Friday, July 20, 2012

နွေနံနက်ခင်း ( တေးဂီတ၏ တန်ခိုးစွမ်းပကား - နိုင်ဇော် )


by Kyaw Aye on Friday, July 20, 2012 at 9:05pm


လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်။ ကျွန်တော်၏ ဘဝမှာ ရွှေရောင်တောက်ခဲ့တဲ့ ကောလိပ်နေ့ရက်များ ကာလ။ မန္တလေး တက္ကသိုလ် စတိတ်ရှိုးညတစ်ညကိုလည်း ကျွန်တော် အမှတ်ရခဲ့မိပြန်သည်။ ထိုအချိန် တွင် အနောက်တိုင်း၏ ခေတ်မှီဂီတနည်းနှင့် ကိုယ်ပိုင်ရိုးရာ ရှမ်းတေးသွားတို့ကို လှစွာပေါင်းစပ်ကာ ဆရာစိုင်းခမ်းလိတ်က တေးတွေရေးဖွဲ့ပြီး စိုင်းထီးဆိုင်က သီဆိုလူကြိုက်များနေချိန်။


မန္တလေးတက္ကသိုလ်ပင်မဆောင်နောက်ကျော။ နက်ပြာရောင်ပိတ်ကားပေါ်တွင် ငွေစာလုံးများ တလက်လက်။
စတိတ်ရှိုး ကြည့်နေကြသည့် ကျောင်းသူကျောင်းသားနှင့် ပြင်ပ ပရိသတ် လူ တစ်သောင်း နှစ်သောင်းများ
ရှိမလားမပြောတတ်။အုံခဲကျပ်တည်းနေသော လူအုပ်သည် စိုက်ပျိုးရေးတက္ကသိုလ်ဟောင်းဘက်အထိပြန့်နေ
သည်။ ထိုအားလုံးသည် စိုင်းထီးဆိုင်သီချင်းဆိုလိုက်ချိန်မှာ မီးကိုရေနှင့် ငြိမ်းသတ်လိုက်သလို လုံးဝ ငြိမ်ကျ
သွားလေသည်။


ကမ္ဘာဦးကနေ့လိုပဲ
နွေနံနက်ခင်းရဲ့ လှပုံထူး
ဒါပေမယ့်လည်း ဖြစ်ချင်တော့
ကိုယ်လေ ညကမအိပ်လိုက်ဘူး...
အာရုံကြောကလက်မခံတော့
အမြင်မှာရှုပ်ပြီး မှိုင်းဝေမူး
ကိုယ်စပ်ထားတဲ့ သီချင်းတွေလည်း
နွေနံနက်ခင်းနဲ့ မလိုက်ဖက်ဘူး

ကျွန်တော် နားစိုက် နားတောင်နေမိသည်။ သီချင်းခွေကမထွက်သေးတော့ စကားလုံး တစ်လုံး၊
တေးသွားသံစဉ် တစ်ခုလေးမျှ လွတ်မသွားရအောင် အာရုံနှစ်ထားမိသည်။ပရိသတ်ကြီးတစ်ခုလုံးကလည်း
ဂီတနှင့်သီချင်းသံ၏ ညှို့ငင်ဖမ်းစားမှုကို ခံနေရချေပြီ။ အခုလောက်လူစုံသော ပရိသတ်ထဲမှာ လှုပ်ရှားမှု
တစ်ခုမှမရှိ။ အသံ သေး ကြောင် မကြားရ။ ငြိမ်သက်မှင်တက်မိ၍နေကြသည်။ သီချင်းကလည်း  စဉ်းစား
စရာ။ လေးနက်ခံစားရမည့် အကြောင်းအရာ။



ပေးကားပေး၍မရ။ ဘဝရဲ့ လှည့်ကွက်တစ်ခုလား
လာမယ်လို့မမျှော်လင့်တော့
ကြိုဆိုဖို့  ကိုယ်အဆင်မသင့်ခဲ့တဲ့
နွေနံနက်ခင်း

သောက်ထားတဲ့ ဆေးလိပ်တိုများ
ဟိုသည်ပစ်၍ပြန့်ကျဲနေသည်
သောက်ထားတဲ့အရက်တွေလည်း
ရင်မှာပြည့်၍ပျို့ တက်နေသည်
ဂစ်တာခေါက်ပြီးသီချင်းဆိုတော့
အာခေါင်ခြောက်ပြီး ချွဲကပ်နေသည်။

မိုးတော့လင်းခဲ့ပါရဲ့
ကိုယ့်အတွက် ညကမကုန်သေး
ရောင်နီကို ရှောင်ပုန်းကာ
အမှောင်ကမ္ဘာမှာ
ကိုယ်ပြန်အိပ်ရမယ့်
နွေနံနက်ခင်း
နွေနံနက်ခင်း.....

အဲသည့်နောက် နံနက်ခင်း၏အလှနှင့် တောတောင် သဘာဝ၊ လေပြည်လေညှင်း
တိုက်ခတ်ပုံတို့ကို ဆန်းကြယ်စွာပင် ဂီတနှင့် ဖော်ကျူးသည်။ ပရိသတ်ကြီးကား မိန်းမောလျက်။

စိမ်းလန်းတဲ့
တောနှင့်တောင်အလှတွေ
မျက်စိမှာတွေ့နေလည်း
စိတ်ထဲကိုမရောက်လာတာတယ်....
ကျူးရင့်တဲ့
ငှက်ကျေးသံလေးတွေ
နားဝမှာကြားရလည်း
စိတ်ထဲမဝင်ရောက်လာတယ်...
အေးမြတဲ့
နံနက်ရဲ့လေအထိကို
အသားကသာသိနေလည်း
နှလုံးသားက မခံစားနိုင်တယ်
အို.....နံနက်ခင်း
( နွေ နံနက်ခင်း ) ၆

ဘယ်လောက် ကြောက်စရာကောင်းပါသလဲ။ ဘယ်လောက်ကြေကွဲဖွယ်အဖြစ်အပျက်လဲ။
သည်မျှ သာယာလှပသော နံနက်ခင်းကိုပင် သူခမျာ ခံစား၍မရတော့ပြီ။ ဘာကြောင့်လဲ။
သူသည် ညနှင့်မနားချင်၍ သူသည် နေ့နှင့်မသွားနိုင်တော့ပြီ။ သူစပ်ထားသည့် သီချင်းတွေလည်း
နွေနံနက်ခင်းအတွက် မဖြစ်ပြီ။ ညနှင့်နေ့၏ အလယ်မှာ နှစ်ဖက်လုံး လက်လွတ်ခဲ့ရသူ။

သီချင်းအဆုံး..... တစ်စက္ကန့်  နှစ်စက္ကန့် ကြာသွားသည်။ ပြီးတော့မှ သြဘာသံများ တစ်ခဲနက်။
သို့သော် ခံစားချက်နှင့် တွေးတောစရာ အကြောင်းအရာက ရှည်လျားစွာ ကျန်ခဲ့သည်။
ထို စတိတ်ရှိုးညသည် ထိုသီချင်းတစ်ပုဒ်နှင့်ပင် တန်သွားသည်။ ယနေ့အထိ ထိုသီချင်းကို
နားဆင်မိတိုင်း ကြောက်မက်ဖွယ်၊ ကြေကွဲဖွယ် ဆုံးရှုံးခဲ့ရသော လူတစ်ယောက်၏ အလွမ်းဇာတ်ကို
လေးနက်စွာဆင်ခြင်မိဆဲရှိသေးသည်။ မိမိကိုယ်ကို ထိန်းမတ်ပဲ့ကိုင်တတ်ခြင်း၊ အချိန်အခါနှင့် အခွင့်သင့်မှု။



နိုင်ဇော် “ တေးဂီတ၏ တန်ခိုးစွမ်းပကား ” ၏
တေးသီချင်းများ၏ ဂုဏ်ကျေးဇူး အပိုဒ် ( ၁၀ ) နှင့် အပိုဒ် (၁၁ ) တို့ကို ကူးယူဖော်ပြပါသည်။
ကြိုတင်ခွင့်မတောင်းပဲဖော်ပြခြင်းအတွက် ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။`

 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...