ခုနစ်ဇူလိုင်မှ အရိုးတွန်သံ
by Victor Tan on Sunday, July 1, 2012 at 8:22pm
မြန်မာ့လွတ်လပ်ရေး
အာဇာနည်သွေးသူရဲကောင်းသွေးတွေ
စုဝေးပေါင်းဆုံရာ
အချက်အချာနေရာကား
ကျောင်းသားသမဂ္ဂပါ…။
ဤသို့ သမိုင်းတွင်သမျှ
နှိုင်းယှဉ်မရတဲ့
သမဂ္ဂအဆောက်ဦကြီးကို
ဒေါသမီး တောက်
မောဟမီး ပေါက်တာနဲ့
ပြာပုံဖြစ်မြောက်
မသာအစုံစင်စစ် ရောက်ခဲ့ရတယ်။
ယင်းအဆောက်အဦထဲ
ရဲရဲတောက်ဇာနည်ဘွား
စာပန်းချီကြွားလောက်အောင်
တောက်ပြောင်တဲ့သမိုင်းဖြစ်ရပ်
မဆိုင်းမရပ်ဘဲ အရောင်ထင်ဟပ်ခဲ့လေတယ်။
ထူးမြတ်တဲ့ပုဂ္ဂိုလ်
သခင်ကိုယ်တော်မှိုင်းတို့လို
စာဆိုက၀ိ ပညာရှိတွေ
ဦးဘဖေတို့လို လူကြည်ညိုစရာ
နိုင်ငံရေးဆရာ အဖြာဖြာတွေ
စာပေအလင်းရောင်
ထွန်းလင်းပြောင်အောင်
ဦးဆောင်တဲ့ ဦးချစ်မောင်တို့လို
ဂျာနယ်ထိပ်ခေါင် ကလောင်ရှင်တွေ
အမှောင်ကိုခွင်း အလင်းဆောင်တဲ့
သတင်းရှေ့ဆောင်
ကလောင်ဆန်းထတဲ့ လူထုဦးလှ
အကောင်းသက အကောင်းတွေ
ကောင်းကျိုးအထွေထွေပေးဝေခဲ့တဲ့
ဒေါင်းအိုးဝေ ခန်းမ
ဆန်းသမျှ လန်းမထနိုင်တော့
ကြမ်းလှတဲ့ အာဏာရှင် အရိုင်းအစိုင်းတွေ
ဒိုင်းနမိုင်းနဲ့ ဖြိုခွဲခဲ့သလေ…။
ဗိုလ်ချုပ်အောင်ဆန်းက.. ပြောခဲ့သည်
ငါ့ဦးခေါင်းသည် သွေးချင်းချင်းနီသော်လည်းဦးမညွတ်…တဲ့။
ကိုဗဟိန်းက မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေ့မယ်…တဲ့။
ဆလိုင်းတင်မောင်ဦးက
စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူးတဲ့။
မင်းကိုနိုင်က
ငါ့ရုပ် ငါ့ခန္ဓာသာ ဖမ်းချုပ်လို့ရမယ်
ငါ့စိတ်ဓါတ် ငါ့ဝိဥာဉ်ကိုဖမ်းချုပ်လို့မရဘူး…တဲ့။
ကောင်းစဉ်အလာက
မောင်းနှင်ကာပေးလိုက်တဲ့
ကောင်းမင်္ဂလာကြွေးကြော်သံတွေပါ။
ရာဇ၀င်အမဲစက် အာဏာရှင်တွေသွေးပျက်
ရှေးဆက်ပြီး ဘယ်လိုဖျက်ဖျက်
မပျက်နိုင် မပျောက်နိုင်။
အသက်ပေး စတေးခံသွားတဲ့
ကျောင်းသားတွေရဲ့ အရိုးတွန်သံဟာ
မိုးစွန်အရောက်ဖေါက်တဲ့
ဒင်းတို့ရဲ့ဗုံးကျည်ဆန် အမြောက်ထက်
ပေါက်ထွက် မြောက်တက်
ခြောက်မြဲခြောက်လျက်သွေမကွာ
ကြောက်လဲကြောက်လျက်နေချေမှာ…။
တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၁ ၂၀၁၂)
0 comments:
Post a Comment