ကမ္ဘာ့အကြီးဆုံးစာအုပ် (အပိုင်း-၁) (လူထုဒေါ်အမာ)...
Author: lubo601 | 11:15 PM | No မှတ်ချက် |
…မန္တလေးမြို့၊ ဓမ္မဗိမာန်မှာ ၁၃၃၄ ခု၊ နတ်တော်လဆန်း (၁)ရက်၊ (၆.၁၂.၁၉၇၂)ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ်ပွဲမှာ လူထုဒေါ်အမာ ဖတ်ကြားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးစာအုပ် ဆိုတဲ့စာတမ်းကို ကျွန်မရဲ့သူငယ်ချင်း မနန်းရီညွှန့်ရဲ့ စာအုပ်ပုံကို မွှေနှောက်ရင်း ရှာတွေ့ရာက ဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ရတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။
... မြန်မာ့မင်းဆက်တွေအကြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်နိုင်ဖို့နဲ့ ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြပုံတွေကို ဖတ်ရတာဟာ ချီးကျူးလေးစားဖွယ်၊ အတုယူဖွယ်ဖြစ်ပါတယ်။ အမေ လူထုဒေါ်အမာရဲ့ စကားပြေ အရေးအသားနဲ့ ဟောပြော တင်ပြမှုကလည်း ကောင်းမွန်လှတာကြောင့် စာတမ်းဖတ်ပွဲကို ကိုယ်တိုင် တက်ရောက် နားထောင်နေရသလိုပဲ ခံစားမိပါတယ်။
…ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး ဖြစ်ပေါ်လာပုံ၊ ကုသိုလ်ရှင် မင်းတုန်းမင်းတရားကြီးရဲ့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှု၊ ရိုသေကိုင်းရှိုင်းမှု၊ မင်းကောင်းမင်းမြတ်တွေရဲ့ တိုင်းသူပြည်သား တွေအပေါ် ရင်ဝယ်သားကဲ့သို့ သဘောထားပြီး “အဘယဒါန” ဆိုတဲ့ သားတော် မြင်ကွန်းမင်းသားနဲ့ တူတော် ပတိမ်းမင်းသားတို့ ပုန်ကန်ခြားနားစဉ် ပါဝင်တဲ့သူအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တိုင်းသူပြည်သား တွေအပေါ်ကို ယုံကြည် သက်ညှာမှု အားကြီးတဲ့ စိတ်နေသဘောထား ကြီးကျယ်မြင့်မြတ်မှုတွေကို လေးစားဖွယ်ရာ သိရှိရတဲ့အပြင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ နှုတ်ကပါဌ်တော် ပိဋကတ် သုံးပုံကို ပေထက်အက္ခရာတင်ပြီးတဲ့အပြင် ကမ္ဘာတည်သရွေ့ မပျောက်မပျက် တည်ရှိနေအောင်၊ ဘုရားသာသနာတော်တွင်း သာမက သာသနာပ ရောက်ချိန်အထိတိုင် တည်မြဲနေစေဖို့ ရည်သန်ပြီး ကျောက်ထက်အက္ခရာတင် ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ စစ်ဘေးစစ်ဒဏ်နဲ့ ကြုံတွေ့ရသည့်တိုင် အတတ်နိုင်ဆုံး ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြတဲ့ မြန်မာလူမျိုးများရဲ့ အမျိုး၊ ဘာသာ၊ သာသနာအပေါ် ချစ်မြတ်နိုးတန်ဖိုးထားမှု တွေကို ဖတ်ပြီး ကြည်ညိုသဒ္ဓါပွားများမိသလို ကျွန်မတို့ မြန်မာပြည်မှာ ဒီလို ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး ရှိနေတာကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
…ကျွန်မတို့တစ်တွေအားလုံးမှာလည်း ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ တာဝန်ရှိတယ်ဆိုတာကို အသိတရားဝင်မိပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးကို ကမ္ဘာသစ်မှ သူငယ်ချင်းများလည်း အတူ ခံစားပြီး ကြည်ညို သဒ္ဓါပွားများ ကြစေဖို့အတွက် အပိုင်းလိုက် မျှဝေပေးလိုက်ပါတယ်ရှင်…။
………………………………………………………..
*** ကမ္ဘာ့အကြီးဆုံးစာအုပ် ( လူထုဒေါ်အမာ ) ...
…စာတစ်အုပ် “ကြီးလိုက်တာ” ဆိုရင် ဘယ်လောက်ကြီးအထိ ကြီးတာကို မြင်ဖူးပါသလဲလို့မေးရင် ဒီက ကျွန်မတို့မိတ်ဆွေတွေဖြင့် ဘယ်လိုဖြေကြမယ် မသိဘူး။ ကျွန်မတွေ့ဖူးတဲ့ စာအုပ်ကြီးကဖြင့် ကြီးလိုက်သမှ သူ့စာတစ်ရွက်.တစ်ရွက်ဟာ အနံ ၃ပေခွဲ၊ အလျား ၅ ပေရှိပြီး စာတစ်ရွက်ရဲ့ထုက ၅ လက်မ၊ ၆လက်မရှိတာမို့ စာမျက်နှာ ၁၄၆၀ ရှိတဲ့ ဒီစာအုပ်ကြီးရဲ့ စာရွက် ၇၃၀ ကို ထပ်မထားနိုင်ဘူး။ ထပ်ထားလိုက်ရင် အထပ် ၂၀ ရှိတဲ့ မိုးထိတိုက်တစ်လုံးလောက် မြင့်နေမှာမို့ မြေဧက ၁၃ ဧက ကျယ်ဝန်းတဲ့ လေးထောင့်စပ်စပ် မြေကွက်ကြီးထဲမှာ တစ်ရွက်စီ စိုက်ထူထားရပါတယ်။
…စာရွက်ကြီး ကြီးတာကတော့ ဟုတ်ပါပြီ။ ဒီလောက်ကြီးတဲ့စာရွက်ပေါ်မှာ ဧရာမစာလုံးကြီးတွေနဲ့ စာတွေ ကျဲကျဲ ရေးထားတာမျိုးလား မေးရင် မဟုတ်ပါဘူး။ ဒီစာရွက် ၇၃၀၊ စာမျက်နှာ ၁၄၆၀ ပေါ်မှာရှိတဲ့ စာတွေကို စာအုပ်ရိုက်လိုက်တော့ ဂရိတ်ပရိုင်မာ စာလုံးနဲ့ ရွိုင်ရယ် ၈ ချိုးဆိုက် စက္ကူပေါ်မှာ စာမျက်နှာ ၄၀၀ တစ်ဝိုက် ရှိတဲ့ စာအုပ်ကြီးပေါင်း ၃၈ အုပ်ထွက်ရှိပြီး ဒီစာတွေကို တစ်ချိန်က သံဃာ ၂၄၀၀ နေ့မနား၊ ညမနား အသံမစဲ အလှည့်နဲ့ ရွတ်ဖတ်တဲ့အခါ ၅ လနဲ့ ၃ ရက်ကြာမှ ပြီးဆုံးသွားခဲ့ဖူးပါတယ်။
…ဒါကြောင့် လူတစ်ယောက် တစ်နေ့ ၈ နာရီ မနားတမ်း နေ့တိုင်း မှန်မှန်ဖတ်သွားနိုင်တယ်ဆိုရင်ဖြင့် ၁ နှစ်နဲ့ ၃ လလောက် ဖတ်ရမယ့် စာအုပ်ကြီးဖြစ်ပါတယ်။
…ဒေါ်အမာပြောတာ ဟုတ်ပါ့မလား၊ ဘယ်မလဲ ဒီစာအုပ်ကြီးဆိုတာက တကယ်ပဲဆိုရင်ဖြင့် ဒီစာအုပ်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစာအုပ်ကြီး ဖြစ်နေမှာပေါ့လို့ မေးချင်ကောင်း မေးချင်ကြပါလိမ့်မယ်။
…ဒီလိုမေးလာရင် ဟုတ်ပါတယ်။ ဒီစာအုပ်ကြီးဟာ ကမ္ဘာမှာ အကြီးဆုံးစာအုပ်ကြီးပါ။ ဒီစာအုပ်ကြီးရှိတဲ့ နေရာကတော့ လူဦးရေ အများဆုံး လူ့ယဉ်ကျေးမှု သမနိအရှည်ဆုံးဆိုတဲ့ တရုတ်ပြည်ကြီးမှာလည်း မဟုတ်ပါဘူး။ ဧရာမ ကျောက်ရုပ်ကြီးတွေ ပိရမစ်ခေါ်တဲ့ ကျောက်သင်္ချိုင်းဂူကြီးတွေရှိတဲ့ အီဂျစ်ပြည်မှာလည်း မဟုတ်ပါဘူး။ ကျောက်မဏ္ဍပ်၊ ကျောက်အားကစား ဗိမာန်ကြီးတွေရှိတဲ့ ရောမတိုင်းမှာလည်း မဟုတ်ပါဘူး။ ဒီကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး ကျွန်မတို့ မြန်မာပြည်မှာပဲ ရှိတယ်။ ကျွန်မတို့ မြန်မာပြည်က ဒီမန္တလေးမြို့မှာပဲ ရှိတယ်လို့ ဖြေပါရစေ။
…မန္တလေးတောင်ခြေက “ မဟာလောကမာရဇိန်” လို့ ဘွဲ့တပ်တဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော် ဘုရားကြီးထဲမှာ ဒီ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ငယ်ငယ်က ဒီစာအုပ်ကြီးရဲ့ စာရွက်ကြီးတွေ ကြားထဲ တူတူပုန်းတမ်းလည်း ကစားဖူးတယ်။ စာရွက်ကြီးတွေကို စိုက်ထူထားတဲ့ ကျောက်စာဂူကြီးတွေကိုလည်း လှည့်ပတ်ပြေးရင်း ပြေးတမ်း လိုက်တမ်းလည်း ကစားဖူးတယ်။
…အသက်အရွယ် ကြီးလာတော့ ဓမ္မရတနာ ဘုရားနှုတ်ကပါဌ်တော်တွေကို ပူဇော်တဲ့အနေနဲ့ စာရွက်ကြီးတွေရဲ့ ထိပ်မှာ ဖယောင်းတိုင်တစ်တိုင်စီ ထွန်းပြီးတော့လည်း မီးပူဇော်ခဲ့ဖူးတယ်။ ဒီထက်ကြီးပြန်တော့ ဒီစာအုပ်ကြီး တည်တံ့ ခိုင်မြဲသထက် ခိုင်မြဲပါစေတော့ဆိုတဲ့ စေတနာနဲ့ စာရွက်ကျောက်ဖျာတွေ စိုက်ထူထားတဲ့ ဂူရဲ့အခြေ ပတ်လည်ကို ကျောက်သေးရိုက် အင်္ဂတေကိုင်တဲ့ အလှူကိုလည်း တတ်အားသမျှ လှူခဲ့ဖူးပါတယ်။
…မြန်မာနိုင်ငံကို ဒုတိယကမ္ဘာစစ်မီးကြီး လောင်မြိုက်တော့ မန္တလေးမြို့က တစ်ချို့ စစ်ပြေးဒုက္ခသည်တွေဟာ အဝေးကျေးရွာတွေထိအောင် မပြေးနိုင်ရှာကြပဲ ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားတွေကိုတော့ဖြင့် စစ်ရူးတွေက သက်သက်မဲ့ ဗုန်းကြဲတိုက်ခိုက်ခြင်း မပြုတန်ရာဘူးဆိုပြီး ကုသိုလ်တော်ဘုရားထဲက ဒီကျောက်စာဂူကြီးတွေထဲ လာပြီး စစ်ဘေးစစ်ရန်က ခိုကိုးနေလိုက်ကြတာ စစ်တစ်ခေတ်လုံး သုံးနှစ်ကျော်ကျော်ကြီး ကြာကြတယ်။ စစ်ကြီးပြီးတောင်မှ နေစရာ အိုးအိမ် မထူထောင်နိုင်သေးသူတွေက ဆက်လက် ခိုကိုးနေလို့ ဘုရားလူကြီး တွေက ဘုရားအတွင်း သန့်ရှင်းရေးအတွက် မနည်းကြီး မေတ္တာရပ်ခံပြီး ဖယ်ရှားခိုင်းခဲ့ရတယ်။
…ကမ္ဘာ့အကြီးဆုံးနဲ့ ကမ္ဘာ့အလေးဆုံးဖြစ်တဲ့ ဒီစာအုပ်ကြီးဟာ အခုအနှစ် ၁၀၀ ကျော်ပြီဖြစ်ပေမယ့် အဆွေးအမြည့် အပျက်အစီး မရှိသေးဘူး။ အကောင်းပကတိအတိုင်း ရှိပါတယ်။ ဒီကမ္ဘာ ဘယ်အရပ်၊ ဘယ်ဒေသ၊ ဘယ်သူကမဆို ဗုဒ္ဓရဲ့ ပိဋကတ်သုံးပုံနဲ့ ပတ်သက်လို့ တိုက်ဆိုင်ကြည့်ချင်တယ်။ နှိုင်းယှဉ်ကြည့် ချင်တယ်ဆိုရင်ဖြင့် လာခဲ့ပါ။ ဘယ်သူ့ကို မဆို အချိန်မရွေး တိုက်ခွင့်၊ ဖတ်ခွင့်၊ ကြည့်ခွင့်၊ ကူးခွင့် ပေးထားပါတယ်။ သူ့အလိုဆိုရင်ဖြင့် ပိဋကတ်တိုက်ရဲ့ တံခါးတောင် ပိတ်ထားဖို့မလိုတဲ့ စာအုပ်ကြီးပါ။ သူက စာအုပ်သာဆိုရတယ် သူများငှားသွားပြီး ပြန်မပေးမှာလည်း မစိုးရဘူး။ ဆွဲဆုတ်ယူထားလိုက်မလားလို့လည်း မပူရဘူး။ ဘယ်သူယူသွားမှန်းမသိလို့ စာအုပ်ပျောက်သွားတာမျိုးလည်း မဖြစ်နိုင်ဘူး။ အထားမှားလို့ ရှာမတွေ့မယ့် စာအုပ်မျိုးလည်း မဟုတ်ဘဲဟာကိုး…..။
…ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးရဲ့ စာတစ်မျက်နှာ...
…ပြီးတော့ ခိုင်လိုက်မယ့်အမျိုးကလည်း ဆိုးဝါးယုတ်မာတဲ့ နယ်ချဲ့စစ်မျိုးရဲ့ ဘေးဒဏ်သာ မခံရဘူးဆိုရင် နောင်ကို နှစ်တွေ ထောင်နဲ့ချီပြီး အကောင်းပကတိအတိုင်း တည်တံ့ခိုင်မြဲနေဦးမှာပါ။ ဒီစာအုပ်ကြီးကို လှူခဲ့တဲ့ ကုသိုလ်ရှင်ကြီးက သူ့စာအုပ်ဟာ ကမ္ဘာတည်သရွေ့ တည်တံ့လိမ့်မယ်လို့တောင် မျှော်မှန်းခဲ့ပါတယ်။ ဒီရည်မှန်းချက်က များလွန်းတယ်လို့လည်း မပြောသာပေဘူး။ ဘာလို့လဲဆိုတော့ စာတွေ ရေးသားထားခဲ့တာက စက္ကူပေါ်မှာလည်း မဟုတ်ဘူး။ ပေရွက်ပေါ်မှာလည်း မဟုတ်ဘူး။ သားရေတို့၊ ၀ါးတို့၊ အရိုးတို့စတဲ့ ပစ္စည်းတွေ ပေါ်မှာလည်း မဟုတ်ဘူး။ အလွန်မာကျောတဲ့ ကျောက်ဖျာ ကျောက်ပြားကြီးတွေပေါ်မှာ ရေးထွင်းခဲ့တာ ဖြစ်သကိုး…..။
…လွန်ခဲ့တဲ့ အနှစ် ၁၀၀၀ ကျော်က ကျောက်စာတွေ ကနေ့ထက်ထိ ဖတ်လို့ရနေသေးတာတွေ အများကြီး ရှိပါတယ်။ ဒါတောင် အဲဒီကျောက်စာတွေဟာ နေထဲ၊ လေထဲ၊ မြေထဲ၊ ရေထဲမှာ အဖုံးအကာမရှိ ထားပစ်ခဲ့တဲ့ ကျောက်စာတွေပါ။ ကျောက်စာရဲ့သဘောက ထိမိခိုက်မိရင် ကွာမယ်၊ ကွဲမယ်၊ ပဲ့မယ်။ ဒီလိုမဟုတ်လို့တော့ ဆွေးတတ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ ကျောက်ပြားတစ်ချပ်ကို အုတ်ဂူတစ်ခုနဲ့ မိုးလုံနေလုံထားတဲ့ ကျောက်ဖျာကြီး အလျား အနံ ၅ ပေ ၄ ပေခွဲကို မြေ၀င် ၁ ပေကျော်နဲ့ စိုက်ထားပြီး အထူ ၆ လက်မရှိတဲ့ ဟာကြီးတွေ ဘယ်မှာ တော်တော်နဲ့ ပျက်စီးလိမ့်မတုံး။ ဒီစာအုပ်ကြီးမှာ ဘာတွေရေးထားသလဲဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတဲ့ ပိဋကတ်တော် သုံးပုံစလုံးအပြင် နေတ္တိကျမ်း၊ မိလိန္ဒပဥှာနဲ့ ပေဋကောပဒေသကို ပါဠိဘာသာ မြန်မာအက္ခရာ စာလုံးဝိုင်းနဲ့ ရေးထွင်းထားတာဖြစ်ပါတယ်။
*** ကုသိုလ်ရှင်…
…ဒီစာအုပ်ကြီး ဖြစ်မြောက်အောင် ဦးစီးလှူဒါန်းတဲ့ ကုသိုလ်ရှင်ကတော့ မန္တလေးမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးဖြစ်တဲ့ မင်းတုန်းမင်းတရားကြီးပါ။ မင်းတုန်းမင်းဟာ ၁၂၁၄ ခု၊ (၁၈၅၂)ခုမှာ နန်းတက်တယ်။ ဘုရင်ဖြစ်လို့ ၈ နှစ်အကြာမှာ ဗုဒ္ဓဘာသာ အကြာကြီး တည်တံ့ထွန်းလင်းစေချင်တဲ့အတွက် “ရှေးက ဘယ်မင်းမှ မလှူဘူးတဲ့ အလှူမျိုး” ကို လှူမယ်ဆိုပြီး ဒီအလှူကို ဦးစီး လှူခဲ့တာဖြစ်ပါတယ်။
…မန္တလေးမြို့ကို တည်တော့မယ်ဆိုတော့ မြို့သစ်မှာ တစ်ပြိုင်နက် ပန္နက်ချပြီး တည်ဆောက်ရမယ့် အဆောက်အအုံ ၇ ခု သတ်မှတ်ပါတယ်။ “မြို့၊ ကျုံး၊ စေတီ၊ သိ င်္ဂီလျှံမောင်း၊ သိမ် ကျောင်း သုဓမ္မာ၊ ရွှေစာအမြတ်၊ ပဋိကတ်တိုက်၊ သမိုက်မြဲမှန်၊ ခုနှစ်တန်ကို၊ ဆော်ဖန်အောင်စည်၊ တပြိုင်တည်က” ဆိုတဲ့ အမှတ်အသားအတိုင်း (၁) နန်းမြို့ကြီး (၂) ကျုံး (၃) မဟာလောကမာရဇိန်စေတီတော် (၄) ပဋ္ဌာန်းဟောရွှေသိမ် (၅) အတုမရှိကျောင်း (၆) သုဓမ္မာဇရပ် (၇) ပိဋကတ်တိုက်တော်တို့ကို ၁၂၂၁ ခု ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ ပထမဆုံး တစ်ပြိုက်နက် ပန္နက်ရိုက်ပြီး တည်ဆောက်ခဲ့ပါတယ်။ အဲဒီအထဲက မဟာလောကမာရဇိန် ဘွဲ့ချီတဲ့ ကုသိုလ်တော်စေတီကြီးရဲ့ မဟာရံတံတိုင်း သုံးထပ်အတွင်းမှာ ဒီပိဋကတ်တော် ကျောက်စာတွေကို စိုက်ထူထားခဲ့ပါတယ်။
…ကုသိုလ်ရှင် မင်းတုန်းမင်းတရားကြီး...
…ကုန်းဘောင်ခေတ်မြန်မာဘုရင်တွေ တည်ထားလှူဒါန်းခဲ့တဲ့ ဘာသာရေး အဆောက်အအုံကြီးတွေ အများအပြားရှိခဲ့တဲ့အထဲမှာ မင်းကွန်းဖက်က မြသိန်းတန်စေတီတော်ဟာ ရှုမငြီးအောင် အခင်းအကျင်းနဲ့ တကွ အတည်အလုပ်မှာ လှပကောင်းမွန်သလို မန္တလေးကုသိုလ်တော်ဘုရားနဲ့ ပိဋကတ်တော် ကျောက်စာဂူတွေရဲ့ အနေအထား အခင်းအကျင်းကလည်း မြင်ရသူတိုင်း ကြည်နူးချမ်းမြေ့မှုနှင့် ကြည်ကြည်ညိုညို သဒ္ဓါစိတ်ပေါက် ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
…မင်းတုန်းမင်းကြီးဟာ မြန်မာနိုင်ငံတစ်ပိုင်းတည်းကိုသာ အုပ်ချုပ်မင်းလုပ်ရတော့တဲ့ ဘုရင်တစ်ပါးဖြစ်ပေမယ့် တိုင်းတစ်ပါးမင်း အင်္ဂလိပ်၊ ပြင်သစ်စတဲ့ အစိုးရတွေ ခန့်ညားလေးစားရတဲ့ မင်းလည်းဖြစ်တယ်။ တိုင်းသူပြည်သား လူအများက ချစ်ခင်ကြည်ညိုခြင်းကို အများဆုံးခံရတဲ့ မင်းတစ်ပါးလည်းဖြစ်ပါတယ်။
…ဒီဘုရင်ကြီးဟာ ဒီအလှူကို ဘာသာရေးယုံကြည်ချက်အပြင် နိုင်ငံရေး အမြော်အမြင်လည်းပါရှိလို့ လှူတာလို့လည်း ယုံကြည်မိပါတယ်။ ဘာပြုလိုလဲဆိုတော့ မင်းတုန်းမင်းကြီးအုပ်စိုးနေချိန်က အောက်မြန်မာနိုင်ငံကို သိမ်းထားပြီးဖြစ်တဲ့ နယ်ချဲ့သမား ဗြိတိသျှက “မြန်မာရှင်ဘုရင်ဆိုတာ အလွန် ရက်စက်ကြမ်းကြုတ်တယ်၊ မြန်မာမင်း အုပ်ချုပ်ပုံဟာ ညံ့ဖျင်းလွန်းတယ် ” စတဲ့ ၀ါဒမှိုင်းတွေ မြန်မာပြည်သူတွေ အပေါ် လှိုင်လှိုင်ကြီးတိုက်နေတဲ့အချိန်ပါ။ အဲဒီလို အချိန်အခါမှာ မင်းတုန်းမင်းတရားကြီးက အမျိုး၊ ဘာသာ၊ သာသနာကို ပြန့်ပွားစည်ပင်အောင် တို့အချင်းချင်းကသာ လုပ်တော့မပေါ့။ မိစ္ဆာအယူရှိတဲ့ နိုင်ငံခြားသားတွေ လက်အောက်မှာ ဘာကို မျှော်လင့်နိုင်မှာတုံးဆိုတာကို မြန်မာတိုင်းသူပြည်သားတွေ သိစေချင်မှာအမှန်ပါ။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးစိတ်ဓါတ် မြန်မာတွေရဲ့စိတ်ထဲမှာ ခိုင်ခိုင်မြဲမြဲရှိနေအောင် သာသနာပြုမင်းတစ်ပါးအနေနဲ့ ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်တာ၊ အဲဒါပြီးတော့ ပဉ္စမသင်္ဂါယနာတင်တာ၊ တခြား ရေတွက်ကုန်နိုင်ခမန်း မရှိတဲ့ အလှူအမျိုးမျိုးတွေ ပေးလှူတာနဲ့ ထိန်းသိမ်းထားတဲ့ လက္ခဏာရှိပါတယ်။
…မင်းတုန်းမင်းကြီးဟာ ပဒေသရာဇ်ရှင်ဘုရင်ဆိုပေမယ့် တိုင်းသူပြည်သား အားကို ယုံကြည်ချစ်ခင်တဲ့ဘုရင်၊ တစ်နည်းပြောရရင် ပြည်သူ့အားကို ယုံတဲ့ဘုရင်၊ သူ့ကို ပြည်သူက ကောင်းကောင်းထောက်ခံတယ်လို့ သိတဲ့ ဘုရင်ကြီးဖြစ်ပါတယ်။
...ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး စိုက်ထူထားတဲ့ ကုသိုလ်တော်ဘုရား...
…သူ့နန်းသက် ၁၄ နှစ်အရမှာ ပေါ်ပေါက်တဲ့ သူပုန်မှုကြီးဟာ အလွန်ကြီး၊ အလွန်ကြောက်စရာကောင်းတဲ့ အမှုကြီးပါ။ ဒါပေမယ့် ဒီအမှုကြီးကို မင်းတုန်းမင်းကြီး ကိုင်တွယ်ဖြေရှင်းလိုက်ပုံဟာ သူ့ခေတ်နဲ့သူ အင်မတန် အမြော်အမြင်ကြီးတယ်လို့ သိရပါတယ်။
...သက္ကရာဇ် ၁၂၂၈ ခုမှာ သူ့သားတော် မြင်ကွန်းမင်းသားနဲ့ တူတော် ပတိမ်းမင်းသားတို့က အလစ်မှာ လူသူအပြည့်အစုံနဲ့ ဘုရင်ကြီးနဲ့ တစ်ဖွဲ့လုံးကိုသတ်ပြီး ထီးနန်းလုယူဖို့ စံနန်းတော်ကို တစ်ခါတည်း ၀င်စီးပြီး လုပ်ကြံဖို့ကြိုးစားတယ်။ အဲဒီမှာ ဗြိတိသျှကို ခံချမယ့်မင်းသားလို့ ပြည်သူက ယုံကြည်ကိုးစားတဲ့မင်းတရားကြီး အားကိုးအားထားပြုရတဲ့ညီတော် ကနောင်မင်းသား အိမ်ရှေ့မင်း အသတ်ခံရတယ်။ တစ်ခြားမှူးမတ်များနဲ့ မင်းညီမင်းသားတွေလည်း အတော်များများ အသတ်ခံလိုက်ရတယ်။
...ဘုရင်ကြီးတောင်မှ စည်းရုံးရေး ကောင်းလွန်းလို့ ရန်သူ့ဓားဖျားမှာ အသက်ပါမသွားတာဖြစ်တယ်။ မြင်ကွန်း မင်းသားတို့လူစုက ဘုရင်ဒီအပေါက်က ထွက်ပြေးလာရင် ဒီဓားနဲ့ လုပ်ကြံဟဲ့လို့ ပိုက်ကြီးဆိုတဲ့ ဘက်တော်သား တစ်ယောက်ကို တာဝန်ပေးပြီး ထွက်ပြေးလာတန်ရာတဲ့ အပေါက်က အစောင့်ခိုင်းထားပြီးသား။ မင်းတရားကြီးကလည်း သူပုန်များတွက်တဲ့အတိုင်းပဲ ပိုက်ကြီးဓားကိုင်စောင့်တဲ့ အပေါက်က ထွက်လာခဲ့တယ်။ မင်းတရားကြီး ဒီလိုထွက်လာလို့ ပိုက်ကြီးက ဓားနဲ့ခုတ်လိုက်မယ့်အလုပ်မှာ မင်းတရားကြီးက “ဟဲ့…နင် ငပိုက်မဟုတ်လား” လို့ နှုတ်ဆက်လိုက်တော့ ငပိုက်လည်း အံ့အားကြီးသင့်သွားပြီး မခုတ်ဝံ့ မခုတ်ရက် ဖြစ်ရုံမက ဓားပစ်ချပြီး “ကျွန်တော်မျိုး အချီတော်ဆက်ပြီး လွတ်ရာပို့ပါရစေဘုရား” လို့ လျှောက်ပြီး ဘေးကင်းရာသို့ သူ့ကျောနဲ့ပိုးပြေးပို့ရတော့သတဲ့။ ဒါကြောင့် အသက်ဘေးက လွတ်သွားတာဖြစ်တယ်။ ဒီသူပုန်မှုကြီးကို မင်းတုန်းမင်းကြီး
၂ လကြာ နှိမ်နင်းယူရပါတယ်။
…အဲဒီ ပုန်ကန်မှုကြီး ပြီးပြေတဲ့အခါ မင်းတုန်းမင်းကြီးက ဘယ်မင်းမှ မပြုသေးတဲ့ “အဘယဒါန” ဆိုတာကို ပြုပြီး သူပုန်ဘက်ပါသူတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒီအမှုကြီး အပြီးမှာ မင်းတုန်းမင်းကြီးရဲ့ ကြေညာချက်က…..
“ ၁၂၂၈ ခုနှစ်၊ သားတော်မြင်ကွန်းမင်းသား၊ တူတော် ပတိမ်းသားတို့ ခြားနားရိုင်းပြစဉ်အခါ နှစ်ကြောင်းနှစ်ဝ၊ ပုန်ကန်ခြားနားရာ ပါဝင်သူအပေါင်းတို့ကို အရေးတော် ပြီးပြေကာလ ကျွန်တော်မျိုး ပြည်သူပြည်သား အပေါင်းတို့သည် ငါ၏ ကျေးဇူးတော်ကို ချေပလိုခြင်းအားဖြင့် ပါဝင်ကြသည်မဟုတ်၊ ရုတ်ခြည်း ရှောင်တခင် အထင်မှားယွင်းသဖြင့် ပါမိပါရာ ပါဝင် ကြခြင်းမျှသာဖြစ်သောကြောင့် သူပုန်ဘက်ပါသူ၊ ကြံစည်ပေါင်းသင်း ခြားနားခုခံရာ ပါသူဟူ၍ စွဲမှတ်ခေါ်ဝေါ်ခြင်း မရှိစေရ၊ ကျွန်တော်မျိုးချည်း ဖြစ်ကြသည့်အတိုင်း ပါဝင်မိသူတို့၏ စိတ်နှလုံး၌ နှောင့်နှေးကြောင့်ကြမဲ့ ဧမြချမ်းသာစွာ နေထိုင်ကြစေ။” လို့ လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။ သူ့အုပ်ချုပ်ရေးအပေါ် သူ ယုံကြည်မှု၊ တိုင်းသူပြည်သားအပေါ် သူ ယုံကြည် သက်ညှာမှု သိပ်ကြီးမားတယ် ဆိုတာ ထင်ရှားစေတဲ့အမိန့်ပါ။ နယ်ချဲ့သမား တအားတက်စေမယ့် အပြုအမူမျိုးကို သတိကြီးကြီးနဲ့ ရှောင်ရှားနိုင်တယ်လို့လည်း ဆိုရမှာပေါ့။
…အဲဒီမင်းတုန်းမင်းကြီးက သူ့နန်းတက် ၈ နှစ်အရမှာ အထက်ထက်က မင်းတွေ ဘယ်မင်းမှ မလှူခဲ့ဖူးတဲ့ ကုသိုလ်တစ်ခုကို ပြုမယ်ဆိုပြီး ပိဋကတ်တော် သုံးပုံစလုံးကို ကျောက်ပေါ်မှာ ရေးထွင်းပြီး ကျောက်ပြားပေါ်က စာအဖြစ်နဲ့ ကျောက်ထက်အက္ခရာ တင်ထားခဲ့လို့ ကမ္ဘာ့အကြီးဆုံးနဲ့ အခိုင်ဆုံး စာအုပ်ကြီး ကျွန်မတို့ မြန်မာပြည်မှာ ရှိနေတာဖြစ်ပါတယ်…..။
…အပိုင်း (၂)မှာ မင်းတုန်းမင်းကြီးမှ ကျောက်ထက်အက္ခရာကို သေချာစိစစ်ပြီးတင်ပုံ၊ သားတော်သီပေါမင်း လက်ထက် ရွှေမင်ရေးထပ်၍ ဆက်လက်ထိန်းသိမ်းခဲ့ပုံနှင့် ပါတော်မူပြီးနောက်ပိုင်း တိုင်းသူပြည်သားများမှ နယ်ချဲ့ရန်တွင်းမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပုံများကို ဆက်လက်မျှဝေပေးပါမည်…
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment