲ့ ယိုယွင်းပျက်စီးနေတဲ့ ကာလ တစ်လျှောက်လုံး ပညာရေးဌာန တစ်ခုထဲသာ ခြွင်းချက်အဖြစ် တောင့်ခံ ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူ တရားပျက်ပျက် ကိုယ်တရား မပျက်ဘူး ဆိုတဲ့ မူနဲ့ ပညာရေးဌာန တစ်ခုတည်းသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။
                လက်ရှိ အိနိ္ဒယရဲ့ စီးပွားရေး၊ ပညာရေး ကမ္ဘာ့ထိပ်တန်း ရောက်ရှိခဲ့မှုမှာ ပညာရေးဌာနဟာ အရေးအပါဆုံး အခန်း ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ကံကြမ္မာကို ပညာရေး စနစ်က ကယ်တင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓက ပါပဲ။ ဒါပေမဲ့ နိုင်ငံအုပ်စိုးသူများ အနေနဲ့ ပညာရေးကို အကျိုးအမြတ် ချက်ချင်း မပေါ်တတ်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုလို့  မြင်နိုင်ပါမှ ပညာရေး ပြုပြင်ပြောင်းလဲမှု ခြေလှမ်းကို စတင် နိုင်မှာ ဖြစ်ပါတယ်။                          ၊

လင်းထိုက် (Y.I.T)
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၃၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၉)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...