စူပါမင်းကို ဘယ်သူသတ်သလဲ
by သစ္စာနီ on Friday, July 20, 2012 at 7:35am ·
ယနေ့ထုတ် “ကုန်းဘောင်အလင်း” သတင်းစာ မျက်နှာဖုံးတွင် စူပါမင်း အသတ်ခံရသောသတင်း ပါလာလေသည်။ ထိုသတင်းသည် တပင်ရွှေထီး ရွှေမော်ဓော(ပဲခူး) ကို နားထွင်းသွားသည်ဆိုသော သတင်း ကို ဖုံးအုပ်သွားသည်။ မြို့တော် လမ်းမ ကာရာအိုကေ ဆိုင်တစ်ဆိုင် ရှေ့တွင် လူတစ်စုနှင့် ခိုက်ရန်ဖြစ် ပွားရာမှ စူပါမင်း သည် နှာခေါင်းကို လက်သီးနှင့် အထိုးခံရကာ ကွယ်လွန် အနိစ္စရောက်သွားခြင်း ဖြစ်သည်။ တချို့က လကွယ်ညများတွင် စူပါ မင်းသည် အစွမ်းအစမရှိ၊ သာမန် လူတွေနှင့် မခြားဟု ဆိုကြသည်။ တချို့က စူပါမင်းတွင် သွေးတိုး ရောဂါရှိနေသလိုလို ပြောကြသည်။ ဘယ်စကားကိုမှ တထစ်ချ မယုံရ။ သို့သော် စူပါမင်းကား တကယ်သေ လေပြီ။
စကြဝဠာ ခြေသလုံးအိမ်တိုင် အာကာသ ဂျစ်ပစီတစ်ဦးအနေဖြင့် စူပါမင်းသည် ကမ္ဘာကိုရောက်ရှိလာသော်လည်း… ကမ္ဘာပေါ်တွင် မီးရထား သံလမ်းပျက်ကို သူ့ခန္ဓာကိုယ်ဖြင့် ဆက်ခင်းကာမီးရထားကို ခုတ်မောင်းသွားစေခြင်း၊ အမြောက်ကျည်ဆန်ကို လက် ဖြင့်ဖမ်းခြင်း၊ လေယာဉ်ပျံကြီးများကို ကိုင်မြှောက်သယ်ဆောင်ခြင်း၊ သူ့မျက်လုံးမှ အနီရောင် အလင်းတန်းဖြင့် အုတ်နံရံကို ဖောက်ထွင်းမြင်ခြင်း၊ ကမ္ဘာကို ဘေးမှအရှိန်ဖြင့် ပတ်ကာ နောက်ပြန်လည်စေခြင်း စသည့် ထူးထူးဆန်းဆန်းကိစ္စများကို လုပ်ပြလေ့ရှိသဖြင့် ရုတ်တရက် နေ့ချင်းညချင်း နာမည်ကြီးခဲ့သူဖြစ်သည်။ သို့သော် ဒေးဗစ်ကော်ပါဖီးလ် ၏ ဇာတ်စင်ပေါ်တွင် စူပါမင်းကဲ့သို့ ဝတ်ရုံမပါဘဲ လေထဲတွင် ပျံဝဲပြခြင်း၊ အများရှေ့တွင် အီဖဲလ်မျှော်စင်ကို ဖျောက်ပြခြင်း၊ တရုတ် မဟာတံတိုင်းကြီးကို ဟိုဘက်ဒီဘက် ထွင်းဖောက် ပြခြင်းစသည့် အထူးအဆန်းပြကွက်များ ပေါ်ထွက်လာပြီးသည့် နောက်တွင်မူ…
စူပါမင်းသည် ဂုဏ်သတင်း ကျော်ဇောမှု မှေးမှိန်၍ သွားလေသည်။ အမှန်အတိုင်းပြောရလျှင် စူပါမင်း တိမ်မြုပ်ပျောက်ကွယ်နေသည်မှာ ကြာလေပြီ။ ဟစ်တလာ ကွယ်လွန်ပြီးကတည်းက ဖြစ်သည်။ တစ်ခါတစ်ရံ စူပါမင်းကိုကြော်ငြာ တချို့တွင်သာ တွေ့ကြရတော့သည်။ ဥပမာ – ဆပ်ပြာမှုန့်ကြော်ငြာ၊ ဆပ်ပြာမှုန့်များကို အရည်ဖျော်ကာ သောက်ပြရင်း စူပါမင်းက သူဘာမှ မဖြစ်ကြောင်း ပြသည်။ (ကလေးများ ထိုကဲ့သို့ လိုက်လံတုပကာ မလုပ်သင့်ကြောင်း အန္တရာယ်ရှိကြောင်း သတိပေးစာတန်း ထိုးသင့်ပါသည်။) သူ ပျောက်ကွယ်နေတာကို တချို့က တိဗက်ကိုသွားကာ တရားကျင့်နေသလို၊ မဟော်သဓာနှင့်အတူ အိုးသွားဖုတ်နေသလိုလို ပြောကြသည်။ တကယ်တော့ သူသည် ခြောက်ပဲနိတန် မာဗယ်လ်ကော်မစ် (ရုပ်ပြ) စာအုပ်ထဲ ရောက်နေခြင်းဖြစ်သည်။ ထိုဈေးမှာ ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ဈေးနှုန်းဖြစ်သည်။ ဘာပဲပြောပြော စူပါမင်းက သေလေပြီ။
ခက်တာက စူပါမင်း ဘာကြောင့် သေရတာလဲ။ သူ့ကို ဘယ်သူက ဘာကြောင့် သတ်ချင်ရတာလဲ။ တကယ်တော့ စူပါမင်းသည် ပလန်းနက် သတင်းစာတိုက်မှ ရိုးသားသော၊ သဘောကောင်းသည့် သတင်းထောက် တစ်ယောက်သာ ဖြစ်သည်။ သူသည် ချာလီချက်ပလင်လို ကြမ်းပိုးတေလေစရိုက်နှင့် ကလေးတွေ နှင့် ရန်ဖြစ် တတ်သော ညစ်တီးညစ်ကျယ် လူတစ်ယောက်လည်းမဟုတ်။ စတာလင်လို နိုင်ငံရေးလူရွှင်တော် လည်းမဟုတ်။ ဤကိစ္စကို ရှင်းလင်းပေးရန် စကော့တလန်ယဒ်ကို အကူ အညီတောင်းရာ စကော့တလန်ယဒ်က ဆရာကြီးရွှေဥဒေါင်းထံ အကူ အညီတောင်း၏။ ဆရာကြီးက “အိုင်ဆေးမောင်စံရှား သွားကူလိုက်ပါ” ဟု သူ့တပည့်ထံ သံကြိုးရိုက်လိုက်၏။ သို့သော် သံကြိုးစာတွင် စံရှားကို ရှံစားဟု စာလုံးပေါင်းမှားသွားသဖြင့် ကာတွန်းဇာတ်ကောင် ဦးရှံစားထံ ရောက်ရှိသွားရာ ဦးရှံစားက သူ့လက်သုံးစကားအတိုင်း “မှားတဲ့အခါလည်း မှားပေမပေါ့” ဟု ဆိုလေသည်။ အခင်းဖြစ်ပွားရာသို့ ဦးရှံစား ရောက်သွားသောအခါ မင်းသား ရှောင်ကွန်နရီနှင့် တူသူတစ်ယောက်ကိုတွေ့သဖြင့် မေးကြည့်ရာ ဗြိတိသျှ ထောက်လှမ်းရေးသမား လျှို့ဝှက် နံပါတ် ခုနစ်ရာပြောင်းပြန် (ဝဝ၇) ဆိုသူ ဖြစ်နေ၏။ သူက ဒါ ကေဂျီဘီရဲ့ လက်ချက်ဟု စွပ်စွဲကာ အီစတန်ဘူ သို့ ထွက်ခွာသွားသည်။ ဦးရှံစား ရောက်ရှိသွားသောအခါ နောက်ကျ နေပြီဖြစ်သဖြင့် သဲလွန်စ ရရန်အလွန် ခက်ခဲနေလေသည်။ အခင်းဖြစ်ပွားစဉ်မှာ မြို့တော်တွင် မီးပျက်နေခိုက် ဖြစ်သဖြင့် မျက်မြင်သက်သေရှာမရ။ ထိုနေရာမှ ကားနက်ကြီးတစ်စီး မောင်းထွက်သွားသည်ကို ဆိုက်ကား သမားတချို့ မြင်လိုက်ရသော်လည်း ထိုကားနက်ကြီး၏ မှန်အားလုံးကို စတေကာအနက်များ တပ်ဆင်ထားသဖြင့် ကားထဲကလူတွေကို မမြင်ရ။
တစ်ခုတော့ရှိသည်။ ထိုဆိုင်၏ ကာရာအိုကေခန်းထဲတွင် အလက်ဇန္ဒယားသည် ဂရိတ် (ဇာတ်ဆရာ ဂရိတ် ဦးဖိုးစိန်နှင့် အမျိုးမတော်သူ)နှင့် စူပါမင်းတို့သည် သီချင်းတစ်ပုဒ်ကို လုဆိုရင်း ရန်ဖြစ်ခဲ့ကြတာကို ဆိုင်ဝန်ထမ်းတချို့က မြင်ကြလေသည်။ ထိုသီချင်းမှာ “မြနန္ဒာ” သီချင်းဟု ယူဆစရာအကြောင်း ရှိ၏။ ဘာပဲပြောပြော စူပါ မင်းကား သေလေပြီ။ ဆိုင်ရှေ့လမ်းပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သံ ကြား၍ လူတွေသွားကြည့်သောအခါ သေဆုံးနေသောစူပါမင်းကို တွေ့ကြရ၏။ တစ်ကိုယ်လုံး ခွဲစိတ်စစ်ဆေး ကြည့်ချက်အရ စူပါမင်းသည် နှာခေါင်းကို လက်သီးနှင့် အထိုးခံရကာ ကွယ်လွန်ခြင်းဖြစ်သည်ဟု ဆရာဝန်က မှတ်ချက်ချ၏။ ဂရိလူစွမ်းကောင်း အာခိလီ၏ အသက်သည် ဖနောင့်တွင်ရှိသကဲ့သို့ စူပါမင်းအသက်သည် နှာခေါင်းတွင် ရှိဟန်တူသည်။
စူပါမင်း၏ ခေါင်းကိုင်ဖခင် ဖြစ်သူ နစ်(ရှ)သည် စူပါမင်း၏ အသုဘပွဲကျင်းပရန် အခက်အခဲရှိနေ၏။ စူပါမင်းသည် ဘာသာတရားမဲ့သူဖြစ်သဖြင့် မည်သည့် ဓလေ့ဖြင့် သင်္ဂြိုဟ်ရမည် ဝေခွဲမရ ဖြစ်နေ၏။ စူပါမင်း၏ သူငယ်ချင်း ရော်ဘင်ဟုဒ်ကလည်း ထောင်ထဲ ရောက်နေ၏။ တချို့ ဖွတတ်သော ဂျာနယ်လစ်များက စူပါမင်းသည် သေပြီး ၇ ရက်ကြာသော်လည်း ပုပ်စော်မနံဟု ရေးသားကြသည်။ ထိုအတွင်း လစ်ဗျားတွင် ပြည်တွင်း စစ်ဖြစ်သဖြင့် ဦးရှံစားသည် ပြန်လာခဲ့သည်။ မပြန်ခင်သူက ရေခဲတိုက်သို့ သွားကာ စူပါမင်းအလောင်း ကိုကြည့်၏။ ကြည့်ရင်း “မှားတဲ့အခါလည်း မှားပေမပေါ့” ဟု ဆိုသည်။ သူက စူပါမင်းကို မိန်းမတစ်ယောက် ဟု ထင်မှတ်နေခဲ့၏။ ဘာပဲပြောပြော စူပါမင်းကား သေလေပြီ။
(ရတီ၊ ဂျူလိုင် ၂၀၁၂)
source: ရတီ မဂ္ဂဇင်း
0 comments:
Post a Comment