Saturday, July 28, 2012

ပရဟိတ စိတ်ထား ထိုသူများသို့...

vivalibra2 vivalibra2@gmail.com

ပရဟိတစိတ်ထား၊ ထိုသူများသို့...
သဒ္ဓါအပြည့်၊ သီလငွေ့ဖြင့်
ဆန္ဒလည်းထား၊ ဝီရိယအားဖြင့်
ခန္တီနှလုံး၊ အစဉ်သုံး၍
မေတ္တာနှလုံး၊ ကျင့်ကာသုံးသည့်
အမှန်ကန်ဆုံး၊ ဤကျင့်ထုံးကား
အများတကာ၊ ကောင်းစေရာဖို့
စွမ်းဆောင်စေသူ၊ များထိုသူတို့
အမှန်မလွဲ၊ သတိစွဲကာ
လိုက်နာကျင့်ရာ၊ နည်းမှန်ပါ၍
ပရစိတ်ထား၊ အို..လူသားတို့
ကြိုးစားအမှန် ကျင့်ကြံလေလော့။ ။
(မနာပ ဒါယီ ဆရာတော်)

ဘုန်းဘုန်းထံကို ဖုန်းဆက်လာသူတွေထဲမှာ နိုင်ငံခြားရောက် ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ်တွေလည်း မကြာခဏ ရှိလာနေပါတယ်။
ဖုန်းဆက်လာတယ် ဆိုတာကလည်း သူတို့သိချင်တဲ့ အကြောင်းအရာများကို မေးမြန်းလျှောက်ထား၊ အကြံဉာဏ်များ တောင်းခံလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း အများအကျိုး၊ အထူးသဖြင့် သံဃာ့အကျိုးကို ကြိုးစားလုပ်ဆောင်နေတဲ့ ပြည်ပရောက်ဒကာ တစ်ယောက်က ဖုန်းဆက်လာပါတယ်။
သူက သူတို့လို အများအကျိုးဆောင်များအတွက် အမှားမဖြစ်အောင် လုပ်ဆောင်နိုင်မယ့်၊ အင်အားဖြစ်စေနိုင်မယ့်၊ 
လိုအပ်မယ်ထင်တဲ့ အဆုံးအမ လိုအပ်ချက်လေးများကို မိန့်ကြားပေးပါ ဘုရားဆိုပြီး လျှောက်ထားလာပါတယ်။
ဒါကြောင့် သူတို့လို ပရဟိတ စိတ်ထားရှိသူများ၊ အများအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုး ဆောင်ရွတ်နေသူများကို ရည်ညွှန်းပြီး ...
“ပရဟိတစိတ်ထား ထိုသူများသို့”ဆိုတဲ့ ဒီကဗျာလေးကို စပ်ဆိုဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
လျှောက်ထားလာသူ ဒကာလေးကိုတော့ ဖုန်းနဲ့ပဲ ဒီလိုအရာတွေနဲ့ ပြည့်စုံအောင် ကြိုးစားဖို့ တိုက်တွန်းစကား ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အများအကျိုးကို လုပ်နေတဲ့သူတွေ၊ လုပ်ဖို့ကြိုးစားနေသူတွေအတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ အောင်မြင်မှုရဖို့၊
ကိုယ့်အလုပ်တွေမှာ မှန်ကန်စေဖို့၊ အင်အားတွေဖြစ်စေဖို့ ပရဟိတ စိတ်ထားသူများဟာ.....
၁။ ယုံကြည်မှု သဒ္ဓါတရား
၂။ ပြည့်စုံတဲ့ ကိုယ်ကျင့်တရား
၃။ ကောင်းမွန်တဲ့ ဆန္ဒတရား
၎။ ကြိုးစားအားထုတ်လိုတဲ့ ဝိရိယတရား
၅။ သည်းခံနိုင်တဲ့ ခန္တီတရား
၆။ အကျိုးလိုလားတဲ့ မေတ္တာတရားများနဲ့ ပြည့်စုံဖို့ လိုပါတယ်။

အများအကျိုးဆောင်လိုတဲ့ ပရဟိတ သမားများအတွက် ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်မှု ရှိဖို့လိုပါတယ်။
ယုံကြည်မှုဆိုတဲ့ နေရာမှာ ကိုယ်လုပ်တဲ့ ကောင်းမကောင်း အလုပ်တွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေအပေါ်မှာ ယုံယုံကြည်ကြည် ရှိနေကြဖို့ပဲ ဖြစ်ပါတယ်။
အလွယ်ပြောရရင် ကံကံရဲ့ အကျိုးအပေါ် ယုံကြည်မှုပါပဲ။ ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်မှာ ယုံကြည်မှု မရှိဘဲ လုပ်နေရင် ..
လုပ်သမျှ အလုပ်တွေဟာ အဓိပ္ပါယ်မဲ့ ဖြစ်တတ်တဲ့အတွက် ဒီလိုမဖြစ်အောင် မှန်ကန်တဲ့ယုံကြည်မှု ရှိဖို့လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ယုံကြည်မှု ရှိနေရုံနဲ့ မပြီးသေးပါဘူး။
အများအကျိုးဆောင်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုနဲ့ သူတပါးတွေရဲ့ ကြည်ညိုလေးစားမှုကို ရရှိစေဖို့ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကလည်း ကောင်းနေဖို့လိုပါတယ်။
လုပ်တော့အများအလုပ် ကိုယ်ကိုယ်တိုင် ကျင့်သုံးနေတာက ကိုယ်ကျင့်တရား ဖောက်ပြန်နေတဲ့ အမှားအလုပ်ဆိုရင် ..
အများတကာမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ကြည်ညိုမှု ရှိလာမှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုပြန်ပြီး သတိထားကြည့်လို့မှ ကြည်ညိုစရာ၊ ဂုဏ်ယူစရာ၊ သစ္စာပြုစရာ အကျင့်သီလ မရှိဘူးဆိုရင် ....
သူများတွေကို စည်းရုံးဟောပြော လှုံ့ဆော်ပေးဖို့ဆိုတာ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
မကောင်းတတ်လို့ လှူပေး၊ ထောက်ပံ့ပေးလိုက်ရပေမယ့် စေတနာကတော့ ပါမှာမဟုတ်ပါဘူး။
ဒါကြောင့် ပရဟိတ သမားများအနေနဲ့ ပရဟိတ ဆောင်ရွတ်တဲ့အခါမှာ .....
အတ္တဟိတ အနေနဲ့ ကိုယ့်ရဲ့အကျင့်သီလကိုလည်း ပြည့်စုံအောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုရတာ ဖြစ်ပါတယ်။

ကိုယ်ကျင့်သီလကောင်းလေးတွေ ထားပြီးတဲ့အခါမှာ ကိုယ့်ရဲ့ပရဟိတ အလုပ်များအတွက် ကောင်းမြတ်တဲ့ လိုအင်ဆန္ဒလေးတွေလည်း ရှိဖို့လိုပါတယ်။
ဘယ်မှာဘယ်လို ထောက်ပံ့လိုက်မယ်၊ ဘယ်မှာဘယ်လို လှူလိုက်မယ်၊ ဘယ်နေရာလေးမှာ ဘယ်လိုဖြည့်ပေးလိုက်မယ်၊
ဘယ်လောက်အတိုင်း အတာမျိုးဖြစ်အောင် ကြိုးစားလိုက်မယ် စတာတွေဟာ ကောင်းမြတ်တဲ့ ဆန္ဒတွေဖြစ်ပါတယ်။
ဒီလိုဖြစ်ချင် လုပ်ချင်တာလေးတွေဟာ လောဘမဟုတ်ပါဘူး။ ကုသိုလ်ရစေတဲ့ ကောင်းတဲ့ဆန္ဒတွေသာ ဖြစ်ပါတယ်။
အများအကျိုးဆောင်တွေ အတွက် ဒီလိုဆန္ဒကောင်းများက သိပ်ကိုလိုအပ်ပါတယ်။ ဒီလိုဆန္ဒလေးတွေ ရှိနေမှလည်း လုပ်ချင်ကိုင်ချင်တဲ့ စိတ်တွေတိုးပွားလာမှာ ဖြစ်ပါတယ်။
ဆန္ဒရှိမှလည်း ကြိုးစားအားထုတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရဟိတဆောင်ရွတ်လိုသူတွေ အနေနဲ့ ဆန္ဒကောင်းတွေလည်း ရှိထားဖို့လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ခုနပြောသလို ဆန္ဒဟာ ကြိုးစားအားထုတ်မှု ဝိရီယကို ထောက်ပံ့ပေးနိုင်တဲ့အတွက် ဆန္ဒရှိနေတဲ့သူတွေဟာ ကြိုးစားမှုတွေလည်း ဖြစ်နေကြမှာ ဖြစ်ပါတယ်။
ဆန္ဒတော့ရှိတယ်။ ကြိုးစားအားထုတ်မှု လက်တွေ့ပိုင်း မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့အလုပ်တွေဟာ အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ပရဟိတ သမားများဟာ ပါးစပ်နဲ့ စိတ်နဲ့အများအကျိုးကို ဆောင်ရွတ်နေလို့ မပြီးဘဲ လက်တွေ့ကြိုးစား အားထုတ်တတ်တဲ့ ဝိရိယလည်း လိုအပ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။
ဆန္ဒကထောက်ပံ့ပေးပြီး ဝိရိယက လက်တွေ့ အကောင်အထည်ဖော်ပေးမှာ ဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဆန္ဒအားနဲ့ ဝိရိယအားတွေ အထူးရှိနေဖို့ လိုတာအမှန်ပဲ ဖြစ်ပါတယ်။

နောက် အများအကျိုး ရွတ်သယ်ပိုးသူတွေအတွက် အထူးလိုအပ်တဲ့ တရားတစ်ခုက ခန္တီတရားပဲ ဖြစ်ပါတယ်။ သည်းခံမှုတရား သိပ်ကိုလိုအပ်ပါတယ်။
ဘာမှ မလုပ်တဲ့သူတွေအတွက် ဘယ်လိုတုန့်ပြန်မှုမျိုးမှ မလာတတ်ပေမယ့် အလုပ်လုပ်လာပြီဆိုရင် အပြောအဆို အတိုက်အခိုက်တွေက အမျိုးမျိုး ရောက်လာတော့တာ ဖြစ်ပါတယ်။
ပြောလာပြီဆိုရင်လည်း အကောင်းတွေတော့ မဟုတ်ပါဘူး။ ဆီလိုအပေါက်ရှာပြီး မကောင်းတာတွေပဲ ပြောလာကြမှာဖြစ်ပါတယ်။
ဒီလိုပတ်ဝန်ကျင်းရဲ့ အပြောအဆို၊ အတိုက်အခိုက်၊ အကဲ့အရဲ့တွေကို ခံနိုင်ဖို့ သည်းခံမှုတရား လိုအပ်ပါတယ်။
ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်စေတနာ ကောင်းဖို့ကိုသာ အဓိကထားပြီး ကြုံလာသမျှ လောကဓံတွေအပေါ်မှာ သည်းခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။
အဲဒီလို ခန္တီတရား မရှိလို့ ကိုယ်ကပြန်ပြီး တုန့်ပြန်ဖြစ်ကြမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်တွေမှာ အနှောက်အယှက်ဖြစ်ပြီး အောင်မြင်မှု မရဘဲ ဖြစ်တတ်ပါတယ်။
ကိုယ့်အတွက်လုပ်တာ မဟုတ်တဲ့အတွက် ဘယ်သူတွေက ဘာပဲပြောပြော ဒီအပေါ်မှာ လိုက်မခံစားမိဖို့ လိုပါတယ်။
မကောင်းတဲ့အရာတွေကို နှလုံးသားထဲမှာ သိမ်းမထားဘဲ အမြန်ထုတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
ပုံစံအမျိုးမျိုးနဲ့ တိုက်ခိုက်လာတဲ့ အပေါ်မှာလည်း မတုန်မလှုပ်တဲ့ ခန္တီတရားနဲ့ ကြိုးစားကာကွယ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီလိုဆိုရင် ကိုယ့်ရဲ့ပရဟိတ လုပ်ငန်းလေးတွေဟာလည်း အထိုက်အလျောက် အောင်မြင်မှု ရလာမှာ အမှန်ပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အားလုံးအတွက် သည်းခံခြင်းတရားဟာ အမှန်ပဲ လိုအပ်နေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က မေတ္တာတရားပါ။ မေတ္တာတရားဟာလည်း ပရဟိတသမားများအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။
မေတ္တာဆိုတာ အကျိုးလိုလားခြင်း သဘောဖြစ်တဲ့အတွက် အများအကျိုးအတွက် အလုပ်လုပ်နေကြသူတွေမှာ ဒီလိုမေတ္တာတရားဟာ အတိုင်းအတာ တစ်ခုအထိ လိုအပ်ပါတယ်။
အထူးသဖြင့် တွေ့ကြုံလာရမယ့် လောကဓံတွေကို သည်းခံမှုနဲ့ ရင်ဆိုင်ပြီး အကျိုးလိုလားတဲ့ မေတ္တာစိတ်နဲ့ ပြန်လည်တုံပြန်နိုင်မယ်ဆိုရင် ...
ကိုယ့်အပေါ် မကောင်းကြံတဲ့သူတောင် အကောင်းဘက် ပြောင်းလာနိုင်မှာ ဖြစ်ပါတယ်။
အလုပ်လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုလည်း မေတ္တာပွားသလို၊ သူများတွေကိုလည်း ပွားပေးဖို့လိုပါတယ်။
ကိုယ့်ရဲ့ကိုယ့်စောင့်နတ် အပါအဝင် ကိုယ့်ပတ်ဝန်းကျင် ကိုယ်သွားမယ့်နေရာ၊ ကိုယ့်လုပ်ရမယ့်ဒေသ ပတ်ဝန်းကျင် စတဲ့ ဘယ်လိုနေရာတွေမှာ မဆို ...
ဒီမေတ္တာလေးပါ ပွားပေးနိုင်မယ်ဆိုရင် အများအတွက် အလုပ်လုပ်တဲ့အခါမှာ ထင်တာထက်ကို တိုးတက်အောင်မြင်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အများအကျိုး ရွတ်သယ်ပိုးကြမယ့် သူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတွေမှာ အောင်မြင်မှုရဖို့၊ ပင်ပန်းရကျိုးနပ်ဖို့နဲ့ ဖြစ်ချင်တာတွေ ဖြစ်လာစေဖို့ ...
ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့ တရားတွေဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ ဆန္ဒ၊ ဝိရိယ၊ ခန္တီ၊ မေတ္တာ တရားများနဲ့ ပြည့်စုံအောင်ကြိုးစားပြီး ...
ကောင်းမြတ်တဲ့စိတ်ထားနဲ့ ရိုးသားစွာ အားထုတ်ကြမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာ အသေအချာပဲ ဖြစ်တဲ့အတွက် ...
ဒီတရားများ လက်ကိုင်ထားပြီး ပရဟိတစိတ်ထားနဲ့ အများအကျိုး ရွတ်သယ်ပိုးကြဖို့ အကြံပြု တင်ပြကာ တိုက်တွန်းလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 12:29 PM
(မှတ်ချက်)http://www.venvicitta.com/2011/06/blog-post_16.html
ဗုဒ္ဓကမ္ဘာမှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...