Sunday, July 29, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၇)


သစ်ထူးလွင်



Posted: 29 Jul 2012 07:18 AM PDT
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ
မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။

မြန်မာနိုင်ငံက အမျိုးသား တဦးချင်း သေနပ်ပစ်ပြိုင်ပွဲမှာ ကိုမောင်ကြူ ၊ တဦးချင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်နဲ့ မြှားပစ်ပြိုင်ပွဲမှာ ကိုနေမျိုးအောင်တို့ဟာ ယှဉ်ပြိုင်ပါတယ်။

မအေးအေးအောင်က ဂျူဒိုအားကစားနဲ့ သြဂုတ်လ ၂ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်သလို ကိုသက်ဇော်ဝင်းက သြဂုတ်လ ၄ ရက်နေ့မှာ မီတာ ၄၀၀ ပြေးခုန်ပစ် ပြိုင်ပွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လန်ဒန်ရောက် မြန်မာတွေကလည်း မနေ့ညက ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ကြည့်နေကြသလို face book လို tweeter လို အင်တာနက် ဆက်သွယ်ရေးတွေကနေ မြန်မာနိုင်ငံ
အသင်း အိုလံပစ်အားကစားကွင်းထဲ ဝင်လာတာကို စောင့်ပီး ကြည့်ရှု အားပေး တာတွေလည်း တွေ့ရပါတယ်။

ဒီလို လန်ဒန်မှာ ရောက်ရှိနေတုန်း အိုလံပစ်အားကစားပြိုင်ပွဲ နဲ့ ကြုံရတော့
မြန်မာနိုင်ငံသားတချို့က သွားရောက်ကြည့်ရူမယ်ဆိုပီး အားခဲနေကြ
ပါတယ်။ အဲဒီလူတွေထဲက သြဂုတ်လ ၅ ရက်နေ့က ဘတ်စကက်ဘောပြိုင်ပွဲ သွားကြည့်မယ့် မတူးမာက-

" အမသမီးက သူကျောင်းကနေ အိုလံပစ်အတွက် လက်မှတ်ရတယ်လေ။
ကျောင်းမှာ sport ထူးချွန်တဲ့သူတွေကို လက်မှတ်ပေးတယ်။ သူက ဘတ်စကက်ဘော ကစားတာများတယ်ဆိုတော့ ဘတ်စကတ်ဘော လက်မှတ်ရထားပါတယ်။ ၅ ရက်နေ့ သြဂုတ်ပါ။ အမတို့ ဗမာအဖွဲ့ တက်ရောက်တာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ် ဂုဏ်ယူပါတယ်။ နောက်ပီး ဗမာလူမျိုးတွေအနေနဲ့ အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပီးဝမ်းသာမိမယ်လို့ ထင်ပါတယ်။"

အိုလံပစ် အားကစားကွင်းနားမှာ နေတဲ့ ကိုရာဇာကလည်း အိုလံပစ် အားကစားပြိုင်ပွဲမှာ အနည်းဆုံး ပွဲစဉ်တခုကို ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မယ်။ နောက် ရပ်ကွက်သူရပ်ကွက်သားတွေ အလုပ်အကိုင်
အသစ်တွေ ရရှိစေတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။

"ကျနော်တို့ရပ်ကွက်ထဲက ဗမာတွေ ဒီနားမှာ အလုပ်ရတယ်ခင်ဗျ။ အလုပ်ကတော့ temporary ပေါ့။ ခဏတဖြုတ် အိုလံပစ်ရဲ့ အရှိန်ကြောင့်
ဈေးရောင်းတဲ့ဆိုင်တွေမှာရတယ်။ တချို့ဆိုလည်း ဈေးရောင်းတဲ့ ဆိုင်တွေမှာရတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ဗမာအသိုင်းဝိုင်းကတော့ တော်တော်လေးကို ပျော်ကြတယ်ခင်ဗျ။

ကျနော် ကတော့ ဘောလုံးပွဲကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘရာဇီးနဲ့ ပွဲကို သွားကြည့်ဖို့ရာများတယ်ပေါ့နော်။ ဘရာဇီးနဲ့ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်ပါ။ အိုလံပစ်မှာ ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မှာက အဓိကပါ။"

မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားတွေ လာရောက် ယှဉ်ပြိုင်တဲ့
အတွက် ကျေနပ်အားရကြောင်း ကိုရာဇာက -

"ကျနော်ကတော့ ဗမာအားကစား အသင်း ဒီကို လာပီး ယှဉ်ပြိုင်တာကို အတော် သဘောကျတယ်ဗျ။ ကျနော်ကတော့ အနိုင်ရရှိသွားတာက အဓိကမဟုတ်ဘူး။ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာက အဓိကဘဲ ။ ကျနော်ကတော့ မြန်မာနိုင်ငံက အားကစားသမားတွေ နိုင်ငံတကာပွဲတွေမှာ များများဝင်ရောက်ယှဉ်ပြိုင်လေ အားကျလေဘဲ။ ဒါပေမယ့် ကျနော် သဘောပေါက်ပါတယ် ငွေရေးကြေးအခက်အခဲတွေလည်း ရင်ဆိုင်ရမယ် ဆိုတာ။ သို့သော်လည်း တိုင်းပြည်အတွက် တော်တော်လေးကို အတွေ့အကြုံတွေ ရနိုင်တယ်ပေါ့ အဲဒီအတွက် ဝမ်းသာတယ်ခင်ဗျ။"

RFA Burmese

Posted: 29 Jul 2012 07:16 AM PDT
မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။
88 Generation Students Group
မန္တလေးမြို့က နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနှင့် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်း အတွက် ၈၈ မျိုးဆက်ကျောင်းသားများက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က သွားရောက်လှူဒါန်းနေကြစဉ်။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ ရောက်ရှိတဲ့ဒေသတွေမှာ သွားရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။
"ကျနော်တို့က ဒေသတော်တော်များများကို ရောက်တဲ့အခါမှာ ဒေသခံတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ချက်တွေ၊ နောက်ပြီးတော့ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေမှာ လိုအပ်ချက်တွေကို တွေ့ဆုံပြီး စကားပြောတဲ့အခါမှာ အဲဒီအချက်အလက်တွေကို တွေ့ရတယ်။ တိုင်းပြည်မှာ တကယ့်ကို ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ အစိုးရကနေပြီးတော့ ၀င်ရောက် အားဖြည့်နိုင်မှုတွေ ဘယ်လောက် လျော့နည်းနေလဲ ဆိုတာလည်း ပေါ်လွင်သွားတယ်။ နောက်တချက်က ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက နေပြီးတော့ မိမိတို့ ၀န်းကျင်မှာ ရှိတဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် လုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ အရှိန်ရအောင်လည်း ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ တတ်နိုင်သလောက် ကျနော်တို့ ရုံးကို လာရောက် ဆက်သွယ်လာတဲ့ အလှူရှင်တွေနဲ့ ကျနော်တို့က သဘောထားတွေ ရှင်းပြပြီးတော့ လိုအပ်ချက်တွေကို သတင်းအချက်အလက်တွေ ပေးပြီးတဲ့အခါမှာ သူတို့ရဲ့ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလိုက်တယ်။"
အောင်မြေသာစံမြို့နယ်က ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနဲ့ ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်းမှာ ဆေးခန်းသုံးနဲ့ ကျောင်းသုံးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။
ဒါအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ရုံးကိုလည်း သွားရောက်ပြီး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

RFA Burmese 


Posted: 29 Jul 2012 07:12 AM PDT
ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ၆၀ နှစ်ပြည့်မွေးနေ့ အလှူတော်
မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက် ၉နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ
ထိုင်းမြန်မာချစ်ကြည်ရေးကျောင်းတိုက်တွင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ထိုင်းသံရုံးမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၈တွင်
ကျရောက်သည့် အိမ်ရှေ့မင်းသား၏ မွေးနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်ခြင်း
ဖြစ်ကာ ယနေ့နံနက်တွင် သံဃာအပါး ၆၀ တို့အား နေ့ဆွမ်း၊ သင်္ဃန်းနှင့် လှူ
ဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။၎င်းအပြင် ထိုင်းသံရုံးမှနေ၍
အဆိုပါကျောင်းတိုက်သို့ အလှူငွေအဖြစ် ဘတ်ငွေတစ်သိန်းခွဲလှူဒါန်းခဲ့ရာ
 ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေက လက်ခံပေးခဲ့သည်။

ယင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr.Pisanu Savanajata ၊
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေနှင့်ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ
 မြန်မာစစ်သံမှူး (ငြိမ်း) ဦးကိုကိုမောင်၊ ထိုင်းစစ်သံမှူးများနှင့် သံရုံးမိသားစုဝင်များ
 တက်ရောက်ခဲ့ကြသည်။

Popular Myanmar News Journal

Posted: 29 Jul 2012 07:04 AM PDT
ထိုင်းနိုင်ငံမှ မြန်မာ ရေလုပ်သားများ
ရန်ကုန်၊ ဇူလိုင် ၂၉

ထိုင်းအစိုးရ အနေဖြင့် နှစ်နိင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို၍ မြန်မာနိင်ငံမှ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းကို ရုပ်သံလိုင်း ၇ တွင် ကြည့်လိုက်ရကြောင်း ဘန်ကောက် မဟာချိုင်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

ထိုင်းအလုပ်သမား ၀န်ကြီး ဆုန်ဆပ်က မြန်မာ အလုပ်သမားများကို နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့်သာ ခေါ်ယူသွားမည်ဖြစ်ပြီး ကန်ထရိုက်စာချုပ် ချုပ်ဆိုရန်အတွက် အနည်းဆုံး နှစ်နှစ် အများဆုံး လေးနှစ် ကြာမည်ဖြစ်ကာ မြန်မာ အလုပ်သမားများကို ယခုနှစ်ကုန်တွင် အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း တိုးပေးရန် မရှိဟု ပြောဆိုခဲ့ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

လက်ရှိ ထိုင်းအစိုးရ အနေဖြင့် တရားမ၀င် ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများ ယာယီ နိင်ငံကူးလက်မှတ် ထုတ်ပေးကာ နှစ်အလိုက် သက်တမ်းတိုး စနစ်အစား ကန်ထရိုက်စနစ်ကို သုံး၍ ခေါ်ယူသည့် ပုံစံသို့ပြောင်းရန် မြန်မာအစိုးရနှင့် ညှိုနှိုင်းခဲ့ပုံ ရကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

ရထားပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်ဆောင် ဦးအောင်မင်းက ထိုင်းတွင်မြန်မာ ရွှေ့ပြောင်းလုပ်သာ နှစ်သန်းခန့်ရှိပြီး ၄င်းတို့ ပြန်လာရေးအတွက် အလုပ်အကိုင် ရရှိရေးအတွက် Peace Centre နှင့် ချိတ်ဆက် ဆောင်ရွုက်ပေးသွားရန် ရှိသည်ဟု ယခင်အပတ်က နိင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားသည်။

The Voice Weekly

Posted: 29 Jul 2012 06:25 AM PDT
ရွှေလုပ် ငန်းခွင်မှ နေ့ စား အလုပ် သမားများ
ရန်ကုန် ၊ ဇူလှိုင် ၂၇

ပြည်ထောင်စု လွှတ်တော်က တာဝန်ပေး ဖွဲ့စည်းခဲ့သော သတ္တုနှင့် သယံဇာတ ကော်မတီ သည်
ရွှေတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းရှင်များ တွေ့ဆုံကာ နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်ရှိနေသေးသော ရွှေစင်သားများနှင့် ပတ်သက်၍ ဇူလိုင်လ ၃၁ ရက်နေ့တွင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းဝိုင်းမှ သိရသည်။

“ သတ္တုလုပ်ငန်းက ကျွန်တော်တို့ ကုမ္ပဏီတွေကို ပေးသွင်းရမယ့် ရွှေစင်သားတွေကိုသတ်မှတ်ထားတဲ့ စာချုပ်အတိုင်း တိတိကျကျ ဆောင်ရွက်ပေးဖို့ ကော်မတီနဲ့တွေ့မှာပါ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဗန်းမောက် နှင့် ပင်လည်ဘူးဒေသတို့တွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက The Voice
Weekly သို့ ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွှေတူးဖော်ရေးလုပ်ငန်းများ
လုပ်ဆောင်နေသော ကုမ္ပဏီများအနက် နိုင်ငံတော်သို့ အခွန်အဖြစ်
ရွှေစင်သားများ ပေးသွင်းရန် ကျန်ရှိနေသော ကုမ္ပဏီများကို သတ္တုတွင်းဝန်ကြီးဌာနအမှတ် ၂ သတ္တုလုပ်ငန်းက ကျန်ရှိသော ရွှေစင်သားများကို ပေးသွင်းကြရန်နှင့်ပေးသွင်းခြင်းမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့ရက်စွဲဖြင့် တရားဝင်ထုတ်ပြန် ကြေငြာခဲ့သည်။

ယခင် အစိုးရ လက်ထက်က စာချုပ် စည်းကမ်းချက်နှင့် မကိုက်ညီ၍ ဒဏ်ကြေးအဖြစ်ရွှေစင်သားနှင့် ငွေသားများပေးသွင်းရန် သတ်မှတ်ခဲ့ပြီး ယင်းဒဏ်ကြေးများကိုလည်းရွှေကုမ္ပဏီများ ပေးဆောင်ထားသော်လည်း အထက်ပါ ထုတ်ပြန်ကြေညာချက်တွင်ဒဏ်ကြေးပေးသွင်းထားပြီးသော ကာလများကိုပါ နိုင်ငံတော်သို့ ပေးသွင်းရန်ရွှေစင်သားအဖြစ် သတ်မှတ်လိုက်ကြောင်း ကချင်ပြည်နယ် အခြေစိုက်
ရွှေတူးဖော်ရေးကုမ္ပဏီအဖြစ် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

နိုင်ငံတော်သို့ ရွှေစင်သား ပေးသွင်ကျန်ရှိနေသော ရွှေလုပ်ငန်း ကုမ္ပဏီများအနက်ကုမ္ပဏီ ၁၄၀ က သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းများနှင့် ပေးသွင်းရမည့် ပမာဏကိုညှိနှိုင်းနေကြောင်း အမှတ် ၂ သတ္တု
လုပ်ငန်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ ကျွန်တော်တို့ ပေးသွင်းဖို့ ကျန်တဲ့ ရွှေက(ဆယ်ဂဏန်းရှိသော) ကျပ်သားလောက်ပဲ တွက်ထားတာ။ခု စာရင်းက ၃ပိသာနဲ့ ၉၀သား(ကျပ်သား)ဆိုတော့ ကျွန်တော်တို့ဘက်က ဘယ်လိုမှ ပေးဖို့ မဖြစ်နိုင်လို့ပြန်ညှိုနှိုင်းနေတာပါ” ဟု စစ်ကိုင်းတိုင်းရှိ ရွှေလုပ်ငန်းရှင်ကြီးတစ်ဦးက
ဆိုသည်။

အသေးစား ရွှေကုမ္ပဏီ ၄၉ ကုမ္ပဏီမှာမူ နိုင်ငံတော်သို့ ပေးသွင်းရမည့်
ရွှေစင် ရွှေသားများကို ပေးဆောင်ခြင်း မရှိသည့်အပြင် သက်ဆိုင်ရာနှင့်လည်း
ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုလ ၁၈ ရက်နေ့ နောက်ဆုံးထားကာပေးသွင်းကြပါရန်နှင့် ပေးသွင်းခြင်း မရှိပါက ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို တည်ဆဲ ဥပဒေအရ အရေးယူ သွားမည့်အပြင် ကုမ္ပဏီများနှင့်ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်း သွင်းသွားမည် ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ကြေငြာချက် တွင် ဖော်ပြပါရှိသည်။

The Voice Weekly


Posted: 29 Jul 2012 06:18 AM PDT
ရန်ကုန်ဇူလိုင် ၂၉

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ ပြဒါန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အများပြည်သူ လေးစားပြီး သြဇာတိက္ကမ ကြီးမားသော ရပ်မိရပ်ဖ ငါးဦး ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ရွေးချယ် တင်မြောက်သော မည်သူမဆို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တင်မြောက်ပိုင်ခွင့် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့် က လွှတ်တော်တွင် ပြောကြားခဲ့သည်။

မြန်မာနိင်ငံ လူအဖွဲ့အစည်းတွင် အမျိုးသမီးများ၊ ကလေးများ၊ လိင်တူချစ်တူများ ခွဲခြား ဆက်ဆံလေ့ရှိကြောင်း အဖိုနှင့် အမ၊ အပူနှင့် အအေး၊အပေါင်းနှင့် အနှုတ်၊အမှောင်နှင့် အလင်း မတူကွဲပြားမှုများသည် သဘာဝဖြစ်ကြောင်း လိင်ကွဲပြားမှု အရ အမျိုးသမီးများ ခွဲခြား၊ နှိမ့်ချ၊ ဆက်ဆံမည့်အစား နိင်ငံတကာကဲ့သို့ လွတ်တော် အပါအ၀င် အုပ်ချုပ်ရေးနှင့် ဦးဆောင်မှု အခန်းကဏ္ဍများတွင် အချိုးကျ ကိုတာစနစ်ဖြင့် နေရာပေးသင့်ကြောင်း အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက အကြံပြု ပြောကြားသည်။

လက်နက်ကိုင် တိုက်ပွဲတွေဖြစ်သည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်က ရွာများတွင် လွန်ခဲ့သော နှစ်သုံးလေးဆယ် ကတည်းက အမျိုးသမီး သူကြီးများကို ရွာသားများက ရွေးချယ်ခဲ့ကြောင်း နှစ်ဖက်တပ်များ၏ ရိက္ခာနှင့် ပေါ်တာ ကိစ္စများကို အမျိုးသမီး သူကြီးများ အဆင်ပြေပြေ ဆက်ဆံနိင်ခဲ့ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။
၂၀၁၂ ဇူလိုင် ၂၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၅)ရက် မြောက်နေ့တွင် ဘားအံမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၏ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများတွင် အမျိုးသမီးများ ရွေးချယ်ပိုင်ခွင့် ရှိ၊ မရှိ မေးမြန်းမှုကို ပြည်ထဲရေး ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

၂၀၁၂ မတ်လ ၂၈ ရက်နေ့၌ နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခန့်ထားရေး ဥပဒေတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ် ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ မိမိအရွေးချယ်ခံမည့် ရပ်ကွက် တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူ၊ ကျန်းမာရေး ကောင်းမွန်၍ ပညာအရည်အချင်း အသင့်အတင့် ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ် နေရေး ဖူလုံသူ၊ မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့်အချက်များပါဝင်သည်။

The Voice Weekly

Posted: 29 Jul 2012 06:12 AM PDT
ရန်ကုန် ၊ ဇူလှိုင် ၂၉

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေးကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်
အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့
ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသော
စားဝတ်နေရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီးရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းအထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းလယ်မြေ ဧကများစွာကို အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိရသည်။

The Voice Weekly

Posted: 28 Jul 2012 11:13 PM PDT
မန္တလေး၊ဇူလိုင်-၂၉
ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ
အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။

ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့
ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။

“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။
မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။

7Day News Journal




Posted: 28 Jul 2012 10:35 PM PDT
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ



Posted: 28 Jul 2012 10:29 PM PDT
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို.၊ ကန်ဖျားရပ်ကွက်၊ ရဲသိပ္ပံလမ်းတွင် တည်ရှိသော ဦးဆွေသန်း ပိုင်ဆိုင်သည့် ရေခဲစက်သည်၊ လူနေအိမ် ထူထပ်သည့် ရပ်ကွက် အတွင်းတွင် နေညမပြတ် နှစ်ဆယ့်လေး နာရီပတ်လုံး စက်သံဆူညံစွာဖြင့် လည်ပတ်နေသည့်အပြင် လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစ၍ ရဲသိပ္ပံလမ်းသွယ်နှင့် ကန်ဖျားလမ်းမကြီးအား ဆက်သွယ်အသုံးပြု့ သွားလာနေသည့် အများပြည်သူပိုင်လမ်းအား စက်ရုံလုံခြုံရေးအကြောင်းပြချက်ဖြင့် ညနေငါးနာရီမှ မနက် ရှစ်နာရီအထိ ပုံပါအတိုင်း သံတံခါးဖြင့် သော့ခတ်ပိတ် ပိတ်ဆို့ထားပါသဖြင့် ရပ်ကွက်နေပြည်သူများ သွားလာရန် အခက်တွေ့နေပါသည်။

         ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာ ရ.ယ.က ရုံးတွင် သွားရောက်ညှိနိုင်းသော်လည်း ငွေကြေးအင်အားတောင့်တင်းသည့် ထိုစက်ရုံပိုင်ရှင်ကိုသာ အနိုင်ပေးခဲ့ပါသည်။ စစ်အစိုးရ ခေတ်တွင်လည်း အဆိုပါရေခဲစက်မှ နမိုးနီးယား အကြိမ်ကြိမ်ပေါက်ကွဲခဲ့သဖြင့် ရပ်ကွက်နေပြည်သူများ ထွက်ပြေးခဲ့ရသဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သော်လည်း တိုင်တန်းသူ ရပ်ကွက်နေပြည်သူများသာ ဆူပူကြိမ်းမောင်း ခံခဲ့ရသဖြင့် မတိုင်ဝံ့တော့ပဲ ဆူညံနေသည့် စက်သံကို နားညီးခံပြီး သည်းခံနေခဲ့ပါသည်။

         အရာရာကို ငွေနှင့်ဖြေရှင်းနိုင်သည်ဟူ ယူဆနေသည့် စက်ရုံပိုင်ရှင်သည် ပိုမို၍အတင့်ရဲလာကာ ယခုတစ်ဖန် အများပြည်သူ သွားလာနေသည့် လမ်းအား ပိတ်ဆို့ သည်အထိ ပြုလုပ်လာပါသဖြင့်  သက်ဆိုင်ရာမှ ညှိနိုင်းဖြေရှင်းပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ကန်ဖျားရပ်ကွက်နေပြည်သူ တစ်ဥင်္ီး။

Posted: 28 Jul 2012 08:31 PM PDT
ကျွန်တော်တို့ သီပေါမြို့တွင်း သစ်စက်နှင့် ပရိဘောဂ လုပ်ငန်းများ အရမ်းများနေပါသည်။ သူတို့ လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဆူညံမှုများ ဆက်တိုက်ဖြစ်နေပါတယ်။

သစ်ခွဲစက်အသံ၊ ရေပေါ်စက် အသံများ ဟာ ပတ်ဝန်းကျင်ကို အင်မတန် ဒုက္ခပေးနေ ပါတယ်ခင်ဗျာ.
သစ်တော ၀န်ထမ်းများမှာလည်း ပိုက်ဆံလောက်သာ လိုက်ကောက်ပြီး ဘာမှတာဝန်ယူခြင်းမရှိပါ..သို့သော် လူကြီးလာတဲ့ အချိန်သာ သစ်စက်သံများ မကြားရတာဖြစ်ပါတယ်။

 ယခုလုပ်နေသောလုပ်ငန်းများမှာ တရားဝင်လုပ်ငန်းများဖြစ်ပါသလား? လမ်းဘေးရှိ ကျွန်းပင်များတွင်
သစ်တစ်ပင်ခုတ် ထောင် (၃) နှစ်လို့တော့ ရေးထားပါတယ်။ သစ်ခွဲစက်ပိုင်တဲ့သူတွေနဲ့ ပရိဘောဂ လုပ်ငန်းလုပ်တဲ့သူတွေကို အရေးယူရင် ဘယ်လို့အရေးယူကြပါသလဲခင်ဗျာ..

မြို့တွင်းရှိသစ်စက်များနှင့် ပရိဘောဂလုပ်ငန်းများကို ရပ်ဆိုင်းပေးပါရန်တောင်းဆိုအပ်ပါသည်၊ သစ်တောဝန်ထမ်းများ အိပ်ယာကနိုးသင့်ပါပြီ။


သီပေါမြို့ ခံတဦး




Posted: 28 Jul 2012 08:22 PM PDT
နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌
ကွန်ကရစ်လမ်း ခင်းနေပါသည်။

ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင် ၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။
မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။

ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။

ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး



Posted: 28 Jul 2012 08:23 PM PDT
ကျွန်တော်၊ ကျွန်မတို့ သျှမ်းပြည်နယ် (မြောက်ပိုင်း) မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုး ဖြစ်စေမည့် ငွေကြေးကောက်ခံမှုဆက်လက်ပြုလုပ်နေသည်ကို သက်ဆိုင်ရာများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

၂၅ - ၇ - ၂၀၁၂ ရက်နေ့ က မူစယ်မြို့ နယ်ပညာရေးမှူးရုံးမှ အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် မည်သည့်ခေါင်းစဉ်နှင့်မျှ အခြားသောငွေကြေးကောက်ခံမှုများကို လုံးဝမပြုလုပ်ရန် မူစယ်မြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ရုံးစာဖြင့် ညွှန်ကြားအသိပေးခဲ့ကြောင်း သိရပါသည်။

သို့ သော်လည်း ၂၃ - ၇ - ၂၀၁၂ ရက်နေ့ မှစ၍ မူစယ်မြို့ တောင်ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ၀ါဆိုသင်္ဃန်းကပ်လှူရန် အကြောင်းပြ၍ ကျောင်းသား မိဘများနှင့် ညှိနှိုင်းခြင်းမရှိဘဲ ကျောင်းသားကျောင်းသူ ၁ ဦးလျှင် ငွေကျပ် (၅၀၀) မထည့်မနေရ ကောက်ခံ နေပါသည်။

၎င်းအပြင် အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်း ကျောင်းသားကျောင်းသူများကို ကျောင်းအုပ်ကြီး ကိုယ်တိုင် အခကြေးငွေယူပြီး ကျောင်းတွင်း စားဖိုဆောင်တွင် ကျူရှင်ပြခြင်းကိုလည်း လုပ်ဆောင်နေပါသည်။ ကျောင်းအုပ်ကြီးအား အခကြေးငွေပေး၍ ကျူရှင်တက်ရောက်သည့် ကျောင်းသူကျောင်းသားများကိုသာ အတန်း အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ စသည့် အဆင့်ဝင်သူအဖြစ် အတန်းပိုင် ဆရာ၊ ဆရာမများကို ဖိအားပေး၍ သတ်မှတ်ပေးနေကြောင်း ကြားသိရပါသည်။

မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၀၀) ကျော်ရှိသော်လည်း အိမ်သာ (၃) လုံးသာ အသုံးပြုနေကြရသဖြင့် ကျောင်းသားကျောင်းသူများ ဒုက္ခခံစားနေပြီး ကျန်းမာရေးနှင့် ညီညွှတ်မှုမရှိကြောင်း ကြားသိနေရပါသည်။ တာဝန်ကျ ပညာရေးဝန်ထမ်းများ အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိဘဲ လစ်လျူရူ့ နေကြောင်း ကျောင်းသားကျောင်းသူများက ပြော၍ သိရပါသည်။

၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကာလ (မေလ ၂၅ ရက် မှ မေလ ၃၁ ရက်နေ့အထိ) တွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ အတွက် အလှူငွေဟု ခေါင်းစဉ်တပ်၍ အောက်ပါငွေကြေးများကိုလည်း ကောက်ခံခဲ့သည်။

(၁) ကျောင်းဝင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် အလှူငွေ တစ်ထောင့်ငါးရာကျပ် (၁၅ဝဝ/ကျပ်) တောင်းခံခြင်း၊
(၂) ကျောင်းဝတ်စုံတွင် တပ်ဆင်ရမည့် ပညာရေးအမှတ်တံဆိပ်များကိုနှစ်စဉ် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ မဝယ်မနေရရောင်းချနေခြင်း၊
(၃) ကျောင်းပြောင်းလက်မှတ်ရရှိလိုသူ တစ်ဦးလျှင် တစ်သောင်းကျပ် (၁ဝဝဝဝ/ကျပ်) စီအလှူငွေ ကောက်ခံခြင်းတို့ ဖြစ်ပါသည်။
၎င်းတို့ မှာ ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးအောင်စိုး ကိုယ်တိုင် အလှူငွေဟု ခေါင်းစဉ်တပ်၍ ကောက်ခံ တောင်းယူ ရောင်းချနေခြင်းဖြစ်ပြီး ကိုယ်ကျိုးအတွက်သာ ရယူခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရပါသည်။

၂ဝ၁၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး က ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအုပ်နှံရေး အထိမ်းအမှတ်အခမ်းအနားတွင်
“အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခ တို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်း၊ မိဘပြည်သူများကလည်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းမှန်မှန် တက်စေရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပညာရေး စေတနာရှင်များ အနေဖြင့်လည်း ကျောင်းနေမြဲရေးလုပ်ငန်းများတွင် လိုအပ်သလို ပံ့ပိုးကူညီပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း” ပြောကြားခဲ့ပါသည်။

အခြေခံပညာကဏ္ဍ အမျိုးသားပညာရည်မြင့်မားရေး နှစ် (၃ဝ) နှစ်ရှည်စီမံကိန်း၏ လုပ်ငန်းစဉ် (၂) အရ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက် အခြေခံပညာ မူလတန်းအဆင့် ကျောင်းနေနှုန်း တိုးတက် မြင့်မားရေး၊ ကျန်းမာရေးနှင့် ညီညွှတ်သော ကျောင်းပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ရေးအား ထိခိုက်နေကြောင်း တွေ့  ရပါသည်။ တာဝန်ရှိသူ အထက်လူကြီးများအနေဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျောင်းသား မိဘများ
တောင်ရပ်ကွက်၊ မူစယ်မြို့ ၊ သျှမ်းပြည်နယ် (မြောက်ပိုင်း)

အမက (၃) ကျောင်းအုပ်ကြီး ဦးအောင်စိုး



Posted: 28 Jul 2012 06:58 PM PDT
ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ -

“စိုးရိမ်ထိတ်လန့်တာပေါ့။ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကျနော်တို့မှာလည်း ဘာမှ လုံခြုံမှု မရှိတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် နေ့ခင်းဘက်တွေက ပြဿနာမရှိပေမဲ့ ညဘက်တွေမှာ ကျနော်တို့က အတော်လေးကို စိုးရိမ်နေရတယ်။ အခုဆို ကျနော်တို့ မစီစဉ်ရသေးဘူး၊ ကျနော်တို့ တနေနေရာရာမှာ ပေါင်းနေဖို့ အစီအစဉ်ရှိတယ်။ ဥပမာ ဒီစက်ရုံကနေ မထွက်နိုင်အောင် နည်းမျိုးစုံနဲ့ ရှေ့မှာ လုပ်ခဲ့တာတွေ ရှိတယ်။ အမျိုးမျိုး လှည့်ပတ်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ကြားထဲမှာလည်း ဒီလိုမျိုး ဓားထောက်ပြီးတော့ မြန်မာမိန်းကလေးတွေဆီက ပိုက်ဆံတောင်းတာတို့၊ နယ်မြေခံတွေက လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ ထိတ်လန့်တယ် ဆိုတာက လူလည်းသေသွားတယ်။ မနေ့ကလည်း တဆက်တည်းမှာပဲ ဒီလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတော့ ဘာတွေ ဘယ်လို ပတ်သက်လို့လဲ၊ ကျနော်တို့က အဲဒါတွေကို စိုးရိမ်တာပေါ့နော်။ လောလောဆယ်က ကျနော်တို့က လူသေမှု ဖြစ်သွားတဲ့အတွက် ကျနော်တို့ မနေရဲတာလေ။ ညဘက်တွေမှာကျတော့လည်း ကိုယ့်ရဲ့ လုံခြုံမှုကို ဘယ်သူကမှ တာဝန်ယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တယ်။ ဒါကတော့ ကျနော်တို့က ထိုင်းလူမျိုးတွေကို ဘယ်လိုမှလည်း နားမလည်ဘူးလေ။”

အလုပ်သမား ၂ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ ရနုတ်ရွာကနေ အလုပ်သမားတွေ ပြောင်းရွှေ့ကုန်ကြပြီး နောက်ထပ်လည်း အလုပ်အကိုင်အသစ်၊ နေရာအသစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေကြပါတယ်။ အခုအခါမှာတော့ သူတို့တွေဟာ အလုပ်အကိုင် ရရှိရေးထက် လုံခြုံရေးက ပိုအရေးကြီးနေတယ်လို့ ဆိုပါတယ်။

“ကိုယ့်အလုပ်ကို ပုံမှန် လုပ်နေလျက်သားနဲ့ ဒီလို သေဆုံးသွားတာ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့က ဘယ်သူ့ကိုမှ ယုံကြည်မှု မရှိတော့ဘူး။ အခု ကျနော်တို့က agent ကိုပြောတယ်။ ကျနော်တို့ အမြန်ဆုံး သွားချင်တယ်ဆိုပြီးတော့။ ကျနော့်လူတွေကို ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနေရာကနေပြီးတော့ စီးပွားရေးထက် အသက်မွေးဝမ်းကျောင်းထက် လုံခြုံရေးကို အဓိက ထားပြီး ပြောင်းရွှေ့တာဖြစ်တယ်။ အဲဒီအထဲကမှ အကောင်းဆုံးဆိုတာကို ထက် ရွေးချယ်ပြီးတော့ တောင်းတာ။ သေဆုံးသွားတဲ့ ကိုအောင်ရဲ့ ဆွေးမျိုးတွေကတော့ ဆုံခလာ ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့ ဒီနေ့ပဲ ပြန်သွားပြီ။”

ဆုံခလာ ခရိုင်ဟာ ထိုင်း-မလေး နယ်စပ်မှာ ရှိပြီး အဲဒီဒေသဟာ ဥပဒေ စိုးမိုးမှု အားနည်းပြီး လုယက်မှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှု၊ သေဆုံးမှုကို မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာပါ။ လက်ရှိမှာတော့ ပစ်ခတ်ခံရမှုတွေဖြစ်ပြီး စိတ်မလုံဘဲ အမြဲ ထိတ်လန့် တုန်လှုပ်နေရတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် ရှာဖွေရေး agent ကုမ္ပဏီတွေက ထိထိရောက်ရောက် အကူအညီပေးတာမျိုးတွေ မရှိသေးသလို စိုးရိမ်ထိတ်လန့်မှုတွေ အတွက် အကျိုးအကြောင်း ရှင်းပြမှုတွေလည်း မလုပ်သေးတာကြောင့် အလုပ်သမားတွေ အနေနဲ့ စိုးရိမ်နေရပြီး အလုပ်သမားအချင်းချင်း စုဝေးပြီး တိုင်ပင်မှုတွေ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...