Saturday, July 28, 2012

အတောင်ပံမဲ့တဲ့အိန်ဂျယ် သို့မဟုတ် Jessica cox


သူဟာ ဖြစ်တောင့်ဖြစ်ခဲတဲ့ မွေးရာပါရောဂါတစ်မျိုးစွဲကပ်ခဲ့လို့ မွေးဖွားလာကတည်းက သူ့မှာ လက်မောင်းနှစ်ဘက်ပါမလာခဲ့ဘူး။

တခြားသာမန်ကလေးငယ်တွေလို ဘာကြောင့် သူ့မှာလက်မောင်းနှစ်ဘက် မရှိကြောင်း၊ ဘာဖြစ်လို့ တခြားကလေးတွေနဲ့ မတူကြောင်းကို သူနားမလည်ဖြစ်ခဲ့ရတယ်။ တခြားလူနဲ့ အသွင်အပြင်ကွဲပြားတာဟာ တကယ့်ရင်နာစရာအဖြစ်ပါ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူဟာ အားကစားလှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့တယ်။ ကိုယ်ကာယလှုပ်ရှားမှု၊ အက၊ အဆိုစတာတွေမှာပါဝင်ခဲ့ပြီး ဖျော်ဖြေပွဲတော်တော်များများမှာလည်း ပါဝင်ကပြသီဆိုခဲ့တယ်။

ငယ်စဉ်အခါက လက်မောင်းမရှိတဲ့သူဟာ လူတွေရဲ့ခွဲခြားဆက်ဆံတာ၊ ကဲ့ရဲ့လှောင်ပြောင်တာကို ခံခဲ့ရတယ်။ ဒီအတွက် သူဝမ်းနည်းငိုကြွေးခဲ့ရတယ်။ လူတွေအပေါ်မကျေနပ်တဲ့ ခံစားချက်တွေကို အားကစားပညာရပ်တွေပေါ်မှာ သူပေါက်ကွဲခဲ့တယ်။

လူ့ဘဝရဲ့ အဓိကစိန်ခေါ်မှုက ကိုယ်လက်အင်္ဂါချွတ်ယွင်းချက်ကြောင်းမဟုတ်ဘဲ ကိုယ့်အပေါ်မြင်တဲ့ လူတွေရဲ့မပြောင်းလဲတဲ့အမြင်ကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုသင်ယူရမယ်ဆိုတာဖြစ်တယ်လို့ သူထင်ခဲ့တယ်။

"အရင်တုန်းက လမ်းသွားလမ်းလာတွေရဲ့ ကျွန်မအပေါ်ကြည့်တဲ့အကြည့်၊ ဒါမှမဟုတ် ခြေထောက်နဲ့တစ်ခုခုစားနေတဲ့ ကျွန်မကို ထူးခြားတဲ့အကြည့်နဲ့ကြည့်တာကို ကျွန်မအရမ်းဂရုစိုက်ခဲ့တယ်။ နောက်တော့ တဖြေးဖြေးနဲ့ ဘယ်အရာကိုမဆို အကောင်းဘက်တွေးတောနိုင်ဖို့ ကျွန်မသင်ယူခဲ့တယ်။ ဒါတွေကို အကောင်းဘက်ကနေ တွေးတောလိုက်တာနဲ့တစ်ပြိုင်နက် သူတို့ဟာ ကျွန်မအတွက် အကောင်းဆုံးကူညီပံ့ပိုးသူဖြစ်ခဲ့တယ်။ ကျွန်မရဲ့စိတ်ကို အကောင်းမြင်စိတ်ပိုများအောင်၊ ပိုပျော်ရွှင်တတ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်"

သူ့ရဲ့မိဘတွေက သူ့အတွက် အကောင်းဆုံးစံပြသူနဲ့ ကူညီဖေးမသူဖြစ်ခဲ့တယ်။

"မေမေက ကျွန်မရဲ့ အကောင်းဆုံးစံပြပါ။ သမီးလုပ်ချင်တာကို အစွမ်းကုန်လုပ်ပါ.. မေမေ အားပေးတယ်လို့ ကျွန်မကို သူအမြဲပြောခဲ့တယ်။ ဖေဖေကလည်းသူ့မှာ ဒီလိုခန္ဓာကိုယ်ချွတ်ယွင်းတဲ့သမီးတစ်ယောက်ရှိလို့ စိတ်မညစ်ခဲ့ဘူး၊ မျက်ရည်မကျခဲ့ဘူး။ ကျွန်မကို ဒုက္ခိတတစ်ယောက်လို သူမမြင်ခဲ့ဘူး။ ဖေဖေဟာ ကျွန်မရဲ့မှီခိုအားထားရသူပါ။ အထူးသဖြင့် ကျွန်မအခက်အခဲကြုံချိန်မှာပေါ့။ ဖေဖေကြောင့်လည်း ဒီကနေ့ဆိုတဲ့ကျွန်မ ဖြစ်လာခဲ့တာပါ"

"ကျွန်မကားမောင်းသင်စမှာ ကျွန်မအတွက် အထူးတပ်ဆင်ထားပေးတဲ့ ကိရိယာတွေ ကျေးဇူးတင်ပါတယ်။ ကျွန်မကားမောင်းကျွမ်းကျင်ပြီးနောက်အဲဒီကိရိယာတွေကို ကျွန်မဖြုတ်ထုတ်လိုက်ပြီး သာမန်လူတစ်ယောက်လို မောင်းခဲ့တယ်။ ကန့်သတ်ချက်မရှိတဲ့ အမောင်းလိုင်စင်ကို အခု ကျွန်မလက်ဝယ်ပိုင်ဆိုင်ထားပါပြီ"


သူဟာ စိတ်ပညာဘာသာရပ်နဲ့ Arizona တက္ကသိုလ်ကနေ ကျောင်းပြီးထားသူဖြစ်တယ်။ ဓာတ်ဆီဆိုင်တွေမှာ ကိုယ်တိုင်ဓာတ်ဆီထည့်တဲ့အခါတိုင်း လူတွေရဲ့ ထူးဆန်းအံ့သြတဲ့အကြည့်ကို သူအမြဲခံခဲ့ရတယ်။


သူ့ရဲ့နေ့စဉ်ဘဝက သာမန်လူတွေအတိုင်းပါပဲ.. တစ်မိနစ်မှာ စာလုံးရေ ၂၅ကို ခြေထောက်နဲ့ သူရေးနိုင်တယ်။ ကိုယ်တိုင် ဆံပင်လေမှုတ်နိုင်တယ်၊ အလှပြင်နိုင်တယ်၊ မျက်ကပ်မှန်တပ်နိုင်တယ်။


သူဟာ ၂၆နှစ်အရွယ် အရပ် ၁.၅၅မီတာမှာ ပထမဆုံးသော လက်မောင်းမရှိတဲ့ အမျိုးသမီးလေယာဉ်မောင်းမှူး ဖြစ်လာခဲ့တယ်။ လှုံ့ဆော်စိတ်ပြင်းပြတဲ့ ဒီအမျိုးသမီး သူရဲကောင်းမလေးမှာ ပျော်ရွှင်ခြင်းနဲ့ဟာသဉာဏ်တွေ အမြဲကွန့်မြူးနေခဲ့တယ်။ မနှစ်က မိခင်များနေ့မှာ သူဟာ လေယာဉ်ငယ်တစ်စီးကို ကိုယ်တိုင်မောင်းနှင်ပြီး လေယာဉ်နောက်မြီးမှာ"မေမေကြည့်စမ်း.. ကျွန်မ လက်မောင်းတွေမလိုခဲ့ဘူး"ဆိုတဲ့စာတန်းကို ချိတ်ဆွဲလွှင့်ထူခဲ့တယ်။ အဲဒီနေ့က သူကိုယ်တိုင်လေယာဉ်မောင်းခဲ့တဲ့အချိန်ဟာ ၁၃ဝနာရီခန့်အဖြစ် စံချိန်တင်နိုင်ခဲ့တယ်။

"တစ်ခါတလေမှာ ကြောက်ရွံ့ခြင်းဟာ အသိဉာဏ်မဲ့ခြင်းနဲ့ မသိခြင်းကနေဖြစ်လာတယ်။ လေယာဉ်စမောင်းတုန်းက ကျွန်မရဲ့ကြောက်ရွံ့ထိတ်လန့်ခြင်းကကျွန်မရဲ့အသိဉာဏ်မဲ့ခြင်းကနေ ဖြစ်လာတာဖြစ်တယ်။ ကြောက်ရွံ့ထိတ်လန့်ခြင်းအားလုံးက မိမိကိုယ်ကိုယ်ယုံကြည်မှုမဲ့ရာကနေ စတာပါပဲ။ 

မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ကြိုးစားမှု၊ တွေးခေါ်မှုတွေနဲ့ ဒီကနေ့ဆိုတဲ့နေရာအထိကိုရောက်ဖို့ ရှည်လျားတဲ့လမ်းခရီးကို သူလျှောက်လှမ်းခဲ့ရတယ်။

နာမည်ကြီးဟောပြောသူတစ်ဦးဖြစ်လာပြီးတဲ့နောက် သူဟာ အပြည်ပြည်ဆိုင်ရာ ခန္ဓာကိုယ်ချွတ်ယွင်းတဲ့ ကလေးသူငယ်များရဲ့ဝက်ဆိုဒ်မှာ လမ်းညွှန်နည်းပြအဖြစ် ၅နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တယ်။

သူဟာ သာမန်လူတစ်ယောက်လို အိမ်ထောင်သားမွေးပြုနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

"အိမ်ထောင်တစ်ခုထူထောင်ဖို့ မလွယ်ကူမှန်း ကျွန်မသိပါတယ်။ ဒါပေမယ့် မိခင်ကောင်းတစ်ဦးတော့ ကျွန်မဖြစ်လိမ့်မယ်။ အခက်ခဲဆုံးတစ်ခုကသတို့သမီးရဲ့လက်ကို လွှဲပြောင်းပေးဖို့ အုပ်ထိန်းသူကို သတို့သားတောင်းဆိုတဲ့အချိန် ဖြစ်မယ်ထင်ပါတယ်။ ကျွန်မမှာ လက်မရှိဘူးဆိုပေမယ့် ဒါတွေကကျွန်မရဲ့အနာဂတ်လမ်းကို အဆုံးအဖြတ် မပေးနိုင်ပါဘူး"လို့ သူ ရယ်ရယ်မောမောပြောခဲ့တယ်။

လူ့ဘဝဟာ အခက်အခဲတချို့နဲ့ ရင်ဆိုင်တွေ့ရမှ လှပအရောင်စုံတဲ့ဘဝကို ပိုခံစားတတ်မှာဖြစ်တယ်။ ပိုခက်ခဲတဲ့ဘဝက ပိုလှပတောက်ပြောင်တဲ့စိန်ပွင့်ကို သွေးယူနိုင်မှာဖြစ်တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး... ၁၉၈၃ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Jessica cox ဆိုတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ Jessica cox အတွက် ပျံသန်းနိုင်ဖို့ လက်မောင်းနှစ်ဘက်မလိုဘူး.. အတောင်ပံပဲလိုသတဲ့။

သင့်မှာရော ဘာတွေချွတ်ယွင်းနေမှ အတောင်ပံဖြန့်ပြီး ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မလဲ?


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...