Monday, July 30, 2012

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”



မောင်ကျောင်းသား

(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၄ နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၄ နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက် မှာပဲ ရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ် မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက် အနှစ်နှစ်ဆယ်ကျော်ကာလ မဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့ တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေမေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီမကြာသေးတဲ့ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။

ဘာဖြစ်လို့လဲ ! သူတို့ ,သမိုင်းတွေကို ဘာကြောင့်ဖျက်ဆီးချင် ထိမ်ချန်ဖုံးကွယ်ချင် လိမ်ညာချင်နေရတာလဲ ! ရှစ်လေးလုံးအရေးတော်ပုံကြီးအပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီးမွှေးညှင်းထလောက်အောင် စိတ်ဓါတ်တက်ကြွ အားကျအတုယူစရာကောင်းတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက်ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်းနာကျည်းသွားစေမဲ့ အာဏာပိုင်တွေရဲ့ရက်စက်ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသားပြည်သူတွေ ရဟန်းသံဃာတွေကို စစ်မြေပြင်တခုလို နံပါတ်တုတ်တွေနဲ့ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့်စိတ်ခြောက်ခြားနေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာနောက်သားတွေသိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့ သူတို့အာဏာကုလားထိုင်ကို ကိုင်လှုတ်လာနိုင် တယ်လို့ အမြဲတမ်းတွေးကြောက်နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန်ဖုံးကွယ်နေတာပါ ။

ကဗျာလေးတပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)အမည်ခံအာဏာသိမ်းအပြီး ၊ သူတို့ကိုးကွယ်တဲ့ဗေဒင်ဆရာညွှန်ကြားချက်အတိုင်း သွေးညှီနံ့လွှမ်းနေတဲ့အတိတ်ဆိုးတွေအတွက် မြို့တိုင်းလမ်းမကြီးတိုင်းကခြံစည်းရိုးတွေကိုထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း”ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူရေးမှန်းမမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံးကမ္ဘာတည်လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲစွဲကျန်နေတဲ့ အဲဒီကဗျာလေးလိုပါပဲ ၊ သမိုင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မှ ဖျောက်ဖျက်ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။

(၂)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စကားလုံးအရအမျိုးမျိုးပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ်အရေးအခင်း ၊ ၁၃၅၀ပြည့်အရေးတော်ပုံ ၊ ရှစ်လေးလုံးအရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ်သပိတ်တိုက်ပွဲ စသဖြင့်ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်းဆိုတဲ့စကားလုံးက န၀တလိုစစ်အာဏာရှင်တွေက တန်ဘိုးပေါ့သွားအောင်သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံဆိုတာက အကြောင်းရာကြီးဖြစ်တယ်နဲ့ပြောကြရင်း နောက်ပိုင်းတော့ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။

ဘယ်လိုပဲပြောပြော ဗမာ့သမိုင်းရောကမ္ဘာ့သမိုင်းမှာပါ အံ့သြစိတ်လှုပ်ရှားစရာကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထုအုံကြွမှုကြီး ၁၉၈၈ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေအသေခံဦးဆောင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်းသိရှိကြဘို့က အဓိကဖြစ်ပါတယ် ။
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာစေတဲ့ ဆင့်ကဲဖြစ်စဉ်တွေမှာ အဓိက, က အဲဒီအချိန်မှာနှစ်၄၀သက်တမ်းရှိနေပြီဖြစ်တဲ့ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီး ထဲကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးပဲဖြစ်ပါတယ် ။

ဦးနုနဲ့ဦးနေ၀င်းအပါအ၀င် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေအပေါ်စေတနာမမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှတတဆွေးနွေး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရမဲ့အစား စစ်ပွဲတွေကိုပဲဖန်တီးမွေးမြူပြီး နိုင်ငံ့ဘဏ္ဍာငွေတွေကို စစ်သုံးစရိတ်ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစုကြွယ်ဝချမ်းသာရေးတွေပဲလုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့အထိ ပြည်သူတွေဖွတ်ဖွတ်ညက်ညက်ကျေမွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာအဂတိလိုက်စားမှုရဲ့နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေအဆင့်အာဏာပိုင်တွေအထိ အဆင့်ဆင့်ကျူးလွန်လာခဲ့ကြတာကြောင့် ပြည်သူတွေမျိုသိပ်ခံစားခဲ့ရတဲ့နာကျည်းမှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးအဖြစ် ပေါက်ကွဲထွက်ခဲ့တာပဲဖြစ်ပါတယ် ။

ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ပြည်တွင်းစစ်မီးအရှိန်ကိုမြင့်စေခဲ့တာက အဲဒီပြည်တွင်းစစ်နဲ့ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေကိုအကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေးကောင်စီအနေနဲ့အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲဖြစ်ပါတယ် ၊ အယောင်ဆောင်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ပြည်တွင်းစစ်အဟုန်မြင့် တက်ခဲ့သလို စစ်တပ်သြဇာထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသားသတ်ပွဲနဲ့ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန်အလုပ်သမားအရေးအခင်းကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပနစီစဉ်သူ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင်ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းတာ စတဲ့ ပြည်သူတွေကျောင်းသားတွေအပေါ် လက်နက်အားကိုးအကြမ်းဖက်ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။

အဲဒီဖြစ်စဉ်တွေမှာ အံကြိတ်ခံခဲ့ရတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့လက်ဆင့်ကမ်းနှိုးဆော်မှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံးအကြောင်းအရာကတော့ ပြည်တွင်းစစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုးစီးပွားရှာမှုတွေကြောင့် စီးပွားရေးချွတ်ခြုံကျ၊ ငွေကြေးမတည်မငြိမ်ဖြစ်လာတဲ့အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူတွေကို တရားမ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ)ကြေငြာလိုက်တာပါပဲ ။ အဲဒီအချိန်ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ထဲငွေမရှိတော့မှု ဆိုတဲ့ပြဿနာက ပြည်သူတွေအတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။

အာဏာပိုင်တွေရဲ့ မတရားသဖြင့်ဥပဒေတွေ ၊ အမိန့်အာဏာတွေတိုင်းကို ရှေ့ကနေဦးဆောင်ဆန့်ကျင်တာ ကျောင်းသားတွေပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန် ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ရန်ဘက်သဖွယ်အညှိုးထားတာခံရပါတယ် ။ ငွေစက္ကူတွေတရားမ၀င်ကြောင်းကြေငြာချိန် မာစဒါဂျစ်ကားမီးရှို့ဆန္ဒပြခဲ့တဲ့ စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေကိုအညှိုးထားမှုကနေ ကျောင်းသားနဲ့အရပ် သားဖြစ်တဲ့ရန်ပွဲအကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင်တခုလိုပစ်ခတ်ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေဆုံးပြီး ကျောင်းသားအများအပြားထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ကိုသုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက်ခဲ့တဲ့စစ်အာဏာရှင်တွေအပေါ် ကျောင်းသားတွေရဲ့ဆန့်ကျင်အုံကြွမှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ်(RC2)၊ ရန်ကုန်တက္ကသိုလ်(Main) ၊ ဆေးတက္ကသိုလ် စတဲ့ကျောင်းတွေ
ကို ချက်ခြင်းကူးစက်သွားပြီး “ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး ၊ သေဆုံးမှုဖြစ်စဉ်အမှန်ကြေငြာရေး ” ဆိုတဲ့တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါ တော့တယ် ။

စစ်အာဏာရူးအရိုင်းတွေကတော့ လူသတ်ပွဲတွေဆက်လက်ကျူးလွန်ခြင်းနဲ့သာ တုန့်ပြန်လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသားတွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ်တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့နင်းတာတွေကြောင့် တံတားနီလို့ပြောင်းလဲတင်စားခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေစတေးခဲ့ရသလို မဆန့်မပြဲကြပ်သိပ်နေအောင်ဖမ်းတင်သွားတဲ့ အချုပ်ကားပြာကြီးတွေပေါ် အသက်ရှူကြပ်မွန်းသေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီအတွက် ကျောင်းသားတွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့်ဆက်လုပ်ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ အခြေခံပညာကျောင်းသားတွေပါဝင်လာကြတဲ့အထိ ကူးစက်ခဲ့ပါတော့တယ် ။

ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့စဉ်လိုတရားဟောပွဲတွေရှိလာပြီး ကျောင်းသားတွေကြားထဲ ကျောင်းသားသမဂ္ဂရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂဖျက်ဆီးခံခဲ့ရတာ ကြောင့် ကျောင်းသားအခွင့်အရေးတွေဆုံးရှုံးနေရတာဖြစ်တယ်ဆိုတာမျိုး ခံစားသိရှိလာကြပါတယ် ၊

“ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လာတဲ့ကျောင်းသားအုပ်(အများစုအထက်တန်းကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူတွေပါ ပါဝင်လာစေတဲ့ ကျောင်းသားအရေးအခင်းကနေ လုထုအရေးအခင်းကိုကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။
အဲဒီလိုကျောင်းသားထုလှုပ်ရှားမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ ရှစ်ဂဏန်းလေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလူတန်းစားအသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက်လာပြီးတဲ့နောက် ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ။

(၃)
သပိတ်…သပိတ် - မှောက် …မှောက်
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး
ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး
ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး
တပါတီစနစ် - အလိုမရှိ ..အလိုမရှိ
အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။


အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ ၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာဆိုရင် အထူးသဖြင့် အထက်တန်းကျောင်းတွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။
အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသားတွေစုရုံးကြပြီး နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတားချောဆွဲ ဆူးလေကိုမောင်းခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်းကြွေးကြော်လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက်သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပါပဲ ၊

ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင်ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီးမွှေးညှင်းထရလောက်အောင်ပါပဲ ။
မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊

ဘာတွေတောင်းဆိုရမလဲတောင်မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလအစိုးရပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်းသေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာရှင်စနစ်ကပဲမကောင်းတာလား ၊ ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။
“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေတချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ်ပေတော့မည် ” မုန်တိုင်း၈၈ ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊ ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကားတန်း လက်နက်မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ်သတ်ဖြတ်တဲ့ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ ဆယ့်လေးငါးနှစ်လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ပါတော့တယ် ။

အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ်မှောက်အုံကြွမှုတွေ ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီးကတော့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကိုခေါင်းဖြတ်သတ်တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေတောက်လျှောက်ပစ်လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါသေဆုံးခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့ကအဆိုးဆုံးလို့ပြောကြပါတယ် ။

ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီတွေအရှုံးပေး နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ်ကြောင်း ကြေငြာပြီးသေနတ်သံတွေရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာမောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ်စခန်းတွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေသောက်မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊ အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေကျောင်းသားတွေကိုသတ်ခိုင်းတာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက်ရွံ့ထိတ်လန့်စေမဲ့ ရက်စက်မှုမျိုးတွေကိုသာ ကွက်ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုလူတွေအသတ်ခံရတာဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်းရမ်းကားကားလူသတ်တယ်ဆိုတာမျိုးဖြစ်အောင် ဖုန်းကွယ်လိုက်ပါတယ်။

ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက်နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ်ရေးအရသာမခံစားရပဲ အမျိုးသားချင်းကျွန်လို ပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊ လက်နက်မဲ့ဆန္ဒပြမှုကို ဗလာချီပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။

မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသလုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ ရန်ကုန်ဆေးရုံကြီးကတော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြဟောပြောတဲ့သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။


“ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။
ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူလယ်သမားများသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်းပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေကတောင် အလှဖန်တီးရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။

လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့အခေါင်းကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံးကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။

နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်ကျစ်စဉ်းလဲစွာ အကြံထုတ်ပြင်ဆင်နေခဲ့ပါတယ် ။
လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန်သိမ်းလိုက်ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ်အတွက်မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ အရက်စက်အပြင်းထန်ဆုံးသတ်ပွဲကြီးဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန်ရိုင်ဖယ်တွေအပြင် စက်လတ်လိုအမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကားတွေဝင်မလာရအောင် သစ်ပင်တွေခုတ်လှဲ လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြသေးပေမဲ့ အဆမတန်ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန်လျှော့ပေးခဲ့ကြတဲ့နောက်မှာ စောမောင်နဲ့ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရအမည်ခံအုပ်ချုပ်ခဲ့ပါတော့တယ်။

(၄)
စိတ်ဓါတ်..။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ကျောင်းသားပြည်သူတွေရင်ထဲထည့်ပေးလိုက်တာကတော့ အသက်အပါအ၀င် ကိုယ်ကျိုးစီးပွားအားလုံးစွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကိုရဲရဲအံတုမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင်တွေက လက်နက်မျိုးစုံ ၊ ယုတ်မာကောက်ကျစ်မှုမျိုးစုံ ၊ မတရားမှုမျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကိုချိုးနှိမ်ဘို့ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ် ။


အထက်မှာပြောပြခဲ့သလို ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပဲ မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့အများကြီးရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေစုစည်းပြီး ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ပေါင်းစည်းပြီး နိုင်ငံတော်အာဏာကိုအရမယူနိုင်ခဲ့တာ ၊ စနစ်တကျမဟုတ်တဲ့စုဖွဲ့မှုတွေနဲ့ အသေချာပြင်ဆင်စီစဉ်မှုတွေမရှိပဲ လျှပ်တပြက်ဆုံးဖြတ်လုပ်ဖြစ်ခဲ့ကြတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေသင်ခန်းစာယူရမှာတွေဖြစ်ပါတယ် ။

မဆလအမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကိုဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေကျောင်းသားလူငယ်တွေကို နိုင်ငံရေးနားမျက်စေ့ပွင့်စေခဲ့တာ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထုခေါင်းဆောင်တွေပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကိုလက်နက်ချင်းပြန်ချနိုင်မှသာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတပ်မတော် (ABSDF)ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးပေါ်ပေါက်ခဲ့တာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေရရှိခဲ့တဲ့ အောင်မြင်မှု တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ၊ လူထုအုံကြွမှုပုံစံကနေ ရပ်ဆိုင်းလိုက်တာဟာ စစ်တပ်ကပစ်သတ်နှိမ်နှင်းလို့ဆိုတာထက် တောင်းဆိုဆန္ဒပြနေတဲ့လိုအပ်ချက်ကို စစ်တပ်ကလုပ်ပေးမယ်ဆိုတဲ့မြှူဆွယ်မှုကြောင့် ရပ်ဆိုင်းလိုက်တာလို့ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေးပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရပါတီကိုအာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိစကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။

၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလုပ်ပြီး မဆလကနေအမည်ပြောင်း တစည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)အနိုင်ရအောင်နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ ပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေဆန္ဒမဲပေးခဲ့ကြတဲ့ အနိုင်ရပါတီကိုအာဏာလွှဲမပေးပဲ ကတိတွေကိုချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်းနာမည်ပြောင်း ကနေ့ထိဆက်အုပ်ချုပ်နေဆဲဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကိုဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေက န၀တအမည်ကနေ နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ)လို့ ပြောင်းလဲအုပ်ချုပ်နေခဲ့ပါတယ် ။
၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီဈေးမြင့်တက်မှုလမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော်ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့နောက်ဆက်တွဲ အရှိန်အဟုန်တွေဖြစ်ပါတယ် ။
ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဒဏ္ဍာရီမဟုတ် ၊ ရာဇ၀င်ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရသမိုင်းကြီးဖြစ်တယ် ။ သေချာနားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့နားထောင်ကြည့်ပါ ၊ “ လွတ်တပ်မှအမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာကျဆုံးခဲ့တဲ့ဝိဥာဉ်တွေရဲ့ ဒို့အရေးဒို့အရေး ကြွေးကြော်သံတွေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားနေသံတွေ ကြားရပါလိမ့်မယ် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား ။

ဘ၀တက္ကသိုလ်မှ ကူးယူဖေါ်ပြပါတယ်။
အညာနွေတမာမြေ
 —

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...