Tuesday, July 31, 2012

သွားဆေးခန်းနဲ့ ကားဝပ်ရှော့


by Phio Thiha on Saturday, July 28, 2012 at 3:05am 

မနေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက် သွားမှာဖြစ်နေသည့် ကျောက်တွေကို ခြစ်ပစ်ချင်သည်၊ အဖော်လိုက်ခဲ့ပေးပါ ဆိုသဖြင့် မြို့ထဲက သွားဆေးခန်းတစ်ခုကို နှစ်ယောက်သား သွားခဲ့ကြသည်။
ပြဖူးသူတစ်ယောက်က ကောင်းလွန်း သန့်လွန်းသည်ဟု ညွှန်းသဖြင့်သာ သွားရသည်၊ ဖုန်းနံပါတ်ပင် သေချာမသိ၊ သို့ဖြင့် နေရာအတိအကျ နှင့်၊ ကြိုတင်ဘွတ်ကင် လုပ်ဖို့ လိုမလို သိချင်တာကြာင့် တစ်ရက်ကြိုသွားကာ မေးမြန်းစုံစမ်းထားသည်။ ဆေးခန်းရှေ့က Receptionist က ဘွတ်ကင်လုပ်စရာ မလို၊ ဆေးခန်းဖွင့်ချိန်က မနက် ၉နာရီ တဲ့။ ထိုနေ့တွင်မှ အရေးကြီးကိစ္စတစ်ခုက မနက်၁၀နာရီခွဲမှာ ချိန်းထားမိသည်။ သို့နှင့် မနက်၉နာရီ အရောက်သွားမည်၊ ကျောက်ခြစ်တာ အလွန်ဆုံး တစ်နာရီပေါ့၊ ဒါဆို ဟိုတစ်ခုလည်း မီ၊ ဒီတစ်ခုလည်း ပြီးပြတ်၊ ကိစ္စနှစ်ခုလုံး အဆင်ပြေသွားမည်၊ ထိုအတွေးဖြင့် ကျွန်တော်တို့ ခပ်စောစောသွားခဲ့ကြသည်။ သို့သော်လည်း အဲဒါတွေက ကလေးအတွေးတွေ ဖြစ်သွားသည်၊ တကယ့်လက်တွေ့မှာ ကျွန်တော်တို့  စိတ်ကူးထားသလို အဆင်မချောခဲ့။ ကျွန်တော်တို့ ၉နာရီအတိ ဆေးခန်းရှေ့ ရောက်တော့ သံဆွဲတံခါးကြီးက သော့ခတ်ထားတုန်း၊ ဟိုငေးဒီငေး လုပ်နေတော့ ဆေးခန်းဘေးက မုန့်ဟင်းခါးဆိုင်မှ အစ်မကြီးက လှမ်းပြောသည်..
"မောင်လေးတို့က အစောကြီးလာတာပဲ၊ ဒီဆေးခန်းက ၉နာရီခွဲမှ စာရေးမက လာတာ၊ ဆရာကတော့ ၁၀နာရီလောက်မှ ရောက်တတ်တယ်၊ ခဏတော့ စောင့်လိုက်ဦးနော်"။

"ရပါတယ်၊ ဒီလောက်ကတော့၊ မြန်မာပြည်က ဆရာဝန်မှန်ရင် အနည်းနဲ့အများတော့ နောက်ကျတတ်ရမှာပေါ့၊ ကိုယ်တွေလည်း ဆရာဝန်တွေပဲ၊ ဒီလောက်တော့ နားးလည်ပေးလို့ ရပါတယ်"
သို့နှင့် အနီးအနားက ကော်ဖီဆိုင်တစ်ခုမှာ နာရီဝက်လောက် အချိန်ဖြုန်းနေလိုက်သည်။ ၉နာရီခွဲတော့ ဆေးခန်းရှေ့ တစ်ခေါက်ပြန်သွားသည်၊ သည်တစ်ခါတော့ ထူးခြားနေပြီ၊ ဆေးခန်းဖွင့်ထားတာတော့ မဟုတ်၊ ဆေးခန်းရှေ့မှာ ကိုယ်တွေလိုပဲ လာစောင့်နေကြသည့် လူနာများကို တွေ့ရ၍ဖြစ်သည်။ အပြိုင်အဆိုင်တွေ ပေါ်လာပြီဆိုတော့ ကားထဲပြန်သွားထိုင်နေလို့ မရတော့၊ ဆေးခန်းသံဆွဲတံခါးလေးရှေ့မှာပဲ ရစ်သီရစ်သီ လုပ်နေရသည်။ ပြောရလျှင် ကလေးတုန်းကလို နေရာဦးထားလိုက်ခြင်းပင်။ သို့သော်လည်း စာရေးမကတော့ ရောက်မလာ၊ စောင့်ရင်းစောင့်ရင်းနှင့် ကျွန်တော့်သူငယ်ချင်းက ဒေါသတွေပင် ထွက်လာသည်၊ "အချိန်ကို မလေးစားဘူး၊ ပါးစပ်ကနေ လွယ်လွယ်ကူကူ လျှောက်ချိန်းနေတယ်" စသဖြင့်ပေါ့။ သူ့ကို စိတ်လျှော့ဖို့ ထိန်းနေရင်း ကျွန်တော်ပင် စိတ်က တိုချင်လာသလိုလို၊ နောက်မှာကလည်း ချိန်းထားတာတစ်ခုက နောက်ဆံတင်းနေရသည်မဟုတ်လား။ (ထိုသို့ တစ်ဖက်သားကို အချိန်နောက်ကျ၍ ဒေါသထွက်နေကြသည်မှာ ကိုယ်တွေလည်း သိပ်ကို အချိန်တိကျတတ်သူတွေ ဖြစ်နေလို့တော့ မဟုတ်၊ ချိန်းထာတာတစ်ခု ရှိနေ၍သာ) ၁၀နာရီထိုးတော့မှ စာရေးမ ဆိုသူ ရောက်လာသည်၊ ဆေးခန်းကို ကမန်းကတန်းသော့ဖွင့်ပြီး ဘယ်သူအရင်ဆုံးရောက်တာလဲ မေးကာ တစ်ယောက်ပြီးတစ်ယောက် နာမည်စာရင်းသွင်းသည်။ စာရင်းပေးပြီးတော့ ရှေ့က ဆိုဖာခုံပေါ်မှာ ထိုင်စောင့်နေလိုက်ကြသည်။ ၁၁နာရီထိုးခါနီးမှ ဆရာဝန်ရောက်လာသည်။ လုပ်ရသည့် သွားကျောက်ခြစ်သော ကိစ္စကတော့ သိပ်မကြာလှ၊ နာရီဝက်ခန့်နှင့် ပြီးသွားသည်။

အပြန်လမ်းမှာတော့ ကျွန်တော့်အတွေးတွေ ကွန့်မြူးနေလေတော့သည်။ ပထမဆုံးက အချိန်မတိကျသည့်ကိစ္စ၊ ဒါက ဆရာဝန်တွေမှာ အတွေ့ရများသည် ဆိုသော်ငြား တကယ်တော့ ဆရာဝန်တွေမှ မဟုတ်၊ မြန်မာပြည်မှာ ဘယ်သူနှင့်ချိန်းချိန်း၊ ဒီလိုပဲ ကြုံတွေ့ရတတ်သည်။ ကျွန်တော်တို့တွေ တော်တော်များများအတွက် အချိန်ဆိုသည်က အပေါများဆုံးအရာ ဖြစ်နေသည်ကိုး။ ဂျပန်ပြည်မှာ စက္ကန့်နှင့်အမျှ အချိန်ကို တန်ဖိုးထားကြသည်ဟု ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ဖူးသည်၊ ကိုယ်နောက်ကျလျှင် တစ်ဖက်သားကို မလေးစားသကဲ့သို့ ဖြစ်တတ်သည် တဲ့။ ဒီမှာတော့ ထိုသို့မဟုတ်၊ နောက်ကျသူများကြားထဲတွင် ကိုယ်တစ်ယောက်တည်း ချွန်ပြီး ချိန်းသည့်အချိန် အတိအကျ သွားရောက်မိက ထိုသူ၏ အမှားပင်ဖြစ်သည်။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကလည်း ရေးဖူးသည်၊ သူ့ရဲ့ဟောပြောပွဲတိုင်းမှာ တတ်နိုင်သမျှ အချိန်ကို တိတိကျကျ စတင်လေ့ရှိသည်၊ အကြောင်းကတော့ ကိုယ် ၁၀မိနစ်လောက် နောက်ကျသွားခဲ့လျှင် ဟောပြောပွဲတက်ရောက်သူ အယောက်တစ်ရာရှိက မိနစ်ပေါင်း တစ်ထောင်ကို ဖြုန်းတီးပစ်လိုက်ရာရောက်မည်စိုးသောကြောင့် ဖြစ်သည် ဟူ၍။

တွေးနေရင်းနှင့် ခုနက အချိန်ကိုမလေးစားကြဘူး ဟုဆိုခဲ့သည့် ကျွန်တော့်သူငယ်ချင်းကို တစ်ချက်လှည့်ကြည့်မိလိုက်သည်၊ သူကိုယ်တိုင်သည်လည်း ဘယ်အချိန် ချိန်းချိန်း အမြဲတမ်းနောက်ကျတတ်သူတစ်ဦး၊ သူ အဲဒီလို နောက်ကျလို့ ကျွန်တော်တို့တွေက အပြစ်ပြောသည့်အခါတိုင်း သူပြန်ချေပလေ့ရှိသည်က "နောက်ကျတယ်ဆိုတာ အလုပ်များတဲ့သူတွေရဲ့ စတိုင်ပဲ၊ ဆရာဝန်ကြီးတွေ ကြည့်ပါလား၊ ဘယ်မှာ အချိန်မှန်လို့လဲ၊ အောင်မြင်တဲ့သူမှ နောက်ကျတတ်တာ၊ အားနေတဲ့သူတွေက နောက်မကျဘူး" ဟူ၍။ သူပြောပုံအရဆို အောင်မြင်ချင်ရင်ပဲ နောက်ကျတတ်အောင် လေ့ကျင့်ရမည့်သဘော။ ခု သူများအချိန်မမှန်သည့်အခါကျမှ သူ့မှာ အပြစ်တင်လို့မဆုံးတော့။ ထို့ကြောင့် ကိုယ်ချင်းစာတရားဆိုတာ ကိုယ်တိုင်ကြုံဖူး၊ ခံစားဖူးမှပဲ တကယ်လက်တွေ့ ဖြစ်ပေါ်လာနိုင်တဲ့ အရာပါလား ဟူ၍ ခပ်နက်နက် သဘောပေါက်ခဲ့ရသည်။ တွေးနေရင်းနှင့် ငယ်ငယ်ကတည်းက ကျွန်တော့်အတွက် ဗီလိန်ဖြစ်ခဲ့သည့် အဇာတသတ်ကိုပင် စိတ်ထဲက နားလည်ပေးနိုင်သွားသည်။ သူသည်လည်း ဖခင်ရဲ့ ကျေးဇူးကို ကိုယ်တိုင်ဖခင်ဖြစ်မှ သိမြင်သွားခဲ့သူ မဟုတ်လား။ တစ်ခုသာရှိသည်၊ ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာစိတ်တွေ အဇာတသတ်လို နောက်ကျမသွားစေဖို့ပင်။

အဲဒီနောက်တော့ ကျွန်တော်တို့ ဟောက်စ်ဆာဂျင်ဆင်းခဲ့စဉ်က ပုံရိပ်လေးတွေ အစီအရီ ပေါ်လာခဲ့သည်။ အစိုးရဆေးရုံမှာက အရာရာ ကြန့်ကြာတတ်သည်မဟုတ်လား။ ထားတော့၊ ဗျူရိုကရေစီ ယန္တရားအကြောင်းတွေ၊ ကျွန်တော်တို့ထက် အကြီးဆရာဝန်တွေ၊ ဒါတွေ မပြောတော့ပါ။ ကိုယ့်အကြောင်းကိုယ်ပဲ ပြောတော့မည်။ နေ့လည် ၂နာရီ OPD ဆင်းရမည်ဆို အချိန်မှန် ဆင်းဖြစ်ခဲ့သည်က ခပ်ရှားရှား၊ အလုပ်များနေသည့်အခါလည်း ရှိသလို၊ တစ်ခါတစ်လေ ပင်ပန်းလို့ နားနေရင်း အချိန်ဆွဲနေမိသည့်အခါလည်း ရှိသည်ပေါ့။ အဲဒီအတွက်တော့ လူနာတွေရဲ့ စိတ်ခံစားချက်ကို တစ်ချက်လေးတောင် မတွေးမိခဲ့၊ သူတို့တွေမှာက ဝေဒနာ ခံစားရင်း စောင့်နေရတာ၊ သွားဆေးခန်းမှာ ကျောက်ခြစ်ရသည်က ဘာဝေဒနာမှ ခံစားနေရတာမရှိ၊ ဒါတောင် ကျွန်တော်တို့တွေ စိတ်မရှည်ကြသေးရင် သူတို့တွေဆိုရင်ရော စိတ်မတိုသင့်ဘူးလား။ ကျွန်တော်တို့မှာ အရေးတကြီး ချိန်းထားတာတွေ ရှိသလို၊ သူတို့တွေမှာရော ဘယ်အချိန် ကားထွက်မှာ၊ ဘယ်အချိန်အမီ တစ်ဖက်ကမ်းကို ပြန်ရမှာ စသဖြင့် ရှိမနေနိုင်ဘူးလား။ သို့သော်လည်း ကျွန်တော်တို့တွေက ဒါကိုမမြင်၊ စိတ်မရှည်တော့လို့ လူနာတစ်ယောက်တစ်လေက Complaint လာလုပ်ရင်တောင် ကျွန်တော်တို့တွေ ဒေါသထွက်မိသေး။ အကြောင်းကတော့ "ငါတို့က သူတို့ဆီကနေ ပိုက်ဆံမယူဘဲ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပေးနေတာ၊ ဒါကို သူတို့တွေ နားလည်ကြရမှာပေါ့" ဆိုသည့် မာနက ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာစိတ်ကို ဖုံးလွှမ်းထားသဖြင့်ဖြစ်သည်။ လူနဲ့ အလုပ် ၀န်မမျှသည်ကလည်း တစ်ခုအပါအ၀င်ပေါ့လေ။

ထိုနေ့ညနေ အပြင်တစ်နေရာက ပြန်လာတော့ ကားက ဘာထဖြစ်သည်မသိ၊ ရှေ့မီးတွေ၊ ဒိုင်ခွက်မီးတွေ၊ နာရီတွေ ဘာတစ်ခုမှ မလင်းတော့၊ ကားမှန်ပင် တင်လို့်မရတော့၊ သေချာပြီ၊ ဘက်ထရီလား၊ ဒိုင်နမိုလောင်တာလား၊ တစ်ခုခုပင်။ အိမ်ကို မနည်းထိန်းမောင်းလာပြီး ဒီမနက်မှ ၀ပ်ရှော့သွားပြရသည်။ ရာဇ၀င်ကို ပြန်လှန်ရရင်တော့ ပြီးခဲ့သည့်အပတ် စနေနေ့ကပင် ဒိုင်နမိုက IC လောင်သည်ဆို၍ ၃သောင်းပေးပြီး ပြင်ထားရသည်၊ ယခု တစ်ပတ်ပင် မကြာသေး၊ အလားတူ ထပ်ဖြစ်ရပြန်ပြီ။ သည်တစ်ခါရော ဘာဖြစ်ဦးမည်နည်း၊ ဘယ်လောက်တောင် တောင်းဦးမည်နည်း။ ပြောရရင် သူတို့ဝပ်လျှော့ဆရာများအပေါ် ကျွန်တော် ယုံကြည်မှု ထားမရ၊ သူတို့က သူတို့နှင့် မသိသည့်သူ၊ ကားအကြောင်း သိပ်နားမလည်သည့်သူဆို ခပ်များများလေး တောင်းတတ်သည်မဟုတ်လား။ ခံခဲ့ရပေါင်းလည်း များနေပြီလေ၊ သို့နှင့်တိုင် ခုချိန်ထိတော့ ကားအကြောင်းကို ဂဃနဏ မသိသေး။

ဝပ်ရှော့ရောက်တော့ စစ်ဆေးပြီး ထွက်လာသည့် Diagnosis က ဒိုင်နမိုပင်၊ မတူသည်က IC မဟုတ်တော့၊ ရှာ့ခ် ဟုဆိုသည်။ ဘာမှန်းတော့လည်း သေချာမသိ။ ရှာ့ခ်မကောင်းလို့ IC ကြောင်သွားတာ ဟု ရှင်းပြသည်။ ကုန်ကျစရိတ်ကတော့ ၃သောင်းပဲ တဲ့။ အကျိုးအကြောင်းပြောပြတော့မှ လက်ခ မယူတော့ပါဘူး၊ ၃သောင်းနဲ့ပဲ အပြီးအစီး လုပ်ပေးလိုက်ပါမယ် တဲ့။ မတတ်နိုင်ဘူးလေ၊ ကိုယ်မှ မသိဘဲကို၊ တောင်းသလောက် ပေးရတော့မည်ပေါ့။

ဝပ်ရှော့သွားခဲ့ရသည့် ခံစားမှုမျိုးကို ရေးတတ်သလောက် ပြန်ရေးပြချင်သည်။ ကိုယ်မကျွမ်းကျင်သည့် ပြဿနာတစ်ခုအတွက် ကျွမ်းကျင်နားလည်သူတစ်ဦးထံ သွားရောက် အကူအညီတောင်းရသည်။ ဒီပြဿနာက ဘာလဲ၊ ဒါရဲ့ အရင်းအမြစ်ကရော ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘာတွေ လုပ်ဖို့လိုမလဲ၊ ဘယ်လောက်ကုန်ကျမလဲ စသဖြင့် သိချင်သည်။ ကိုယ်ကလည်း မသိ၊ မကျွမ်းကျင်၊ သိသူ ကျွမ်းကျင်သူကိုလည်း မယုံရဲ၊ ဖြစ်သည့်အခြေအနေကလည်း ထူးခြားနေသည်၊ ပြီးခဲ့သည့်အပတ်ကမှ ပျက်ထားသည့်နေရာကပင် တစ်ပတ်သာခြားပြီး ထပ်ဖြစ်သည်၊ သူတို့တွေ အစကတည်းက သေချာမစစ်ဘူးလား၊ ဒါ မကောင်းရင် ဒီလိုဖြစ်နိုင်တယ်ဆိုပြီး။ ဒါမှမဟုတ်၊ နောက်တစ်ခေါက် ထပ်မလာလာရအောင် တမင်အကွက်ဆင်တာလား၊ ဒါမှမဟုတ် ဒီလို ထူးထူးဆန်းဆန်းတွေက ဖြစ်ကိုဖြစ်တတ်တာလား၊ ကျွန်တော့်ခေါင်းထဲ မေးခွန်းပေါင်းများစွာ၊ မရေရာ မသေချာမှုပေါင်းများစွာဖြင့် ပြည့်နေလေသည်။

ထိုကဲ့သို့ပင်၊ ကျွန်တော်တို့ဆရာဝန်တွေဆီ လူနာတွေ လာပြကြသည့်အခါ သူတို့ ဘာရောဂါဖြစ်နေတာလဲ၊ စိုးရိမ်ရလား၊ ဘာတွေကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မလဲ၊ ကုန်ကျစရိတ်ကရော စသဖြင့် သိချင်နေမည်။ တစ်ခုကွာသည်က ပျက်နေသည့်ကားကို ပြန်ပြင်ဖို့ ဖြစ်နိုင်ရင် ကုန်ကျစရိတ်ကို တွန့်တိုချင်သော်လည်း လူနာတစ်ယောက် နေပြန်ကောင်းလာဖို့ဆို တော်တော်များများပြောလေ့ရှိသည်က ငွေဘယ်လောက်ကုန်ကုန် ဆိုသည့်စကား။ ၀ပ်ရှော့ဆရာဆို မသိရင် မယုံတတ်ပေမဲ့ ဆရာဝန်ဆိုရင်တော့ လေးစားကြသည်၊ ယုံကြည်ကြသည်။ သို့သော် ယခုအခါတွင်တော့ ဆရာဝန်တွေအပေါ် ထားရှိသည့် လူနာတွေ၏ ယုံကြည်မှုအတိုင်းအတာက တစ်ဖြည်းဖြည်း ကျကျလာသည်။ အချိန်မီပြန်ဆွဲတင်နိုင်ဖို့တော့ လိုနေလေပြီ။

ကျွန်တော့်ကားက ဒိုင်နမို တစ်ပတ်အတွင်း နှစ်ခါပျက်ခဲ့သလို၊ တစ်ခါတစ်လေကျတော့လည်း ဆရာဝန်မဟုတ်သူတွေ၊ ဆေးလောကပြင်ပက လူတွေ မသိနိုင်၊ နားမလည်နိုင်လောက်သည့် ဆန်းပြားမှုတွေ၊ ဆရာဝန်အပေါ် အထင်လွဲမှားလောက်စရာတွေကလည်း ဆေးပညာမှာ ရှိနေပြန်သည်။ ကျွန်တော်က ၀ပ်ရှော့ဆရာတွေကို ယုံထင်ကြောင်ထင် ထင်မိသလို၊ လူနာတွေကလည်း ဆရာဝန်တွေကို မကောင်းပြောမိတတ်ကြသည်။ ဒီလိုတွေ ဖြစ်လာခဲ့လျှင် လူနာတွေဘက်ကလည်း အကျိုးအကြောင်း သိချင်မှာဖြစ်သလို၊ ကျွန်တော်တို့ဆရာဝန်တွေဘက်ကလည်း သေသေချာချာ ရှင်းပြဖို့လိုမည်၊ သို့မှသာ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်မည်။

သွားဆေးခန်းကနေ သင်ပေးလိုက်သည်က အချိန်တိကျဖို့၊ ကိုယ်ချင်းစာတတ်ဖို့။ ကားဝပ်လျှော့မှ ပြောပြလိုက်သည်ကတော့ ယုံကြည်မှုတွေ အချိန်မီတည်ဆောက်ဖို့။ ပြောရလျှင် ဒီခရီးနှစ်ခုလုံးက အင်မတန် တန်ဖိုးရှိခဲ့သည်၊ ဟုတ်သည်၊ ကျွန်တော်တို့တွေ ရှေ့ဆက်လျှောက်မည့် ဆရာဝန်ဘ၀မှာလည်း သွားဆေးခန်းနှင့် ကားဝပ်ရှော့ကို မကြာမကြာလေး သွားရပါဦးမည်။ ဘာကြောင့်ဆို လူဆိုသည်က ကြာလျှင် မေ့ မေ့သွားတတ်သည်မဟုတ်လား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...