Saturday, July 28, 2012

နတ်ပြည်မှာ နတ်သမီးတွေများရခြင်း...

Thuzar Kyaw maytz144@gmail.com

တစ်ခါတုန်းကရွာတစ်ရွာမှာအငြင်းသန်တဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိသတဲ့။ သူတို့နှစ်ယောက်ဟာ ဘယ်တော့မဆို တစ်ခုခုကိုငြင်းလေ့ရှိကြပါတယ်။ တစ်နေ့ကျတော့ သူတို့နှစ်ယောက်ဟာ ဟောဒီလောကမှာ ယောက်ျားနဲ့မိန်းမ ဘယ်သူကမြတ်သလဲဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ငြင်းခုံကြသတဲ့..။ အဲဒီအခါယောက်ျားလုပ်သူက… “ဟောဒီ လောကမှာယောက်ျားဆိုတာ မဟာပုရိသ အမြတ်ဆုံးကွ ကြိုးစားရင် ဘုရားဖြစ်တယ်ဆိုတာ ဒို့ယောက်ျားတွေပဲဖြစ်တာကွ”….

ယောကျာ်းဖြစ်သူကသူ့ဘာသာဂုဏ်ယူစွာနဲ့ပြောလိုက်တယ်။ မိန်းမလုပ်သူကလဲဒီအတိုင်းငြိမ်မနေပါဘူး..။ “ရှင်တို့ယောက်ျားတွေ ကြိုးစားဘုရားဖြစ်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါတော် ယောက်ျားတွေကသောက်စားမူးယစ်လို့ ငရဲမှာဂျိုးကပ်နေကြတာ”…



ထိုအခါယောက်ျားဖြစ်သူက ယောက်ျားတွေငရဲမှာဆိုတာ မင်းကဘာ အထောက်အထားရှိ လို့ပြောနေတာလဲ….

“ရှိပါ့တော် ရှိပါ့ တခြားမကြည့်နဲ့ နတ်ပြည်ကိုပဲကြည့် နတ်သားကနည်းပြီး နတ်သမီးကများနေတော့ နတ်သားတစ်ပါးကို နတ်သမီးတစ်ဖက်ငါးရာတောင်ထားနေရတာ အဲဒါရှင်တို့ယောက်ျားတွေငရဲမရောက်လို့ဘယ်ရောက် နေသလဲ..” မိန်းမဖြစ်သူရဲ့စကားကိုကြားတော့ယောက်ျားလုပ်တဲ့သူကတွေဝေသွားတယ်။သူ့မိန်းမပြောတဲ့စကားက သဘာဝလဲကျနေတော့ပြန်လည်ချေပစရာ စကားမရှိဘူးဖြစ်နေတာပေါ့။ ဒါပေမယ့် လူ့သဘာဝအတိုင်း အနိုင်ရလိုမှု သဘောက တရားမျှတခြင်း၊အမှန်ကြိုမင်တတ်ခြင်းတို့ ဆိတ်သုဉ်းနေသော လောကနှင့်အံမဝင်တော့ (အရှုံး)ဆိုတဲ့စကားကို တရားသဘောအတိုင်း လက်မခံနိုင်ဘူးဖြစ်နေတယ်။

“ဟုတ်ပြီ နတ်ပြည်မှာဘာကြောင့် နတ်သမီးတွေများသလဲဆိုတာ ရွာဦးဆရာတော်ကိုလျောက်ကြည့်ရမယ်…”

ဒါနဲ့ယောက်ျားဖြစ်သူဟာ သူ့အတွက်ချေပစရာစကားရဖို့ ရွာဦးကျောင်းဆရာတော်ထံကို ရောက်သွားပြီးသူ့အဖြစ်အပျက်ကို လျှောက်ထားတော့တာပေါ့။ ဒီတော့ဆရာတော်က… “ဟ..ဒါများလွယ်ပါ့ကွာ ဒို့ယောက်ျားတွေ နတ်ပြည်မှာမရှိတာမဟုတ်ဘူးကွ ဘုရားဖြစ်ကုန်တာ မင်းမကြားဖူးဘူးလား ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြတဲ့ ဘုရားအဆူဆူဟာ ဒို့ယောက်ျားတွေပေါ့ကွ” ယောက်ျားဖြစ်သူဟာဆရာတော်ထံကအဖြေစကားကြားတော့ဝမ်းသာအားရနဲ့ အိမ်ကိုအပြေးပြန်လာခဲ့တယ် သူ့မိန်းမကိုချေပဖို့အတွက်စကားရပြီဆိုပြီးပေါ့….။လမ်းရောက်တော့ထုံးစံအတိုင်း ခလုပ်တိုက်ပါတယ်….အိမ်ပြန်ရောက်ရောက်ခြင်း

“မိန်းမရေ..မိန်းမ”

“ဘာတုန်း…”

“လောကမှာ ဒို့ယောက်ျားတွေဟာအမြတ်ဆုံးကွ”

“ရှင်က ဘာအထောက်အထားရှိလို့ပြောတာတုန်း” ထိုအခါယောက်ျားဖြစ်သူကအားပါးတရပြန်ပြောလိုက်သည်မှာ

“ဟ..ဂင်္ဂါမြစ်ထဲကသဲတွေဟာ ဒို့ယောက်ျားတွေမဟုတ်လို့ ဘာတွေလဲ” ဟူသတဲ့..

သူပြောချင်တာက.. “ဂင်္ဂါဝါဠု သဲစုမကပွင့်တဲ့ဘုရားတွေဟာ ဒို့ယောက်ျားတွေမဟုတ်လို့ဘာတွေလဲ”လို့ပြောချင်တာပါ။

ဒါပေမယ့်….။

တစ်ခါတစ်လေကျရင် နောက်ပြောင်ခြင်း၊ လိမ်ညာလှည့်ပတ်ခြင်းတို့ဖြင့်နေသားကျနေသောလောကအတွင်းဝယ် အမှန်တရားအတွက်နေရာမပေးနိုင်ပေ။

ကျွန်မကြားဖူးတဲ့ပုံပြင်လေးကိုဖတ်ရှု၍ကောင်းအောင်ပြန်လည်ရေးသားခြင်းဖြစ်ပါတယ်..ဒီပုံပြင်လေးကိုဟာသအနေဖြင့် လည်းဖတ်ရှုရယ်မောနိုင်သလို လူ့တွေရဲ့စိတ်သဘောအခြေအနေအဖြစ်နဲ့လည်းစဉ်းစားဆင်ခြင်နိုင်ပါတယ်..

ဘယ်ဟာမှားတယ်မှန်တယ်လို့တော့မပြောလိုပါ..မိမိရဲ့ခံယူချက်အပေါ်မှာပဲမူတည်ပါတယ်။ စဉ်းစားဆင်ခြင်စရာရော ရယ်မောစရာရော ရသနှစ်မျိုးစလုံးကိုပေးစွမ်းနိုင်တဲ့ပုံပြင်လေးကိုကျွန်မနှစ်သက်လို့ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

ဖတ်ရှုပေးတဲ့သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း….။



အနောဓိသ၊သြဓိသမေတ္တာဖြင့်..

Thuzar Kyaw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...