Tuesday, July 31, 2012

အမှတ်တရဖေဖေ (စောဘဦးကြီး) သားဖြစ်သူ မိုက်ကယ်ကြီး ရေးသည်။


by တကျော့ ပြန်ဟစ် တလာ on Tuesday, July 31, 2012 at 12:15pm ·

 Posted by အဲခေါင်သောင့် at 3:23 PM
စောဘဦးကြီး၏သား မိုက်ကယ်ကြီး သူမကွယ်လွန်မှီက ရေးသားထားသည့် ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
သူ့အရပ်က ၅ ပေ ၈ လက်မရှိပြီး ဆံပင်ကိုသေသပ်စွာနောက်ပြန်ဖြီးလေ့ရှိတယ်။ ပခုံးကျယ်ပြီးကြွက်သားလှိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ဟာ ယောက်ျားပီသပြီး အလွန်ကြည့်ကောင်းသူ တယောက် ဖြစ်တယ်။ လေးထောင့် ကျကျမျက်နှာမှာအပြုံးရိပ်တွေ အမြဲ ဝေနေပေမဲ့ လေးနက်တည်ကြည်စွာ ခန့်ညားနေတဲ့သူ့ကို ကင်းဘရေ့ဂ်ျတက္ကသိုလ်(Cambridge University) မှခင်မင်သူ မိတ်ဆွေတွေက ဖရက်ဒ်အလဲန်(Fred Allen) လို့ခင်မင်စွာခေါ်ကြတယ်။

အမြဲလိုလို မျက်မှန်တပ်ထားလေ့ ရှိတဲ့သူ့ကို ဓာတ်ပုံထဲမျက်မှန် မပါဘဲတွေ့ရတော့တမျိုးလေးဆန်းနေ သလိုပါဘဲ။
ချမ်းသာကြွယ်ဝတဲ့ မိဘမျိုးရိုးက ဆင်းသက်လာပြီး အနောက်တိုင်း ခေတ်ပညာတတ်တဲ့ သူဟာ အနေအထိုင်သန့်ပြန့်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိသူ၊ စိတ်ဓာတ်မြင့်မားခိုင်မာသူ တယောက်ဖြစ်တယ်။ သူဟာ သန့်သန့်ရှင်းရှင်းနဲ့ စတိုင်ကျနစွာနေထိုင်တတ်သူတယောက်လည်းဖြစ်တယ်။

ကျွန်တော့်ရဲ့ အိပ်ယာဘေးမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်တော်ရယ်သုံးယောက် အီဒဲန်ဘရေ့ဂ်ျ (Edenbridge) မှာနေတုံးက တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးရှိတယ်။ ဓာတ်ပုံထဲမှာေ မမေက ကျွန်တော့်ကိုသိပ်ထားတဲ့ ကလေးတွန်းလှည်းလေးကို ကိုင်ပြီး မတ်တပ်ရပ်နေတယ်။ ဖေဖေက အဖြူရောင်ရှပ်အင်္ကျီပေါ်မှာ ကော်လာထောင် အနက်ရောင်ကုတ်အင်္ကျီကို ၀တ်ထားတယ်။ လက်အိပ်စွတ်ထားတဲ့ လက်မှာထီးတလက်ကို ကိုင်ထားပြီး ဦးထုပ်အ၀ိုင်းလေး ဆောင်းထားတဲ့ ဖေဖေဟာ ကင်မရာကို စူးစိုက်ကြည့်နေတယ်။ ကိုလိုနီခေတ်တုံးက ခေတ်စားတဲ့ ကာကီဘောင်းဘီတိုကို ၀တ်ထားပြီး ဒူးအောက်နားလောက် ထိရှည်တဲ့ အာဂျီးချေအိတ်ရှည်အပေါ်မှာ အညိုရောင်သားရည်ဖိနပ်ကို စီးထားတဲ့ ဖေဖေဟာ ထုံးစံအတိုင်း အမြဲတမ်းကြည့်ကောင်းနေပါတယ်။ ဓာတ်ပုံထဲက သူဟာ အဲဒီတုံးက အသက်နှစ်ဆယ်ကျော်ကျော်ဘဲ ရှိဦးမှာပါ။ အခုတော့ ဓာတ်ပုံလေးကဆေးသားတချို့ ပျယ်နေပါပြီ။

ဖေဖေဟာ တယောတလက်ကို ပိုင်ဆိုင်ထားပေမဲ့ သူတယောထိုးတာကိုတော့ ကျွန်တော်တခါမှ မတွေ့ဖူးပါဘူး။ ဒါပေမဲ့ သူဟာ တယောထိုးဝါသနာပါခဲ့ ဟန်တူပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကင်းစ်ဝုဒ် (Kingswood) မှာနေခဲ့တုံးက ကျွန်တော်တို့ကို ဂီတသင်တန်းတက်စေခဲ့တယ်။ သူ့ရဲ့ အထက်တန်းဆန်ဆန်နဲ့ စတိုင်ကျကျ နေထိုင်တတ်တဲ့ ဓလေ့က အနုပညာနဲ့ စာပေကိုစိတ်ဝင်စားဘို့ အကြောင်းပြုခဲ့ဟန်တူပေမဲ့ အဲဒီအကြောင်းတွေကိုတော့ သူတခါမှပွင့်ပွင့်လင်းလင်း မပြောခဲ့ပါဘူး။
သူဟာသင်ကြားမှုမှာ စိတ်ရှည်တဲ့လူတယေက်တော့ မဟုတ်ပါဘူး။ သူ့ရဲ့သင်ကြားမှုပုံစံကတော့ မြင်းဇက်ကြိုးကိုခပ်ဆတ်ဆတ်ကိုင်ပြီး နှင်တံတို့ ပြေးစေတဲ့အလားပါဘဲ။ သူဟာကျွန်တော့်ကို စက်ဘီးစီး၊ မြင်းစီး၊ ရေကူး နဲ့လက်ဝှေ့ပညာတွေ ကိုယ်တိုင်တွန်းတွန်းပို့ပို့သင်ပေးခဲ့ပါတယ်။ လက်ဝှေ့သင်ပေးတဲ့အခါတွေမှာတော့ ကလေးအရွယ် ကျွန်တော့်နဲ့အရပ်ချင်းတူအောင်ဒူးထောက်ပြီး သူကစားလေ့ရှိတယ်။ ဒူးပေါ်မှာမို့ရွေ့လျားမှုနှေးကွေးတဲ့သူ့ကို ကျွန်တော်ကမိမိရရထိုးမိလို့ နှာတံသွေးယိုသွားတဲ့အခါတွေမှာတော့ ဖေဖေဟာ ကျွန်တော့်ကိုကြည့်ပြီး အရမ်းအားရဂုဏ်ယူနေတော့တယ်။ ဖေဖေဟာလေ့ကျင့်ထားတဲ့ အားကစားသမားတယောက်ရဲ့ ခန္ဓာကိုယ်အချိုးအဆစ်ကို သဘာဝပိုင်ဆိုင်ထားပေမဲ့ ထူးချွန်တဲ့အားကစားသမားတယောက်ဖြစ်လာဘို့်တော့ စိတ်ရှည်စွာကျိုးစားမလေ့ကျင့်ပါဘူး။

ဖေဖေဟာ သူလုပ်ချင်တာ၊ ဖြစ်ချင်တာတွေအားလုံးကို တကယ်ဖြစ်လာအောင်လုပ်နိုင်၊ စွမ်းဆောင်နိုင်တဲ့အရည်အချင်းရှိသူ သဘာဝပါရမီရှိသူတယောက်ဖြစ်ပါတယ်။ ကင်းဘရေ့ဂ်ျ (Cambridge) တက္ကသိုလ်ဝင်ခွင့်ရဘို့အတွက်လိုအပ်တဲ့ လက်တင်ဘာသာစကားကို ခြောက်လအတွင်း သင်ကြားတတ်မြောက်နိုင်တာဟာ သူမှတ်ဥာဏ်နဲ့ဥာဏ်ရည်ဘယ်လောက်ကောင်းတယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။ သတ်မှတ်ချိန်အတိုင်းအတာတခုအတွင်း ကင်းဘရေ့ဂ်ျလိုတက္ကသိုလ်မျိုးက ဥပဒေဘွဲ့ကိုအဆင့်မြင့်မြင့်အောင်မြင်နိုင်ခဲ့တာဟာလဲ သူ့ရဲ့ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှု နဲ့ထက်မြက်မှုရဲ့အကောင်းဆုံးသက်သေတွေပါဘဲ။

သူ့ရဲ့ဥာဏ်ပါရမီနဲ့ထက်မြက်မှု၊ စိတ်ဓာတ်ခိုင်မာမှုတွေက သူ့ဘ၀ကိုကြီးကျယ် အောင်မြင်စေခဲ့ပါတယ်။ ဒါပေမဲ့ဖေဖေဟာငြီးငွေ့ဖွယ် အလုပ်အကိုင်ကြီးတွေနဲ့ အမြဲတမ်းအချိန်ကုန်နေတဲ့လူတယောက်တော့ မဟုတ်ပါဘူး။ သူဟာသူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် စိတ်လက်ပေါ့ပါးစွာနေထိုင်လေ့လည်းရှိပါတယ်။ သူ့မှာ သူ့လိုဘဲငွေကြေး ပြည့်စုံတဲ့တရုတ်လူမျိုး မိတ်ဆွေကောင်းတယောက်ရှိပြီး သူတို့နှစ်ယောက်အတူတူ အပန်းပြေ ဘိလိယက်ထိုးပြီး သူ့ရဲ့အားလပ်ချိန်တွေကို ကုန်လွန်စေတတ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ တချိန်က ဖေဖေဘ၀ရဲ့ပုံရိပ်တချို့ပါ။ အခုတော့စစ်ကြီးက အရာရာအားလုံးကိုပြောင်းလဲသွားစေခဲ့ပါပြီ။

မှတ်ချက်။ ။ အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏သား မိုက်ကယ်ကြီး ၂၀၀၆ ခုနှစ်တွင် ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ ကင်ဆာရောဂါဖြင့် ဘ၀တပါးသို့ပြောင်းမသွားခင် ဖခင်ဘဦးကြီးအကြောင်းရေးသားချက်အားဘာသာပြန်ဆိုသည်။ အိမ်မက်လွင်ပြင် ဘလော့ တဆင့်ခံ ကူးယူသည်။

Posted by အဲခေါင်သောင့် at 3:23 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...