Saturday, July 21, 2012

“ပြုံးမယောင် မျက်နှာလေးက မရဲတရဲ”


by Soe Min on Friday, July 20, 2012 at 9:31pm

          အင်္ဂလိပ်ခေတ်တုန်းက ဈေးချိုတော်က သပိတ်မှောက်ကြတဲ့အခါ အိမ်တော်ရာဘုရားဝင်းထဲမှာ
ဈေးဆိုင်တန်းကြီးထွက်လို့ ဈေးရောင်းခဲ့ကြတယ် လို့ ဆိုပါတယ်။ အိမ်တော်ရာဘုရားဈေးမှာ ဆိုင်ထိုင်ကြတဲ့ ဈေးချိုသူကလေးများဟာ အင်မတန်မှပဲ ယဉ်ကျေးပျူငှာ ပြောတတ်ဆိုတတ်လွန်လွန်းလို့၊ မြန်မာဆန်ဆန် ကျက်သရေရှိလွန်လွန်းလို့ အဲသည်ခေတ်တုန်းက မန္တလေးသူ မန္တလေးသားများတင် မဟုတ်ဘူး။ ရပ်ဝေးရပ်နီးက ရောက်လာသူတိုင်းက ဈေးဝယ်စရာအကြောင်းမရှိပဲနဲ့တောင် ဈေးချိုသူတွေကို ကြည့်ဖို့၊ သူတို့ ပြောသံဆိုသံကလေးတွေ နားထောင်ချင်လို့ ဘုရားပွဲကို မရောက်ရောက်အောင် လာကြတယ် လို့ ကြားဖူးပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ ပြက်လုံးတစ်ခုတောင် ရှိတယ်။ သူတို့က ဈေးဝယ်လာတဲ့အခါ “စိတ်ချပါ မောင်ကြီးရယ်။ ပစ္စည်းရော ဈေးရော မှန်ရပါစေ့မယ်။ နှမလေးတို့ ငါးပြားတစ်စေ့ ပိုမပြောပါဘူး။ မဟုတ်ထာဆိုမိရင်လေ မောင်ကြီးနှမ ကျားကိုက်ရစေရဲ့ရှင့်။” လို့ ကျိန်တွယ် ရောင်းလေ့ရှိပါသတဲ့။
ဈေးကများနေလို့ ကျားကိုက်စရာရှိရင်လည်း ကိုယ့်အိမ်မှာကျန်ရစ်ခဲ့တဲ့ နှမကိုသာကိုက်မှာ သူတို့ကို ကိုက်မှာ မဟုတ်ဘူး ဆိုပဲ။ ရုပ်ဆင်းရူပကာလေးတွေ လှပကြတာကတော့ အဲသည်ခေတ်ကပေါ်တဲ့ ဟန်ဇားအထည်ကလေးတွေကို နီပြာဝါရွှေ စိမ်းညိုလဲ့အရောင်တွေ လွင်နေအောင် ဆင်ထားကြတာ နန်းတော်ရှေ့ကြီးတောင် မျက်စိထဲက မထွက်ပါဘူးလို့ သီချင်းထဲ ထည့်ရေးထားသေးတယ်။ သူတို့ မျက်နှာကလေးတွေ မြင်လိုက်ရရင်လည်း ရယ်တော့မလို ပြုံးတော့မလို ရှက်သွေးကလေး မရဲတရဲ နဲ့ ဈေးသည်သဘာဝမို့ “ဘာဝယ်မလဲရှင့်။ ဘာအလိုရှိပါသလဲရှင့်။”  နဲ့ ပျူပျူငှာငှာ ဧည့်ကြိုကြပါသတဲ့။ လာပါ ယူပါ နှစ်ကျပ်ခွဲ။ တစ်လုံးကွဲသွား အသစ်ပြန်လဲ။ ငွေပေါ်လျှော့ဈေး ငွေပေါ်လျှော့ဈေး။ လက်ခုပ်လက်ဝါးတီးပြီး ပြန်ထွက်မသွားအောင် လက်အတင်းဆွဲတဲ့ ဈေးခေါ်နည်းမျိုး နဲ့ ဘယ်လောက်ကွာသလဲ။ စာရေးနေတဲ့ ကျွန်တော်လည်း မမှီလိုက်ဘူး။ စာဖတ်နေတဲ့ ခင်ဗျားလည်း မှီမှာ မဟုတ်ပါဘူး။ ဒါပေသိ သတင်းကလေး ကြားဖူးလိုက်ရုံနဲ့တင်ပဲ ရှေးရှေးက
ဈေးချိုသူကလေးတွေကို နှစ်လိုခင်မင် တွေ့ဖူးချင်တဲ့စိတ်ကလေးတော့ ပေါ်လာတယ် မဟုတ်လား။ အခုဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေ အကြောင်းရေးနေရင်း ဆရာဝန်ဆိုတာ လူနာတွေအပေါ် ဘယ်လိုဆက်ဆံသင့်သလဲလို့ တွေးကြည့်လိုက်တော့ နားထဲမှာ အိမ်တော်ရာ ဘုရားဈေးသီချင်းကလေး ပြန်ကြားယောင်လာပါတယ်။ ဆရာဝန်ဆိုတာမျိုးက ကိုယ့်ဆီကို လူနာရောက်အောင် ငြိမ်းချမ်းကြီး ရေခဲရေရောင်းတဲ့အတိုင်း “ရင်ထဲကို အေးမြသွားမယ် ရေခဲရေ။ သောက်မလား ကို့။ သောက်မလား အကို။” နဲ့ နသားပါယား ခေါ်ရငင်ရမယ်တော့ မဟုတ်ဘူးပေါ့။ ကိုယ့်ကို မြင်လိုက်ရုံနဲ့ လူနာရဲ့ ရောဂါဝေဒနာတွေ တစ်ဝက်လောက် သက်သာသွားတယ် ဆိုတဲ့ ဒေါက်တာချစ်ဖွယ်ဖြစ်ချင်ရင်တော့ ဈေးချိုသူကလေးတွေကို အတုခိုးဖို့ လိုပါလိမ့်မယ်။ ဆရာဝန်တွေ ကျိန်ဆိုထားတဲ့ ကျမ်းသစ္စာထဲမှာတောင် ပါတယ်ခင်ဗျ။ “ကျွနုင်္ပ်တို့သည် လူနာများ၏အရေးကိစ္စကို မိမိ၏အရေးကဲ့သို့ သဘောထား၍ ပြုစုကုသပါအံ့။” တဲ့။
          ကလေးဘ၀တုန်းက သင်္ကြန်သံချပ်တွေမှာ သရော်လေ့ရှိတဲ့ “မသိဘူး။”  “မရှိဘူး။”  “ကုန်ပြီ။” စကားကြီးသုံးခွန်းနဲ့ ပြည်သူ့ဆိုင်က စာရေးမ ဆက်ဆံရေးမျိုးဟာ သည်ကနေ့ခေတ်မှာ ပြည်သူ့ဆေးရုံတွေပေါ်ကို ရောက်လာတယ် လို့ ပြောရင် စိတ်တော့ဆိုးကြမှာပါပဲ။  ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမယ့် မပြောသင့်ဘူးပေါ့။ နော့။ သူများကို လက်ညှိုးကြီးတထိုးထိုးနဲ့ ပြောတတ်လွန်းလို့ ကိုယ့်ပြန်အပြောခံရမှာ ကြောက်ပြီး တော်တော်သတိထားနေတဲ့ ကိုယ်ကိုယ်တိုင်တောင်မှပဲ စိတ်ကလွှတ်ကနဲ သတိလစ်သွားတဲ့အခါ “ပိုက်ဆံမရှိတာ လာမပြောနဲ့။ ခွဲရင် ဘယ်လောက်ကုန်မှာလဲ လာမမေးနဲ့။ လူခ တစ်ပြားမှ ပေးစရာ မလိုဘူး။ ကိုယ်သုံးတဲ့ဆေး ကိုယ့်ဘာသာဝယ်ပေး။ မရှိရင် စိုက်ပေးမယ်။ ထမင်းတော့ တင်ကျွေးမထားနိုင်ဘူး။” လို့ ဘုတောချင် တောမိတာပါပဲ။ ဈေးချိုသူကလေးတွေကို နန်းတော်ရှေ့ကြီး မျက်စိထဲကမထွက်သလိုပဲ ကိုယ့်မျက်စိထဲကလည်း သေတဲ့အထိ မထွက်ပဲ စွဲနေတဲ့ အငြိမ့်ပျက်လုံး တစ်ခုရှိတယ်။ မျိုးမျိုးခိုင်ကြီးက နပ်စ်မလုပ်တာ။ လက်သည်းနီဆိုးရင်း လူနာရောက်လာတော့ ထိုင်ရာမထ ဘာဖြစ်တာလဲ။ ဟိုဟာပါသလား။ သည်ဟာပါသလား။ ကုန်အောင်လျှောက်မေးပြီးမှ “ဘာမှ မပါပဲနဲ့ ဆေးရုံကို နင်တို့ ဘာလာလုပ်တာလဲ။ ဆေးရုံမှာ ဘာမှ မရှိဘူး ဆိုတာ မသိဘူးလား။” တဲ့။ မောင်ကြီးနှမတော့ ဆေးရုံပေါ်ရောက်မှ ကျားမကိုက်သေးရင် မင်းညီနောင်ပင့်ပြီး စီးတော်ကျားနဲ့ လွှတ်ပေးလိုက်မယ်။ သခင်မတောင်တော်ပေါ်သာ ဗီဇာလျှောက်ချေတော့။ အပြင်မှာ အဲသည်အတိုင်း ပြောနေကြတာကတော့ သူနာပြုတွေမှ မဟုတ်ပါဘူး။ ဆရာဝန်တွေလည်း ပါတာပဲ။ ဂျာနယ်ထဲမှာတောင် ဖတ်လိုက်မိပါတယ်။ “နင်တို့ကို အကုန်စိုက်ပေးရအောင် ငါတို့ဆီမှာ ဘာမှရှိတာမဟုတ်ဘူး။ ငါတို့လည်း လခပဲရတာ။ အဲသည်လခက လာခတောင်မရှိဘူး။”  လို့ မှတ်သားမိသော စကားများအဖြစ် ဂျာနယ်ပေါ်ရောက်သွားတာ ဖတ်လိုက်ရပါတယ်။
          ဒါကတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် မပြောသင့်သောစကား လို့ မြင်ပါတယ်။ ပစ္စည်းမဲ့ဒေါသကို
ဝေဒနာရှင်အပေါ်မှာ ဖောက်ခွဲသလို ဖြစ်နေတာပေါ့။ မရှိတာကတော့ တောဆေးရုံမှာလုပ်နေတဲ့ ကိုယ်ကိုယ်တိုင်သာ အသိဆုံးပါဗျ။ ပြိုင်ချင်ပြိုင် ချစ်ချင်းပြိုင် မောင့်ကို မနိုင်တောင် ဖြစ်သွားဦးမယ်။ ကိုယ်အပါအ၀င် ဆေးရုံကိုပြောင်းလာကြတဲ့ လက်ထောက်ဆရာဝန်လေးတွေအားလုံး  အချင်းချင်း လှည့်ကာကဲ့ကာ သုံးစွဲနေကြတာ ကြွားစရာလား။ မရှိစကား ကိုယ်ကိုယ်တိုင်တောင် ကျက်သရေတုံးလွန်းလို့ မထွက်အောင်နေတာ လူနာတွေဆီက ကြားကို မကြားချင်ဘူး။ မပြောနဲ့ သဘောပေါက်တယ်။ ခင်ဗျားတို့ မရှိဘူး။  ကျွန်တော်တို့ကလည်း မေးကို မမေးဘူး။ ရနိုင်သလောက်အတိုင်းအတာနဲ့ လုပ်လို့ရသလောက် အားလုံးကို အစွမ်းကုန်လုပ်ပေးနေတယ်။ ဒါပေမယ့် ကျွန်မတို့က ဟိုပါတီက၊ ရှင်တို့ဆေးရုံမှာ ဗီအိုင်ပီတစ်ယောက်ရတဲ့ အခွင့်အရေးမျိုး ခံစားချင်တယ်။ အလကားမှန်သမျှ အကုန်ရမှဖြစ်မယ် ဆိုတာမျိုးတော့ မရဘူးပေါ့။ ဘာဖြစ်လို့ဆိုတော့ အားလုံးကို ဇီးရိုးလယ်ဗယ်နဲ့ တန်းညှိထားတဲ့အတွက် နောက်ထပ်တစ်ထစ်ဆင်းစရာ မကျန်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဖျားရင် ဆေးဝယ်သောက်ရတယ်။ ဆေးရုံပေါ်မှာက မြင်တဲ့အတိုင်းပဲ။ လူနာတွေက အ၀င်အထွက် အတက်အဆင်း မရပ်မနားဥစ္စာ။ ဆင်သတ်ပြီး အရပ်ဝေနေတာမှ မဟုတ်ပဲ။ ကုန်ခမ်းနိုင်သော ပစ္စည်းများအားလုံး ကိုယ့်စားရိတ်နဲ့ကိုယ် ၀ယ်ယူကုသရပါတယ်။ စားရိတ်မျှပေးကျန်းမာရေးခေတ်တုန်းကလို ဘယ်လူနာဆီကမှ အခကြေးငွေ ကောက်ခံနေတာ မရှိတဲ့အတွက် ဘယ်သူ့ကိုမှ ပြန်မမျှနိုင်ပါဘူး။ နိုင်ငံတော်ကထုတ်ပေးတဲ့ဆေးခွဲတမ်းက၊ အလှူရှင်တွေ ဆေးပဒေသာပင်
စိုက်ပေးထားတဲ့ ငွေကြေးထဲကနေ အမှန်တကယ် ဆင်းရဲချို့တဲ့လို့ ကုသမှုမယူနိုင်သူတွေအတွက် အိပ်စိုက်ပြီး ကုသပေးပါတယ်။
          သို့သော်လည်း ဒီလို ကိုယ်အပါအ၀င် လူသားအားလုံး ဆင်းရဲချို့တဲ့နေသောအရပ်မှာ လာသမျှလူ အကုန်စိုက်ကုလို့ကတော့ တစ်ရက်စာတောင် မလောက်ပါဘူး။ ဘယ်လူနာကို စိုက်ပေးမယ်။ ဘယ်လူနာကို စိုက်မပေးနိုင်ဘူးဆိုတာက သက်ဆိုင်ရာ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ ရ၀တဆီက ဆင်းရဲကြောင်းထောက်ခံစာ နဲ့လည်း မကြည့်ပါဘူး။ ၀တ်ထားတဲ့ ပုဆိုးစိမ်း ထမီဝါတွေနဲ့လည်း မကြည့်ပါဘူး။ ကိုယ့်ဆီက စိုက်ပေးနိုင်မယ့် ပမာဏနဲ့ လူနာအတွက် အကျိုးဘယ်လောက်ရှိနိုင်မယ့် အတိုင်းအတာကိုပဲ တိုင်းတာပါတယ်။ ဘာလုပ်လုပ် ငွေကုန်လူပန်း ဖြစ်မယ့်သူထက်စာရင် ဒါလေးနဲ့ အသက်ရှင်နိုင်မယ့်သူကို ဦးစားပေးတာပေါ့။ ဒီဆေးရုံမှာ ရောက်နေတဲ့ တစ်နှစ်ခွဲအတွင်း ပိုက်ဆံမရှိလို့ မခွဲမစိတ်ပဲ အသေခံသွားတဲ့လူနာတော့ မရှိသေးပါဘူး။ လွှဲတဲ့ဆီ မသွားနိုင်လို့ သေသွားတာပဲ ရှိလိမ့်မယ်။ (ဟိုးတခါ လမ်းစရိတ် သုံးသောင်းပေးပြီး ရန်ကုန်ရောက်အောင် သွားကု လို့ လွှတ်ပြီးကတည်းက နောက် ဘယ်လူနာမှ အဲလို မလွှဲတော့ဘူး။ သွားနိုင်သွား။ မသွားနိုင် ကမ္မသကာ)။ ကိုယ်လုပ်လို့ရတဲ့ အတိုင်းအတာနဲ့တော့ ဌာန်ကုန်အောင် လုပ်ပေးထားပြီးသားပါ။ လူသားအားလုံးကို ကယ်တင်နိုင်ဖို့ဆိုတာကတော့ ထာဝရဘုရားသခင်ရော၊ အလ္လာအရှင်မြတ်ရော၊ ဂေါတမဗုဒ္ဓပါ မတတ်နိုင်သွားတဲ့ ကိစ္စမို့ ကျွန်တော်တို့ဘက်က
နောက်ထပ်လုပ်ပေးစရာဆိုလို့ ဆုတောင်းမေတ္တာ ပို့သရုံပဲ ရှိပါတော့တယ်။ ဘူတန်မှာတုန်းကတော့ အဲလိုလူနာတွေ တွေ့လာရင်
“You ’ve got my blessing.” လို့ ပြောလွှတ်လိုက်တယ်။ သူတို့လည်း ဘာမှမပြောတော့ပဲ ပြုံးပြီး ပြန်သွားတယ်။
           အခုကိစ္စမှာ လူနာ၏အရေးကို မိမိ၏အရေးကဲ့သို့ သဘောထားပြီး ကုသတယ် မကုသဘူးကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာပါ။ သို့သော် အလုပ်က အရာမ၀င်ပဲ အပြောက အဖတ်တင်သွားတာကတော့ ဈေးချိုသူတွေလောက်မှ လည်လည်ဝယ်ဝယ် မရှိလို့ပဲ လို့ တွေးမိပါတယ်။ ဆေးရုံပေးမှာ တခါတုန်းက ဒူးခေါင်းနှစ်ဘက်ယောင်ကိုင်းပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ လူနာတစ်ယောက်ရှိပါတယ်။ ဒူးဆစ်ထဲက အရည်တွေ စုတ်ထုတ်ပေးလိုက်၊ စားဆေး ထိုးဆေးတွေပေးလိုက်နဲ့ တစ်လလောက်ကြာသွားလည်း သက်သာလာရုံပဲ။ ပျောက်တော့ မပျောက်ပါဘူး။ ဘယ်ကိုလွှဲလွှဲ မသွားနိုင်။ နေစားရိတ် စားစားရိတ်တွေထောင်းမှာစိုးလို့ စားဆေးနဲ့ ပြန်ခိုင်းတော့လည်း လူနာ့အမေက လမ်းမှကောင်းကောင်း မလျှောက်နိုင်တာ မပြန်နိုင်ဘူးတဲ့။ နေ့တိုင်းနေ့တိုင်း မသက်သာတဲ့အကြောင်းပဲ မြည်တွန်တောက်တီးပါတယ်။ ပိုက်ဆံကုန်သွားပြီ။ စားစရာ မရှိတော့ဘူးလို့လည်း မကြာခန ညည်းပါတယ်။ “အမေကြီးတို့ ပြန်ချင်တဲ့နေ့ပြော။ ကျွန်တော် ကုန်းပိုးလိုက်ပို့ပေးမယ်။”  လို့ ပြောတော့မှ  ဇာတ်လမ်းပြတ်သွားပါတယ်။
           ဟိုဆရာဝန်ကလေးလည်း ကိုယ့်လိုပဲ ငေါ့ပြောလိုက်တာ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် လခ မရဘူး။ လာခပဲ ရတယ်ဆိုတဲ့ စကားကိုတော့ လခစားတစ်ယောက်ဖြစ်တဲ့ ကိုယ့်နားထဲမှာ တော်တော်လေး ကလောသွားပါတယ်။ ရန်ကုန်က အိုးမကွာ အိမ်မကွာ အလုပ်ဆင်းရတဲ့ ဆရာဝန်တစ်ယောက်က ကိုယ်ရတဲ့လခကို အဲလောက်ပဲ သဘောထားသလား။ အဲဒါဆိုရင်လည်း အိမ်တော်ရာ ဘုရားဈေးမှာ မလိုင်ပေါက်စီပဲ သွားရောင်းပါတော့လား။ အသွားအပြန်စားရိတ် ကာမိပါတယ်။ အလုပ်ထဲက ဆရာဝန်တွေဟာ နိုင်ငံခြားမှာ ပိုက်ဆံသွားရှာနေတဲ့ ဆရာဝန်တွေလောက် ပညာမတတ်လို့၊ မစွန့်စားရဲလို့၊ လူရည်မလည်လို့၊ အပြင်ဆေးခန်းကြီးတွေမှာ ပိုက်ဆံတွေ သဲ့မယူတတ်လို့ တော်ရိလျော်ရိ ဘ၀နဲ့ အရိုးထုတ်နေရတာ မဟုတ်ပါဘူး။ နောင်အနာဂတ်နဲ့ ဘ၀တက်လမ်းဆိုတာလည်း အပြင်မှာက ပိုရေရေရာရာ ရှိပါတယ်။ ဒါပေမယ့် သူတို့တတွေ ဖွတ်ကျောပြာစု မိုက်တွင်းနက်နေကြတာဟာ လခအတွက်တော့ ဘယ်ဟုတ်လိမ့်မလဲ။ သည်လခကို မမက်လို့ သည်ထဲဝင်လုပ်ပြီးမှတော့ လခကို ရမယ်ရှာစရာ မလိုပါဘူး။ ဆရာဝန်တစ်ယောက်ရတဲ့လခဟာ အလုပ်ဝင်ဝင်ချင်း ပြန်တမ်းဝင်အရာရှိ တန်းဖြစ်တဲ့လစာပါ။ အခုသိပ္ပံနဲ့နည်းပညာက အလုပ်ခေါ်စာထဲမှာ နိုင်ငံခြား Ph.D ဘွဲ့တွေတောင် လခဘယ်လောက်နဲ့ စရသလဲ သတင်းစာထဲမှာ ဖတ်ကြည့်လိုက်စမ်းပါဦး။ ဆရာဝန်လစာနိမ့်တယ်ဆိုတာ တစ်နိုင်ငံလုံးက အရာရှိတွေလစာ အဲသလောက်ပဲ ရကြလို့ နိမ့်တာပါ။ (ဒီ့ထက်ပိုလိုချင် စစ်ထဲဝင်ရုံပဲ ရှိတယ်)။ အပြင်ဆေးကုမ္ပဏီတွေမှာလုပ်ရင် အစိုးရအလုပ်ထဲ သုံးလေးဆမြင့်တဲ့လစာရပါတယ်။ ဒါပေမယ့် အဆင့်အတန်းကျတော့ အလုပ်ထဲက ဆရာဝန်တွေကို စောင့်ပြီးဝင်တွေ့ရတဲ့အစားပါ။ အပြင် NGO တွေမှာလည်း လစာကောင်းပါတယ်။ အစိုးရဌာနဆိုင်ရာချင်း ဆက်ဆံတဲ့အခါ၊ ပွဲလမ်းသဘင်နေရာယူတဲ့အခါ အလုပ်ထဲကဆရာဝန်တွေလောက် နေရာမရပါဘူး။ မျက်နှာမလှပါဘူး။ ဘာဖြစ်လို့ဆိုတော့ ကျန်းမာရေးဌာနက ဆရာဝန်တွေဟာ သူတို့ဝန်ကြီးဌာနကို ကိုယ်စားပြုပါတယ်။ ပိုက်ဆံကွက်ကွက်ကလေးကိုပဲ မတွက်ပဲ ကိုယ့်ရာထူး အဆင့်အတန်းကလေးကို ငဲ့မယ်ဆိုရင် ကိုယ့်အလုပ်ကိုယ် နှစ်ပြားတစ်ပဲ တန်ဖိုးဖြတ်တဲ့စကား မပြောသင့်ဘူး ထင်ပါတယ်။
           လူနာများ၏အရေးကို မိမိအရေးကဲ့သို့ သဘောထားဖို့အတွက် တခါတရံမှာ ကိုယ်က လူနာရှင်နေရာကနေ စဉ်းစားပေးရပါတယ်။ သူတို့အခြေအနေ အတိမ်အနက်ကို အကဲခတ်ပြီးရင် သူတို့နဲ့ သင့်တော်တဲ့ ကုထုံးကိုပဲ ကိုယ့်ဘာသာ ဆုံးဖြတ်ရပါလိမ့်မယ်။ အမ်းဆေးရုံမှာ လာပြတဲ့ ကျောက်ကပ်ပျက်စီးနေတဲ့လူနာအတွက် “ရန်ကုန်မှာ ကျောက်ကပ်အစားထိုး ကုလို့ရတယ်။ လွှဲစာရေးပေးလိုက်မယ်။ ရောက်အောင်သွားကုချေ။” ဆိုပြီး နတ်လမ်းညွှန်ဖို့ လက်ညှိုးထောင်လည်း ကိုယ်ရောင်ကတော့ မလင်းပါဘူး။ (မီးမှ မလာပဲနဲ့)။ ကလေးရှင်ပြုစရာရှိလို့ မခွဲနိုင်သေးဘူးလို့ဆိုလာရင်လည်း “အခုချက်ချင်းမှ မခွဲလို့ရှိရင် နင့်သားရှင်ပြုတဲ့အခါ ကိုဘုန်းကြွယ် နဲ့ မမြစိမ်းလို အမျှဝေနေရမယ်” လို့ ပြောပြီး အတင်းခွဲတန်ခွဲရပါတယ်။ သူတို့ရဲ့ ဦးနှောက်နဲ့အသိဥာဏ်က ကိုယ်တရားဟောလိုက်ရုံနဲ့ နေ့ချင်းညချင်း စဉ်းစားဆင်ခြင် ဥာဏ်အလင်းတွေ ပွင့်မသွားပါဘူး။ ကိုယ်တိုင်က လူနာရှင်နေရာက ၀င်စဉ်းစားပေးမှ မသေသင့်တဲ့ အသက်တစ်ချောင်း ချမ်းသာရ ရပါလိမ့်မယ်။ ခွဲတဲ့အခါမှာလည်း သူတို့အိပ်ထဲက ပိုက်ဆံကို ကိုယ့်ပိုက်ဆံအလား ချွေချွေတာတာ ခြစ်ြခစ်ကုတ်ကုတ် မကုန်တန်တာ မကုန်အောင် လိုက်လိုက်တွက်ရပါတယ်။ နို့မို့ ကုန်သွားရင် ကိုယ့်ခေါင်းပေါ် လာအဖတ်တင်တော့မှာ ကြိုမြင်ထားမှပေါ့။ အလုပ်ထဲမှာ လုပ်သက်ကြာလာလေလေ အဲလို ဖွတ်ကု၊ ချစ်တီးကု ကုတဲ့အတတ်တွေ ကျွမ်းကျင်လာလေလေ ဖြစ်လာပါလိမ့်မယ်။
           သည်စာကို ဖတ်ပြီးတဲ့အချိန်မှာတော့ “နင့်ဘာနင် ကုချင်ကု၊ မကုချင်နေ။ သည်လောက်ပိုက်ဆံကလေးနဲ့တော့ သည့်ထက်ပိုပြီး ဂျီးကျော့တဲ့ ဆပ်ပြာ မရနိုင်တော့ဘူး။” ဆိုတဲ့ စကားမျိုး၊ “တတ်နိုင်တာ မတတ်နိုင်တာ နင်တို့ ကိစ္စ၊ ဒီရောဂါမျိုး ဒီမှာခွဲမယ်ဆိုရင် ဒီလောက်တော့ ကုန်မယ်။ အပြင်မှာဆို ဒီလောက်နဲ့ မရဘူး။” ဆိုတဲ့ စကားမျိုး၊ “မိသားစု ပြန်တိုင်ပင်ကြည့်ကြ။ စက်နဲ့ ကျောက်ကပ်တစ်ခါဆေးရင် ဟောသလောက်ကုန်တယ်။ တစ်လကို အနည်းဆုံးနှစ်ခါလောက် ဆေးရတယ်။ မသေမချင်း ဆေးနေရမှာ။ ကျောက်ကပ်အစားထိုးရင် သည်လောက်ကုန်တယ်။ တတ်နိုင်ပါ့မလား။ တကယ်တတ်နိုင်မှ တတ်နိုင်တယ်ပြော။ အိမ်ရောင်းကားရောင်းနဲ့ လမ်းတ၀က်ရောက်မှ ကုန်ပြီ မရှိတော့ဘူး မပြောနဲ့။” ဆိုတဲ့ စကားမျိုး၊ “နင်တို့မှာ တစ်ပြားမှ မရှိပဲနဲ့ အကုန်အလကားလိုချင်နေရအောင် နင်တို့ဘိုးအေတွေက ငါတို့ကို ဘာတွေလာပေးထားဖူးလို့လဲ။” ဆိုတဲ့စကားမျိုးတွေကို ပျားရည်နဲ့ ၀မ်းချတတ်အောင် ဘယ်နည်းဘယ်ပုံ လှည့်ပတ်ပြောမလဲ စဉ်းစားထားရင် ကောင်းပါလိမ့်မယ်။ “ညည်းမောင်ကြီး ကျားကိုက်ရစေရဲ့ ကျုပ်နှမရယ်။ နှမကလေးဘက်ကသာ နည်းနည်းလေးတိုးပေးလိုက်၊ သည်ကမောင်ကြီးဘက်က လွှတ်လျှော့ထားပြီးသား။ စိတ်သာချ။ သာတယ်နာတယ် သဘောမထားဘူး။”  (ခက်တော့တာပဲ။ ဒီသူငယ်မကလည်း ကျိကောတိုးဆောင် နဲ့ ရှောင်ရိတင်လောက်ပဲ ပြောတတ်လေတယ်)။
“ဘုရားတန်ခိုးနဲ့ တိုးလို့လှတဲ့ကုမ္မာရီ၊ ကာလသားတွေ လာပြန်ပြီ။ ပိုက်ဆံမပေးရတိုင်း ပိုးလည်းပိုးရှာကြတော့သည်။ အလော်မာသဘော မတော်ရာကော သူတို့ပဲ စတတ်သည်။ နုတဲ့ပါးပြင်ဆီ ရှက်သွေးကလေး ဥလို့နီ၊ ဘုန်းဘုန်းကို လျှောက်လိုက်ရင် အခြောက်တိုက်ပင် အရိုက်ခံမှာ မြင်သည်။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...