Sunday, July 22, 2012

ကပ်ပါးချစ်


by Zwe Lwin on Monday, January 23, 2012 at 3:31am ·


   လွတ်မြောက်ချင်ပြီတဲ့လား။ ဟိုစဉ်အခါက သာယာခဲ့မည့် ကိုယ့်စကားသံများကို တစ်လုံးတစ်ပါဒမျှ မကြားချင်တော့ဟုဆိုပဲ။ ကိုယ့်ကို ချစ်လားဟု တဖွဖွမေးခဲ့သော သည်နှုတ်ခမ်းပြည့်ပြည့်အစုံသည် ‘နင်ငါ့ကို ချစ်တယ်လို့ ပြောသမျှ နားဝင်ဆိုးနေပြီ’ ဟု စိမ်းရက်နိင်၏။
              ပြောနိုင်သူပါလေ။ ကိုယ်က အပြစ်ရှိသူ အပြစ်သားဘဝ သူပြောသမျှ ခေါင်းငုံ့ နားထောင် အံကြိတ်ထားရုံပါပဲ။ သူပေးခဲ့သော အခွင့်အရေးများစွာသည် ကိုယ်၏ ညံ့ဖျင်းမှုတွေက နင်းချေခြင်းကို ခံခဲ့ရပြီးသည့်နောက် ကြင်နာယုယမှုဖေးမကူညီမှုမှန်သမျှက နာကျည်းခြင်းသက်သက်အဖြစ်သို့  အသွင်ကူးပြောင်းလာခဲ့ရာ ကိုယ်က မျက်လုံးကြောင်တောင်ကန်းလျက် မမြင်မိသူသာဖြစ်တော့သည်။
               “ငါလိုချင်တာ ဦးဆောင်မှုလေ။ နင်က ဘေးကတောင် မလိုက်နိုင်တဲ့ သူပဲ ခန့် ”
           မေမေ၏ ချစ်မြတ်နိုးစွာ ထိန်းကျောင်းမှုတွင် အသားကျနေသောကိုယ်သည် လူညံ့တစ်ယောက်ဖြစ်နေပြီလား။ မေမေ၏ ဘယ်သောအခါမှ အပြစ်မမြင်သော မျက်ဝန်းအစုံအောက် နှစ်သိမ့်ပျော်ရွှင်ခဲ့သည့်ကိုယ်သည် သူ၏ စူးရှရက်စက်သည့် မျက်ဝန်းစိမ်းများရှေ့မှောက် မလူးသာမလွန့်သာချောင်ပိတ်ခဲ့ရပြီ။
            “ ငါနင်နဲ့  စကြိုက်ခဲ့တုန်းက ငါက ဘာဆိုဘာမှ မဟတ်ုသေးပါဘူး ခန့် ရယ်။ အခု ငါ့ခြေထောက်ပေါ် ငါရပ်နိုင်နေပြီ။ ငါ ဂုဏ်သိက္ခာနဲ့ငါ နေနိုင်နေပြီ။ ငါ့ဘဝလမ်းကြောင်းကို ငါပြတ်ပြတ်သားသားရွေးရတော့မယ်”
         ချစ်ရသူ၏ တဆင့်ထက်တဆင့် မြင့်တက်သွားသော ခြေလှမ်းများနောက် အပြတ်အသတ်ကျန်ခဲ့သော ကိုယ့ိကု အထင်သေးစကားဆိုနိုင်ခဲ့ပြီလား။ အို မဟုတ်သေး။ ကိုယ်က တာစထွက်သည် နေရာက တစ်လှမ်းမှမရွေ့နေနိုင်သေးသည့် အသုံးမကျသူ စစ်စစ်ဖြစ်လေသည်။
           “ ဒီလောက်နှစ်တွေ ကြာနေတာတောင် နင်ငါ့ကို စိတ်မကုန်သေးဘူးလားဟင်။ တော်ပါတော့ဟယ်။ နင်ရောငါရော စိတ်ပင်ပန်းနေရပြီပဲ။ နင်ငါ့အပေါ် လက်လျှော့လိုက်ပါတော့”
             နှစ်ပရိစ္ဆေဒများက စံချိန်တင်ပေးလိုက်သည့် အချစ်ဟု မသတ်မှတ်နိုင်ပဲ လယ်ကန်သင်းမှအတက် ကပ်ပါလာသော မျှော့တစ်ကောင်လို စက်ဆုပ်ဖွယ်ဟု ချစ်က ယူဆသတဲ့လား။ ကိုယ်လည်း ကြိုးစားပြီးမေ့ခဲ့တာပါပဲ။ မေမေကပင် အစဖော်မပေးမိအောင် သတိထားနေခဲ့သည်။ မင်းနဲ့ ပတ်သက်သော ပစ္စည်းတိုလီမုတ်စ အမှတ်တရတွေလည်း ကိုယ်မတောင်းဆိုရပဲ လက်စသိမ်းပေးခဲ့သည်။
           ဒါပေမယ့် ချစ်ရယ်။ ကိုယ်ကပင် ညံ့ဖျင်း အသုံးမကျနေရာတွင် ထူးချွန်နေသလားမသိနိုင်ပဲ မင်းကို မေ့ဖျောက်ရာတွင်လည်း တစ်စက်ကလေးမှ မဖြစ်မြောက်နိုင်ကာ နာကျင်ရပါသည်။ စိတ်နှလုံးကို ဖိစီးရစ်နှောင်ထားသော သံယောဇဉ်ဆံနွယ်ရှည်များကို ဖြတ်တောက်ဖြည်ချလိုက်ဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်။ ‘ နင်က အဖြစ်မှ မရှိတာ ‘ ဟု နှာခေါင်းရှူံ့ ဦးမလားဟု သေအံမူးမူးစိတ်ကူးများထဲ ပုံဖော်မိလိုက်သေးသည်။ ကိုယ်က ရွံစရာပင် ကောင်းနေပါပြီကော။
              ကိုယ့်ကိုတွေ့ တိုင်း အမှောင်ထဲမှ တစ္ဆေတစ်ကောင် နေ့ ခင်းကြောင်တောင် အရိပ်အယောင်လာပြသလို စိတ်မသက်မသာဖြစ်ပုံရသည့်မင်းသည် မျက်နှာလွှဲကာ သွေးအေးပြသော်လည်း ကျိန်စာသင့်နေသူ ငမိုက်သားကိုယ်က မျှော်လင်းခြင်းမီးတောက်ကလေး မငြိမ်းနိုင် ဆက်ကာဆက်ကာ သံယောဇဉ်နှော်ထုံးကို ဆုပ်ကိုင်ထားချင်ဆဲ။
               အခြားချစ်ရသူလည်းမရှိပဲ ကိုယ့်ကိုသာ စိတ်ကုန်ခမ်းသွားတာ သေချာလာရသော်လည်း ဘုန်းကြီးတစ္ဆေထက်ပင် တရားချမရသော ကိုယ်ပါပေ။ တခါတလေများ မင်းစိတ်ညွတ်ပျောင်းလားမလား လာလေမလားနှင့် ကိုယ့်အရှူံးတွေသာ ခြေရာထင်ခဲ့ပါပြီရော။
              “ ဘဝအတွက် ဘာစီမံကိန်းမှလည်း မရှိ။ အပူအပင်လည်းမရှိ။ ဘာများ အာမခံချက်ရှိလို့ ဒီလိုနေနိုင်တာလည်း ခန့် ”
             ပြင်ပါ့မည်၊ ကြိုးစားပါမည် ဆိုသော ကတိစကားများသည် လေရူးနောက် ပါသွားသည့် သဲမှုန်စများပမာဖြစ်ခဲ့ရပြီး ယုံကြည်မှုသည် ကြိုးစင်ထက်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်နေသော ရာဇဝတ်သားလောက်ပင် မကြံစည်ကောင်းရာ။
         ‘ ငါလည်း စိတ်မကောင်းပါဘူး ‘တဲ့လား ချစ်ရယ်။ ကြင်နာမှုများ ထင်သလောက်မခေါင်းပါးသေးဟု အားတက်ချင်သော်လည်း ‘လုံးဝကို ချစ်လို့မရတော့ဘူး ‘ဆိုရာ စကြဝဠာအပြင်သို့ လွင့်စင်ကာ အစအနရှာမရအောင် ပျောက်ဆုံးသွားချင်တော့သည်။ မင်းလက်ကလေးကို ဆုပ်ကိုင်ထားနိုင်သည် အခွင့်အရေးလေး နောက်တစ်ကြိမ် မရှိတော့ဘူးဟု ကိုယ်မယုံကြည်နိုင်သေး။ အားနာလျက် အရှက်သည်းလျက်က ကိုယ်နောက်မဆုတ်နိုင်တာ မေမေမြင်ရလျှင် ရင်ကျိုးမည်ထင်သည်။
        ကိုယ့်ပခုံးထက် မှီနွဲ့ လျက် ခိုးခစ်ရယ်မောနေခဲ့သော မင်းသည် ခေါင်းမော့စိမ်းကား တည်ငြိမ်စွာ လျှောက်လှမ်းနိုင်နေပြီ။ မင်းပျော်သလိုနေပါစေ။ ကိုယ်က ဝေးဝေးမှသာ ကြည့်နေပါ့မည်ဟု ဆုံးဖြတ်ချက် ချခဲ့တာလည်း အကြိမ်ကြိမ်။ ကျိုးပေါက်ခဲ့တာလည်း အခါခါ။
             ကုန်လွန်ခဲ့သော နှစ်များစွာက ချစ်စဖွယ်မိန်းကလေးငယ်သည် မင်းမဟုတ်တော့။ ယုံကြည်မှုနှင့် အောင်မြင်သည့် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပြီ။ ကိုယ်သိပါသည်။ မျက်လုံးနှင့်တွေ့ ရသမျှ ဦးဏှောက်က လက်ခံပိုင်းခြားနိုင်ပါသေးသည်။ နှလုံးသားကမှု ထိုအချိန်များတွင်သာ စက်ရပ်သွားသည့် နာရီလို စွဲထင်နေသော မင်းပုံရိပ်က ကြီးစိုးခဲ့သည်။
            မင်းအသိုင်းအဝိုင်းထဲတွင် ကိုယ်မရှိတော့။ မင်းတစ်နေ့တာ ကိစ္စအဝဝတွင် ကိုယ့်အတွက် အကန့်မရှိတော့။ မင်းစိတ်ပင်ပန်းသည့်အခါ ဖုန်းဆက်ရင်ဖွင့်မည်သူသည် ကိုယ်မဟုတ်တော့။ မင်းဘဝ၏ ပျော်ရွှင်စရာ အချိန်များကို မျှဝေခံစားနိုင်သည့် သူလည်း ကိုယ်မဟုတ်တော့။ အတိတ်မြို့ ပျက်ထဲ တဝဲလည်လည် ကိယ့်မှာတော့ ဘဝ၏ အကြောင်းခြင်းရာများသည် ဘာမှ ထူးခြားခြင်းမရှိသလို တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးခဲ့သည်။ ရှာရှာကြံကြံ မင်းရဲ့အလွဲပေါင်းများစွာကို တစွန်းတစ ကိုယ်ကြားမိလျှင် ဝေဝါးမှုန်မှိုင်းနေရာက လက်ခနဲ ပျိုးပြက်သွားသည့် အချိန်လေးများပါပဲ။
          ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေသည့် မင်းလို သတ္တိမျိုး ကိုယ်ရချင်သည်။ သူရဲဘောကြောင်သူ ကိုယ့်မှာ တိုက်ဆိုင်မှုများ ကြုံကြိုက်ရလျှင် ပျော်ရမည်လား၊ ဝမ်းနည်းရမည်လား မဝေခွဲနိုင်ပဲ စိတ်ရှုပ်ထွေးနေရုံ။
       အမှန်စင်စစ် မင်းက ကိုယ့်အတွက်ဖြေဆေးမရှိသော အဆိပ်။ ရင်ခုန်သံနရီ ကမောက်ကမဖြစ်စေသည့် တေးသွား။ အသည်းတလှပ်လှပ်ဖြစ်စေတတ်သည့် ကမ်းပါးကျောက်ဆောင်။ ဘယ်အချိန်ချိန်မော့ကြည့်ကြည့် ကိုယ့်ကို စိုးမိုးထားသော ကောင်းကင်။ သည်းခြေနှောက်ကာ ရူးသွပ်သွားစေတတ်သည် မူးယစ်ဆေး။
        ကိုယ်ကတော့ မင်းအတွက် နှစ်ရှည်လများ စိတ်အနှောင့်အယှက်ပေးနေသည့် ကပ်ပါးကောင်။
         သိမ်ငယ်စရာ ကိုယ့်အဖြစ်ကို စက်ဆုပ်လျက် မင်းအနားက ထွက်ခွာလာဖို့လည်း မာနက ချိနဲ့ လျက် တဖြည်းဖြည်း နီးကပ်လာသည့် အဆုံးကို ကြိုမြင်နေလည်း ခေါင်းမာကာ ငြင်းဆန်နေဆဲ။ မင်း မင်္ဂလာဆောင်ကို မြင်ရမှ ကိုယ်စိတ်လျှော့မယ်ဟု အားတင်းနေဆဲ။
             တကယ်တော့  ချစ်သည် မည်သည့် တစ်ဦးတစ်ယောက်သော ယောက်ျားနှင့် လက်ထပ်သည်ဖြစ်စေ၊ တစ်ကိုယ်တည်း ဘဝကို ချီတက်သည်ဖြစ်စေ၊ ကိုယ်ကတော့ ဘယ်လိုနည်းနှင့်မှ မျှော်လင့်ခွင့်မရှိတော့တာ ပိုခိုင်မာလာခဲ့သည့်နောက် သည်က ကပ်ပါးကောင်၏ ခွန်အားများလည်း လျော့ပါးလာခဲ့ဖို့ သင့်ပါသည်။
           ရှူပ်ထွေးများမြောင်လှသော လောကကြီးမှာ ကိုယ်တို့ နှစ်ယောက်အဖြစ်က မထူးခြားလှသောလည်း ကိုယ့်အချစ်၏ နှောင်ကြိုးများမှ လွတ်မြောက်ဖို့ ချစ်က တောင်းဆိုနေပါပြီ။ တကယ်တော့ ကြိုးတစ်ချောင်း၏ ဘဝသည် ချည်နှောင်ခံရသူအနားမှပင် မခွာနိုင်ပဲ သေဆုံးနေခဲ့သည်မှာ……………။

မှတ်ချက်။ ။ ဒါကို ရေးနေတုန်းက ဖြတ်စာကို မမှီမှာ ဖြတ်စာနဲ့ တူနေမှာ စိုးရိမ်နေခဲ့ပါတယ်။ ဒီတစ်ခါရေးရတာ မရေးရတာ ကြာတော့ အားငယ်နေမိပြန်ရော။ အမြုံမဟုတ်တော့ပေမယ့် မွေးလိုက်တဲ့ကလေး လူစဉ်မီပါ့မလားဆိုတဲ့ ခံစားချက်မျိုး။ နောက်ဆိုရင်တော့ အချစ်အမုန်းမဟုတ်ပဲ တခြားအကြောင်းရေးချင်ပါတယ်။

 
Mr.Magazine 2012 June လထုတ်မှာ ဖော်ပြခံရပါပြီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...