ရွေးချယ်ခွင့်
by Chan Myae on Tuesday, July 10, 2012 at 11:59pm
“ ဒါကို ကျွန်တော်လုပ်ရင် အောင်မြင် မှာလား .... အော်ရင်ကယ် ”“
“ ဒါကတော့ မင်းရွေးချယ်မှုပဲ နီယို.....”
ဘ၀ ဆိုတာ ရွေးချယ်မှုပဲ... အတုအယောင် လောကကြီးမှာ အစစ်ဆိုလို့ အချစ်တခုပဲ ရှိတယ် မင်းရွေးချယ်မှု တခုပြုလုပ် လိုက်တာနဲ့ ကျန်တာက ငါဆက်ပြောလို့ မတတ်တော့ဘူး
မင်း ဘာလုပ်နိုင်လည်း မင်းပဲသိတယ် ဒါပင်မဲ့ မင်းကို ငါယုံတယ် နီယို ”
The Matrix ရုပ်ရှင်ထဲ စကားလုံးတွေပါ ဘ၀ဆိုတာ ရွေးချယ်မှုလို့ ဒါရိုက်တာက ပြောချင်တာပါ ။ ကျွန်တော်တို့ တခုခုကို ရွေးချယ်လိုက်တာနဲ့ ဘ၀ က ပြောင်းလဲ သွားရတာပါပဲ ပြန်ပြင်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။
ရွေးချယ်မှုတိုင်းက လည်း ဘ၀အတွက် အရေးပါနေတာပဲ ဒါကတော့ ဘာမဟုတ်တဲ့ ကိစ္စလေးပါပဲ ဆိုပြီး လုပ်လိုက်တဲ့ကိစ္စ တခါတလေမှာ အကြီးအကျယ် အမှားလုပ်မိတာလည်း ရှိပါတယ် နောင်တချိန်ကျမှ ငါတော့ အဲတုန်းက ဒီလို လုပ်ခဲ့ ရမှာဆိုပြီးနောင်တတွေ ရကြတဲ့ လူတွေ အများကြီးပါ။ ဒီတော့ ရွေးချယ်မှုတိုင်းမှာ တာဝန်တို့ မျှော်လင့်ချက်တို့ဆိုတာတွဲလျက်ပါလာရတာပါပဲ တချို့ လူတွေ အတွက်တော့ ရွေးချယ်မှု ကို တာဝန်နဲ့ တွဲမမြင်ကြတာ များပါတယ်။
ရွေးချယ်မှုဆိုတာ ကို ကြည့်ပြန်တော့ တချို့ အရာတွေက ကိုယ်တိုင်ရွေးချယ်လို့ ရပင်မဲ့ တချို့ အရာတွေကျတော့ ကံကြမ္မာရဲ့ ရွေးချယ်မှုကို လိုက်နာရပြန်ရော အဲအချိန်ကျတော့ တာဝန်ဆိုတဲ့ အရာကို မလိုချင် လိုချင် ထမ်းဆောင်ကြရပါပါတယ်။
ဒီလို ကိုယ်တိုင်ရွေးချယ်လို့ မရတဲ့ အရာတွေ ထဲမှာ မိဘ ဆွေမျိုး ညီအကို နောက်ဆုံး ကြင်ရာဘက် အထိ တောင် ကိုင်တိုင် ရွေးချယ်မှုမရတဲ့ လူတွေ ရှိပါတယ် ။ လူတွေ ဆိုတာက တဦးထဲ အတွေးနဲ့ ရွေးချယ်လို့ မရတော့ တယောက်ထဲပဲ ခံစားမှုတွေ နာကျည်းမှုတွေအလိုမကျမှုတွေနဲ့ ရင်ဆိုင်ရတာပါပဲ ။
ဒီလို အခြေအနေ ရောက်ရင် ပြည်သူတွေ ရဲ့ ခံစားမှု နာကျည်းမှု ဟာ တူရာတူရာ ရွေးချယ်မှုအသစ်တွေကို လုပ်လာရပါတော့တယ် ။
ဒီတော့ အမှန်တရားဘက်ကို ရွေးချယ်မလား မှားတဲ့ အခြေအနေအောက်မှာ ရေစုန်မြောလိုက် ကြမလားဆိုတဲ့ မေးခွန်းက အရေးပါလာပါတယ် ။ နိုင်ငံနဲ့ ချီပြောလို့ရနေတယ် ဆိုပင်မဲ့ သေချာပြန်စဉ်းစားရင် လူတဦးချင်း ရဲ့ ရွေးချယ်မှုဆိုတာ တိုင်းပြည်ရဲ့ရွေးချယ်မှုပါပဲ ။ တိုင်းပြည်ကောင်းတဲ့ လမ်းပေါ် ရောက်စေချင်တာဟာ ကျွန်တော်တို့ တဦးချင်းရဲ့ရွေးချယ်မှုတွေနဲ့ တိုက်ရိုက်ကို သက်ဆိုင်နေပါတယ် ။ကျွန်တော်တို့ တိုင်းပြည်ဟာ ကျွန်တော်တို့ ရွေးချယ်မှုပါပဲ ကျွန်တော်တို့ ရွေးချယ်မှုဆိုတာ လည်း ကျွန်တော်တို့ တိုင်းပြည်ပါပဲ ။
လူတချို့က ဘ၀ ကို ရွေးချယ်မှုလို့ မမြင်ကြပဲ တိုက်ပွဲလို့ မြင်ကြတယ် ။ တိုက်ပွဲ ဆိုတာ အနိုင်နဲ့ အရှုံး ပါပဲ မနိုင်ရင် ရှုံးမှာပါပဲကျွန်တော်ကတော့ အဲလို့ မမြင်ပါဘူး ရွေးချယ်မှု အလွဲတွေကို လုပ်လို့ လွဲသွားရတယ်လို့ မြင်ပါတယ် ။ ကိုယ်ကိုကိုယ် ဘာလိုချင်မှန်း မသိပဲ သူများပြောလို့ လိုက်လုပ်ကြတယ် အချိန်တန်နောင်တ ရတော့မှာ သူများကို လက်ညိုးထိုးတော့ပါပဲ.......။မင်းမြောက်ပေးလို့ ငါဒီလို ဖြစ်ရတယ် ဆိုတာ ရှိသေးတယ် ။ ဒီလို လူတွေ က သာမန်နေရာမှာဆို သိပ်ပြဿနာမရှိ ပေမဲ့ တိုင်းပြည်ခေါင်းဆောင်နေရာကို ရောက်သွားတဲ့ အခါကြတော့ အများကြီး နစ်နာ ကုန်တာပေါ့ဗျာ။ ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိတဲ့လူတွေကြောင့်ရွေးချယ်မှုဆိုတာ ပျောက်ဆုံးသွားတယ် ဒါကို လုပ်ရင် ဒါဖြစ်ရမယ် ဆိုတဲ့ အသိက တကယ်တော့ မလုံလောက်ပါဘူး။
ဥပမာ တခု ကတော့ ဆေးလိပ်သောက်လို့ အဆုတ်ရောဂါဖြစ်တယ် ဆိုပင်မဲ့ လူတိုင်းတော့ မဟုတ်ပါဘူး ဆေးလိပ်မသောက်ပဲ လည်း အဆုတ်ကင်ဆာ နဲ့ သေသွားသူတွေ တပုံကြီးပါ ။ ၁ နဲ့ ၁ ပေါင်းလို့ ၂ ပဲရရမယ် ဆိုတဲ့ အတွေးနဲ့ ရွေးချယ်ကြမယ်ဆိုရင် မှားဖို့က ရာခိုင်နှုန်းများ ပါလိမ့်မယ် ။
အပိုင်း ( ၂ )
မနက်ဖြန်အတွက် မိုးရွာရန် ရာခိုင်နှုန်း ၅၀ ဖြစ်ပါတယ် ။
မနက်ဖြန် အတွက် ခန့်မှန်းချက်ကတော့ သာသာယာယာရှိပါမယ်.......
ဘဂင်္လားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိပါ။
ဒါဟာ ကျွန်တော်တို့ နေ့စဉ်ကြားနေရတဲ့ မိုးလေ၀သ ခန့်မှန်းချက်တွေဖြစ်ပါတယ် ။ ရာသီဥတု ဆိုတာ ယတိပြတ်ပြောလို့ မရနိုင်ပါဘူးအခြေအနေပေါ်မူတည်ပြီး ခန့်မှန်းပြောနေတာပါ ရွေးချယ်လို့လည်း မရပါဘူး ဒီနေ့တော့ ဘာပွဲရှိလို့ မင်္ဂလာဆောင်ရှိလို့ ဆိုပြီးနေသာခိုင်းလို့ မရပါဘူး နေသာတယ်ထင်ပြီး ပွဲစီစဉ်ထားကာ မှ မိုးရွာလို့ ပျက်တာလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော်တို့ နေ့စဉ်ရာသီဥတုရဲ့ အခြေအနေပေါ် မူတည်ပြီး အလုပ်တွေလုပ်ကြတယ် သွားကြလာကြတယ် စားကြသောက်ကြတယ် ဒါပင်မဲ့ ကျွန်တော်တို့ ရာသီဥတုကို ရွေးချယ်ခွင့် မရပါဘူး ။ မိုးကလည်း သည်းလိုက်တာ နှင်းကလည်း ကျလိုက်တာလို့ စိတ်ပျက်နေမယ် ဆိုရင် ကျွန်တော်တို့ ရှင်သန်လို့ ရမယ်တောင် မထင်ပါဘူး ။
အခြေအနေ ပေးမှ လုပ်မယ်ဆို ကျွန်တော် ရွေးချယ်မှုတွေက နောက်ကျနေပါ လိမ့်မယ် ။
ဒီပတ်ဝန်းကျင် ဒီအခြေအနေ ဒီလို ပညာရေး ဒီလို ကျမ်းမာရေး ဒီလို ဆင်းရဲဒုက္ခတွေ ရှိနေလို့ ဆိုပြီး အကြောင်းပြနေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဆက်လို့ မရပါဘူး ဘဲဥ အစရှာ နေသလို ဖြစ်နေ ပါလိမ့်မယ်။
ရွေးချယ်လို့ မရနိုင်ရင် ကျွန်တော် တို့ နိုင်သလောက် အဖြေရှာရပါမယ် အပြစ်တင်နေမယ်ဆိုရင်တော့ အဖြေမထွက်နိုင်ပါဘူး ။
သူများတိုင်းပြည်တွေထက် ကျွန်တော်တို့ တိုင်းပြည်မှာ ရွေးချယ်စရာက များများစားစားမရှိတာတော့ အမှန်ပဲ ဖုန်းဝယ်မယ်ဆိုလည်းအစိုးရ ဆီက ကားဝယ်မယ်ဆိုလည်း အစိုးရ ဆီက ပညာရေးဆိုလည်း အစိုးရ ချယ်လှယ်ထားတယ် ။ လူငယ်တွေရဲ့ အနာဂတ်ကိုတောင်အစိုးရ က ချယ်လှယ်နေတယ် အစိုးရကတော့ အာဏာရှင်တို့ ထုံးနန်းအစဉ်အလာအတိုင်း အင်အားကို မတော်မတရားသုံးပြီး ဖိနိပ်နေတာပါ လူငယ်တွေရဲ့ ဘ၀က ဆယ်တန်းအောင်ပြီဆိုတာလည်း ဘာရွေးချယ်ကြမလဲ ဆိုတဲ့ မေးခွန်းက တကယ့်ပြသနာပါအရွယ်ရောက်နေတဲ့ လူတယောက်ဆိုတော့ အရာရာကို တိုးတက်ချင်တဲ့ မျက်စေ့နဲ့ ကြည့်တာပါပဲ ခက်တာက ရွေးချယ်စရာက လက်ချိုးရေရင်တောင် လက်တဘက်စာ ပြည့်ရင် ကံကောင်းပါတယ် ။ နောက်ဆုံးကျတော့ မိဘရဲ့ ယူဆချက်နဲ့ ရွေးချယ်ရတဲ့ အနေအထားကို ရောက်လာတော့တာပါပဲ ကိုယ်တိုင် လုပ်နိုင် မလုပ်နိုင် မစဉ်းစားတော့ပဲ အလုပ်ရရင် ပီးရောဆိုတဲ့ တွေးခေါ်ပုံဟာကမောက်ကမ ဘ၀ တွေကို ဖန်တီးပါတော့တယ် ။ ပညာရှင် ဘ၀ကို ရောက်ဖို့ထက် လက်မှတ်ကို ငွေနဲ့ ၀ယ်ရတဲ့ ဘ၀ဖြစ်သွားပါတယ်။ ပန်းသီးပင်စိုက်ပြီး လိမ္မော်သီး စားချင်နေတဲ့ အဖြစ်ပါပဲ။
ငွေနောက်ကို ရွေးချယ်မယ်ဆိုရင် ငွေတော့ရချင်ရပါလိမ့်မယ် ဒါပင်မဲ့ အဓိပါယ်ရှိတဲ့ ဘ၀ကိုတော့ ရောက်မှာ မဟုတ်ပါဘူး။ လူတယောက်ချင်းစီရဲ့ ဘ၀တွေ ကမောက်ကမ ဖြစ်နေမှာတော့ အဲဒီတိုင်းပြည်ရဲ့ အခြေအနေကလည်း ကမောက်ကမ ဖြစ်နေမှာအသေအချာပါပဲ ။ လေယာဉ်ပျံ တစီးမှာ မူလီလေး တခု ပြုတ်သွားတာနဲ့ လေယာဉ်ပျက်ကျ နိုင်တဲ့ အနေအထားကို ရောက်သွား နိုင်ပါတယ်။
တိုင်းပြည်တခုမှာ ပြည်သူတွေရဲ့ ဘ၀တွေ ပြုတ်ထွက်သွားရင် တိုင်းပြည်လည်း ချောက်ထဲကို ထိုးဆင်းရတာပါပဲ ။
ပြည်သူတွေ ဘ၀ များများပျက်လေ ချောက်ထဲကို ကျတဲ့ အရှိန်ကလည်း များလေပါပဲ ။
( ဒါက ရွေးချယ်မှု အမှန်နဲ့ အမှား ကျွန်တော့်ယူဆချက်ပါ)
ကျွန်တော်တို့ လိုချင်တာနဲ့ ရွေးချယ်မှု ထပ်တူကျမှဘ၀မှာ အောင်မြင်မှု ဆိုတာ ဖြစ်လာမှာပါ ။ ငွေရလို ဇောနဲ့သာ အလုပ်လုပ်မယ်ရွေးချယ်ကြမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ပါဘူး ။ အောင်မြင်မှု ရပြီဆိုရင် ငွေက အနောက်က သူ အလိုလိုကပ်ပါလာတာပါ ငွေနောက်ရင်တော့ ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူး ။ အဓိကနဲ့ သာမည ရွေးချယ်မှုက ဘ၀ ရဲ့ အဓိပ္မါယ်ပါပဲ ။ဘ၀ဆိုတာက အမှန် နဲ့ အမှားရွေးသလို အမှန်မဟုတ်ရင် အမှားပဲ ဆိုတဲ့ လွယ်လွယ်ကူကူ ပုဒ်စာတပုဒ် မဟုတ်ပါဘူး ။ ကျဆုံးမှု အောင်မြင်မှုဆိုတာ ညီမျှ ခြင်းတဘက်နဲ့ တဘက်ပါပဲ ။
အသက်နဲ့ အလောင်းအစား လုပ်ပြီးရွေးရတဲ့ ရွေးချယ်မှုတွေလည်း လောကမှာ ရှိပါတယ် ။ ၆ လပဲ နေထိုင်လို့ ရမယ် ဆိုတဲ့ ....
ကင်ဆာရောဂါ သည်တယောက်အတွက် ဓါတ်ကင်မလား ဒီအတိုင်း အသေခံမလားဆိုတာ သူရဲ့ ရွေးချယ်ခွင့်ပါ။ ကြိုက်တဲ့ လမ်းကို
ရွေး ဒါပင်မဲ့ အဆုံးမှာ သေချင်းတရားက ရှိနေပါတယ် ။ မသေတဲ့ လမ်းဆိုတာတော့ မရှိပါဘူး ။ သေမဲ့ အတူတူ ဒီအတိုင်းအသေခံမလား စွန့်စားပြီ ဆေးကုမလားဆိုတာတော့ တဦးချင်းရဲ့ ရွေးချယ်မှု ပါပဲ ။
အပိုင်း ( ၃ )
ခေတ်မကောင်းတိုင်းတာ ခေတ်ကို အပြစ်တင်ကြေးဆို ငါတို့ ခွေးဖြစ်တာကြာပေါ့ သူငယ်ချင်းရာ
ခေတ်မကောင်းတာ က တပိုင်း မင်းကြိုးစားရမှာက တပိုင်း အကန့်ခြင်းမရော နဲ့ ဘွဲ့ရပြီးရင် အလုပ်မရှိဘူး မပြောနဲ့ ဘွဲ့ရပြီး အလုပ်လုပ်နေသူတွေ အများကြီး လူနဲ့ ပဲ ဆိုင်တယ် ကျန်တာက မကြိုးစားခြင်းရဲ့ ရလာဒ်ပဲ......... ဒါကို သဘောပေါက်ရင် ပြီးပြီ
( သူငယ်ချင်း ၂ ယောက်နှင့် စကားပြောခြင်း မှ ထုတ်နုတ်ချက် )၈၈၈၈ မှာ မွေးလာတဲ့ သူငယ်ချင်း ၃ ယောက် စကားပြောတော့ သူတို့ ဖြစ်နေတဲ့ အခြေအနေနဲ့ တခြားလူငယ်တွေ ရဲ့ အခြေအနေကို ယှဉ်ပြီး ပြောဖြစ်ကြတယ် ခေတ်ကို အပြစ်တင်တာ ဟာ လူငယ်တွေရဲ့ တက်လမ်းကို ထိခိုက်တယ် ဆိုတာ ပြောဖြစ်ကြတယ် ။
ခေတ်ကို အပြစ်တင်တာ မှားတယ်လို့ ကျွန်တော်တို့ မဆိုလိုပါဘူး ဒါပင်မဲ့ ခေတ်က မပေးရင် ခေတ်ပျက်ကြီးမှာ ပျက်သလို လုပ်တတ်ရ
မယ်ဆိုတာ ကျွန်တော်တို့ သိထားရမယ် ။ သူများ တိုင်းပြည်က လူငယ်တွေ ကြိုးစားတာထက် ကျွန်တော်တို့ ၂ ဆ ၃ ဆ ပိုပြီး ကြိုးစား
ရမယ် ဆိုတာပါပဲ ရွေးချယ်ခွင့် မရှိရင် ကျွန်တော်တို့ ရွေးချယ်ခွင့်ကို ဖန်တီးနိုင်တဲ့ အဆင့်ရောက်အောင် ကြိုစားရမှာ တာဝန်တခုပါ။
ခေတ် အဆက်ဆက် လူငယ်တွေ လုပ်ချင်တာ လုပ်ခဲ့မှု ဟာ ကျွန်တော်တို့ ခေတ်မှာ ရပ်တန့်သင့်ပြီလို့ ကျွန်တော် ကတော့ ယူဆပါတယ်။
တိုင်းပြည်က အခွင့်အရေး မပေးတဲ့ အခါ ကျွန်တော်တို့ အခွင့်အရေးကို ကိုယ်တိုင် ဖန်တီးယူရမယ် ဆိုတာ သိထားသင့်ပါတယ် ။ခေတ်ကြီးပျက်နေတာ အခြေအနေ အချိန်အခါ တခုပါ ကျွန်တော် မကြိုးစားတဲ့ အပိုင်းက ကျွန်တော်တို့ အပိုင်းပါ ။ ခေတ်ရဲ့ သားကောင် အဖြစ် ရွေးချယ်ကြမလား ခေတ်ရဲ့ သူရဲကောင်းအဖြစ် ရွေးချယ်မလားဆိုတာ ကျွနိတော်တို့ အတွက် တိုက်ပွဲပါ ။
ကိုယ်ကိုတိုင် မကြိုးစားပဲနဲ့ တော့ နိုင်ငံရေးကြောင့်လို့ အပြစ်တင်နေတာ မတရားဘူးလို့ ကျွန်တော် ထင်ပါတယ် ။
( ကျွန်တော် ခံစားချက် နှင့် ရေးသားထားခြင်းပါ )
ချမ်းမြေ့
( အပေါ်က အပိုင်း ၁ နှင့် ၂ က တင်ပြီးသား နုတ်၂ ခုပါ အပြီးထိ ရောက်အောင် ရေးပြီး ပြန်တင်လိုက်ပါ တယ် )
11.7.2012
0 comments:
Post a Comment