Monday, July 9, 2012

ကျွန်တော်နှင့် State-Building


ယခုတလော Democratilzation နှင့် State Building ဆိုသည့်စကားကိုခပ်စိပ်စိပ်ကြားလာရသည်။ ကြားရ ဖန်များတော့စိတ်ဝင်တစားသိချင်လာသည်။သိချင်လာတော့လည်းစပ်စုရပြန်ပါသည်။ ထိုသို့စပ်စုပြီးသိလာရ သည်များကိုအကြမ်းဖျဉ်းခွဲလိုက်တော့အောက်ပါအချက်(၃)ချက်ကိုသွားတွေ့ရသည်။

(၁)နိုင်ငံရေး
(၂)စီးပွားရေး
(၃)ပညာရေး

တစ်ချို့ပညာရှင်ပုဂ္ဂိုလ်များက နိုင်ငံရေးတည်ငြိမ်မှုရှိရန် အရင်ကြိုးစားသင့်သည်ဟုဆိုသည်။ နိုင်ငံရေး တည် ငြိမ်မှုရှိမှ ပြည်ပရင်းနှီးမြှပ်နှံမှု (FDI)များကို ဖိတ်ခေါ်နိုင်မည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးပြန်လည် ပြုနိုင် မည်။ စီးပွားရေးပိတ်ဆို့အရေးယူမှုများဖယ်ရှားနိုင်မည်။ ကုန်ကုန်ပြောရလျှင် နိုင်ငံတည်ဆောက်ရေုး လုပ် ငန်းဆိုသည်မှာ ကျင့်သုံးသည့်နိုင်ငံရေးစနစ် (Political System) အပေါ်တွင်သာ မူတည်သည်ဟု ဆိုကြ သည်။ ဒီမိုကရေစီမထွန်းကားသည့် နိုင်ငံတွင်နိုင်ငံရေးတည်ငြိမ်မှုရှိရန် အခွင့်အလမ်းနည်းသည်။ လူ့အခွင့် အရေးဆိတ်သုဉ်းမည်။ တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် အလှမ်းဝေးမည်ဟုထောက်ပြသည်။ သူ့တွက်ကိန်းနှင့်သူတော့ ဟုတ်နေပါသည်။

တစ်ချို့ကျတော့လည်း “ချမ်းသာသောနိုင်ငံများသည် ဒီမိုကရေစီနှင့် ပိုနီးစပ်သည်” ဟူသောအချက်ကို ထောက်ပြသည်။ ဆိုလိုသည်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးအပေါ်အခြေတည်သည်။ ပြည် သူတွေ ချမ်းချမ်းသာသာနေမှ တိုင်းပြည် အေးချမ်းသာယာဖွံ့ဖြိုးမည်။ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ ဒီမို ကရေစီနိုင်ငံများ၏ နှုန်းစံတစ်ခုဖြစ်သဖြင့် အေးချမ်းသာယာသောတိုင်းပြည်သည် ဒီမိုကရေစီနှင့် နီးစပ် သည်။ ထို့ကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီခရီးကို ဆက်သင့်သည်ဟုဆိုသည်။ စဉ်းစား ကြည့်တော့လည်းလက်ခံချင်စရာပင်။

နောက်ထပ်ပညာရှင်တစ်စုကတော့ ပညာရေးသည်သာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း၏ အခြေခံ အကျ ဆုံးလုပ်ငန်းစဉ်ကြီးဖြစ်ကြောင်း အထောက်အထားခိုင်ခိုင်မာမာဖြင့် ပြောပြန်သည်။ ထိုပညာရှင်များ ပြော ကြသည်က နိုင်ငံတစ်နိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ( Democratization )ပြုလုပ်ရန်အတွက် ဒီမိုကရေစီကို လက်ခံယူနိုင်သည့် ပညာရေးရေချိန်အဆင့်တစ်ခုကို ရောက်ရှိနေရမည်ဟုဆိုသည်။ ပညာ ရေးရေချိန်နိမ့်ကျပါက နိုင်ငံရေးရင့်ကျက်မှုအားနည်းတတ်ပြီး Us and Them ပြဿနာများဖြစ် ပေါ်စေ သည်။ ထို့ကြောင့်နိုင်ငံရေးအကွဲအပြဲဇာတ်လမ်းများပေါ်ထွက်လာပြီး Dialogue အဆင့်ကိုမရောက်နိုင် တော့ပေ။ Dialogue မလုပ်နိုင်လျှင် ပြန်လည်သင့်မြတ်ရေး (Reconciliation) ဆိုသည်မှာလည်း အဝေးကြီးဟုပြောသည်။

ထို့အပြင် အကြမ်းဖက်မှုများ၏ အရင်းအမြစ်သည် မတူကွဲပြားမှုကို နည်းလမ်းလွဲမှား ဖြေရှင်းသည့်
ပညာမဲ့ခြင်းဖြစ်ကြောင်းဆိုကြသည်။ ထို့ကြောင့် ပညာရေးစနစ်ကို အရင်ဆုံးပြုပြင်ပြောင်းလဲသင့်
သည်ဟု အဆိုပြုကြခြင်းဖြစ်သည်။ ဒါလည်းတစ်မျိုးမှန်နေပြန်သည်။ စာရေးသူအနေဖြင့်တော့ ဥာဏ် မမှီ၍ ဆက်မစဉ်းစားလိုတော့ပါ။ MRTV-4 မှဘောပွဲသုံးသပ်သူ ပြောသလိုပြောရလျှင် ရှေ့ ဘာဆက်ဖြစ် မည်ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါသည်။ ( တစ်ချို့ကတော့ Civil Society ၊လူလတ် တန်းစား ( Middle Class) နှင့် နိုင်ငံသားဓလေ့ (Civic Culture) အားကောင်း ရန်လည်းလိုအပ်သည်ဟုဆိုကြပါသေးသည်။)

ဘာတွေအရင်ပြုပြင်ပြောင်းလဲကြမလဲ(Reform)

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ ပြုပြင်ပြောင်းလဲစရာတွေ တပုံတပင်ရှိသည်ဟု လူပြောသူပြောများ ကြ သည်။ တစ်ချို့က ငြိမ်းချမ်းရေးအရင်တည်ဆောက်၊ တစ်ချို့ကျတော့လည်း ပညာရေးစနစ်ကိုဦးဆုံး ပြင်ရမှာလို့ ပြောသည်။ စီးပွားရေးဆိုင်ရာပေါ်လစီတွေ၊ စာနယ်ဇင်းဥပဒေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တွေ၊ ယုတ်စွအဆုံး နိုင်ငံသားဖြစ်ခွင့်ကအစ သဗ္ဗအလုံးစုံသည် မြင်မြင်သမျှပြင်စရာချည်းဟု ပြော ချင် သည်။ ဒီအထဲတွင် တစ်ချို့များ ကျတော့လည်းအဆန်း။ အလံပြောင်းသည့်ကိစ္စ၊ ကာကွယ်စောင့်ရှောက် ပါမည် နှင့်လေးစားလိုက်နာပါမည်ကိစ္စ။ မြန်မာနိုင်ငံကို ဗမာနိုင်ငံဟုသုံးနှုန်းမိ၍ ဖြေရှင်းရသည့်ကိစ္စ။ နိုင်ငံ ရေး ဆိုတာ တယ်လည်း ရှုပ်ထွေးပွေလီသကိုး ဟု စာရေးသူတွေးမိ စိတ်ညစ်ရပါသည်။ တစ်ခါတစ်ရံ တွေး မိသေးသည်။နိုင်ငံတည်ဆောက်ရေးဆိုတာမူလတန်း ကလေးတွေ အုပ်စုဖွဲ့ပြီး အိုးပုတ်၊ချိုးရုပ်ဆော့ သလို များလားလို့။ အေးလေ…ကိုယ့်အဆင့်ကလည်း ဒီလောက်ပဲ တွေးနိုင်တာကိုး။ ဒါလည်းရှိပါစေတော့။ စောင့် ကြည့်ပါဦးမည်။

ချိနဲ့နေသောကကြိုးများ

နိုင်ငံရေးသိပ္ပံတွင် နိုင်ငံဆိုသည့် ယဉ်ကြီးကို State ၊ Market ၊ Civil Society ဆိုသည့်မြင်းသုံးကောင်ဆွဲပြီး
လိုရာခရီးဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆီသို့ နှင်သည်ဟုဆိုထားသည်။ ယခုအခါ Media ဆိုသည့် မြင်းတစ်ကောင်ထပ်တိုးပြီး မြင်းလေးကောင် “က” ၊ ပိုလှလာပါသည်။ (တစ်ဆင့်စကားဖြင့်သာ ကြားဖူးခြင်း ဖြစ်ပါသည်။) စာရေးသူလည်း မိမိကြားဖူးသည့် အဆိုပါစကားကို သူငယ်ချင်းတစ်ယောက်ကိုမနေနိုင်၊မထိုင်
နိုင်ဖေါက်သည်ချမိတော့ သူငယ်ချင်း၏ မှတ်ချက်ကြောင့် ပက်လက်လန်ခဲ့ရပါသည်။ သူ့အဆိုအရ စာရေး သူတို့နိုင်ငံတွင် -

(၁)State=ချိနဲ့ပိန်လှီနေသည်။
(၂)Market=အညောင်းမိနေသည်။
(၃)Civil Society = ၀မ်းကြာတိုက်ထဲတွင် ကိုယ်ဝန်လွယ်ထားခံရသည့် အဆင့်၌သာရှိနေသေးသည်။
(၄)Media=အခုမှသားစပ်တုန်း။
ပညာရှိများစကား၊မှတ်သားလောက်ပါသည်ဟုသာဖြေတွေးတွေးရပါတော့သည်။

Civil-Societyနှင့်စနစ်အကူးအပြောင်း

နိုင်ငံရေးပညာရှင်များ၏ဖွင့်ဆိုချက်အရဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် လူထုလုပ်ရှားမှုများအား အဆင့်(၅)ဆင့်ခွဲထားသည်ဟုဆိုသည်။
1)Resistance
2)Upsurge of mobilization
3)Transition to procedural democracy (or) Dialogue to Reconciliation
4)Democratic-Consolidation
5)Expansion to post representative democracy ဟူ၍ဖြစ်သည်။

ထိုသို့ လူထုအားဖြင့် ဒီမိုကရေစီသို့ကူးပြောင်းသွားသည့် အဆင့်(၅)ဆင့်အပြင်၊ Democratization’s derailmentဖြစ်စေသည့်အချက်(၅)ချက်လည်းရှိနေပြန်သေးသည်။၎င်းတို့မှာ-
၁)တပ်မတော်၏နိုင်ငံရေးတွင်ဝင်ရောက်စွက်ဖက်မှု
၂)ပြည်တွင်းစစ်
၃)တရားဥပဒေစိုးမိုးရေး
၎)နိုင်ငံရေး၊လူမျိုးရေးပြဿနာများ
၅)ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတို့ဖြစ်သည်။

နောက်လိုက်လူထုအမျိုးအစားများကိုငါးမျိုးခွဲခြားထားကြောင်းလည်းတွေ့ရပြန်သည်။
၁။ဘာသိဘာသာတစ်ကိုယ်တော်သမားများ (Isolates)။
၂။ပွဲကြည့်ပရိသတ်လိုဘေးကပဲရပ်ကြည့်နေသူများ (Bystanders)။
၃။ပါဝင်ဆောင်ရွက်သူများ (Participants)။
၎။တက်ကြွလှုပ်ရှားသူများ (Activists)။
၅။အစဉ်အလာဟောင်းအရိုးစွဲနေသူများ(Diehards)ဟူ၍ဖြစ်သည်။

ဖေါ်ပြပါ အုပ်စုခွဲခြားထားမှုများနှင့်ပတ်သက်ပြီး စာရေးသူအနေဖြင့် မည်သည့်မှတ်ချက်မှ မပေးလိုတော့ပါ။
စာဖတ်သူများအနေဖြင့်မိမိတို့ကိုယ်တိုင်တွေးဆမျှော်မြင်နိုင်ပါလိမ့်မည်။

Us-and-Them

မြန်မာ့နိုင်ငံရေးသမိုင်းကိုလေ့လာကြည့်လျှင် စိတ်ပျက်ဖွယ် အကွဲအပြဲဇာတ်လမ်းများကိုသာ တွေ့ရမည်ဖြစ် သည်။ လွှတ်တော်ထဲတွင်ကွဲကြသည်။ အစိုးရအဖွဲ့အတွင်းကွဲကြသည်။ ပါတီအဖွဲ့အစည်း အတွင်း အစိတ် စိတ် အမွှာမွှာကွဲကြသည်။ စနစ်တွေကွဲကြသည်။ စနစ်တစ်ခုတည်းအောက်တွင် ကွဲကြသည်။ အရောင်တွေ ကွဲကြ သည် (ဥပမာ- ရဲဘော်နီ၊ ရဲဘော်ဖြူ၊ အစရှိသည်ဖြင့်……)။ ဂိုဏ်းတွေကွဲကြသည်။ အမြင်တွေ ကွဲကြ သည်။ ကွဲ နည်းမျိုးစုံနှင့်ကွဲခဲ့ကြပါသည်။ ဘယ်လိုပုံစံနှင့်ကွဲပါစေ၊ တမိုးအောက်တွင် ကွဲခြင်းဖြစ်၍ ကွဲကြပါ စေတော့။ ဘာပဲ ဖြစ်ဖြစ်ဒီဘက်ခေတ် နိုင်ငံရေး သမားများကတော့ ပါးရည်နပ်ရည်ရှိကြပါသည်။ ကိုယ့်ရှေ့က နောင်တော်တွေရဲ့ အကွဲအပြဲဇတ်လမ်းကို သင်ခန်းစာယူပြီး၊ သူတို့လို အများကြီးမကွဲကြတော့ ။ နှစ်ခြမ်းပဲကွဲ တော့သည် ။ နိုင်ငံရေးရင့်ကျက်မှု ပိုရှိလာသည့်သဘောဖြစ်သည်။ ဟိုအရင်လို ဂိုဏ်းပေါင်းစုံလည်းမကွဲပါ။ နှစ်ဘက်သာကွဲတော့၏ ။ ကိုယ့်ဘက်လား။ ကိုယ့်ဘက် မဟုတ်ရင် သူ့ဘက်။ အရောင်လည်း ဟိုယခင်လို မစုံလင်တော့။ နှစ်မျိုးတည်းသာ။ အဖြူမဟုတ်လျှင်၊အမည်း။ အေးလေ…။ မျက်စိနောက်၊ နားရှုပ်အောင် သိပ်အများကြီးမကွဲကြတာကိုပဲကျေးဇူးအခါခါတင်ရမလိုပင်။

Debate-Culture

ဒီမိုကရေစီ နှုန်းစံများတွင် Debate Culture လည်းပါဝင်သည်ဟု ဖတ်ဖူးမှတ်ဖူးပါသည်။ ဆိုလိုသည်မှာ အမြင်မတူမှုများ(diversity) အပေါ် နားလည်လက်ခံပေးပြီး ဆွေးနွေးအဖြေရှာကြခြင်းဖြစ်သည်။ သဘော
ထားကြီးမှု (Spirit of Toleration) ဖြင့် political arrangements တွေ တည်ဆောက်ရမည်ဖြစ်သည်။ လူထုအကြား Debate များများဖြစ်ပေါ်စေခြင်းဖြင့် ပြုပြင်ပြောင်းလဲစရာများကို တွေ့လာနိုင်ပါသည်။ ထို့ကြောင့် Public Debate များဖန်တီးပေးရမည်ဟု ဆိုသည်။ ထိုအယူအဆကို စာရေးသူက မိတ်ဆွေ တစ်ယောက်ကိုပြောပြမိသည်။ မိတ်ဆွေဖြစ်သူက လက်မခံ။ ငြင်း ခုန်ခြင်း၊ တစ်ဘက်နှင့်တစ်ဘက် အပြန် အလှန်အပြစ်ရှာဝေဖန်နေခြင်းက ပြုပြင်ပြောင်းလဲရေးကို ထိခိုက် နိုင်မည်။ တိုးတက် ဖွံ့ဖြိုးမှုကို နှောင့်နှေး စေမည်။ ထို့ကြောင့် Debate များက အကျိုးထက်အပြစ်ကိုသာ ဦးတည်နိုင်သည်ဟု ထောက်ပြသည်။ စာရေးသူကလည်း သူ့အဆိုကို သိပ်လက်မခံချင်။ ပြန်ငြင်းသည်။ ထိုသို့ဖြင့် ရန်ထဖြစ်ကြတော့သည်။ နောက်ဆုံးရလဒ်က ထိုမိတ်ဆွေနှင့် ကျွန်တော် ယနေ့အချိန်ထိ မခေါ်နိုင်၊ မပြောနိုင်၊ မျက်နှာချင်းမဆိုင်နိုင် ဖြစ်ကုန်တော့သည်။

Knowledge-Problem

ထိန်းချုပ်မှုတွေဖြည်လျော့လာသည့် ယခုလိုကာလ အခါသမယမျိုးတွင် ဒီမိုကရေစီအော်သူတွေပေါများလာ သည်။ ဟိုနားသွားလည်း ဒီမိုကရေစီ၊ ဒီနားကြားလည်း ဒီမိုကရေစီဖြစ်နေသည်။ ဟန်ထူးလွင်၏ သီချင်းတစ် ပုဒ်ကိုသတိရမိသည်။

“အဘိုးကြီးလည်းရက်ပ်…အဖွားကြီးလည်းရက်ပ်…မွေးကင်းစအာပြဲလေးလည်းရက်ပ် ….ခွေးကိုက်လည်းရက်ပ်…ကြောင်ကုတ်လည်းရက်ပ်….အိမ်မြှောင်၊ကြွက်၊ကျီးကန်းအော်လည်းရက်ပ်…” ဆိုသကဲ့သို့ပင်၊ ဘယ် နေရာရာသွားသွား ဒီမိုကရေစီစကားပဲ ကြားနေရတော့သည်။ တစ်ချို့က ဒီမိုကရေစီရပြီဆိုပြီး၊ ပျော်နေ ကြသည်။ လုပ်ချင်ရာလုပ်လို့ရပြီဟု ထင်ပြီးပျော်ကြခြင်းဖြစ်သည်။ တစ်ချို့ကလည်း လွတ်လပ်စွာဆန္ဒထုတ် ဖေါ်ခွင့်ရှိသည်ဆိုပြီး ရှေ့မကြည့်၊ နောက်မကြည့် ပြောချင်ရာ ပြောချလိုက် ကြပြန်သည်။ တစ်ချို့ ကျတော့ လည်း Rights ကိုပဲတကျော်ကျော်အော်ပြီး၊ တာဝန်ရှိမှု (responsibilities) ကိုတော့ မျက်ကွယ် ပြုထား ကြ၏။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်ခွင့်ကို အလွဲသုံးစားပြုလုပ်၍မရ။ Social Contract ဆိုသည့် လူမှုရေး ပဋိညာဉ်ကို အလေးထားရဦးမည်။ အစွမ်းကုန်လွတ်လပ်လိုခြင်းသည် မင်းမဲ့ဝါဒ (Anarchism)ကို ဦးတည် နေခြင်းဖြစ်သည်။ ဒီမိုကရေစီလိုချင်လျှင် ဒီမိုကရေစီ၏နှုန်းစံနှင့် တန်ဘိုးများ၊ ယဉ်ကျေးမှုဓလေ့များကို နား လည်ထားရမည်ဖြစ်သည်။ ဒီ့ထက်ပိုရှင်းအောင်ပြောရလျှင် ဒီမိုကရေစီကိုလက်ခံယူနိုင်လောက်သည့် ပညာ ရေချိန်ရှိရမည်ဖြစ်သည်။ Knowledge Problem သည် ဒီမိုကရေစီအကူးအပြောင်း ကာလကို နှောင့်နှေး ကြန့်ကြာစေနိုင်ပါသည်။ ထိုသို့ ဘော်ဒါတသိုက်ကို အာပေါင်အာရင်းသန်သန်နဲ့ လေရွှီးကောင်းနေဆဲမှာပင်၊ ဘေးအိမ်မှ(၁၁)နှစ်အရွယ်ကလေးမလေးတစ်ဦး၏စကားကြောင့် ငုတ်တုတ်မေ့ခဲ့ရပါတော့သည်။ ထိုကလေး မလေးပြောသည့် စကားမှာ “ ဟင်….ဦးလေးလည်း ဒီမိုခရေဇီ ပဲလား…….” ဟူ၍ပင် ဖြစ်ပါတော့သည် ခင်ဗျား။ (မှတ်ချက်။ ။ ခရေဇီ - Crazy )

ဆက်ရန်-
ဦးဦးမှော်ဆရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...