Monday, July 30, 2012

- လူထုကို ခုတုံးလုပ်အုံးမှာလား


by Wai Maw on Monday, July 30, 2012 at 3:30am

 ..ဦးစောအောင်--၃၀-ဇူလိုင် -၂၀၁၂

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အပေါ် အဝေးရောက် ပစ်ထောက် မှောက်လှိမ့်သမား တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာ သူ့ကိုထောက်ခံတဲ့လူထုအင်အား အပြည့်ရှိနေတာပဲ။ ခုချိန်မှာ လူထုတိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ရမယ့်အစား နိုင်ငံတကာလှည့်ပြီး သက်သက် အချိန်ဖြုန်းနေတာ” လို့ပြောတယ် ကြားရတော့ မပြုံးဘဲ ဝါးလုံးကွဲအောင်သာ ရီမောပစ်လိုက်ချင် တော့တယ်။

အောင်မယ်လေးဟ--- ကမ္ဘာပတ်သူရဲကောင်းကြီး၊ သူမို့ပြောရက်လွန်းတယ်။ မြန်မာလူထုကိုများ သစ်ရွက် ခြောက်လေးတွေ အောက်မေ့ နေသလားမသိ။ ထစ်ခနဲရှိ ဆွပေးလိုက် ထိုးကျွေးလိုက် --- သွေးသံရဲရဲနဲ့ သေကြေဒဏ်ရာရတာတွေကို ကြည့်နေ၊ ကြားနေရမှ စားဝင်အိပ်ပျော်သတဲ့လား။

ကိုယ်တိုင်ကတော့ မြန်မာ့မြေနဲ့ အဝေးဆုံးတနေရာမှာ ဟိုခုန် ဒီခုန် အဖွဲ့အစည်းပေါင်းစုံကို ဆရာလုပ်၊ တော်လှန်ရေးစကားလုံးကို ပါးစပ်ဖျားမှာ ကြိုးနဲ့နာနာတုပ်၊ အထမ်းအမှတ်နေ့တွေမှာ ဟိတ်ဟန်ထုတ်-- ဟုတ်လှပြီအောက်မေ့နေသလား။


နိုင်ငံရေးဆိုတာ သူ့ရေချိန်နဲ့သူ သူ့အချိုးအကွေ့နဲ့သူ အချိန်ကိုက်အလိုက်သင့် အံဝင်ဂွင်ကျတဲ့ လုပ်ဆောင်မှုတွေ နဲ့သာ စခန်းသွားရတာ။ နိုင်ငံရေးအမြှုပ်ထတာတွေ့တိုင်း ကြွက်သေတခုအရင်းပြု တိုက်ပွဲဖော်ဖို့ ကြိုးစားတဲ့ လုပ်ရပ်က ခေတ်အဆက်ဆက် ကောင်းကျိုးမပေးခဲ့တာ မျက်ကွယ်ပြု ဘူးခံငြင်းအုံးမလား။

ခုလည်း နိုင်ငံတကာလှည့်ပြီး သေလုမျောပါး လော်ဘီလုပ် ကမ်ပိန်းတွေ အဆက်မပြတ် လုပ်နေတဲ့သူတွေ ကမ္ဘာမကျော်ဘဲ အနှစ်နှစ်ဆယ်လုံးလုံး ပြည်တွင်းမှာသစ္စာရှိရှိ ရဲရဲရင့်ရင့် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်သူတွေသာ ကမ္ဘာက တအံ့တသြလေးစား ချီးမွမ်းခံနေရတာ သက်သေပဲလေ။

ပြည်တွင်းမှာရှိသူတွေက လူထုအခက်အခဲကို အနီးကပ်မျှဝေခံစားနေရတာ။ မလိုအပ်ဘဲ လူထုကို ချောက်တွန်း တဲ့အလုပ် ဘယ်တော့မှမလုပ်။ ခံစရာရှိရင် လူထုရှေ့က မားမားမတ်မတ်ရပ်ခံတတ်သူတွေ။ ဒါကြောင့် သူတို့ကို ပြည်သူက ယုံကြည်တယ်၊ လေးစားတယ်၊ အားထားတယ်။ ခုဆို ရန်သူတော်ဖြစ်ခဲ့သူတွေကတောင် သူတို့နဲ့ စကားလက်ဆုံ ပြောနေရပြီပဲ။ အဲဒါ ကိုယ့်ယုံကြည်ချက်အပေါ် သစ္စာမဖောက်တမ်း ခိုင်ခိုင်မြဲမြဲ ရပ်တည်ခဲ့တဲ့ အကျိုးရလဒ်။ ဒေါ်လာနဲ့ ပေးဝယ်လို့ ရတာမဟုတ်။

ဒီလိုပြောတော့ ပြည်ပရောက်သူတွေ အားလုံးကို စော်ကားသလိုဖြစ်နေတယ်။ ပြည်ပရောက်ပေမဲ့ ပြည်ပဇာတ်ရှုပ်တွေမှာ ကင်းကင်းနေပြီး ကိုယ်တတ်နိုင်သလောက် ဒီမိုကရေစီရေးလုပ်နေတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ မပါကြောင်း တောင်းပန်စကားဆိုချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပထွက်တာ အပျော်ရှော့ပင်းထွက်တာမဟုတ်၊ ရထားတဲ့ဆုတွေအတွက် ဂုဏ်ယူ ဝင့်ကြွားလက်ခံယူဖို့ သက်သက်မဟုတ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးစကားတွေ သမိုင်းတွင်အောင် ပြောခဲ့တယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မှန်မှန်ကန်ကန် စီးဝင်လာ အောင် ဆောင်းကျဉ်းပေးနိုင်ခဲ့တယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်တဲ့ ဆုတွေအတွက်ရတဲ့ ထောက်ပံ့ငွေကြေးတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည် မိသားစုကိုယ်ရေးကိုယ်တာ သုံးပစ်တာမဟုတ်ဘဲ မြန်မာပြည်က ကလေးတွေ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေး ရံပုံငွေအဖြစ် ကောမတီဖွဲ့ပြီးသုံးစွဲနေတာ ကမ္ဘာပတ်လူလည်ကြီးတွေ အသိဆုံးနေမှာပါ။

သူများကိုတော့ ဟိုဟာလုပ်လိုက်ပါလား ဒီဟာလုပ်လိုက်ပါလားနဲ့ ကိုယ်ကိုယ်တိုင်ရော သူများမလုပ်နိုင်တာကို အောင်မြင်ပြီးစီးအောင် လုပ်ပြနိုင်လား ကြည့်ကြအုံးစို့ရယ်---။

အဲဒီ ကမ္ဘာပတ်ဆရာကြီး ဦးစီးပြီး မြန်မာပြည်နဲ့ ကပ်လျက် နယ်စပ်မြို့လေး တခုမှာ ဂျူလိုင်(၇) နှစ်ပတ်လည် အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဥရောပခရီးစဉ်ပြီးဆုံးစ အချိန်လေးမှာပဲ ငွေကုန်ကြေးကျခံ ကျင်းပ လိုက်တယ်။

အခန်းငှားခ ဘတ် နှစ်သောင်း၊ ပစ္စည်းငှားခ ဘတ် ငါးထောင် အကုန်ကျခံပြီးလုပ်တာ။ နှယ်နှယ်ရရတော့ မဟုတ်။ အခမ်းအနား စတိတ်ခုံနောက်ခံအလယ်မှာ ရွှေရောင်ခွပ်ဒေါင်းအလံအကြီးကြီးကို ခန့်ခန့်ထယ်ထယ် ကြီးချိတ်ဆွဲ ထားပြီး ဘေးတဘက် တချက်စီမှာ ခွပ်ဒေါင်းအလံငယ် အခုနှစ်ဆယ်စီလောက် ဝန်းရံလို့-- ခမ်းမထဲ ဝင်သွားသူတိုင်း ကြက်သီးမွှေးညှင်းထလောက်အောင် ပြင်ဆင်ထားတာ။

ပိုပြီးစည်စည်ကားကားဖြစ်အောင် အခန်းအနားကျင်းပတဲ့ ခန်းမအတွင်းနဲ့ ခြံဝင်းအတွင်းမှာ ဈေးပွဲတော်လေးပါ အဆစ်ထည့်လိုက်သေးတယ်။ ခမ်းမအတွင်းမှာ အဲကွန်းတပ်ထားလို့ အမှတ်တရပစ္စည်းအရောင်းဆိုင်နဲ့ မုန့်ပဲသွားရည်စာဆိုင်တွေကို ခမ်းမအတွင်း ရောင်းစေပြီး၊ မီးနဲ့ကြော်လှော်ချက်ပြုတ်ရတဲ့ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေကို ခြံဝင်းထဲမှာ နေရာချ ပေးထားတယ်။

ရွှေ့ပြောင်းစာသင်ကျောင်းလေးတွေနဲ့ အဖွဲ့အစည်းပေါင်းစုံက ရံပုံငွေရှာတဲ့အနေနဲ့ ဈေးပွဲတော်မှာ ဈေးလာရောင်းစေပေါ့။ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကလည်း မနည်းဘူးဆိုတော့ သူ့အစီအစဉ်နဲ့ စေတနာက တော်တော်ချီးမွမ်းလောက်စရာဖြစ်နေတယ်။

ပွဲစီစဉ်သူကိုယ်တိုင်လည်း ပရိသတ်တွေကြားမှာ ဟိုးပြေးဒီလွှား မမောတမ်းမနားတမ်း ကြိုးပမ်းရှာပါရဲ့။

အခမ်းအနားစတင်ဖို့ ပဏာမခြေဆင်းအနေနဲ့ ကြိုတင်လေ့ကျင့်သင်ကြားထားတဲ့ ကျောင်းသားကျောင်းသူ လေးတွေ ဂျူလိုင်(၇) အမှတ်တရသီချင်းဆိုချိန်မှာ ပွဲစီစဉ်သူ ကမ္ဘာပတ်ဆရာကြီးလည်း အားမလိုအားမရဖြစ် ငယ်မူငယ်သွေးတွေ တရိပ်ရိပ်ထလာပြီး ကလေးတွေနဲ့အတူ သီချင်းဝင်ဆိုတယ်။ သံစဉ်မမီ စည်းဝါးမကိုက်တဲ့ သူ့အသံသြသြကြီးက ပရိသတ်ကို ဖမ်းစားမှုအရှိဆုံး။

ပရိသတ်လည်း ပွဲစီစဉ်သူကြီးကျေနပ်နှစ်သက်အောင် စည်းချက်လိုက် လက်ခုပ်သံလေးတွေ အားပေးနေပေမဲ့ မျက်နှာတဖက်လှည့်ပြီး ပြုံးမိကြတာပေါ့။

ပထမ သီချင်းတပုဒ်သီဆိုပြီး ဒုတိယမြောက် သီချင်းသီဆို အရှိန်ကောင်းနေတုန်း--- ဗြုန်းဆို ပွဲဖျက်မယ့်သူတွေ ပေါက်ချလာတယ်။ မြန်မာပြည်က ရဲတွေ၊ စစ်တပ်တွေမဟုတ်။ သက်ဆိုင်ရာနိုင်ငံက ခရိုင်အာဏာပိုင်တွေ။


ခုလုပ်နေတဲ့ အခမ်းအနားချက်ချင်းရပ်တန့်ပေးဖို့ သူတို့ဘာသာစကားနဲ့ တားမြစ်ပြောဆိုလာတယ်။ ပွဲစီစဉ်သူကြီး အခက်တွေ့ပြီ။ အခမ်းအနားမှ ကောင်းကောင်းမစရသေး၊ ဖိတ်ကြားခံဧည့်သည်တွေလည်း ထိုင်ခုံမှာဖင်နွေးအောင် မထိုင်ရသေး။ ဘယ်လိုလုပ်ရပါ့-- ခေါင်းကုပ်ရင်းအကြံထုတ်တယ်။

ကြွရောက်လာတဲ့ အဖွဲ့အစည်းခေါင်းဆောင်လူကြီးမင်းတွေလည်း အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ ဆိုသလို ပွဲစီစဉ်သူကြီး ဒုက္ခရောက်ဗျာများနေတာကို မကြည့်ရက်တော့။ သက်ဆိုင်ရာ အာဏာပိုင်တွေ ကျေနပ်အောင် တတ်နိုင်သမျှ ဝိုင်းဝန်းဖျောင်းဖြပြောဆိုပေးကြတယ်။

နာရီဝက်လောက်အကြာ ပွဲစီစဉ်သူကြီး မျက်စိပျက်မျက်နှာပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး စင်မြင့်ပေါ်တက်လာ တော့တယ်။ နောက်ပိုင်းမှာ ဈေးရောင်းနေသူတွေကို ရှေ့ခုံတန်းနေရာလွတ်တွေမှာ လာရောက်နေရာယူပေးဖို့ ဖိတ်မန္တကပြုလိုက်တယ်။

လူတွေနည်းနည်း ငြိမ်သွားတော့ သူက အသံခပ်အုပ်အုပ်လေးနဲ့--
“ပရိသတ်ကြီးခင်ဗျာ-- ကျနော်တို့ဒီနေ့ကျင်းပပြုလုပ်တဲ့ ရွှေရတု ဂျူလိုင်(၇) အခမ်းအနားကြီးကို သက်ဆိုင်ရာ နယ်မြေအာဏာပိုင်တွေက ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံလာတဲ့အတွက် ဝမ်းနည်းစွာ ရုပ်သိမ်းရမှာဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်ကိုတော့ ညနေ (၄) နာရီအထိဆက်လက်ရောင်းချခွင့်ရှိပါတယ် ခင်ညာ” လို့ ပြောပြီး အောက်ပြန်ဆင်းသွားတယ်။

ဈေးသည်တွေလည်း ဘာလုပ်လို့လုပ်ရမှန်း မသိ။ ဗျစ်တောက်ဗျစ်တောက် အပြစ်ဆိုကြတယ်။ အခမ်းအနားမှ မရှိတော့တာ-- ဘယ်သူ့ကိုမျှော်ကိုးပြီး သွားရောင်းရမှာလဲ။ အဲဒီအချိန်မှာ ခမ်းမတံခါးကို တဝက်ပိတ်ထားတယ်။

နောက်တအောင့်လောက်ကြာတော့ အခြေအနေက တမျိုးဖြစ်လာပြန်တယ်။ ဈေးပွဲတော်ကိုပါ ချက်ချင်းသိမ်းရ မယ်လို့ အာဏာပိုင်တွေက အမိန့်ပေးလာတယ်။

မိုးတဖွဲဖွဲရွာနေတဲ့ကြားမှာ ဈေးသည်တွေ ဆိုင်ကမန်းကတန်းသိမ်း၊ ပစ္စည်းတွေကားပေါ်တင်၊ ကားတွေခြံပြင်ကို မောင်းထွက်နဲ့ ပွဲတကယ်ပျက်နေတာ။ မပိုင်ဘဲ ခြင်ရိုက်တဲ့ ပွဲစီစဉ်သူကြီးခမျာ ဘယ်သူ့ကိုမှ ကောင်းကောင်း မျက်နှာ မပြဝံ့။ အားလုံးက ဝိုင်းမေတ္တာပို့နေကြတာ။ လူတွေ ခမ်းမအပြင် ထွက်ပြီးချိန်မှာဘဲ ခမ်းမတံခါးကို သော့ခတ်ပိတ်လိုက်ပြီ။

မိုင်ပေါင်း ထောင်သောင်းချီဝေးကွာတဲ့နေရာကနေ တကူးတကအရောက်လာပြီး သိုက်သိုက်မြိုက်မြိုက်လေး ကျင်းပဖို့ စီစဉ်ခဲ့တဲ့ ရွှေရတု ဆဲဗင်းဂျူလိုင်အမှတ်တရ အခမ်းအနားဟာ ဟောပြောသူမရှိ၊ လက်ခုပ်သံဗလာ၊ ကြွေးကြော်တိတ်ဆိတ်စွာနဲ့ဘဲ လူမသိသူမသိ ဖရိုဖရဲ ပွဲသိမ်းလိုက်ရတယ်။

ဒါတောင်သူက မကျေနပ်သေးဘူး။ အစဉ်အလာရှိတဲ့ တခြားဟော်တယ်တခုမှာ အဆိုအတီးမပါ၊ ဈေးပွဲတော်မပါ အထိမ်းအမှတ်ဟောပြောပွဲ သက်သက် ထပ်လုပ်အုံးမယ်လို့ ကြိမ်းဝါးသေးတယ်။ တကယ်ဖြစ်မဖြစ်တော့မသိ။

အဲဒီမြင်ကွင်းတွေ ဘယ်ရုပ်သံလိုင်းမှာမှ မြင်တွေ့ခွင့်မရလိုက်တာ အရမ်းနာတယ်။ တကယ်သာတင်ပေး လိုက်ရင် သတင်းမှန်ကို မခြွင်းမချန်ဖော်ပြပေးတယ်ဆိုပြီး ထုတ်လွှင့်ပေးတဲ့ မီဒီယာအမှန်တကယ် နာမည်ရမှာ သေချာတယ်။ ပြီးတော့ ပြည်သူကြားမှာ ဂုဏ်တက်ရအုံးမှာ။ ခုတော့ မီဒီယာတွေလည်း အလိုက်သိလွန်းတယ်။


ဒါမျိုးကျ တအိတ်ကို တစိတ်တောင် မဖော်ပြတော့ဘူး။ လေးစားလောက်ပါပေ့တယ်။

ဒီအကြောင်းရေးနေရင်း ကမ္ဘာပတ်ဆရာကြီးနဲ့ ပြည်တွင်းမှာရော နယ်စပ်မှာပါ တော်လှန်ရေးအတူလုပ်ခဲ့တဲ့ အဖိုးကြီးတဦးရဲ့ သူ့အပေါ်မှတ်ချက်ချတဲ့ စကားကို သတိရမိတယ်---

“ဒီကောင့်အကြောင်း ငါ့ရှေ့မှာ ဘယ်တော့မှ လာမပြောနဲ့ ဒီကောင်က သူ့ငွေရေးကြေးရေးအရှုပ်တော်ပုံတွေ မရှင်းရဲလို့ ငါ့ကိုမျက်နှာမပြရဲတဲ့ကောင်” လို့ နာနာကျည်းကျည်း ပြောခဲ့တာ။

လူတွေမှာ သမိုင်းရှိတယ်။ ကိုယ်လုပ်တဲ့သမိုင်းဟာ အချိန်တိုင်းမှာ ကိုယ့်ကိုပြန်ပြီး တပ်လှန့်လှုပ်နှိုးနေတယ် ဆိုတာ နိုင်ငံရေးလုပ်တဲ့လူတွေ သိမှာပါ။

မေတ္တာ စေတနာဖြင့်

..ဦးစောအောင်
--၃၀-ဇူလိုင် -၂၀၁၂

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...