Sunday, July 22, 2012
ကမ်းဝေးပင်လယ်
by A Mon Moon on Wednesday, July 18, 2012 at 11:35pm 
"ကိုယ့်မှာ ဘာအပြစ်များရှိလို့လဲ ပြောပါဦး ပြောပါဦးကွာ"
အစကတည်းက ကျွန်မ ဒီဖုန်းကို မကိုင်ချင်ခဲ့ ပါ။ ဒါပေမယ့် အဲဒီဖုန်းကို မကိုင်မချင်း သူတောက်လျှောက်ခေါ်နေခဲ့လေသည်။ မက်ဆေ့တွေလည်း ၅ မိနစ်ခြားတစ်ခါ သူပို့နေခဲ့တာ။
လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက Forever ဆိုတဲ့နာမည်လေးနဲ့ ကိုလေးဖြူရဲ့ ” ခရီးများအဆုံးထိလျှောက်” ringtone သံလေးကြားလို့ ရင်ခုန်စွာနဲ့ ကျွန်မ ဖုန်းလေးကို အမြန်ကောက်ကိုင်လိုက်တိုင်း ဒီစကားလေးက ပထမဆုံး ကြားရတဲ့ သူ့ ရဲ့ လေသံအေးအေးလေးနဲ့ နုတ်ဆက်စကားလေး။ အရင်အချိန်တုန်းကတော့ “ နေကောင်းပါတယ်မောင် ပြောလေ..” လို့ ကျွန်မတက်ကြွ မြူးတူးစွာ ပြန်နှုတ်ဆက်ခဲ့ဖူးပါသည်။
အဲဒီကတည်းက မောင်က ဘာမှပြောစရာမရှိပါဘူး နေကောင်းလားလို့ လှမ်းမေးတာ လှမ်းနုတ်ဆက်တာပါ ဆိုပြီး အသံတိတ်နေခဲ့ တော့ ကျွန်မကပဲ “ အိုး ….မောင်ကလည်း နေ့ လည်ကတင် တွေ့ ကြသေးတာကို….ဒါများသက်သက်ထပ်မေးနေရသေးလား “ ဆိုတော့ “ မောင်မှ ဘာမှ အထွေအထူးပြောစရာမရှိတာ မေရဲ့ ” ဆိုပြီး တိုးတိုးလေးရယ်နေခဲ့ တယ်။ ကျွန်မကပဲ ဒါဖြင့် ကျွန်မပြောမယ် ကျွန်မမှာ ပြောစရာတွေမှ အပုံကြီးမောင်ရဲ့ ဆိုပြီး ကျွန်မတို့ နှစ်ယောက်လက်ထပ်ပြီးတဲ့ အခါ အတူတူနေကြဖို့ ကိုယ်ပိုင်အိမ်လေး တစ်လုံးဝယ်ကြဖို့ အဲဒီအိမ်ကလေးကို အခန်းဘယ်လိုဖွဲ့ မယ်…ဘုရားစင်လေးကို ဘယ်လိုထားမယ်..မောင်နဲ့ ကျွန်မတို့ ရဲ့ အိပ်ခန်းလေးကို ပန်းနုရောင်လေးသုတ်ပြီး ခန်းစီး လေးကို လွင်လွင်ကလေး တပ်ဖို့ ရယ် ကျွန်မအတွက် စာကြည့်စားပွဲလေးနဲ့ စားပွဲတင်မီးအိမ်လေး အကြောင်း မောင့်အတွက်ကတော့ ဘောလုံးပွဲကို အိပ်ခန်းထဲမှာပဲ ကြည့်ဖို့ TV လေးတစ်လုံးကို အိပ်ခန်းထဲမှာလည်း ထားမယ်ဆိုတဲ့အကြောင်းတွေ သားလေးသမီးလေးတွေ ကို ဘယ်လို ပြုစုပျိုးထောင်မယ်ဆိုတာတွေ တသီတတန်းကြီး ပြောတာကို မောင်က ဘာမှ ပြန်မပြောပဲ တိတ်တိတ်လေးပဲ နားထောင်နေခဲ့ တယ်လေ။ တချက်တချက် ကျွန်မက မောင် ကျွန်မပြောနေတာကြားရဲ့ လို့ မေးတော့ အင်း လို့ တစ်လုံးတည်း ပြန်ပြောလေတယ်။
ကျွန်မ ချစ်သော မောင်က ကျွန်မကို ချစ်ပါတယ် ဆိုတဲ့ စကားလုံးကိုတောင် စက္ကူ အပြာနုနုလေးမှာ ရေးပြီး မွေးနေ့ ကဒ်လေးထဲ ညှပ်ပေးခဲ့ တာ.။ ကျွန်မတို့ ချစ်သူတွေ ဖြစ်ပြီးသွားတော့ မောင့်ဆီက အဲဒီစကားကြားရဖို့ ကို အတော်လေးမေးယူခဲ့ရဖူးပါတယ်။ နောက်ဆုံး ကျွန်မစိတ်ဆိုးပြီး လမ်းမပေါ်မောင့်ကို ထားရစ်ပြီး ခြေလှမ်းကြဲကြဲနဲ့ လျှောက်သွားတော့မှ မောင်က “ မေ….မေ့ ကို မောင်ချစ်တယ်လေ မသွားနဲ့ ”လို့ အနားတိုးပြီးပြောရှာတယ်။ မှတ်မှတ်ရရ မိုးရေစက်တွေကြား ခရေတွေဖွေးနေအောင်ကြွေနေတဲ့ အဲဒီလမ်းကလေးမှာ မောင့်ရဲ့ ချစ်တယ် ဆိုတဲ့ စကားကို ပထမဆုံး ကျွန်မကြားခဲ့ရတာပေါ့။ ကျွန်မခန္ဒာကိုယ်ထဲ သွေးတွေအားလုံး ပူနွေးသွားတဲ့ အထိ မျက်ဝန်းမှာ မျက်ရည်စတွေ သီဝေ့လာတဲ့ အထိ မောင့်ကို ရင်ခုန်မြတ်နိုးစွာ ကျွန်မချစ်ခဲ့ဖူးတယ်လေ။
မောင်က တစ်ခါတစ်ရံ မင်းငါ့ကို တစ်ကယ်ချစ်ခဲ့တာမှ မဟုတ်ပဲ လို့ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလာခဲ့ရင် ကျွန်မရင်တွေ အရမ်းကို နာကျင်ရပါတယ်။ ကျွန်မက အချစ်ထက် ဘ၀ကိုရှေ့ တန်းတင်တတ်သူဆိုတာကို   မောင်နားမလည်ချင်ယောင်ဆော င်နေ တာလား မောင်ရေ။ "တို့ နှစ်ယောက်ချစ်နေဖို့ က အဓိက မဟုတ်ဘူးလား "လို့ မောင်မေးလာခဲ့တုန်းက ကျွန်မဟာ ကျွန်မပီသစွာပဲ စီမံကိန်းတွေကို တသီတတန်းကြီးရွတ်ပြတော့ မောင်က အဝေးကြီးကိုငေးနေခဲ့တာ.......................ဆွံ့ အတိတ်ဆိတ်စွာပေါ့။ မောင့်အမြင်မှာ ကျွန်မက ငွေကိုတန်ဖိုးထားသူ တဲ့ လေ။ ကျွန်မက ငယ်ငယ်ကလေးတည်းက ရည်မှန်းချက်နဲ့ ဘ၀ကို ပုံဖော်လာခဲ့ယုံပါမောင်။ ကျွန်မရည်မှန်းချက်ကို မောင်က တခြားတဖက်ခြမ်းကနေ လှည့်ကြည့်နေတော့ မောင့်အတွက် ကျွန်မဟာ နာကျင်စရာ စိတ်ညစ်ညူးစရာ မြွေတစ်ကောင်ဖြစ်မှန်းမသိဖြစ်ခဲ့ပြီပေါ့။
ကျွမ်မစကားတွေကို မောင်ကြားမှကြားပါရဲ့ လားလေ။ ကျွန်မက အရာရာကို စနစ်တကျ အစီအစဉ်ဆွဲပြီး စီမံတတ်တဲ့သူ။ မောင်က ပစ္စုပ်ပန်တရားကို လက်ကိုင်ထားတဲ့သူ။ ကျွန်မရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို မျှော်လင့်တကြီးမောင့်ကိုပြောပြတော့
“ မေ….မေစားချင်တာ စားလို့ ရတယ်၊ မေ..၀ယ်ချင်တဲ့ ဘယ်ဟာမဆို ၀ယ်လို့ ရတယ်၊ မေသွားချင်တဲ့ နေရာကို သွားလို့ ရတယ်၊ မေ..လုပ်ချင်တာကို လုပ်လို့ ရနေရဲ့ သားနဲ့ ဘာများထပ်ဖြစ်ချင်သေးတာလဲ”
လို့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီး မောင်က ချင့်ချင်ချိန်ချိန်ပုံစံနဲ့ မေးလာတဲ့အခါ…မောင့်အတွက် အဖြေတိတိကျကျကို ကျွန်မပြောပြရပြန်ပြီပေါ့။
".မေတို့ တည်ဆောက်ကြမယ့် မိသားစုအတွက် အနာဂတ်ဆိုတာရှိတယ် မောင်၊ ကိုယ့်သားသမီးကို ကိုယ်နေရတဲ့ အဆင့်အတန်းထက်ပိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုမှာ ထားချင်တာ ကျွန်မဆန္ဒပဲ။ ကျွန်မရဲ့ အနာဂတ်ဟာ အဲဒီလှေကားထစ်တွေပဲ။ ကျွန်မဟာ အမြဲ လှေကားထစ်တွေကို ဖြတ်ကျော်သွားချင်နေတဲ့ သူပါမောင်…မောင်ဦးမဆောင်နိုင်လည်း နောက်ကလိုက်ခဲ့ပါ။ ကျွန်မကို ကန့် လန့် တော့ မတိုက်ပါနဲ့ …တစ်ဘ၀လုံးလက်တွဲသွားဖို့ ကျွန်မစိတ်ကူးတွေကို မောင်အကောင်အထည်မဖော်ပေးနိုင်ရင်တောင် ကျွန်မကို မတားဆီးပါနဲ့ ” ဒီလိုနဲ့ ကျွန်မတို့ အနာဂတ်အတွက် တိုင်ပင်တိုင်း တိုက်ပွဲတစ်ခုနဲ့ ပဲ အဆုံးသတ်ခဲ့ရတယ်လေ။
နောက်တစ်နေ့ ကျတော့လည်း မောင်က ဘာမှမဖြစ်ခဲ့သလို ကျွန်မအတွက် ကော်ဖီလေးဝယ်ပြီး အိမ်ကိုရောက်လာခဲ့ပြန်ပါရောကွယ်။ ကျွန်မနဲ့ မောင် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြတယ်။ အဲဒီအချစ်တွေက ချစ်သူသက်တမ်း ၃ နှစ်အထိအရမ်းကိုပျော်ရွှင်စရာကောင်းခဲ့တာပေါ့။ မောင့်ရဲ့ လက်ဖ၀ါးနဲ့ ကျွန်မလက်တွေကို ဆုတ်ကိုင်လိုက်တိုင်း အရာရာပြီးပြည့်စုံသွားပြီလို့ ကျွန်မခံစားပျော်ရွှင်ခဲ့ရပါတယ်။ မောင်ရဲ့ လက်ဖ၀ါးကတဆင့် ချစ်ခြင်းမေတ္တာတွေဟာ ကျွန်မရဲ့ ခန္တာကိုယ်ထဲကို စီးဆင်းသွားတယ်လို့ ခံစားရတိုင်း မောင့်ကို သိပ်ချစ်တာပဲလို့ ကျွန်မအကြွင်းမဲ့ ယုံကြည်ခဲ့ရတာလေ။ ဒီကြားထဲမှာ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်တွေကို မောင်ရော ကျွန်မပါ နားလည်ပေးနိုင်ခဲ့ကြတယ်လေ။
ကျွန်မက အပေါင်းအသင်းသိပ်များတဲ့ သူ။ မောင်က သူ့ သူငယ်ချင်းနှစ်ယောက်၊ သုံးယောက်ကလွဲပြီး အပေါင်းအသင်းအသစ် မရှိတဲ့သူ။ မရှာတဲ့သူရယ်။ မောင်က အမြဲခပ်တည်တည်နဲ့ တစ်ယောက်တည်း သူ့ အလုပ်သူလုပ်နေတတ်ပြီး မှန်မှန်ကန်ကန်နေတတ်တဲ့ သူဖြစ်လို့ ဘယ်သူမှလည်း သူ့ ကို ရန်သွားမစရဲ မရောရဲကြတာပေါ့ ။ အစကတော့ ဒါကျွန်မအတွက် မောင့်အပေါ်မှာ အထင်ကြီးလေးစားစရာ အချက်တစ်ချက်ဖြစ်ခဲ့တာပါ။ မိန်းမတစ်ယောက်က အထင်ကြီးလေးစားစရာ အချက်တစ်ချက်ချက်ကြောင့်သာ ယောက်ကျားတစ်ယောက်ကို ချစ်ခင်တွယ်တာမိတာပေါ့။ ကျွန်မတို့ ကို ဦးဆောင်သွားဖို့ အိမ်ထောင်ဦးစီးဆိုသူကို အထင်ကြီးခြင်း လေးစားမြတ်နိုးခြင်းမရှိပဲနဲ့ ကျွန်မတို့ ဘယ်လိုများရွေးချယ်မတဲ့လဲ။ အဲဒီအထင်ကြီးတဲ့ အချက်တွေမရှိတော့တဲ့ အခါမိန်းမသားတွေက သူတို့ ချစ်ပါတယ်ဆိုတဲ့ ယောက်ကျားတွေကို စွန့် ပြစ်တတ်ကြတာပဲ။ ဒီအတွက် ကျွန်မ မှားကောင်းမှားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မကလည်း ကိုယ့်ကိုဦးဆောင်နိုင်မယ့် ကိုယ်နဲ့ တန်းတူတွေးခေါ်စဉ်းစားနိုင်မယ့် ချစ်သူကို လိုချင်ခဲ့တာပါ မောင်ရေ။
ကျွန်မ နဲ့ မောင် အနာဂတ်အတွက် တိုင်ပင်လိုက်တိုင်းဇာတ်သိမ်းက တိတ်တဆိတ်လမ်းခွဲခဲ့ရတာချည်းပဲ။ ကျွန်မက စကားတွေ အများကြီးပြောနေချိန်မှာ မောင်က လုံးဝတိတ်ဆိတ်စွာ အဝေးကို ငေးမောနေမယ်။ ကျွန်မက စိတ်အားတက်ကြွမှုတွေနဲ့ စိတ်လှုပ်ရှားနေချိန်မှာ မောင်က လုံးဝတည်ငြိမ်အေးချမ်းနေပြန်ရော။ မောင်က တခါတလေ ကျွန်မရဲ့ အလိုမကျ ပြောဆိုနေတဲ့ စကားတွေကို သည်းမခံနိုင်တော့တဲ့ အခါ "မင်းမှာ ဒီလောက်ရည်မှန်းချက်တွေ ဘ၀တည်ဆောက်ရေး စီမံကိန်းတွေ ရှိနေရင် အစကတည်းက မောင့်ကို ဘာလို့ ရွေးခြယ်ခဲ့သလဲကွာ " အဲဒီစကားကို ပြောတဲ့ အချိန်မောင့်မျက်နှာမှာ ဘာအရောင်မှ ရှိမနေခဲ့ဘူး။ အနည်းဆုံးတော့ မောင်ဒေါသထွက်နေသင့်တယ် မဟုတ်လား။ မောင့်ကို ကျွန်မ မပြောဖြစ်ခဲ့တဲ့ စကားတစ်ခုရှိတယ်။ ကျွန်မ မောင့်ရဲ့ တုံ့ ပြန်မှု အပေါ် ဘာမှ ပြန်မပြောလိုတော့ ပဲ နွမ်းလျစွာနဲ့ တီးတိုးရေရွတ်မိခဲ့တာ အကြိမ်ပေါင်းမနည်းခဲ့ပါဘူး။
" မောင်ရေ..........ကျွန်မက သုည ကို ချစ်တတ်တဲ့ သူပါလေ။ သုည ကို ချစ်သလို သုညရဲ့ တန်ဖိုးကိုလည်း ကိုးကွယ်တဲ့ သူပါ။ မောင့်ကို ချစ်ခဲ့တာ အဲဒီ သုညကို ချစ်တတ် တန်ဖိုးထားတတ်လို့ ပဲ ပေါ့မောင်ရေ။ မောင့်မှာသာ ကျွန်မဖြစ်ချင်တဲ့ ဘ၀ရည်မှန်းချက်တွေကို ပံ့ပိုးပေးနိုင်တဲ့ အင်အားတစ်ရပ်ရှိခဲ့မယ်ဆိုရင်တောင် ကျွန်မရဲ့ ချစ်ခြင်းက အဲသလောက် ဖြူစင်ရိုးရှင်းပါ့မလဲလေ။ မောင့်ကို ကျွန်မရွေးခြယ်ခဲ့တာက ကျွန်မရဲ့ နုလုံးသားတစ်ခုလုံးက စေ့ဆော်မှုကို ကျွန်မရဲ့ ဦးနှောက်က ထောက်ပံ့ပေးတဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ပါလေ။ အဲဒါက အချစ်နဲ့ အရာရာကို တည်ဆောက်ကြမယ် လို့ ပေါ့။
ဒါပေမယ့် အဲဒီ အရာရာကို တည်ဆောက်ဖို့ အတွက် မောင့်မှာ အေးစက်ခြင်းတွေပဲပါလာခဲ့တယ်လေ။ ကျွန်မတို့ အဆင်မပြေတဲ့ အကြောင်းကိုသိတဲ့ သူငယ်ချင်းတွေက တခါတလေ စိတ်မရှည်စွာနဲ့ " နင့်လူက အေးတာမဟုတ်ဘူး အတာပါအေ " လို့ ပြောလာတဲ့ သူတွေကို ကျွန်မ တစ်လလောက်ထိ မခေါ်မပြောပဲ နေခဲ့ဖူးတယ်။ သူတို့ ကို ဒေါသတကြီး ပြန်တုံ့ ပြန်ခဲ့ဖူးတယ်။ အဲဒီအတွက် မောင့်ဆီကနေ အဲဒီလှေကားထစ်တွေကို အတူတူတက်သွားဖို့ ခြေလှမ်းတွေကို မျှော်လင့်ခဲ့ဖူးတယ်။ မောင်ရေ.....ဘာမှမရှိတဲ့ သုညလေးကို တန်ဖိုးတက်ဖို့ က အင်အားတွေလိုတယ်လေ။ မောင့်ကို ကျွန်မ ယုံကြည်ခဲ့ဖူးပါတယ်။ အားထားခဲ့ဖူးပါတယ်။ မျှော်လင့်ခဲ့ဖူးပါတယ်။ မောင်ကသာ အဲဒီနေရာမှာ အေးဆက်စွာ မလှုပ်မရှုက် ရပ်နေခဲ့သူပေါ့။ အမြဲ ခြေလှမ်းနေတတ်တဲ့ ကျွန်မက မောင့်အဝေးက ထွက်သွားတာမဟုတ်ပါဘူးလေ။ အဲဒီနှင်းတွေ မကွဲသေးသ၍ မောင်ကျွန်မရဲ့ ကြောပြင်ကို ငေးနေဦးမယ် မဟုတ်လား။ ကျွန်မကတော့ လျှောက်နေဦးမှာပဲ မောင်ရေ။ ကျွန်မရဲ့ အသစ်အသစ်သော ပန်းတိုင်တွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ဖို့ ........။
မောင့် နဲ့ ကျွန်မ တရားဝင်ပြတ်ဆဲခြင်းမရှိပဲနဲ့ တစ်ဆ တစ်ဆ ဝေးကွာခဲ့ရပြီးနောက် မောင့်ရဲ့ အကြိမ်ကြိမ်တောင်းပန်မှုတွေအောင်မှာ ကျွန်မလည်း အမြဲ လဲပြိုခဲ့ရတာပါပဲလေ။ အဲဒီလို အချိန်တိုင်း မောင်က ကျွန်မကို သိပ်ချစ်တယ်ဆိုတဲ့ စကားကိုပဲ ကလေးငယ်တစ်ယောက်လို တတွတ်တွတ်ပြောဆိုနေပြန်တယ်။ ကျွန်မကလည်း ပြန်လည်သင့်မြတ်ပြီး မောင့်ရင်မှာ မှီတွယ်နေရင်းနဲ့ ပဲ ကျွန်မတို့ အနာဂတ်အတွက်ပဲ ပြောဖြစ်ခဲ့တယ်။ ပထမဆုံးအကြိမ်တုံးကလို မဟုတ်ပဲ မောင့်ဆီကနောက်ပိုင်းရခဲ့တာက မောင်ကြိုးစားပါ့မယ် ဆိုတဲ့ ကတိတွေ။
အဲဒီကတိတွေနဲ့ အတူ မောင့်မျက်ဝန်းနက်နက်တွေကို မော့ကြည့်ုပြီး ကျွန်မ သိပ်ဝမ်းသာကြည်နူးခဲ့ရတယ်ဆိုရင် မောင်က ယုံပါ့ဦးမလား။ မောင့်ကို တင်းကြပ်စွာ ပွေ့ ဖက်ထားပြီး ကျွန်မတို့ အနာဂတ်အတွက် ကျွန်မ အိပ်မက်မက်ပြန်ပေါ့။ ဒါပေမယ့် ကတိတွေနောက်မှာ ကျွန်မ ရှာဖွေတွေ့ ရှိခဲ့ရတာက မောင့်ရဲ့ အေးစက်ခြင်းတွေ အပြင်ကြောက်ရွ့ံမှုတွေကိုပါ။ ကျွန်မ သိပ်ဝမ်းနည်းသွားခဲ့တယ်။ မောင်ဘာကို ကြောက်ရွ့ံ့နေတာလဲလေ။ နောက် အကြိမ်ပေါင်းများစွာ မောင်နဲ့ ကျွန်မ ဝေးသွားလိုက် နီးပြန်လိုက်နဲ့ ။ မောင့်ဆီက ကတိတွေကတော့ အချိန်တိုင်း မပြောင်းလဲပေမယ့် ပြောင်းလဲမှုတွေထဲမှာ မောင့်ရဲ့ မယုံကြည်မှုတွေ စိုးရိမ်မှုတွေ အပြင် စိတ်ဒဏ်ရာတွေကို ပါကျွန်မတွေ့ ရှိလာတဲ့ အခါ မောင်ရေ......................အချစ်ဆိုတာ အချိန်အတိုင်းအတာတစ်ခုပေါ်မူတည်ပြီး ပြောင်းလဲ တတ်တယ်ဆိုရင် သစ္စာတရားက ဘာပြောလေမလဲနော်။
မောင်နဲ့ ဝေးခဲ့တာ ခုဆို ၃ နှစ်ကျော်ခဲ့ပြီ။ မောင့်ကို ချစ်ခဲ့ရတာနဲ့ အတူပေါင်းလိုက်၇င် ကျွန်မတို့ ချစ်သူသက်တမ်းက ၇ နှစ်ထဲတောင်ရောက်နေပေါ့.........။ဒီနေ့ မနက်အစောကြီး ကျွန်မရဲ့ အိမ်ခန်းတံခါးဝမှာ ပန်းစီးအနီရဲရဲလေးနဲ့ အပြာရောင်ကဒ်လေး တစ်ခု။
"မေ.........အေးချမ်းပါစေ။ ဘ၀ကို အောင်မြင်စွာတည်ဆောက်နိုင်တဲ့ အမျိုးသမီးကောင်းဖြစ်ပါစေ။ မေ့ကိုချစ်နေတဲ့ သူတစ်ယောက် ဒီကမ္ဘာမှာ အမြဲထာဝရ ရှိနေတယ်ဆိုတာ ဘုရားသခင်ကိုတိုင်တည်ပါတယ်" ဆိုတဲ့ စာလေးက ရက်စွဲတစ်ခုသာ ပြောင်းလဲပြီး နှစ်စဉ်ရောက်နေကြအတိုင်း ။ ကျွန်မ ရင်မခုန်မိပေမယ့် ၀မ်းနည်းမိတယ်။ အဲဒါ အချစ်ကြောင့်လား ဘာလားတော့ ကျွန်မကိုယ်တိုင်လည်း နားမလည်ခဲ့ပါဘူး။
  မောင်..ဟိုးတုန်းကပြောခဲ့ဖူးသလို" ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ မောင့်နုလုံးသားဆီရောက်လာလိမ့်မယ် မောင့်ရင်ထဲက မေ့ကို ချစ်တယ်ဆိုတဲ့ စကားတွေကို ကြားရလိမ့်မယ် " ကျွန်မ အမှတ်တမဲ့ ကောင်းကင်ကြီးကို မော့ကြည့်မိတယ်။ ရင်ထဲက ကဗျာလေးတစ်ပုဒ်ကိုလည်း တိုးတိုးလေးရွတ်ဆိုမိလိုက်တယ်................
သစ္စာ
အဲဒီရင်ဘတ်ကို ခေါက်လိပ်သိမ်းပြီး
ဦးနှောက်ကို သူ့ အလိုကျ ဖြန့် ခင်းလိုက်ကတည်းက
အဲဒီ သစ္စာ အပိုင်းပိုင်းကြွေကြသွားခဲ့ပြီး.............။
မောင့်ကို ကျွန်မ.....................................................................။
အမွန်
၁၄ ဇူလိုင် ၂၀၁၂
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...