ကကြိုးတန်းလန်းနဲ့ လူ
မေမေ …
ကျွန်တော့်ရင်ထဲကို
မီးတောက်တစ်စ ဘယ်သူလာထည့်သွားလဲ ။
ကျွန်တော့်မှာ လောင်ကျွမ်းလိုက်ရတာ
အိမ်မက်တောအုပ်လေးတောင်
အလွမ်းတွေနဲ့ ဟုန်းဟုန်းတောက်တယ် ။
ကျွန်တော်က
ကိုယ့်ကို ကိုယ် ပန်းပွင့်တွေနဲ့ တွဲချည်
ရနံ့ နဲ့ မြည်ချင်နေတဲ့
ဗျက်စောင်းအိုလေးတစ်လက်ပါ ။
မေမေရေ … … …
အဲ့ ၀တ်မှုန်ဖြူလေးတစ်စက်သာ
ကျွန်တော့်ကိုပေးပါ
ကျွန်တော် ဥယျာဉ်ကြီးတစ်ခု ပွင့်ဝေစေပါ့မယ်
။
အခုတော့လည်းလေ
ကိုယ့်နူတ်ဖျားလေးကို တိုးတိုးဖွဖွလေးကိုက်
လောကရဲ့ အမှောင်တိုက်ထဲ
ခေါင်းငိုက်စိုက်နဲ့ဝင်သွားရတော့မယ် ။
ဆုတောင်းလိုက်ပါ မေမေ
သတ္တ၀ါတစ်ခု ကံတစ်ခု လို့ ။
မေမေ … … …
ကျွန်တော့်မျက်ဝန်းထဲမှာ
မေမေစိုက်တဲ့ တိမ်တိုက်လေးက
မိုးတွေလုပ်ပြီးရွာနေတယ် ။
ဘယ်အရပ်မှာလဲ ကျွန်တော့် ကောင်းကင်
ဘယ်အရပ်မှာလဲ ကျွန်တော့် မြေပြင်
ကျွန်တော်မကြောက်ပါဘူး
လောကဓံ ဆိုတဲ့ လှိုင်း ရှစ်ချပ်ကြားမှာ
မေမေပေးတဲ့ အတောင်တွေဖြန့်လို့
လှလှပပ ပျံသန်းပြပါ့မယ် ။
မေမေရေ… … …
ဝုန်းခနဲထတောက်ပြီးမှ ဖျောက်ခနဲငြိမ်းမယ်
ကျွန်တော့်ရဲ့ ကျောက်တုန်းလေးမီး ပွင့်မဲ့
ရက်
သံသရာအဆက်ဆက်ခတ်နေပါရစေ ။
အခုတော့လည်း လေ … … …
တစ်ဘ၀လုံး ထခုန်ခဲ့တာတောင်
မြူမူန်လေးတစ်မူန်စာလောက်မရွေ့ခဲ့ဘူး
ဒီလိုပါပဲ … မေမေ … …
ကျွန်တော်က လူတွေ ရွတ်တတ်တဲ့ ယဉ်ကျေးမှု့မှာ
အသံထွက် နည်းနည်းတော့ ညံ့တယ် ။
မေမေ … … …
သံသရာတိုတိုလေးကိုပဲ
မရှည်ရှည်အောင် ဆွဲဆွဲဆက်နေရတာ
ကံကြမ္မာလား …ရှိပါစေတော့ ။
လောက ဆိုတဲ့ မာယာစိုစိုတွေမှာ ပျော့ညွတ်လဲကျ
… ကျွန်တော်လေ မေမေ့ အိမ်အိုလေးကို သတိရလိုက်တာ
။
အခုတော့လည်းလေ … မေမေ
တေလေကောင်းကင်ရဲ့ လေဆန်မှာ
(ကျွန်တော့် ကျောပေါ်က) ခြေသံတွေ တိတ်တော့မှ
မေမေ့ အလင်းဂူလေးပေါ် မှေးဆက် အိပ်တော့မယ် ။
အခုတော့လည်း ....
ဘ၀ အနွမ်းလေးမှာ စိတ်အနွမ်းလေးကို ၀တ်လို့
ကျွန်တော် ဘယ်လောက်များများသစ်နိုင်ပါ့မလဲ
မေမေရယ် .....
အခုတော့လည်းလေ .... .... .... ။
မေမေ
ကျွန်တော်က “ ကကြိုးတန်းလန်းနဲ့ လူ
”
လင်းသက်
0 comments:
Post a Comment