Monday, July 9, 2012

ဘွဲ့ရပညာတတ်များထွက်ပေါ်လာစေဖို့တက္ကသိုလ်များ၏အခန်းကဏ္ဍ


by Aung Lynn Thit on Sunday, July 8, 2012 at 7:51am 

နိုင်ငံတော်ကလည်းတဖြည်းဖြည်းပြောင်းလဲလာသည်နှင့်အမျှ၊ မီဒီယာလွတ်လပ်ခွင့်ကလည်း အနည်းငယ်ရလာသည်နှင့်အမျှ စာပေပညာရှင်ကြီးများရဲ့စာပေဖန်တီးမှုတွေ၊ အတွေးအမြင် အသစ်အဆန်းတွေကို စာဖတ်ပရိတ်သတ်တွေအတော်များများကလည်းအားရကျေနပ်၊သဘောတွေ့နေကြပါတယ်။
နိုင်ငံရေးပြုပြင်ပြောင်းလဲသင့်တာတွေ အထဲမှာအထူးသဖြင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ရေးသားကြတဲ့ပညာရှင်ဆရာ့ဆရာ ကြီးတွေရဲ့ ရေးသားတင်ပြမှုတွေက တကယ့်အံ့မခန်းပါပဲ။
          လတ်တလောပညာရှင်လူကြီးတွေရဲ့နှုတ်ဖျားကမချတဲ့ဝေဖန်မှုတစ်ခုကတော့ မြန်မာနိုင်ငံမှာ
ဘွဲ့ရပညာမတတ်တွေ အင်မတန် ထွက်ပေါ်များပြားနေတဲ့ အကြောင်းပဲဖြစ်ပါတယ်။သည်ကိစ္စဟာ
အိမ်ခေါင်မိုပေါ်မိုးရွာချသလို တဖြောင်းဖြောင်းမြည်နေခဲ့တာဖြင့် နှစ်ကာလချီကြာနေပါပြီ။သို့ပေမယ့်
သည်ကိစ္စကို တာဝန်ဝန်ရှိသူ(အာဏာပိုင်စစ်အစိုးရ)တွေက မပြုပြင်ပေးနိုင်ခဲ့ပါဘူး။ပြုပြင်ပေးဖို့လည်း
မကြိုးစားခဲ့ကြပါဘူး။ယခုအခါမှာတော့ ပြည်သူတွေအကျိုးကိုသာ လိုလားတဲ့ သမ္မတကြီးနဲ့ ပြည်သူတွေကို ချစ်တဲ့ သက်ဆိုင်ရာတာဝန်ရှိ လွှတ်တော်အမတ်တွေ၊ ၀န်ကြီးတွေက ကျွန်တော်တို့ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ပြုပြင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်လိုက်ချင်နေမိတော့တယ်။
          ကျွန်တော်ကပညာရှင်အဆင့်လည်းမဟုတ်ဘူး။တက္ကသိုလ်ကျောင်းသားအဆင့်မျှသာရှိသေးလေတော့...။
သို့ပေမယ့် ကျွန်တော့်ယုံကြည်ချက်နဲ့ရေးတဲ့ကျွန်တော့်စာကို အပြည့်အ၀တာဝန်ယူရဲပါတယ်။ ယခုမီဒီယာပေါ်
မှာရေးသားနေကြတဲ့ ပညာရှင်ကြီးတွေဆိုတာ တကယ်တမ်းအားဖြင့်တော့ကျွန်တော်တို့တက္ကသိုလ်ဝင်းထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သူတို့မသိနိုင်ကြပါဘူး။သို့ပေမယ့် တစ်နိုင်ငံလုံးရဲ့ပညာရေးကဏ္ဍကို
အောက်ခြေကစ အပေါ်ထိ သူတို့ဝေဖန်အကြံပြုပေးနိုင်ကြပါတယ်။ချီးကျူးလေးစားရမိပါတယ်။ကျွန်တော်
မအားတယားကြားထဲကပဲ ဖတ်လိုက်မိပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ပညာရေးဝေဖန်အကြံပေးဆောင်းပါးတွေကတော့ အတော်လေးများပါတယ်။သည်အထဲကမှ ၁၅၊ မတ်၊ ၂၀၁၂ ပြည်သူ့ခေတ် ဂျာနယ် အတွဲ၂၊ အမှတ် ၈၆ မှာ ဖေိာပြထားတဲ့ ဆရာမ မြမြဆွေ(စိတ်ပညာ)ရဲ့ “ခေတ်မီပညာရေးနှင့် စိတ်ပညာအကြံပေး တို့၏အခန်းကဏ္ဍ” ဆိုတဲ့ ဆောင်းပါးရယ်၊ နောက်အဲသည်ဂျာနယ်ထဲမှာပဲ ဆရာ ဒေါက်တာကျော်လတ်ရဲ့“တစ်ခါတုန်းကတက္ကသိုလ်နှင့်တိုင်းပြည်လိုအပ်ချက်ဖြည့်တင်းသောတက္ကသိုလ်“ ဆိုတဲ့ ပညာရေးဝေဖန်အကြံပေးဆောင်းပါးနှစ်ပုဒ်ကို  ၂၀၁၂ ခုနှစ်အတွင်း ကျွန်တော့်ရင်ထဲမှာ ထင်ကျန်စေခဲ့တဲ့ဆောင်းပါးများဖြစ်ပါတယ်။အားရင်ရှာပြီးဖတ်ကြည့်ကြစေဖို့တိုက်တွန်းလိုက်ပါရစေ။        

ပုဂ္ဂလိကကျောင်းကိစ္စ  
ပုဂ္ဂလိကကျောင်းတွေ၊ပုဂ္ဂလိကတက္ကသိုလ်တွေ ပေါ်ပေါက်လာတာဟာ နိုင်ငံ့အတွက် အင်မတန်ကောင်းပါတယ်။
ဘာလို့လဲဆိုတော့ ပညာရပ်တစ်ခုကိုဖြစ်ဖြစ်မြောက်မြောက် တတ်မြောက်အောင်သင်ကြားပေးနိုင်ခြင်းမရှိဘဲ ယောင်ယောင်လည်လည်ဖြစ်နေတဲ့ ကျောင်းတွေအလယ်မှာ
အမှန်တကယ် လုပ်ကြမယ့် ပုဂ္ဂလိကကျောင်းတွေပေါ်လာလို့ပါပဲ။တကယ်လုပ်ကြမှာလားဆိုတာတော့စောင့်ကြည့်ရဦးမှာပေါ့။
အစတော့ ဒီလိုပဲ ဒီလိုပဲရုန်းကြ၊ကန်ကြပေါ့။ ခုတောင် ကျောင်းတချို့ ကျောင်းသားတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရကြတယ်ဆိုတာ မြင်ရကြားရတော့ ကိုယ့်မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝမ်းသာခြင်းဖြစ်ရပါတယ်။ သို့ပေမယ့် ပုဂ္ဂလိကကျောင်းတွေကောင်းတာထက်ကို အများပြည်သူကျောင်း(အရင်က အစိုးရကျောင်း)ကပိုကောင်းသင့်တယ်။ပုဂ္ဂလိကကျောင်းတွေ ဆိုတာက လူတန်းစားစုံ တက်နိုင်ကြတာမဟုတ်ပါဘူး။ဒါကြောင့်အများပြည်သူကျောင်းတွေကောင်းမှ အခြေခံလူတန်းစားရဲ့ပညာရေးတိုးတက်လာမှာဖြစ်ပါတယ်။ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ရန် ပညာရေးသည်သာတစ်ခုတည်းသောလက်နက်ပါ။ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်တည်ဆောက်ရန်အတွက် ပညာရေးကိုမြှင့်တင်သောနည်းလမ်းမှလွဲ၍ တခြားနည်းလမ်းမရှိနိုင်ဟု ယုံကြည်မိပါတယ်။ အဓိကကတော့ သိပ်မကြာခင် တကယ်တော်တဲ့၊ တတ်တဲ့ပညာတတ်တွေထွက်လာမယ့် ပုဂ္ဂလိကကျောင်းက ကျောင်းသားတွေဟာ ပညာတော်သင်သွားတာကလွဲလို့ နိုင်ငံခြားကို မရောက်စေကုန်ဖို့ပါပဲ။

ဘွဲ့ရအလုပ်လက်မဲ့ ပြဿနာ
တကယ်လက်တွေ့ပညာတတ်ရင်တော့ ဘွဲ့ရပြီးရင် အလုပ်ရဖို့လွယ်ကူပါတယ်။အခုဘွဲ့ရ လူငယ်တွေ အများကြီး အလုပ်လက်မဲ့ဖြစ်နေကြတာ တွေ့တော့ စိတ်မကောင်းပါဘူး။ကိုယ်ပိုင်မစီမံနိုင်တဲ့ဘ၀တွေကိုသနားစိတ်ကလေးဖြစ်ရပါတယ်။ အလုပ်ဆိုတာ စိတ်ကူးနဲ့လုပ်နေလို့ရတာမျိုးမဟုတ်ဘူးဗျ။ ဒါပေမယ့် အလုပ်တစ်ခုအတွက် စိတ်ကူးယဉ်အိပ်မက်က တော်တော်အရေးကြီးပါတယ်။အဲသည်စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ဆိုတာလူကလက်တွေ့ ထလုပ်ရတာ။ ကိုယ်ရထားတဲ့ဘွဲ့ကတကယ်တတ်တတ်မြောက်မြောက်မရှိ ယောင်ပေပေဘွဲ့။ဒီတော့ အလုပ်ကလက်တွေ့လုပ်ရတာဆိုတော့ခက်ကုန်တာပေါ့။အလုပ်ဆိုတာပညာပဲလေ။ အလုပ်မြင့်မြင့်မားမားလိုချင်ရင် ပညာမြင့်မြင့်မားရှိရမှာပေါ့။ခက်တာက အဲဒီမြင့်မြင့်မားမားဆိုတဲ့အဆင့်မြင့် ပညာကို တကယ်တတ်မြောက်အောင်(ယခု) အများပြည်သူတက္ကသိုလ်(အရင်အခေါ် အစိုးရတက္ကသိုလ်) ကသင်မပေးနိုင်တာပါပဲ။ “အသိပ္ပဿ-အတတ်ပညာမရှိသောသူကား၊ ကုတောဓနံ-ဥစ္စာအဘယ်မှာရအံ့နည်း“ ရယ်လို့လောကနီတိဆုံးမစာမှာပါသကောဗျာ။ စဉ်းစားစရာပေပဲပေါ့။ ယနေ့ခေတ် ထူးချွန်ထက်မြက်တကယ်တော်တဲ့လူငယ်တွေဟာ အများအားဖြင့် Formal Education ကနေခွဲထွက်ပြီး Informal Education နှင့် Life Long Learning ကိုလက်စွဲကိုင်ပြီး သွားနေကြတာပါ။သူတို့တွေဟာ ဒီနိုင်ငံရဲ့ Formal Education လမ်းကြောင်းတစ်ခုတည်းမှာပဲ စီးမျောလိုက်နေလို့မရတော့ဘူးဆိုတာ ကောင်းကောင်းသိတဲ့သူတွေဖြစ်တယ်။မိမိရဲ့ ကိုယ်ပိုင်ဘ၀ကို ကောင်းကောင်းစီမံတတ်နိုင်ကြသူတွေဖြစ်ပါတယ်။
          ပညာလေးနည်းနည်းကလေးနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေကတော့ သိန်း(၂၀)၊ (၃၀)၊ (၅၀)၊ (၁၀၀) နှင့်အထက် အကုန်အကျခံပြီး နိုင်ငံခြားမှာကူလီသွားထမ်းကြတာပါပဲ။ ထားတော့။ဒီအကြောင်းပြောတဲ့သူတချို့လည်းအံတိုနေပြီ။ အပ်ကြောင်းတွေထပ်နေပြီ ၊တလောတုန်းက ကြားလိုက်ရတယ်(နည်းနည်းတော့ကြာနေပါပြီ)။ စက်ရုံတစ်ခုမှာအလုပ်လာလျှောက်တဲ့ G.T.U ဆင်းတွေအတော်များများ အင်တာဗျူးကျတယ်ဆိုတာပါ။ အကြောင်းရင်းက စာတွေ့ပဲသိတယ်။လက်တွေ့ပိုင်းမရလို့တဲ့။စိတ်မကောင်းဖြစ်မိရခြင်းနှင့်အတူ အဲသည်ကျောင်းသားတွေကို လေးစားသမှုဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းကစာပဲသင်ပေးလိုက်တော့ စာပဲရလာတာပေါ့။လက်တွေ့ပိုင်းအတွက် စက်ရုံကိုအလုပ်လာလျှောက်တာလေ။ဘာလို့မခန့်ရတာတုန်း။ ဒါလေးမြင်လိုက်တာနဲ့ ဘာအားနည်းနေလဲ၊ဘယ်အပိုင်းပြင်ရမလဲဆိုတာ သိရောပေါ့။ အရင် G.T.C ဆိုတဲ့ Government Technological College တုန်းက ပညာရှင်တွေ အတော်လေးထွက်ပေါ်ခဲ့ဖူးသေးသဗျ။ အခု G.T.U ဆိုတဲ့ University ဖြစ်သွာတော့မှာ......................................။

ဆရာ၊ဆရာများ၏အခန်းကဏ္ဍ
အနာဂါတ်လူငယ်တွေရဲ့ လက်ကလေးတွေကိုပိုင်ဆိုင်တဲ့ ဆရာ၊ဆရာမတွေကို လစာတိုးမြှင့်ပေးဖို့တော့ လိုကိုလိုအပ်ပါတယ်။ ခုဟာက တက္ကသိုလ် ကျူတာဆရာမတစ်ယောက်ရဲ့လစာဟာ စားသောက်ဆိုင်အပေါက်ဝမှာရပ်စောင့်နေတဲ့ Waiter တစ်ယောက်ရဲ့လစာထက်နိမ့်ကျနေတာကတော့ တော်တော်ရုပ်ဆိုးအကျည်းတန်လွန်းတယ်ထင်တာပါပဲဗျာ။ပြီးတော့တစ်ခါ အဲဒီဆရာ၊ဆရာမတွေကို ကြပ်မတ်မည့် စည်းကမ်းကောင်းကောင်းတင်းတင်း လည်းရှိသင့်တယ်။ ဆရာ၊ဆရာမတွေရဲ့အပြုအမူမကောင်းရင် လူငယ်တွေရဲ့ လက်တွေ၊ခြေထောက်တွေ ကျိုးသွားနိုင်တယ်။ပါးစပ်ပေါက်တွေပိတ်ကုန်လိမ့်မယ်။ဦးနှောက်အခွံ့ကြီးတွေဖြစ်ကုန်လိမ့်မယ်။ ဒါကြောင့် ဆရာ၊ဆရာမတွေရဲ့ အခန်းကဏ္ဍကနိုင်ငံအရေးမှာ အင်မတန်အရေးပါပါတယ်။ကျောင်းသား၊ကျောင်းသူတွေရဲ့ Positive Action အတွက် ဆရာ၊ဆရာမတွေရဲ့ နေရာက ရာနှုန်းပြည့်သက်ရောက်လျက်ရှိတယ်လို့ ထင်မြင်မိပါတယ်။
ကျွန်တော်တို့တက္ကသိုလ်က အကြောင်းအရာလေးတွေကို ဖောက်သည်ချပါရစေဦး။လက်ရှိအတွေ့ အကြုံ၊လက်ရှိအခြေအနေလေးတွေပါ။သိရတဲ့သတင်းတချို့က ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ကို စတက်တဲ့ ပထမနှစ်ကျောင်းသားတွေ Supplementary Exam မရှိဘူးလို့သိရပါတယ်။ ပြီးတော့ နှစ်တိုးစီမံကိန်းနဲ့ ကြုံတယ်။ ကောင်းပါတယ်။ စာသင်နှစ်တိုးတာကို ထောက်ခံပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် စာသင်နှစ်တိုးပြီး စာသင်စနစ်မပြောင်းရင်တော့.....။တက္ကသိုလ်မှာ တချို့ဆရာမတွေတော်တော်သဘောကောင်းကြပါတယ်။ကျောင်းသား၊ကျောင်းသူတွေ ကို တော်တော်လည်းသနားတတ်ကြပါတယ်။ဆရာမတစ်ယောက်ရဲ့ မှန်ကန်သော ကျင့်ဝတ်စေတနာနှင့် သနားတတ်ခြင်းလားဆိုတာတော့ စာရှုသူပဲဆုံးဖြတ်စေတော့။

တက္ကသိုလ်ကျူရှင်ဆရာမများနှင့် Tutorial စနစ် 
          Tutorial ကိုပုံနှိပ်ကြည့်ဖြေခွင့်ရကြတယ်။တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းတိုင်ပင်ခွင့်၊ ကြည့်ကူးခွင့်ရရှိတယ်။ တရားဝင် Tutorial အချိန်မှာ မဖြေလိုက်ရတဲ့ကျောင်းသားတွေဟာ ဌါနကိုသွားပြီး ဆရာမတွေရှေ့မှောက်မှာကြည့်ကူးကြရတယ်။တချို့မေဂျာက ဆရာမတွေဆိုရင်ကျောင်းသားကို Tutorial စာအုပ်ပေးလိုက်ပြီးအိမ်ကနေဖြေလာခိုင်းတာတွေရှိတယ်။ မှတ်မှတ်ရရ English Essay ဖြေရတုန်းကပါ။ ဆရာမကပြောတယ်။ဖတ်စာအုပ်ထဲက ကြိုက်ရာ Read the Passage တစ်ပုဒ် ကိုရေးထည့်လိုက်ပါတဲ့။ အနာနဲ့ဆေးခြားလေသလားမမေးနဲ့။မိုးနဲ့မြေလိုပါပဲ။အမှတ်ကတော့ ဘယ်လိုဖြေဖြေ (၁၀)အပြည့်ပါ။(အဲဒီအက်ဆေးအတွက်)

          Semaster Exam တွေဖြေဆိုရတဲ့ အခါ ကျူရှင်ဆရာမတွေက သူ့ဆီမှာတက်တဲ့ ကျောင်းသားတွေကို မေးခွန်း(တိကျသလောက်)ပေးပါတယ်။ တကယ်လို့စာမရခဲ့ရင်တောင်မှာ တစ်ပုဒ်တည်းကို နှစ်ခါဖြေနည်း သင်ပေးလိုက်တယ်။ဘယ်လိုလဲဆိုတော့ ဥပမာ- မြန်မာစာဆိုရင် ကျောင်းသားကတစ်ပုဒ်ပဲကျက်ထားတယ်ဆိုပါတော့။ မေးခွန်းတစ်ခုပဲဖြေရတော့မယ်ပေါ့။
နောက်မေးခွန်းအတွက်လည်း ခုနကစာပုဒ်ကိုပဲ ပြောင်းပြန်လှန်ပြီးအောက်ကနေပြန်ရေးခိုင်းတယ်။ ကဲ...မပိုင်ဘူးလား။စိတ်မပူပါနဲ့ မဖြေနိုင်တဲ့သူရှိသေးသလား။ ခုံနံပါတ်ပြော၊ဖုန်းလေးတစ်ချက်ခေါက်လိုက်ရုံနဲ့ (၂၀၁၀ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေနဲ့တူတဲ့) ကြိုတင်အမှတ်တွေပေါ့၊အလိုလိုရောက်လာစေရမယ်။ အဲသလိုမျိုးတွေ။နောက်တစ်ခုက အပြင်မှာကျူရှင်တက်ရုံနဲ့တရားဝင်ကျောင်းချိန်အခန်းထဲက Attend Record တွေ၁၀၀ % အလိုလိုလာပြည့်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စရပ်တစ်ခုပါ။ဒါတွေကို ပါမောက္ခချုပ်ကိုယ်တိုင်သိတာရှိသလို၊မသိတာတွေလည်းရှိပါတယ်။ သိတာရှိသလို ၊ မသိတာတွေလည်းရှိပါတယ်။ အောက်ခြေဆရာ ဆရာမတွေအဆင့်မှာ ယိုယွင်းနေတာပါ။
          ပညာရပ်တစ်ခုကို ကျွမ်းကျင် ပိုင်ဆိုင်စွာ တတ်မြောက်အောင် သင်ကြားပေးနိုင်ဖို့ အတွက် နှစ်ကာလအားဖြင့် ဘယ်လောက်ရှိရမယ်။သင်ရိုးကိုဘယ်လိုသတ်မှတ်ပေးရမယ်ဆိုတာ ကျွန်တော်မခန့်မှန်းနိုင်၊ ဝေဖန်မပေးနိုင်ပါဘူး။ရိုးသားစွာပဲဝန်ခံပါတယ်။ သို့ပေမယ့် တစိခုတော့ တင်ပြပါရစေ။ တက္ကသိုလ်မှာပဲဖြစ်ဖြစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ မူကြိုကျောင်းမှာပဲဖြစ်ဖြစ် ကျွမ်းကျင်သော ဆရာ၊ဆရာမများက စနစ်ကျသောသင်ကြားမှုပုံစံ၊ စနစ်တကျနဲ့လိမ္မာပါးနပ်တဲ့ စီမံခန့်ခွဲနိုင်မှု၊ စနစ်ကျပြီး မျှတတဲ့စည်းကမ်းတွေ၊ ဒါတွေကို ကောင်းစွာမပြင်နိုင်သေးသရွေ့တော့ လေးနှစ်မကလို့ နှစ်နှစ်ဆယ်ပဲတိုးတိုး ဆောင့်ကြောင့်ထိုင်နေကြတဲ့ဖားလေးတွေက ခြင်္သေ့တွေဖြစ်မလာနိုင်ပါဘူး။
          ကျွန်တော်က တခြားဆရာ့ဆရာကြီးတွေလို ဝေါဟာရအမြင့်ကြီးတွေကို သုံးပြီးတော့လည်းမပြောတတ်ပါဘူး။ကိုယ့်မျက်စိနဲ့မြင်တာ၊ကိုယ့်အတွေ့အကြူံအရ သိတာလေးတွေကိုပဲ ဖောက်သည်ချရင်း ပြင်ဆင်စရာတွေကိုပြင်ဆင်နိုင်စေဖို့ ရည်ရွယ်လို့ ရေးသားလိုက်ရတာပါ။ ကျွန်တော့်ဆောင်းပါးကိုဖတ်ပြီးတော့ မီဒီယာကိုမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရေးကဏ္ဍရဲ့ စနစ်တွေ၊ ဥပဒေတွေကို ပြင်ဆင်နိုင်စွမ်းရှိတဲ့ ပြည်သူတွေအသံနားထောင်ပြီး စာဖတ်တဲ့သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ(စာဖတ်တဲ့လို့သုံးလိုက်၇တာက စာမဖတ်တဲ့သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲတွေရှိနေလို့ပါက “သြော်...တက္ကသိုလ်မှာ ဒါမျိုးတွေဖြစ်နေပါလား ငါတို့ဘယ်လိုစီမံကြမလဲ၊ဘာလုပ်သင့်သလဲ” ဆိုတဲ့ အတွေးစလေးတစ်မျှင် ၀င်လိုက်ရင်ပဲ ကျွန်တော်ရေးသားရကျိုးနပ်ပါပြီခင်ဗျား........။

                                                                                                                  အောင်လင်းသစ်(အမေ့မြေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...