Saturday, July 28, 2012

ကားလ်ပေါ့ပါးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း - မင်းခက်ရဲ

by Ye Myint Thu on Saturday, July 28, 2012 at 11:02pm 


ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာဘာလဲ ။ ဘယ်လိုအရာမျိုးတွေပါမှ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်နိုင်မလဲရယ်လို့ ကားလ်ပေါ့ပါး ပြော တာမှာ သူ့ရဲ့ အတွေးအခေါ်မှာ အဓိက အခြေခံထားတဲ့ သိမှုဗေဒ တစ်ခုရှိတယ် ။ ပေါ့ပါးက အမြဲတယ်မှန်ကန်နေတဲ့ အမှန်တရား (Infallible Truth) မရှိဘူးဆိုတဲ့ အုတ်မြစ်အခြေခံ ကနေတစ်ဆင့် ပွင့်လင်းလူ့အဖွဲ့အ စည်းတစ်ခုမှာ ရှိရမယ့် အရာတွေကို တည်ဆောက်တာ။ အမြဲတမ်းမှန်ကန်တဲ့ အမှန်တရားဆိုတာ မရှိတော့တဲ့ အခိုက်မှာ တစ်သီးပုဂ္ဂလလူသားဟာ အဲဒီသိမှုအခြေခံနဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့ အခန်းဂဏ္ဍဟာ ဘယ်လိုရှိသင့် တယ် ၊ ဘယ်လို နိုင်ငံရေးပေါ်လစီမျိုးနဲ့ လုပ်ကိုင်သင့်တယ်၊ နိုင်ငံရေးရဲ့ အဆုံးသတ်ရည်မှန်းချက်ကဘာလဲဆိုတာတွေကို ကိုင်တွယ်သင့်တယ်လို့ ယူတယ် ။ 
                         ယနေ့ခေတ်မှာသိပ္ပံပညာဟာ ကြီးမားတဲ့ အမှန်တရားကြီးတွေ ၊ သက်သေပြချက်အကြီးကြီးတွေနောက်ကို မလိုက်တော့သလိုဘဲ နိုင်ငံရေးဟာ အမှန်တရားကြီးတွေကို ရှာဖွေတဲ့ အလုပ်မဟုတ်တော့ဘူး ။ အမြဲတမ်းမှန်ကန်နေတဲ့ အမှန်တရားမရှိတော့တဲ့ နောက်မှာ နိုင်ငံရေးရဲ့ အလုပ်ဟာလည်း ဘယ်လိုမှ အမှန်တရားရှာဖွေရေး မဟုတ်တော့ဘူး ။ အမှန်တရားရှာဖွေပြတာထက် နိုင်ငံရေးအလုပ်ဆိုတာ လူ့အဖွဲ့အစည်းကို နာကျင်စေတဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးတာသာဖြစ်တယ် ။ တနည်းအားဖြင့် နိုင်ငံရေးအလုပ်ဟာ အမှန်တရားရှာဖွေတာထက်  လူမှုရေးနဲ့ နိုင်ငံရေး အင်စတီးကျူးရှင်တွေထဲက အမှားတွေကို တဖြည်းဖြည်းဖြေရှင်းပေးတာသာဖြစ်တယ် ။ ပေါ့ပါးက သူ့ရဲ့ ဒီတွေးခေါ်ပုံကို အဖျက်သဘောအရာတွေကို ဖြေရှင်းပေးတဲ့ လူအများအကျိုးဖြစ်ထွန်းရေးဝါဒ( negative utilitarianism) လို့ တံဆိပ်ကပ်တယ် ။   ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ နိုင်ငံရေးနဲ့လူမှုရေး သိပ္ပံတို့လုပ်ရမယ့် အလုပ်က အယေဘုယျသဘော ဆောင်တဲ့ သာယာမှု ဒါမှမဟုတ် အများကောင်းကျိုးတွေအတွက် တွန်းအားပေး ရမှာမျိုးမဟုတ်တော့ဘူး ။ အန္တာရယ်တွေ ၊ ဒုက္ခတွေကို လျော့ချပေးတာ၊ အန္တာရယ်၊ဒုက္ခဖြစ်နိုင်မယ့် အရင်းအမြစ်တွေကို ရှာဖွေပြီး ကိုင်တွယ်တာမျိုးပဲ ။ နိုင်ငံရေး ၊ လူမှုရေးအင်စတီကျူးရှင်းတွေ ၊ လူထုပေါ်လစီတွေကိုလည်း အန္တာရယ်ဒုက္ခတွေလျော့ပါးဖို့အတွက် တည်ဆောက်ထားတာ မျိုးဖြစ်ရမယ် ။                                                            ပေါ့ပါးက သူ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း တည်ဆောက်ထားမယ့် လူမှုရေး နိုင်ငံရေးအင်စတီကျူးရှင်းတွေ ဟာ  တစ်သီးပုဂ္ဂလအုပ်စိုးသူတွေ ၊ အီလစ်တွေအတွက် စိတ်ကူးစံကောင်းမှုအရည်အသွေးတွေ ပေးအပ်မယ့် အင်စတီကျူး ရှင်းတွေမဖြစ်ရဘူး ။ အဲဒီအုပ်စိုးသူက ပြည်သူတွေ ပျက်စီးရာပျက်စီးကြောင်းလုပ်ခြင်းကနေ အကာအကွယ်ပေးအပ်မယ့် အင်စတီကျူးရှင်းမျိုးသာဖြစ်ရမယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းထဲက ဥပဒေဆိုင်ရာနယ်ပယ်ကလည်း အုပ်စိုးသူတွေ သူတို့ရဲ့ ဆန္ဒကို ထင်ဟပ်အကောင်အထည်ဖော်ထားတဲ့နယ်ပယ် မဖြစ်ရဘူး ပြည်သူလူထုရဲ့ ဒုက္ခကို အကာအကွယ်ပေးတဲ့ အင်စတီကျူးရှင်း (Protective institution)တွေသာဖြစ်ရမယ်။ တစ်သီးပုဂ္ဂလူသားရဲ့  လူမှုရေးနဲ့စီးပွားရေးဘ၀ထဲကို နိုင်ငံတော်က ၀င်ရောက်စွက်ဖက်တာမျိုးက တစ်ခါတစ်ရံလိုအပ်ကောင်းလိုအပ်လိမ့်မယ် ။ ဒါပေမယ့် ၀င်ရောက်စွက်တဲ့ အခါ ပြည်သူလူထုကို အကာကွယ်ဖို့တည်ဆောက်ထားတဲ့ အင်စတီကျူးရှင်းတွေကနေ ၀င်ရောက်စွက်ဖက်မှသာလျင် တရားသဖြင့် ၀င်ရောက်စွက်ဖက်ခြင်းလို့ယူဆနိုင်တယ် ။ အုပ်ချုပ်သူတွေရဲ့ ဆန္ဒသက်သက်ကနေထွက်ပေါ်လာတဲ့  ၀င်ရောက်စွက်ဖက်မှုမျိုးကို တရားသဖြင့်ဝင်ရောက်စွက်ဖက်ခြင်းလို့ မခေါ်နိုင်ဘူး ။                                                                 ကားလ်ပေါ့ပါးရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ အင်စတီးကျူးရှင်းတွေရဲ့ ပုံစံဟာအရေးပါတယ် ။ အဖျက်သဘောအ ရာတွေကို အဓိကဖြေရှင်းပေးရမယ်ဆိုတဲ့ အများဆုံးအကျိုးဖြစ်ရေးအမြင်ကို အခြေခံပြီး အင်စတီးကျူးရှင်းတွေရဲ့ အလုပ်တာဝန်ပုံစံကို တည်ဆောက်ထားတာဖြစ်တယ် ။ သူ့ရဲ့ အမြင်က လူရေးအင်ဂျီယာတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ တစ်ရစ်ချင်းတည်ဆောက်မှုမျိုးပဲ ။ ဒါကြောင့် ကားလ်ပေါ့ပါးက ရုတ်ခြည်း အစွန်းရောက်ပြောင်းလဲမှုတွေကို ပယ်ချထားတယ်။ ပြုပြင်ပြောင်းလဲမှုတိုင်းဟာ အစွန်းမရောက်ရဘူး ။ ပြုပြင်ပြောင်းလဲမှုတိုင်းဟာ ကိုယ့်ရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီးပြီလဲ ၊ ဘာတွေ မဖြစ်ခဲ့သေးဘူးလဲ ၊

ယခုပစ္စုပ္ပာန်အခြေအနေထဲရောက်လာအောင်ဘာတွေက လုပ်လိုက်သလဲဆိုတာကို တန်ဖိုးထားနားလည်မှုအပေါ် အခြေခံပြီးလုပ်ရမယ် ။  ကာပေါ့ပါးရဲ့ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးမှာက လူတွေရဲ့ ဒုက္ခအကြပ်အတည်းတွေကို ဖြေရှင်းပေးမယ့် ၊ ကာကွယ်ပေးမယ့် အင်စတီးကျူးရှင်းတွေ (Protective Institution)ပဲ ။ ဒီလိုအလုပ်လုပ်နေတဲ့ အင်စတီကျူးရှင်းတွေက  ခေါင်းဆောင်တွေရဲ့ အာဏာအပေါ် စောင့်ကြည့်စစ်ဆေးရမယ်၊  ရုတ်ခြည်း ယတိပြတ်ပြောင်းလဲမှု(radical change)တွေ မဖြစ်အောင် တားဆီးရမယ် ။ တစ်သီးပုဂ္ဂလလူသားရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရက်တစ် ဒိုင်ယာလေ့ခ်အတွင်းမှာ လူသားအချင်းချင်းပေါင်းစည်းလာစေမယ့် ပတ်ဝန်ကျင်မျိုးပေါ်ပေါက်လာအောင် အထောက်အပံ့ပေးရမယ် ။                                                                                       ပွင့်လင်းလူ့အဖွဲ့အစည်းကိုဖော်ဆောင်မယ့် အင်စတီကျူးရှင်းတွေက တစ်သီးပုဂ္ဂလလွတ်လပ်မှုကို ကာကွယ်တာနဲ့ ယတိပြတ် အစွန်းရောက်ပြောင်းလဲမှု ၀ါ တာဝန်ယူမှုကင်းမဲတဲ့ ပြောင်းလဲမှုတွေကနေ လူ့အဖွဲ့အစည်းကို ကာကွယ်တာ ကြောင့် နိုင်ငံသားတွေဟာ ဥပဒေဘောင်ကို သိနားလည်လာလိမ့်မယ်လို့ ကားပေါ့ပါးက ယုံကြည်တယ် ။ တစ်ဖက်ကနေ လှည့်ပြောကြည့်ရရင် ဥပဒေဘောင် နယ်နမိတ်နဲ့ အလုပ်လုပ်ပုံကို နိုင်ငံသားတိုင်းနားလည်လာခြင်းဟာလည်း ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အချင်းအရာတစ်ရပ်ပဲလို့ ဆိုရမယ်။                                                                              ပေါ့ပါးက စနစ်ကြီးတစ်ခုလုံးကို ပြည်သူတွေနားလည်နေအောင် ဒီဇိုင်းဆင်ထားမှသာလျင် အဲဒီလို လူ့အဖွဲ့အစည်း ကို ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ခံစားမိပုံရတယ် ။  ကိုယ့်လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံရေး ၊ လူမှုရေးနဲ့ အင်စတီကျူးရှင်း တွေ အလုပ်လုပ်ပုံကို ပြည်သူတွေနားလည်ထားမှသာလျင် လူ့အဖွဲ့အစည်းအတွက် ကြိုတင်မှန်းဆလို့ရတဲ့ အရာမျိုးတွေ ရလာမှာဖြစ်တယ် ။ ကိုယ်လူ့အဖွဲ့အစည်းမှာ အုပ်စိုးသူတွေရဲ့ ဆန္ဒကိုသာ ထင်ဟပ်အလုပ်လုပ်နေမယ်ဆိုရင် ဒီလို စနစ်ကြီး ဘယ်လို အလုပ်လုပ်နေသလဲ ဆိုတာကို ပြည်သူတွေ ခန့်မှန်းလို့ရမှာမဟုတ်ဘူး ၊ နားလည်မှာ မဟုတ်ဘူး ။  အုပ်စိုးသူရဲ့ ပုဂ္ဂလိကဆန်တဲ့ ၀င်ရောက်စွက်ဖက်မှုတွေများနေတဲ့ အတွက် ပြည်သူတွေရဲ့ လူမှုရေးဘ၀ဟာလည် မတည်ငြိမ်ဘဲ ကြိုတင်ခန့်မှန်းလို့ မရတဲ့ အဖြစ်တွေသာလုံးထွေးနေရမယ် ။ ပြည်သူတွေရဲ့လူမှုရေးဘ၀ဟာ ကြောင်းကျိုးဆင်ခြင်မှု ကင်းမဲ့နေတဲ့ အခြေအနေဖြစ်လာပြီး လုံခြုံမှုကင်းမဲ့နေမှာ ဖြစ်တယ် ။                                                                              ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း ၊ ဒါမှမဟုတ် ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း ဖော်ဆောင်ရမယ့်  ပေါ်လစီတွေကို တော့ ကားလ်ပေါ့ပါးက ဒုက္ခတွေကိုဖြေရှင်းပြီး လူအမျိုးအကျိုးကျေးဇူးအဖြစ်ဆုံးဝါဒ ၀ါ negative utilitarianism ကနေသာ ကိုင်တွယ်တာချည်းပါပဲ ။ ရေရှည်မှာ ကောင်ကျိုးဖြစ်ထွန်းမယ်လို့ အခြေခံထားတဲ့ ပေါ်လစီမျိုးကို ပယ်ချတယ် ။ ဒီအစား လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းမယ့်ပေါ်လစီကိုသာ လုပ်ရမယ်လို့ယူတယ် ။ ပြည်သူတွေခံစားနေရတဲ့ လူမှုရေးဆိုင်ရာ ဒုက္ခတွေဟာ လူမှုရေးအရပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကုစားနိုင်မှာ ဖြစ်တယ် ။ ထပ်ခြုံပြီးဆိုရရင် ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် ပေါ်လစီတွေဆိုတာ ရေရှည်မှာမှ ကောင်းကျိုးချမ်းသာ ခံစားရမယ်လို့ ပြထားတဲ့ ပေါ်လစီမျိုးမဖြစ်ရမယ် ။ လက်တွေ့ရင်ဆိုင်နေရတဲ့ ဒုက္ခတွေဖြစ်တဲ့ ဆင်းရဲမွဲတွေမှု ၊ အလုပ်လက် မဲ့ ဖြစ်မှု ၊ လူမှုရေးဆိုင်ရာမလုံခြုံမှုဖြစ်စေမယ့် ပုံသဏ္ဌာန်တွေ၊ နာမကျန်းဖြစ်မှု ၊ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု ၊ ပညာရေး အခွင့်အလမ်း ချို့တဲ့မှု ၊ လူတန်းစားကွာဟာမှု၊ စစ်မက် စတဲ့ လူမှုရေးပြဿနာတွေကို ကိုင်တွယ်မယ့် ပေါ်လစီသာဖြစ်ရမယ် ။  ဒီပြဿနာကို ဝေဖန်စစ်ကြောပြီး ကိုင်တွယ်ဖြေရှင်းဖို့က ပွင့်လင်းလူ့အဖွဲ့အစည်း အတွင်းက အင်စတီးကျူးရှင်းရဲ့တာဝန်ပဲ ။                                                                                                                     ပေါ့ပါးအတွက် နိုင်ငံရေးဆိုတာ နိုင်ငံရေးစိတ်ကူးယဉ်အိပ်မက်အတွင်းက စိတ်ကူစံအရာတွေ မဟုတ်ဘူး ။ လက်တွေ့မှာ လူ့အဖွဲ့အစည်းအမှန်တကယ် ရင်ဆိုင်နေရတဲ့ လူမှုရေး ၊ နိုင်ငံရေး ၊နဲ့ စီးပွားရေးပြဿာနာတွေကို အမျိုးအစားခွဲခြားသတ်မှတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့သာဖြစ်တယ်။  ဒီပြဿနာတွေထဲက နိုင်ငံရေးအရဦးစားပေးလုပ်ရမယ့် အရာဟာ ဘာလဲလို့သိဖို့ကလည်း လူထုတစ်ရပ်လုံးရဲ့ ဆွေးနွေးမှုတွေပေါ်ကိုသာ အခြေခံပြီးလုပ်ရမှာ ဖြစ်တယ် ။ ပေါ့ပါးရဲ့ နိုင်ငံရေးမှာ လူမှုရေးပြဿာနတွေကို ဖြေရှင်းခြင်းနဲ့တွဲကပ်ပါနေတဲ့အရာက တစ်သီးပုဂ္ဂလလူသားရဲ့ လွတ်လပ်မှုကို ၀င်ရောက်စွက်ဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ပဲ ။ လူမှုရေးပြဿာနတွေကို လူထုဆွေးနွေမှု အတွင်းက ဦးစားပေးေ၇ွးတဲ့အခါ လူအများစုအာဏာရှင်စနစ်ကနေ အကာအကွယ်ပေးဖို့ တစ်သီးပုဂ္ဂလလွတ်လပ်မှုဟာ လိုအပ်တယ်။ တစ်သီးပုဂ္ဂလလွတ်လပ်မှုရှိမှသာလျင် လူ့အဖွဲ့အစည်းအတွင်း  လူ့အဖွဲ့အစည်းအတွင်းမေးခွန်းမထုတ်ဘဲထားတဲ့ အမှန် တရားတွေရဲ့ အထက်အောက်ဖိစည်းမှုကနေ လွတ်လပ်လာမှာဖြစ်တယ် ။ ပြီးရင် တစ်သီးပုဂ္ဂလလူသားတွေကို နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ဆွေးနွေးမှုတွေကို ဆက်သွယ်နိုင်တဲ့ အရည်အသွေးတွေ ဖွံ့ဖြိုးလာအောင်လည်းလုပ်ရမယ် ။ တစ်သီးပုဂ္ဂလ လူသားဟာ လူမှုရေးနဲ့ နိုင်ငံရေးအင်စတီးကျူးရှင်းတွေရဲ့ မှန်ကန်တဲ့ အဆုံးသတ်အပေါ် ကိုယ်ပိုင်အမြင်တွေနဲ့ အလုပ်လုပ် နိုင်ရမယ် ။ သူတို့ဟာ သူတို့ရဲ့ အမြင်တွေကို ဖော်ထုတ်နိုင်ရမယ် ။ ဒီမိုကရေစီစနစ်အတွင်း ပါဝင်ဆောင်ရွက်နိုင်ရမယ် ။ ပေါ့ပါးရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းက နိုင်ငံရေးဆိုတာ ဒါမှမဟုတ် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်ရမယ့် နိုင်ငံရေး ဆိုတာ တစ်သီးပုဂ္ဂလ လွတ်လပ်မှု ၊ ဒီမိုကရေစီနဲ့ လူမှုရေးပြဿနာရပ်တွေကို ခွဲခြားသတ်မှတ်ပြီး သုံးသပ်နိုင်ရေးပဲ ။                                 အထက်မှာ ဖော်ပြခဲ့တဲ့ ကားလ်ပေါ့ပါးရဲ့ ပွင်းလင်းလူ့အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ အမြင်ကို ပြန်အကျဉ်းချုံ့ကြည့် ရင် အပိုင်းနှစ်ပိုင်းတွေ့ရမယ်။ တစ်ခုက ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာအောင်လုပ်ရမယ့် အပိုင်းဖြစ်ပြီး နောက်တစ်ခုက ပွင့်လူ့အဖွဲ့အစည်းရဲ့သဘောရယ် မြင်ကြည့်နိုင်တယ် ။ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာအောင်လုပ်ရမယ့် အပိုင်းမှာ-
  • လက်တွေ့ကျတဲ့ လူမှုရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမယ် ။
  •  လူမှုရေး နိုင်ငံရေး အင်စတီကျူးရှင်းတွေဟာ ပြည်သူတွေရဲ့ လူမှုရေးဒုက္ခကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အခြေခံနဲ့ အလုပ်လုပ်နေတဲ့ အင်စတီကျူးရှင်းတွေဖြစ်ရမယ်။
  • အုပ်စိုးသူတွေက ပြည်သူတွေကို ပျက်စီးပျက်စီးရာ လုပ်မယ့်အခြေအနေကနေကာကွယ်ပေးရမယ် ၊ အုပ်စိုးသူ ခေါင်းဆောင်တွေရဲ့ ပါဝါကို အမြဲစောင့်ကြည့်နေရမယ်
  • ပြုပြင်ပြောင်းလဲမှုတွေကို ရုတ်ခြည်း အစွန်းရောက်ပြောင်းလဲမှုတွေမဖြစ်အောင် အင်စတီကျူးရှင်းတွေက ထိန်းထားပေးရမယ်။
  • ဥပဒေဆိုင်ရာဘောင်တွေဟာ အုပ်စိုးသူတွေရဲ့ဆန္ဒကို ထင်ဟပ်မှုထက် ပြည်သူတွေရဲ့ လူမှုရေးဒုက္ခကို အကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေဖြစ်ရမယ် ။
  •  တစ်သီးပုဂ္ဂလူသားရဲ့ လွတ်လပ်မှုကို မြှင့်တင်ပေးရမယ် ။ ဒီမိုကရေစီဖြစ်စဉ်နဲ့ လူမှုရေးပြဿာနတွေအပေါ် လူထုတစ်ရပ်လုံးဆွေးနွေးငြင်းခုန်မှုမှာပါဝင်လာနိုင်တဲ့ အရည်အသွေးရှိအောင် မြှင့်တင်ပေးရမယ် ။
  • လူမှုရေးပြဿနာတွေကို ချက်ချင်းဖြေရှင်းပေးနိုင်မယ့် ပေါ်လစီးတွေကို ဦးစားပေးလုပ်ဆောင်ရမယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကတော့-
  • လူမှုရေးဒုက္ခတွေကို ကိုင်တွယ်ဖြေရှင်းပေးမယ့်  အင်စတီကျူးရှင်းတွေရှိရမယ်။
  •  တစ်သီးပုဂ္ဂလ လွတ်လပ်မှုရှိရမယ် ။
  •  ဒီမိုကရက်တစ်ဒိုင်ယာလော့ခ်အတွင်းမှာ လူသားအချင်းချင်းပေါင်းစည်းလာမယ့် ပတ်ဝန်းကျင်မျိုးရှိရမယ်။
  • နိုင်ငံသားတွေဟာ ဥပဒေဘောင်နဲ့စနစ်ကြီးအလုပ်လုပ်ပုံ နားလည်ရမယ် ။
  • လူမှုရေး ဒုက္ခနဲ့ ပတ်သတ်ပြီး လူထုတစ်ရပ်လုံး ဆွေးနွေးငြင်းခုန်းမှုမှာ ပါဝင်ဆွေးနွေးနေကြရမယ် ။ သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ဖော်ပြနိုင်မယ်။ ဖော်ပြတဲ့ အခါမှာလည်း လွတ်လွတ်လပ်လပ်ဖော်ပြနိုင်ရမယ် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...