23.07.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, July 22, 2012 at 4:33pm ·
သေနတ်သမားရဲ့ အိမ်ခန်းကို ရဲတပ်ဖွဲ့က ဝင်ဖို့ ကြိုးပမ်းစဉ်
အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်က အော်ရိုရာမြို့ ရှိ ရုပ်ရှင်ရုံမှာ လူ ၁၂ ဉီးကို ပစ်သတ်ခဲ့တယ်လို့ ထင်ရတဲ့ လူရဲ့ အိမ်ခန်းက ထောင်ချောက်တွေကို ရှင်လင်း နိုင်ခဲ့ ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။အဲဒီ အိမ်ခန်းမှာ ဝိုင်ယာကြိုးတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ထောင်ချောက်တွေ ဆင်ထား ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အခန်းထဲကို စက်ရုပ်ကို စေလွှတ်လို့ ဖောက်ခွဲရေး ပစ္စည်းတွေကို မပေါက်ကွဲစေအောင် လုပ်နိုင်ခဲ့သလို ထိန်းချုပ်ပြီး ဖောက်ခွဲပစ်တာ ကိုလည်း လုပ်ခဲ့ကြပါတယ်။
အဲဒီ အိမ်ခန်းနဲ့ ပတ်သက်လို့ ဒေသရဲတပ်ဖွဲ့ အကြီးအကဲ ဒဲန်အုတ်စ်က ပြောကြား ခဲ့ရာမှာတော့ အဲဒီ အခန်းထဲကို ဘေးကင်းစွာ ဝင်နိုင်ဖို့ အတွက် တော်တော် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်းနဲ့ အခန်းထဲမှာ ဝိုင်ယာကြိုးတွေ၊ ထောင်ချောက် ဆင်ထားတဲ့ ဝိုင်ယာတွေ၊ ခဲယမ်းမီးကျောက်တွေ ၊အရည်တွေ အပြည့်ထည့်ထားတဲ့ ဖန်ကရားတွေနဲ့ မော်တာကျည်ဆန် တွေလို့ ထင်ရတဲ့ အရာတွေ အများကြီးကို တွေ့ရတဲ့ အကြောင်း တွေကို ပြောကြားသွား ခဲ့ပါတယ်။
အဲဒီ အိမ်ခန်း ရဲ့ အနီး အနားက အိမ်နီးချင်းတွေကိုတော့ သူတို့ နေထိုင်ရာ အိမ်ခန်း တွေဆီကို တနင်္ဂနွေ နေ့မှာ ပြန်နိုင်ကြပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ ပစ်ခတ် သတ်ဖြတ်မှု တွေကို ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိတဲ့ ဂျွန် ဟုမ်းစ်ကိုတော့ တနင်္လာနေ့မှာ ရုံးတင် စစ်ဆေး သွားမယ်လို့ မျှော်လင့် ရပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသူတွေကိုလည်း ဘယ်သူ ဘယ်ဝါဆိုတာကို အသိအမှတ် ပြုပြီး ဖြစ်ပါတယ်။
ကမ္ဘာ့ စီးပွားရေးမှာ ယိုပေါက်ကြီး ဖြစ်ပြီး၊ ဆုံးရှုံး ရတဲ့ အခွန် ဘဏ္ဍာငွေတွေဟာ အင်မတင်မှ များပြား
အခွန် သက်သာခွင့်ပေးတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ရှိတဲ့ ကမ္ဘာပေါ်က အချမ်းသာ ဆုံးသော ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှု တွေဟာ အနည်းဆုံး အားဖြင့် ဒေါ်လာ ၂၁ ထရီလျံ လောက် ရှိမယ်လို့ လေ့လာ သုတေသန ပြုချက် တခုအရ တွေ့ရှိပါတယ်။
ကမ္ဘာ့ စီးပွားရေးမှာ အခုလို ယိုပေါက်ကြီး ဖြစ်ပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အခွန် ဘဏ္ဍာငွေတွေဟာ အင်မတန်မှ များပြားလှပါတယ်။
ဒီအတွက် ဖွံဖြိုးဆဲနိုင်ငံ များစွာရဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ကြီးမားတဲ့ ကွာဟမှုတွေကို ဖြစ်စေနိုင် တယ်လို့ ဆိုပါတယ်။
ဒီပမာဏဟာ အမေရိကန်နဲ့ ဂျပန်နိုင်ငံ နှစ်ခုပေါင်းရဲ့ ပြည်တွင်း အသားတင် ကုန်ထုန်လုပ်မှု တန်ဖိုး GDP နဲ့ ညီမျှပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး ပဂ္ဂိုလ်တွေရဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုတွေကို အဓိက ဆောင်ရွက် ပေးနေတဲ့ ပုဂ္ဂလိက ဘဏ် သုံးခု ကတော့ UBS ၊ Credit Suisse နဲ့ Goldman Sachs ဘဏ်တွေ ဖြစ်တယ်လို့ အခွန်မျှတရေးကွန်ယက် Tax Justice Network ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
နယ်စပ်က ဒုက္ခသည်တွေ အတွက် အကူအညီ ပေးရေး ဆွေးနွေးခဲ့ (ဓာတ်ပုံ ENK Facebook)
KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာ အစိုးရ အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ကနေ နိုင်ငံရေး အဖြေ ရအောင် လုပ်ဖို့၊ ကရင်ပြည်နယ် ဒေသ မှာ ရင်းနှီးမြှုပ်နှံရင် ဒေသခံ တွေ ရဲ့ အကျိုးစီးပွားနဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး တွေဆောင်ရွက်ဖို့၊ လက်ရှိ နယ်စပ်က ဒုက္ခသည်တွေ အတွက် နိုင်ငံဖြတ်ကျော်ပြီး အကူအညီပေးရေး ကို ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က တောင်းဆို လိုက်ပါတယ်။
နှစ်ဘက် အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း ခြောက်ကြိမ် ရှိပြီးတဲ့ တိုင်အောင်၊ တိုင်းရင်းသား တွေ အပေါ်မှာ ထိုးနှက်တိုက်ခိုက်မှု တွေ ရှိနေဆဲမို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း လည်း ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က ဗြိတိန် နိုင်ငံဆိုင်ရာ တာဝန်ခံ နော်မေရီလှ က ဘီဘီစီ ကို ပြောပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း လည်း ပြောကြားသွားပါတယ် (ဓာတ်ပုံ EKN Facebook)
သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အပိုင်းမှာလည်း ရေလှောင် တာတမံ တွေ တည်ဆောက်ရာမှာ ဒေသခံ တိုင်းရင်းသားတွေ ကို ကြိုတင် အသိမပေးပဲ အတင်းဖယ်ခိုင်း လို့ ဒုက္ခရောက်ကြရပုံ၊ အဲဒီအတွက် ဥပဒေ အရ မြေယာသိမ်းရာမှာ နေရာအစားပြန်ပေးရေး၊ လျော်ကြေးပေးမှု စတာတွေ နဲ့ ပတ်ဝန်းကျင် မပျက်စီးရေး ပါ တောင်းဆိုကြောင်းလည်း ရှင်းပြပါတယ်။
နယ်စပ်ဖြတ်ကျော် အကူအညီ ပေးရေး အပိုင်းမှာလည်း ၂ဝ၁ဝ နှစ်ကုန်ပိုင်းက စပြီး ဥရောပ ကော်မရှင်က ထောက်ပံ့မှု ကို လျှော့ချလို့ ၂၅ ရာခိုင်နှုန်း လျော့သွားပုံ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မယ်လ ဒုက္ခသည် စခန်း လာစဉ် က ဒီအကြောင်းတွေ ပြောပြကြလို့ သူလည်း အလှူရှင်တွေ ကို ရှင်းပြမယ်လို့ ဆိုပုံ ကို နော်မေရီလှ က ဘီဘီစီ ကို ပြောပါတယ်။
အလှူရှင် နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေ ဘက်က အပစ်အခတ် ရပ်ဆဲပြီ ဖြစ်တဲ့ အတွက် ဒုက္ခသည်တွေ ကို ကူညီထောက်ပံ့ စရာ မလိုတော့ဘူး လို့ ယူဆနေကြလို့ ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က တောင်းဆို ရပုံကို နော်မေရီလှ က ပြောပြ ပါတယ်။
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ် ကို ဆိုက်ရောက်လာ
သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံကို ဒီကနေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ အတူ ထိုင်းနိုင်ငံကို လိုက်ပါ သွားတဲ့ ကိုယ်စားလှယ်အဖွဲ့မှာ စွမ်းအင် ဝန်ကြီး၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး၊ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး၊ လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီးတွေ အပါအဝင် ဝန်ကြီး ၇ ဦး၊ ဒုဝန်ကြီး ၃ ဦး ပါဝင်တာကို ကြည့်ရင် ဒီခရီးစဉ်မှာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အတော်အလေးထားလိမ့်မယ်လို့ယူဆနိုင်ပါတယ်။
တနင်္ဂနွေနေ့ ခရီးစဉ် အစပိုင်းမှာဘဲ မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ဆက်သွယ်ဖို့ စီစဉ်ထားတဲ့ ဘန်ကောက်မြို့ တောင်ပိုင်း ကီလိုမီတာ ၁၀၀ လောက်မှာ ရှိတဲ့ ချောင်ဘူရီ ပြည်နယ်က လမ်မ်ချာဘန် ရေနက်ဆိပ်ကမ်းကို သွားရောက် ခဲ့ပါတယ်။
မနက်ဖြန် တနင်္လာနေ့မှာ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့ တွေ့ဆုံတဲ့ အခါမှာလည်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုတွေနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတရပ်ကို လက်မှတ် ရေးထိုးကြဖို့ ရှိပါတယ်။
အဲဒီစာချုပ်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက် တွေလည်း ပါလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံက ကုန်သည်နဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းက ကိုယ်စားလှယ်တွေလည်း လိုက်ပါသွားပြီး မနက်ဖြန်မှာ ထိုင်းမြန်မာ စီးပွားရေး ကောင်စီက မြန်မာသမ္မတနဲ့ အဖွဲ့ကို နေ့လည်စာနဲ့ ဧည့်ခံရင်း တွေ့ဆုံကြဖို့ရှိပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ ၄ ဒဿမ ၅ ဘီလျံရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေကြောင့် အနောက်နိုင်ငံက ပိတ်ဆို့ အရေးယူ မှုတွေ လျှော့ပေးလာတဲ့အချိန်မှာ ထိုင်းနိုင်ငံက မြန်မာနဲ့ ကုန်သွယ်ရေးမှာရော၊ ရင်းနှီး မြှုပ်နှံမှုတွေကိုပါ တိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ နောက်ထပ် ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီး မြှုပ်နှံမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ PTT ထိုင်းရေနံကုမ္ပဏီ အကြီးအကဲနဲ့လည်း ဒီခရီးစဉ်အတွင်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဖက်ကို တရားမဝင် ကျူးကျော်လို့ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၀ ကျော်ရဲ့ အရေးကိုလည်း ဒီခရီးစဉ်အတွင်းမှာ ထိုင်းအစိုးရဖက်က ဆွေးနွေးလိမ့် မယ်လို့ ထိုင်းသတင်းထောက်တွေက ခန့်မှန်းနေပါတယ်။
ခါးလောက်အနက် ရေတွေ လျှံနေတဲ့ လမ်းတွေ ပေါ်မှာ ကားတွေ သောင်တင်နေ ပါတယ်
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ နှစ်ပေါင်း ၆၀အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ၁၀ဦး သေဆုံးခဲ့ပြီး မနေ့တုန်းက လူထောင်နဲ့ ချီပြီး နေအိမ်တွေ ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရ ပါတယ်။
တနင်္ဂနွေနေ့မှာ ဘေဂျင်းမြို့ ရာသီဥတု ကြည်လင်လာပြီ ဖြစ်ပေမယ့် နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း မှာတော့ နောက်ထပ် မိုးရွာ သွန်းမယ်လို့ ခန့်မှန်းထား ပါတယ်။
စနေနေ့နေ့လယ်က ရုတ်တရက် သည်းကြီး မည်းကြီး စရွာခဲ့တဲ့ မိုးကြောင့် ဘေဂျင်းမြို့ လမ်းမတွေ ပေါ်မှာ ရေတွေ လျှံ၊ ခေါင်မိုးတွေ လန်၊ သစ်ပင်တွေ လဲပြီး လျှပ်စစ် မီးကြိုးတွေ ပြတ်သွားခဲ့ ပါတယ်။
ခါးလောက် အနက် ရေတွေ လျှံနေတဲ့ လမ်းတွေ ပေါ်မှာ မော်တော်ကားတွေ ဘတ်စ်ကားတွေ ဆက်မသွား နိုင်ပဲ အဝေးပြေး လမ်းမ ကျယ်ကြီးတွေမှာလည်း ယာဉ်အသွား အလာတွေ ရပ်ဆိုင်းသွား ပုံကို ရုပ်မြင်သံကြားတွေမှာ တွေ့ခဲ့ရ ပါတယ်။ သေဆုံးသူတွေထဲမှာ ခေါင်မိုး ပြိုကျပြီး ပိမိသူတွေ၊ မိုးကြိုး ပစ်ခံရသူတွေနဲ့ မီးကြိုး အပြတ်တွေ ကြောင့် ဓါတ်လိုက်ခံ ရသူတွေ ပါတယ်လို့ ဆိုပါတယ်။
ဘေဂျင်းလေဆိပ်မှာ လေယာဉ် ခရီးစဉ် ၂၀၀ ကျော် ဆိုင်းငံ့လိုက်ရတဲ့ အတွက် ခရီးသည် ထောင်နဲ့ချီ သောင်တင်နေပါတယ်။ ဘေဂျင်းမြို့ အနီးမှာ ရှိတဲ့ ခရိုင်ဒေသတွေ ကနေ ဒေသခံ တသောင်းလေးထောင် လောက်ကို ဖယ်ထုတ် ခဲ့ရတယ်လို့ ရှင်ဝါ အစိုးရ သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။
မိုးက ဘယ်လောက် သည်းသလဲ ဆိုရင် ရေတံခွန် အောက်မှာ ရောက်နေ သလိုပဲလို့ တရုတ်နိုင်ငံမှာ တနှစ်ကျော် လောက် နေထိုင်နေတဲ့ ဗြိတိသျှ ကျောင်းသားတဦးက ဘီဘီစီကို ပြန်ပြောပြ ပါတယ်။
ရေတွေ လျှံနေတာကြောင့် အညစ်အကြေးစွန့် မြောင်းပေါက်တွေ ကို မမြင်နိုင်တဲ့ အတွက် မြောင်းပေါက်တွေထဲ ပြုတ်ကျမယ့် အန္တရာယ်တွေ နဲ့ ကြုံနေရကြောင်းနဲ့ မြောင်းပေါက်ထဲ ကျသွားတဲ့ အမျိုးသမီး တဦး သေဘေးကနေ သီသီလေး လွတ်ခဲ့တာ တွေ့ခဲ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြန်ပြောပြ ပါတယ်။
တခါမြောက်ပိုင်း ရှန်ဇီ ပြည်နယ်မှာလည်း မြစ်ထဲ ကုန်ကားတစင်း မျောပါ သွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ ပါတယ်။ တခါ နိုင်ငံ အနောက်တောင်ပိုင်းက စီချွမ် ပြည်နယ်မှာလည်း မြေပြိုကျပြီး နောက်ထပ် လူ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မကြာခင်မှာလည်း နောက်ထပ် ဆိုးဝါးတဲ့ ရာသီဥတု ဒါမှမဟုတ် ပြင်းထန်တဲ့ မုန်တိုင်းတွေ ထပ်ဖြစ်လာနိုင်စရာ ရှိတယ်လို့ ဘေဂျင်း မြို့တော် အစိုးရရဲ့ website မှာ ဖေါ်ပြထားပါတယ်။
မြို့ဆင်ခြေဖုံး အပိုင်းမှာ ကုန်ကားတစီး အမြောက် ဆံ ထိမှန်ပြီး မီးလောင်ပျက်ဆီး
ဆီးရီးယား နိုင်ငံ မြို့တော် ဒမားစကပ်စ်က ဘာဇီဟ် ရပ်ကွက်ကို အစိုးရ တပ်တွေက တိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ဘာဇီဟ် ရပ်ကွက်ထဲကို မြေပြင်ကနေ သံချပ် ကာ ကားတွေနဲ့ တင့်ကားတွေ ဝင်ရောက်လာတဲ့အချိန်မှာ မြေပြင် ပစ်မှတ်တွေကို ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်ကြသူ တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောတာကတော့ အစိုးရတပ်တွေဟာ မြို့တော်ရဲ့ နောက်ထပ် ရပ်ကွက်တခုဖြစ်တဲ့ မက်ဇီဟ်ရပ်ကွက်မှာလည်း တပ်ဖွဲ့ဝင်တွေ ချထားတယ်လို့ ပြောပါတယ်။
ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပို မြို့မှာလည်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
သူပုန်တွေကတော့ အလက်ပိုမြို့ မြောက်ဖက် ဘတ်အဲလ် စလန် မှာ ရှိတဲ့ နောက်ထပ့် တူရကီနယ်ခြား ဖြတ် ဂိတ်တခုကို သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား
သိင်္ဂီထွန်း | စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၂ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။
ဖျက်သိမ်းခါနီးတွေ့ရသော ကျူးကျော်တဲများ။ ဓါတ်ပုံ - မဇ္ဈိမ
လေကြောင်းဦးစီး၏ ရေဒီယိုအင်ဂျင်နီယာရုံးနှင့် ၀န်ထမ်းအိမ်ယာများ အနီးရှိ မြေပေါ်တွင် ဆောက်လုပ်ထားသော ရန်ကြီးအောင် အမည်ရှိရပ်ကွက်ထဲမှ ကျူးကျော်အိမ် ၁၀၃ အိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးရုံးဝန်ထမ်းများက နံနက် ၆ နာရီခွဲခန့်က စတင်ကာ တူများ၊ သံတူရွင်းများဖြင့် တနေကုန် ဖြိုဖျက်မှု ပြုကြသည်။
မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက “အိမ်တွေကို ဖျက်ပေးဖို့ သတိပေးနှိုးဆော်ထားတာ စုစုပေါင်း ရှစ်ကြိမ်ရှိပြီ။ အစတုန်းက ကလေးတွေ စာမေးပွဲရှိလို့၊ ဆယ်တန်းဖြေဖို့ နှစ်ယောက်ရှိလို့ဆိုပြီးပြောလို့ ကျနော်က အထက်ကို ပြန်တင်ပြထားပါတယ်။ ဖျက်ပေးဖို့သူတို့ကို အကြိမ်ကြိမ်ပြောပါတယ်” ဟု ဆိုသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသော နေအိမ်တဲများကို ဇူလိုင် ၂၀ ရက်နေ့တွင် ဖျက်သိမ်းမှုပြုနေစဉ်။ ဓါတ်ပုံ - မဇ္ဈိမ
ခြောက်နှစ်ခန့်ကြာ နေထိုင်သူများ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့်မှုကြောင့်ပြောင်းရွှေ့လာသူများ၊ လွန်ခဲ့သည့် သုံးလကမှ လာရောက်နေသူများပါဝင်သည့် လက်လုပ်လက်စား မိသားစုများအနက် အိုးအိမ်မဲ့ဖြစ်သွားရသူများ ရှိသည်။
“ဘယ်မှ သွားဖို့ မရှိဘူး။ ပစ္စည်းတွေချပြီး ဒီနားမှာပဲ ထိုင်နေဖို့ပဲရှိတယ်။ ကလေးတွေကလည်း ကျောင်းတဖက်တွေနဲ့ အိမ်ငှားတော့လည်း သူများတွေလို အိမ်ငှားခ မတတ်နိုင်ဘူး။ စပေါ်ငွေက နှစ်သိန်း၊ သုံးသိန်း တောင်းတဲ့ အိမ်ရှင်တွေလည်း ရှိတယ်။ လခကလည်း နှစ်သောင်း၊ သုံးသောင်း ထပ်ပေးရမှာဆိုတော့ မတတ်နိုင်ဘူး” ဟု အဖျက်ခံရသော အိမ်ဘေးတွင်ထိုင်လျက် ကိုသိုက်စောလင်း က ပြောသည်။
ကျူးကျော်နေအိမ် တဖက်ခြမ်းတွင်ရှိသော တပ်မြေ (ခေါ်) မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် ကွင်းထဲတွင် ဘူဒိုဇာ ကားငါးစီး ဇူလိုင် ၁၉ ရက်နေ့ ညနေမှ စတင် လာရပ်ထားသည်ဟု ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။
ရပ်ကွက်အတွင်းရှိ နေအိမ်အားလုံးကို ဇွန်လ ၂ ရက်နေ့ အပြီး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပေးပါက တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတိပေးစာရောက်အပြီးတွင် နောက်ထပ် ငါးလ ဆက်နေခွင့်ပေးပါရန် အသနားခံစာကို နေပြည်တော်သို့ တင်ထားစဉ် ဖျက်သိမ်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း အဖျက်ခံရသောနေအိမ် တအိမ်မှ ဒေါ်ဝါက မဇ္ဈိမကို ပြောသည်
“တချို့ကတော့ အထုပ်ဆွဲပြီး ပြေးတယ်။ ကြောက်ပြီးထွက်ပြေးတာ သုံးအိမ်ရှိတယ်” ဟု ပြောသည်။
လူဦးရေ ခြောက် သန်းခန့်ရှိ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော ဆင်ခြေဖုန်းတခုတွင်လည်း ကျူးကျော်အိမ် ဖယ်ရှားမှုများ ရှိနေသည်။
လွန်ခဲ့သည့်လက လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အတွင်း ကျူးကျော်အိမ် ၁၄၉ လုံးအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဖယ်ရှားခိုင်းခဲ့သည်။
ဆက်လက်နေထိုင်သူ အိမ်ထောင်စုများအားလည်း ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားပြီး နှစ်ဖက် အမှုရင်ဆိုင်ရလျက် ရှိသည်။
တာမွေ ရာပြည့်ဈေးသစ် ၂ နှစ်အတွင်း ပြီးစီးမည်ဟုဆို
လင်းကို | စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၆ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့် ဈေးအဖြစ် ပြန်လည် တည်ဆောက်မည်ဖြစ်ကာ ၂ နှစ်အတွင်း အပြီး တည်ဆောက်သွားရန် ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးဌာန အောက်ရှိ ရန်ကုန်မြို့ ဈေးများဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
ရာပြည့်ဈေး ပြန်လည်တည်ဆောက်ရေး စီမံကိန်းအား သင်္ကန်းကျွန်း မြို့နယ်ရှိ သင်္ကန်းကျွန်း ဈေးအားပြန်လည် တည်ဆောက်ခဲ့သော အောင်ကောင်းကျော် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ပြီး လက်ရှိ ဈေးဟောင်းတွင် ရောင်းချနေသော ဈေးဆိုင်ခန်းများအား တည်ဆောက်ဆဲကာလအတွင်း ယာယီ နေရာချထားပေးရေး အတွက် မြေနေရာ ရှာဖွေဆဲဖြစ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိက ဆိုသည်။
“ဈေးသစ်ကို ၂၀၁၂ ခုနှစ်အတွင်းမှာ စဆောက်မှာပါ။ ဆိုင်ခန်းအားလုံးကို မြေညီထပ်မှာပဲ ပြန်ချထားပေးမှာပါ။ ဆိုင်တခန်းကိုတော့ မူလအတိုင်း ငါးပေပတ်လည် အကျယ်အ၀န်း ရှိပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
တာမွေမြို့နယ်အတွင်း မြေနေရာ ၁.၀၉၁ ဧက ကျယ်ဝန်းသော လက်ရှိ ရာပြည့်ဈေးတွင် ဆိုင်ခန်းပေါင်း ၆၅၃ ခန်း ရှိပြီး မူလဈေးနေရာတွင် ၁၂ ထပ်မြင့် လူနေဈေး အဆောက်အဦးအနေဖြင့် ပြန်လည်တည်ဆောက်မည်ဖြစ်သည်။
ရာပြည့်ဈေးအတွင်း အထည်ဆိုင် ဖွင့်လှစ်ထားသော ဒေါ်အေးကြည်က “အခုဈေးက အမိုးအကာတွေလည်း မလုံပါဘူး။ မိုးရွာလိုက်ရင် ဈေးထဲမှာ ဗွက်ပေါက်နေတာ။ ဈေးဆိုင်တွေကလည်း မနက်ပိုင်းလောက်ပဲ ဖွင့်တဲ့ ဆိုင်တွေ များပါတယ်။ အသစ် ပြန်ဆောက်ပြီးရင်တော့ ဈေးပိုစည်လာမယ် ထင်ပါတယ်” ဟု ဆိုသည်။
ရာပြည့်ဈေး၏ လက်ရှိအခြေအနေသည် အသုံးမပြုသည့် ဆိုင်ခန်းများရှိခြင်း၊ ရေမြောင်းများ တိမ်ကောနေသဖြင့် ဈေးအတွင်း ရေစီးရေလာ မကောင်းခြင်း စသည်တို့ကြောင့် နံနက်ပိုင်း အချိန်လောက်တွင်သာ အရောင်းအ၀ယ် ရှိနေပြီး နေ့လည်ခင်းနှင့် ညနေချိန်များတွင် အရောင်းအ၀ယ် ပါးလျက်ရှိသည်။
ရာပြည့်ဈေးအတွင်း ထီးပြင်ဆိုင် ဖွင့်ထားသော ဦးသိန်းဝင်းက “ဈေးကို အသစ်ပြန်ပြီး ဆောက်မယ်လို့တော့ ကြားတယ်။ ဈေးစည်ပင်ကတော့ ဘာမှ လာပြီး ပြောတာ မရှိသေးဘူး။ အခုကတော့ ဈေးက မနက်ပိုင်းလေးပဲ လူရှိတယ်” ဟု ဆိုသည်။
ခြောက်လကျော်အတွင်း ခရီးသည်ယာဉ် တိုက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆၇ ဦး သေဆုံး
ရတနာဦး | စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ခရီးသည်ယာဉ်တိုက်မှုကြောင့် ယခုနှစ် ပထမ ခြောက်လပတ် ကျော်ကာလအတွင်း ရန်ကုန်မြို့အတွင်း သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။
ယာဉ်အသွားအလာ ရှုပ်ထွေးသည့် ရန်ကုန်မြို့ တစ်နေရာ။ ဓါတ်ပုံ - မဇ္ဈိမ
ဇန်န၀ါရီလမှ ဇူလိုင်လလည်အထိ “ယာဉ်တိုက်မှုစုစုပေါင်း ၁၄၃ မှု ဖြစ်ပွားတဲ့အထဲမှာ မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားခဲ့တာပါ။ ဒုတိယအများဆုံးကတော့ အရှိန်ပြင်းမောင်းလို့ဖြစ်တာပါ” ဟု ဦးလှအောင်က ဆိုသည်။
ခရီးသည်တင် ယာဉ်လိုင်းများ တိုက်မှုများတွင် ယာဉ်စီးရေ အများဆုံးရှိသော မထသ (မြို့တွင်း) ယာဉ်လိုင်းမှ ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ်တိုက်မှု ဒုတိယ အများဆုံးလိုက်သည်။ ဗန္ဓုလ (ပါရမီ) ယာဉ်လိုင်းနှင့် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းတို့မှာ ယာဉ်တိုက်မှု အများဆုံးစာရင်းတွင် ပါဝင်သည်။
ရန်ကုန်မြို့တွင်း မော်တော်ယာဉ်များ သိသိသာသာ တိုးလာချိန်တွင် ခရီးသည်တင် ကားများ၏ စည်းကမ်းမဲ့မှုနှင့် ပတ်သက်၍ မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က “ယာဉ်ကြော ကြပ်တဲ့အတွက် ခရီးသည်တင်ဘတ်စ်ကား မောင်းတဲ့သူတွေက ယာဉ်တိုက်မှု မဖြစ်အောင် ဂရုတစိုက် မမောင်းဘဲ တစီးနဲ့တစီး အပြိုင်အဆိုင် ကျော်တက် မောင်းကြတာတွေကြောင့် ဖြစ်တာပါ” ဟု ဆိုသည်။
“ယာဉ်တိုက်မှု ဖြစ်ပြီဆိုရင်လည်း အဓိကတရားခံက ယာဉ်မောင်းဖြစ်တာကြောင့် ယာဉ်မောင်း အများစုက အဖမ်းမခံဘဲ ထွက်ပြေးကြတယ်”ဟု သူက ဆက်ပြောသည်။
မထသ (ဗဟို)က အပတ်စဉ် ယာဉ်စည်းကမ်းပိုင်းဆိုင်ရာ သင်တန်းများ ပို့ချပေးနေပြီး ယာဉ်တိုက်မှုဖြစ်လျှင် ယာဉ်မောင်းများ ထွက်ပြေးမှု မလုပ်ရေးနှင့် ဒဏ်ရာရ ခရီးသည်တွေကို ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်တင်ဖို့ကိုပါ ထည့်သွင်း သင်ကြားပေးနေသော်လည်း လက်တွေ့လုပ်ဆောင်မှု နည်းပါးလှသည်။
နေ့တွက် ပုတ်ပြတ်စားစနစ်နှင့် အခေါက်စားစနစ်ကြောင့် ၀င်ငွေအတွက် ယာဉ်မောင်းများ အန္တရာယ်ဖြစ်လောက်အာင် ပြိုင်ဆိုင်မှုများ ဖြစ်စေသည် ဆိုကာ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို အခြေခံလစာနှုန်းထားနှင့် ဆုချီးမြှင့်စနစ်များ ပြုရန် ယာဉ်လိုင်းမှ သတ်မှတ်ပေးထားသော ခေါက်ရေစနစ်ကိုလည်း ပြန်လည်ဆန်းစစ်ခြင်းများ ပြုရန် အကြံပြုမှုများလည်း ရှိနေသည်။
မထသ(ဗဟို) စီမံမှုအောက်၌ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်း အဖွဲ့အစည်းပေါင်း ၁၇ ခုရှိပြီး ယာဉ်စီးရေပေါင်း ရှစ်ထောင်ကျော် ရှိသည့်အနက် ငါးထောင်ကျော် နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်အများစုကို ည ၈ နာရီ မကျော်မီ အထိသာတွေ့ရလေ့ရှိပြီး ထိုအချိန်ကျော်လွန်လျှင် အရှိန်ပြင်းစွာ မောင်းနှင်လေ့ရှိမှုကြောင့် နာမည်ဆိုးတွင်သော ကြားကားများကိုသာ ခရီးသည် အများစုက အားထားရလေ့ရှိသည်။
ဇူလိုင်လ ၁၄ရက်နေ့ ည၈နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ် အထက် ကြည့်မြင်တိုင်လမ်းနှင့် နတ်စင်လမ်းထိပ်တွင် အဓိပတိ ခရီးသည်တင်ယာဉ်က အခြားယာဉ်လိုင်းမှ ကားတစီးနှင့် အပြိုင်မောင်းနှင်လာရာမှ လမ်းကူးရန် စောင့်ဆိုင်းနေသူ လူငယ်နှစ်ဦး၊ ပလက်ဖောင်းအား ကျော်ကာ ကားဝပ်ရှော့ အနီးရှိ လူတဦးနှင့် လမ်းညွှန်ဆိုင်းဘုတ်၊ ကားဝပ်ရှော့အလုပ်ရုံနှင့် ရပ်ထားသော လိုက်ထရပ်ယာဉ်တို့အား တိုက်မှုဖြစ်ပွားခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အကြားပြေးဆွဲလျက်ရှိသော လိုက်ထရပ်ကား တစီးက ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်တွင် စက်ဘီးတစီးနှင့် လမ်းသွားလမ်းလာ တဦးအား တိုက်မိခဲ့ရာ ဒဏ်ရာရရှိသူ နှစ်ဦးအနက် တဦးမှာ ကားနှင့် ပေ ၄၀ ခန့် တရွတ်တိုက် ပါသွားခဲ့ပြီး ဘီးအောက်သို့ ရောက်ရှိသွားကာ ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှု နှစ်မှုလုံးတွင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။
0 comments:
Post a Comment