Monday, July 16, 2012

“ပန်းမြိုင်လယ် စပယ်ရှယ်တီးလို့ ရိုးတိုးရွတ ခနခနပျော်တဲ့မြိုင်”


by Soe Min on Monday, July 16, 2012 at 5:26am

“ရွှေကြာပြဒုံ နေအာရုဏ်ခသည့်နှယ် မရွှင်လန်းလိုက်ပါတဲ့ မေ့ဟဒယအိမ်ဝယ်။ အပါးရပ်လို့ နှစ်နားကပ်ကာ တိုင်ပင်ချင်တယ်။ လေပါတီရဲ့ ငယ်ချစ်ကလေးရယ်..။ မမြရင်ရဲ့ ငယ်ချစ်ကလေးရယ်…။ ညစဉ်မကွာပါတယ် မကြာမီလည်း နောင်အမြဲ နှစ်လရှည်၊ မြရင်မှာမောင်ရယ် တစ်နာရီတည်း မောင်နဲ့ချစ်ပါရစီ..။”
          အဲသလို ခြေဆင်းကလေးကို ကျောခိုင်းလျက် စ လိုက်ရင်ကိုပဲ ပရိသတ်အလုံးစုံက ငြိမ်တိတ်ပြီး အငြိမ့်မင်းသမီးလေးရဲ့ သဒ္ဒါ့အသံကလေးကို အရသာခံလို့ သာသာကလေး လှည့်လာမယ့် မျက်နှာဝင်းဝင်းကလေးကို မျှော်ကြည့်နေကြတာ မျက်တောင်ခတ်ဖို့ အသက်ရှူဖို့တောင် မေ့နေသလား အောင့်မေ့ရပါသတဲ့။ အဲဒါ ဆိုင်းက မပါသေးဘူး။ ပတ္တလားသံလေးနဲ့တင် ခင်းထားပျိုးထားတာ။ လက်ကလေးတစ်ချက် မချိုးရသေးဘူး။
ကကြိုးလေးတစ်ကွက် မဆင်ရသေးဘူး။ ဒါပေမယ့် သည်မင်းသမီး ပညာအတိမ်အနက် ဘယ်လောက်ရှိသလဲ အဲသည်ခြေဆင်းနဲ့တင် ပွဲခင်းတစ်ခုလုံး သိပြီးပြီ။ မကောင်းဘူးထင်ရင် သည်နေရာမှာကတည်းက လှည့်ပြန်တဲ့သူပြန်တယ်။ မကောင်းမကန်းများ ဘယ်သူကမှ အိပ်ပျက်ခံ ခြေညောင်းခံ မကြည့်ဘူး။ တကယ့်အငြိမ့်ကောင်းကောင်းများ လာလို့ကတော့ မိုးအလင်း မတ်တပ်ငုတ်တုတ်လည်း ညောင်းဖို့ငိုက်ဖို့ ဘယ်သတိရလိမ့်မလဲ။ ပြောမယ့်သာ ပြောနေရတာပါ။ အခုခေတ်မှာ ဒါမျိုး ဘယ်သူမှ မကြည့်ဖူးကြတော့တာမို့ မျက်မမြင်ကို ဗျိုင်းဆိုတာ အဖြူရောင်ကလေးလို့ ရှင်းပြရသလိုပဲ နေလိမ့်မယ်။ အငြိမ့်များ မကြည့်ဖူးစရာလား။ အခုကြည့်ချင် အခုအခွေထိုးပြမယ်။ အင်တာနက်ပေါ်တောင် ကြည့်လို့ရသပ။ ရေတွင်းပျက်ကြီးတောင် ကားရိုက်မစားတော့ပဲ အငြိမ့်ထောင်စားတော့မလောက် ဘာညာသာရကာနှင်းဆီတွေ ဆီးရီးလိုက်ရိုက်နေတာ ကမ္ဘာလှည့် ကလို့တောင် ရနေပြီ၊ ပြောမယ်ဆိုလည်း ပြောစရာပါပဲ။ ဒါပေသိ အဲသဟာတွေက အငြိမ့်မှ မဟုတ်ပဲဗျာ။ ပြောရရင် ရင်နာလွန်းလို့ ရင်ဘတ်ကြီး ထုထုပြီးတောင် ငိုချင်သေး။ အငြိမ့်တွေ ဘယ်ရောက်ကုန်ပတုန်းလို့ ကိုယ့်လာမေးရင်တော့ စိတ်နာနာနဲ့ သေကုန်တာ ကြာလှပေါ့ လို့ ဖြေမိမယ်ထင်ပါတယ်။ ယပက်လက် ယမင်းခင်ကလေးတွေ ကကြိုးဆင်လိုက်ရင် ချစ်စရာ ဓါတ်ပုံကလေးတွေ ကြော်ငြာပိုစတာကလေးတွေတော့ ထွက်လာကြသားပေါ့။ မိုးယုစံကလေးနဲ့ ကြည့်မလား။ ချောရတနာကလေးနဲ့ ကြည့်မလား။ တည်တည်ငြိမ်ငြိမ် ရင့်ရင့်ကျက်ကျက် အလှနဲ့ကြည့်ချင် မေသန်းနုကြီးနဲ့လည်း ကြည့်လို့ရတယ်။ ဓါတ်ပုံကိုသာကြည့်။ ကတာတော့ မကြည့်ပါနဲ့။ မတော်မတည့်တွေ မျက်စိထဲအဟုတ်မှတ်ပြီး စွဲကုန်မစိုးလို့။ စည်းချက်ကျကျ ခြေချိုးလက်ချိုးရုံနဲ့ အကမဖြစ်ဘူးဆိုတာ စံရှားတင်၊ နွဲ့နွဲ့စန်း၊ အမာစိန်တို့ ကတာကို တွေ့ဖူးထားမှ သဘောပေါက်မယ်။ သူတို့အရွယ်ကြီးတွေကျတော့လည်း ပညာပဲကျန်တော့တာ ရူပါက ချူချာကုန်တော့ နတ်ကတော်အိုကြီး မနှဲလေးဝင်နေတာ ကြည့်ရသလိုပဲ။ စကတည်းက ယဉ်သကိုတဲ့။ နိဒါန်းချီကတည်းက ခုနှစ်ရက်သားသမီး သတ်ချင်လောက်အောင် အမွှေဇယားခင်းနေမိတယ်။ လွန်တာရှိရင် ၀န္တာမိနော်။ တကယ့်အငြိမ့်အစစ်ဆိုတာ ဘယ်လိုဟာမျိုးလဲ သိအောင် လွမ်းဇာတ်ကလေး ခင်းပြမယ်။ ဟုတ်ပြီလား။
          မြန်မာရှင်ဘုရင်တွေခေတ်တုန်းက မြေ၀ိုင်းသဘင်ဆိုတာ ရှိပေမယ့် မင်းသမီးတစ်ယောက်တည်း တပင်တိုင် ဆိုလိုက်ကလိုက် လုပ်ရတဲ့ အငြိမ့်မျိုးကတော့ မပေါ်သေးဘူးတဲ့။ အီနောင်ဇာတ်တို့၊ ရာမဇာတ်တို့၊ ၀ိဇယကုမ္မာပြဇာတ်တို့လို ဇာတ်တော်တွေ ခင်းရင်း ဆိုကြကကြတာတော့ ရှိတာပေါ့။ ယင်းတော်မလေးတို့ ဆင်ခိုးမလေးတို့ဆိုတဲ့ မင်းသမီးများဟာ ဇာတ်မင်းသမီးများသာ ဖြစ်ပေလိမ့်မယ်။ သီချင်းကြီးသီချင်းခန့်နဲ့ ဇာတ်ဝင်တေးသွားသီချင်းများကို ဆိုင်းနဲ့ဝိုင်းနဲ့ ကျကျနန ထိုင်ဆိုတဲ့ ထိုင်ဆိုအငြိမ့်တွေတော့ ရှိသတဲ့။ ပထမအငြိမ့်သဘင်ခေတ်ဆိုတာကို စခဲ့တာကတော့ ဦးချစ်ဖွယ်နဲ့ ဒေါ်စိန်သုံတို့က အရင်ဆုံး လို့ မှတ်သားထားမိတယ်။ မြန်မာသီချင်းကောင်းကောင်းတွေဟာ နားထောင်ရင်းထောင်ရင်း မနေနိုင်မထိုင်နိုင် ထကချင်လာလောက်အောင် မြူးတယ် ကြွတယ်။ နားဝင်ငြိမ့်ငြောင်းတယ်ဆိုတာ သေသေချာချာ နားထောင်ဖူးတဲ့သူတိုင်းသိကြပါတယ်။ သူတို့လည်း ဆိုရင်းဆိုရင်း လမိုင်းတွေကပ်ပြီး ထထကကြတယ်ထင်ပါရဲ့။ အဲလိုနဲ့ အငြိမ့်ပေါ်လာရော။ ကိုသုမောင်ကြီး ပြန်ဆိုတဲ့ “အလွန်တကယ် သရော်လှောင် အလွန်တကယ်သရော်လှောင် ရွံတယ်ကျွန်တော်ရှောင်။ ခုနှစ်ဆယ်ကျော်တောင် ကိုမြို့မနဲ့ကွဲမယ် မထင်ပေါင်။ သားတွေကလှောင် သမီးတွေကလှောင်၊ ပွဲတီးတဲ့အခါ မိန်းမကလှောင်။ နေ့တိုင်းမင်းတို့ ကျုပ်ကိုလှောင် လှောင် လှောင် လှောင်။ လှောင်ရက်ပေမယ့်ကွယ် ချစ်ဖွယ်ကြီး တရားမချို့ပေါင် သနားဖို့အကောင်။” ဆိုတာ အဲဒီဦးချစ်ဖွယ်ကြီး ဆိုခဲ့တဲ့ လှောင်သီချင်းပါ။ ကိုသိန်းတန်ဆိုခဲ့တဲ့ လူပျက်ကလေးမောင်ရွှေရိုး ဇာတ်လမ်းကလေးကလည်း ဦးချစ်ဖွယ် ဒေါ်စိန်သုံတို့ကတည်းက ခင်းခဲ့ကခဲ့ကြပါသတဲ့။ ပျောက်ပျက်ကုန်လို့သာ သူတို့သီချင်းတွေမရှိတော့ပေမယ့် မန်းလေး နှစ်တစ်ရာ့ငါးဆယ်ပွဲမှာတော့ အင်္ကီင်္ီင်္ျီပါး သီချင်းလေးတစ်ပိုဒ် ပြန်ကြားလိုက်ရပါတယ်။ “မယ်သုံရယ် အထည်စုံဝယ်ခဲ့မယ်။ ခင်သုံရယ် အဆင်စုံဝယ်ခဲ့မယ်။ သြော် သားကငယ် သမီးကငယ် အင်္ကျီင်္ီင်္ီပါး မ၀တ်စေချင်တယ်။ ဘာရောညာရော အ၀ှာရော အမြင်မတင့်တယ်။ မဖုံးတယ် အလုံးအထည်။ ပိုးဖြူရင်ဖုံး ဆင်ဦးမယ်။” တဲ့။ သူတို့ အငြိမ့်စကတဲ့အရွယ်ဟာ သားတွဲလောင်း သမီးတွဲလောင်း သိပ်မငယ်လှတဲ့ လူလတ်ပိုင်းခပ်ကြီးကြီးရောက်နေပေမယ့် အငြိမ့်ရယ်လို့ သဘင်စာမျက်နှာသစ်ဖွင့်နိုင်တာကို ကြည့်ရင် သူတို့အဆိုအက ဘယ်လောက်ကောင်းလိမ့်မလဲ မှန်းလို့ရပါတယ်။
          သူတို့နောက် အငြိမ့်အကြောင်းပြောရင် မပါမဖြစ်တာက အမေထွေးနဲ့ မြခြေကျင်းငွေမြိုင်ပါ။ အမေကြီးလူထုဒေါ်အမာ ရေးထားခဲ့တာတွေကို ဟိုကိုးသည်ကားလုပ်ပြီး စာမဆန့်ချင်ပါဘူး။ မဖတ်ဖူးသေးရင်တော့ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။ ပြည်သူချစ်သော အနုပညာသည်များတဲ့။ အသက်ခြောက်ဆယ်ကျော်မှ သူကြီးမင်းတစ်ယောက် ခေါင်းခေါက်လို့ယူနိုင်သေးတဲ့ စင်ပေါ်မှာ ဆယ့်ခြောက်နှစ်သမီးကလေးရှုံးတဲ့ ကြာဗျာပါတွေ စုံအောင်တတ်တယ်လို့ နံမယ်ကျော်တဲ့ သတင်းကြီးသည့် မင်းသမီးမထွေးလေးအကြောင်းကတော့ မြန်မာစာဖတ်စာထဲမှာ ပါလို့ သိဖူးကြားဖူးကြပါလိမ့်မယ်။ မဆိုမကပဲ မတ်တပ်ကလေး ရပ်နေတာတောင် ယဉ်ပုံတစ်မူထူးတယ် လို့ ဖတ်ခဲ့ဖူးပါသဗျ။ မြချေကျင်းမငွေမြိုင်ရဲ့သီချင်းတွေကတော့ ဒေါ်မေလှမြိုင် ပြန်ဆိုထားတဲ့ မြိုင် သီချင်းကို တော်တော်များများ ကြာဖူးပါလိမ့်မယ်။ “အောင်ပင်လယ် တောထဲက ရွှေကျီးညို၊ ငွေမြိုင်လာရင် ဆီးလို့ကြို” ဆိုတာလည်း ကြားဖူးတယ်။ “မောင်မလိုက်ချင်ရင် နေပါလားရှင့် သတင်းစာဖတ်လို့ အိမ်မှာသာပင် ငွေမြိုင်လာရင် ကြိုရေးပြင် အိုးပုတ်ကလေးနဲ့ ချိုးရုပ်ဝယ်ခဲ့မရှင်” ဆိုတာကတော့ လှည်းပြင် တဲ့။ “နောက်များကျတော့လေ နောက်များကျတော့လေ။ မေ့မှာလားမောင်ရေ မေ့မှာလားမောင်ရေ။ ငွေမြိုင်ကို အပေါ်ယံသဘောနဲ့ မကြောနဲ့လေ။ ချစ်သူအကိုရေ ကြောက်လွန်းလို့လေ။ ရွှေသွားနဲ့ အိုး မောင်မောင်ရေ။ ကြိုက်ကြိုက်သလေ” ဆိုတာက ရွှေသွား တဲ့။ “လွမ်းတော်မူလို့ စာကိုစီတယ်။ တိမ်နီတိမ်ဝါ တိမ်ပြာတွေသန်းပြန်တော့ ဘယ်ဆီသို့ ဘယ်ရွာသို့ လွမ်းရမယ်။ ညွှန်းပါ့ကွယ်။ ကြာပင်အိုင်ကြီးအလယ်” ဆိုတာလည်း သူဆိုတာပဲတဲ့။ ညွှန်းလွန်းတယ်လို့ ဆိုချင်ဆိုပါဗျာ။ အဲဒီသီချင်းကလေးတွေမှ အရသာခံနားမထောင်တတ်သေးရင် မြန်မာဖြစ်ရကျိုး မနပ်သေးဘူးလို့ကို ပြောချင်တော့တယ်။
          သူ့နောက်ခေတ်က အငြိမ့်မင်းသမီးတွေကတော့ ခေတ်ကောင်းတုန်းအခါမို့ လျှမ်းလျှမ်းတောက် ကျော်ကြားကြပါပေတယ်။ ဂီတမယ်လှလေးစိန်တဲ့။ သူ့သီချင်းထဲမှာ သိကြတာ မောင်မောင်ဆိုလေ ထီးရိုးရှည်တဲ့။ ဒေါ်သြဘာသောင်းကတော့ လှေကြီးထိုး ရိုးရိုး၊ ဘလူးဘလက်နက်ပြာမှောင် တို့၊ ကာတစ် တို့နဲ့ နံမယ်ကျော်ပါတယ်။ သူ့ကို အငြိမ့်သဘင်မိခင်ကြီးလို့ ပြောကြတာက မန္တလေး ပန်တျာကျောင်းမှာ အကနည်းပြတဲ့အခါ ကဗျာလွတ်အက ကကြိုးတွေကို တီထွင်သွားတဲ့အတွက်ပါတဲ့။ မဟာဂီတအဆိုသင်တဲ့အခါ စည်းနဲ့ဝါး အခြေခံ ကြိုးသီချင်းဆယ့်သုံးပုဒ်ကို သင်ရိုးအဖြစ် ထားသလိုပဲ အကသင်တဲ့အခါမှာတော့ ခေါင်းခါးခြေလက် ဤလေးချက် မပျက်စေရ သုခုမဆိုတာကို အသားသေအောင် ကျင့်ပေးတာ ကဗျာလွတ်သင်ရိုးအကတွေနဲ့ဖြစ်ပါတယ်။ အခုခေတ် မင်းသမီးကလေးတွေ ကကြိုးပျောက်ပြီး လေ့ကျင့်ခန်းဆန်နေတာ၊ ခါးမကျိုး လက်မကျိုး ခြေခွင်မကျဖြစ်နေရတာ အဲဒါတွေကျကျနန မသင်ခဲ့ရလို့ပါ။ “စည်း ဖနောင့် ဗျောက် ဖ၀ါး” ဆိုတာတောင် မသိပဲ “အားပေးကြပါဦးရှင် အကိုကြီးများရဲ့ မိမော်လွင်” ဆို ပလာထမီအနားကြီး ချာကနဲလည်အောင်ကလည်း ရမ်းပလိုက်ချင်သေးတာ။ မကြားဘူးတဲ့သူတွေ အတွက်ပြောပြရရင်တော့ “တပ် ဗေတိုးဗေ တပ် ဗေတိုးဗေ ဗေ ဗေ တပ်ဗေး တပ်ဗေး ဂျိ။” ဆိုတဲ့အကမျိုးတွေကို ပြောတာလေ။ သူတို့က ၀မ်း တူး ချားချားချားလောက်ပဲ တတ်ကြတယ် ထင်ပ။ ဒေါ်အမာစိန်တို့ ဒေါ်နွဲ့နွဲ့စန်းတို့ အကညက်နေတာ ဒေါ်သြဘာသောင်းရဲ့ လက်ထွက်တွေမို့ပါတဲ့။
          သူတို့နဲ့ခေတ်ပြိုင် အဆိုရောအကရော စပယ်ရှယ်ကလပ်စ်ဆိုတဲ့ မင်းသမီးကတော့ လေပါတီ မမြရင်ပါ။ ဘယ်ဘုရားသခင်လက်ထက်ကတည်းက အငြိမ့်မင်းသမီးဆုပန်လာသလဲမသိဘူး။ အသံကလေးချည့် ကြားဖူးတာတောင် လက်ဖျားခါပါတယ်။ သီချင်းထပ်သွားရင် ရိုးသွားရင် မဆိုချင်ဘူးဆိုလို့ သူ့အတွက် သီချင်းရေးဆရာချည့်ပဲ လေးငါးဆယ်ယောက်ထားလို့ သင်ယူတက်ယူပါသတဲ့။ သူ့သီချင်းတွေအကြောင်း သူ့အကြောင်းကတော့ စာအုပ်တောင် တစ်အုပ်သပ်သပ် ထုတ်ယူရလောက်တယ်။ ပြောမဆုံးပေါင် တောသုံးတောင်။ အင်မတန်ကုသိုလ်ကံကောင်းလို့ သူဆိုတာကတာ မီလိုက်ကြည့်လိုက်ရတဲ့သူတွေကို အားကျမိပါရဲ့။ အဲသည်နောက် ကိုလံဘီယာဓါတ်ပြားကုမ္ပဏီမှာ ပင်တိုင်အဆိုတော်ကြီးဖြစ်လာတဲ့ မကြည်အောင်တို့၊ စိန်ပါတီတို့တောင်မှပဲ အငြိမ့်မင်းသမီးကနေ ဓါတ်ပြားအဆိုတော်တွေ ဖြစ်ကုန်တာ လို့ သိရတယ်။ ဒါကြောင့်လည်း သူတို့သီချင်းတွေ သည်လောက်ကောင်းတာကိုး။ ကောလိပ်စိန်၊ ကောလိပ်မြိုင်၊ စိန်ပိုးတီ၊ ရွှေလိပ်ပြာမအေးကြည်၊ စိန်လှကြည်၊ အငြိမ့်မင်းသမီးတွေ အပြိုင်အဆိုင် ပေါ်ထွက်လာခဲ့တဲ့ ခေတ်တစ်ခေတ်လည်း ရှိခဲ့ပါတယ်။ မန်းလေးမှာတော့ လမင်းတစ်ရာ မဌေးဌေးမြင့်လည်း တစ်ခေတ်ဖြစ်ခဲ့တယ်။ ရုပ်ရှင်မင်းသမီးထဲက စန်းစန်းအေးတို့ နှင်းဆီတို့တောင် အမေခန်းမရိုက်ခင်က အငြိမ့်သဘင်ထဲ ရောက်သွားခဲ့ပါသေးတယ်။ အမာစိန်တို့ နွဲ့နွဲ့စန်းတို့ကတော့ အငြိမ့်ကနေ ရုပ်ရှင်ထဲရောက်သွားတာပေါ့။
          ရုပ်မြင်သံကြားပေါ်လာတဲ့နောက်မှာ အငြိမ့်သဘင်က ပုံစံတစ်မျိုးနဲ့ ဆန်းသစ်လာပြန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်တော့ အဲဒါ အငြိမ့်အစစ်လို့ ခံစားလို့ မရတော့ပါဘူး။ မင်းသမီးတွေက သူတို့ဘာသာ သီချင်းမဆိုနိုင်ကြပဲ နှုတ်ခမ်းလေးတရွရွနဲ့ ဆီမန်းမန်းသလို မန်းပြီး ကတာကိုး။ ကနေတာကိုလည်း တစ်ကိုယ်လုံး မမြင်ရတော့ပဲ မျက်နှာလှလှလေး ကပ်ကပ်ပြပြီး ဘာတွေဝတ်ထား ဘာတွေဆင်ထား ဘာပန်းပန်ထားတာလောက်ပဲ အာရုံထားကုန်ကြပါတယ်။ ဒါတောင် သီတာဝင်းရော အေးအေးမြင့်ရော သေသေချာချာ ကတတ်တဲ့သူတွေပါ။ အပြင်မှာ လိုက်ကရင်တောင် အကပိုဒ်ရောက်ရင် အခွေဖွင့်ပြီးကတော့ အဆို့အပိတ်၊ အပေးအယူ၊ အဆစ်အပိုင်းတွေ ပျောက်ကုန်ပါတယ်။ လမိုင်းတွေ ဈာန်တွေ မရှိပဲ ခွင်နဲ့ အ၀င်အထွက်သဘောပဲ ရှိလာတဲ့အခါ အနုပညာက အရှင်မဟုတ်တော့ပဲ အသေသဘောမျိုး ဆောင်လာတာပေါ့။ တကယ် ကတတ်တဲ့သူ ဆိုတတ်တဲ့သူ မရှိဘူးလားဆိုရင် ရှားတောင့်ရှားပါး ရှိတော့ ရှိသားပါလေ။ ယဉ်ကျေးမှုကထွက်တဲ့ မင်းသမီးတွေသာ နင်လားငါလား ဆိုနိုင်ကနိုင်ကြတယ်။ မြင့်မြင့်ကြည်၊ ခိုင်သဇင်သင်း၊ ၀ါဝါခိုင်၊ သန္တာလင်းတို့က ငယ်လည်းငယ် လှလည်းလှ ကလည်းကနိုင် ဆိုလည်းဆိုနိုင်ကြပါတယ်။ အငြိမ့်ခေတ်မဟုတ်တော့လို့ မော်ဒယ်လျှောက်တဲ့ ကလေးမကလေးတွေလောက်တော့ စန်းမကောင်းရှာဘူး။ ကိုယ်ပိုင်သီချင်းကောင်းကောင်း ရေးပေးနိုင်တဲ့သူလည်း မရှိတော့လို့ အသက်သာကြီးသွားတယ်။ ဘာမှ မှတ်တမ်းမှတ်ရာ တင်မကျန်ရစ်ခဲ့ဘူး။ တော်ပါသေးရဲ့လေ။ ဘင်ခရာတွေ အော်ဂင်တွေနဲ့ ဂျိန်းတုတ်တုတ် မကပဲ ဆိုင်းနဲ့ဝိုင်းနဲ့ ဆိုနေကနေကြပေသေးလို့။ နောင်ဆို သီချင်းတွေလည်း ဘယ်သူမှ ဆိုနိုင်တီးနိုင်ကြတော့မှာ မဟုတ်ဘူး။ ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ခေတ်ရေစီးကြောင်းက တိုက်စားသွားရင် ကမ်းပါးများ ပြိုသလို ပြိုရရှာတယ်။
          သူများနိုင်ငံမှာ အဲဒါတွေ မပျောက်မပျက်အောင် ဘယ်လိုများ ထိန်းသိမ်းထားပါလိမ့် သိချင်မိတယ်။ တရုတ်ပြည်မှာတော့ မော်စီတုံးကြီးတက်လာတဲ့အခါ ပီကင်းအော်ပရာ ဇာတ်အဖွဲ့တွေကို ပဒေသရာဇ်စံနစ် ပြန်အသက်သွင်းချင်တဲ့ နောက်ကြောင်းပြန်လှည့်လိုသူတွေ၊ တော်လှန်ရေးသစ္စာဖောက်တွေဆိုပြီးတော့ ဇာတ်ပစ္စည်းတွေ မီးရှို့၊ သဘင်သည်တွေကို ရင်ဘတ်စာဆွဲပြီး လူလည်ခေါင် ခဲနဲ့ပေါက်ခိုင်းခဲ့ပါတယ်။ အဲဒီပညာတွေကလည်း ကလေးဘ၀အရွယ် နုနုနယ်နယ်ကတည်းက ရှောင်လင်ကျောင်းတော်ကြီးလို ပန်တျာကျောင်းတော်ကြီးတွေမှာ ခြေချိုးလက်ချိုး၊ စာအံစာရွတ်၊ ကိုယ့်ဇာတ်ကောင်နဲ့ကိုယ် အသားသေနေအောင် တဘ၀လုံးရင်းပြီး သင်ယူလာရတာတွေပါ။ ယဉ်ကျေးမှု အနုပညာရဲ့ တန်ဖိုး ရှေးဟောင်းပစ္စည်းအမွေအနှစ်တန်ဖိုးကို နားမလည်တဲ့ ကွန်မြူနစ်ခေတ်ဦး အုပ်ချုပ်သူတွေကြောင့် တိဘက်ကထွက်ပြေးရတဲ့ ဒလိုင်းလားမားကြီးလိုပဲ အဲဒါတွေလည်း ပျောက်ကွယ်ကုန်တယ်။ အခုကျတော့မှ ကြွေပန်းအိုးအကွဲတွေကို တစ်စစီလိုက်ကောက်ပြီး ပြန်ဆက်သလို တယုတယ ပြန်အသက်သွင်းယူကြရပါတယ်။ အိန္ဒိယမှာတော့ သူတို့သဘင်မှုအနုပညာတွေကို ထိန်းသိမ်းထားပုံက တရုတ်ထက် အများကြီးသာပါတယ်။ လူမျိုးစုပေါင်းစုံရဲ့ မတူခြားနားတဲ့ ယဉ်ကျေးမှု အနုပညာတွေကို သူ့လူမျိုးနဲ့သူ သပ်သပ်ခပ်ခပ် ထိန်းသိမ်းထားကြတယ်ဗျ။ ဘယ်လောက်ထိတောင်လဲဆို ကနေတဲ့ဇာတ်ကောင်တွေက နတ်ဘုရား ဒေ၀တာတွေဖြစ်ကုန်တဲ့အထိပဲ။ နဖူးမှာခြယ်တဲ့ဆေးနီ၊ လက်မှာဆိုးတဲ့ ဒါန်းကွက်ပန်းချီ၊ ပုတီးလက်ကောက် အဆင်တန်ဆာ၊ ဆာရီပုဝါခြုံထည် အားလုံးကို ရှေးမူမပျက် ဆက်ခံထိန်းသိမ်း ထားကြပါတယ်။ ခေတ်ကို အမှီလိုက်ပြီး အနောက်တိုင်းဆန်ချင်တဲ့အခါ ဆန်မယ်။ ရိုးရာတွေကိုတော့ ဖျောက်မပစ်ကြပါဘူး။
          ဥရောပနိုင်ငံတွေမှာတော့ အဲသည်လို ၀ါဂီနစ် အနုပညာတွေက အီတလီ ပြင်သစ်ဘက်မှာ ပိုပြိးထွန်းကားပါတယ်။ ဂျာမဏီပြည်မှာ မိုးဇက်ကြီး နတ်စောင်းညှင်းတုန်းကတောင် အီတလီပြည်ဖွား စန္ဒယားဆရာများ၊ ဂီတသမားများက နေရာဖယ်မပေးကြလို့ သူ့ခမျာ တော်သာတော် မကျော်ခဲ့ရဘူး။ သေလွန်ပြီးနောက်မှာမှ သူမတူတဲ့လက်ရာတွေမို့ သူများဟာတွေ ကွယ်ပျောက်ကုန်တာတောင် သူ့ဟာတွေက သည်ကနေ့ထိ အတုယူတီးမှုတ်နေကြတုန်း။ သူတို့ဆီမှာ အဲသည် ဂန္တ၀င်ဂီတတွေနဲ့ အော်ပရာပြဇာတ်တွေကို သည်ကနေ့အထိ ရှေးမူမပျက် ထိန်းသိမ်းဆိုတီးနေကြမြဲဖြစ်သလို ပရိသတ်ကလည်း တော်ပါတော့ ဆင်းပါတော့ မပြောပဲ နှစ်နှစ်ခြိုက်ခြိုက် လက်ခံအားပေးဆဲပါပဲ။ သည်လိုဟာမျိုးကို ကြည့်ချင်လို့ သည်လိုပွဲမျိုးလာတာလေ။ ငယ်ငယ်နန့်နန့်တွေကြည့်ချင် အဲဒါတွေ ရှိတဲ့ပွဲကို သွားရုံပေါ့။ အသစ်ကို အသစ်လိုပဲ အားပေးကြတယ်။ ရှေးမူကို ရှေးမူအတိုင်း ခံစားတယ်။ ရှေးသီချင်းတွေကို ပေါ်ပင်နောက်ပေါက်ကလေးတွေနဲ့ ပျက်စီးအောင် မလုပ်ဘူး။ New version ဆိုတာ လက်ခံပေမယ့် Original ကိုလည်း အပျောက်တော့ မခံဘူး။ ဘယ်စာကြည့်တိုက်မှာပဲ ဖြစ်ဖြစ် သူတို့လူမျိုးရဲ့ ရှေးဟောင်း အနုပညာအမွေအနှစ်တွေကို ခံစားလို့ရတယ်။ မယုံရင် ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာနက မင်းသားလေး စာကြည့်တိုက်ကို သွားလိုက်။ မိုးဇက်ရော၊ ရှိုပင်ရော၊ ဘီသိုဗင်ရော ဆီးရီးလိုက်ရှိတယ်။ ကြိုက်မှနားထောင်၊ မကြိုက်လည်း  ကိစ္စမရှိဘူး။ မသိသူကျော်သွား သိသူဖော်စားလိမ့်မယ်။ ဒါကြီးတွေ ပြန်ခေတ်စားလာဖို့ နော်ရာဂျုံးကို ပြန်တီးခိုင်းပြီး ရှာကီရာကို ခေါ်ဆိုခိုင်းစရာ မလိုဘူး။ ခေတ်မစားချင်နေ။ ဒါ သူတို့ဆီမှာ တခေတ်တခါက အလွန်ခေတ်စားခဲ့ဖူးလို့ ထိန်းသိမ်းထားတာ။ အပျောက်အပျက် အရောအနှောတော့ မခံနိုင်ဘူး။
          ယဉ်ကျေးမှု အနုပညာကို ထိန်းသိမ်းဖို့ဆိုတာ အစိုးရမှာချည့် တာဝန်ရှိတာတော့ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အသိဥာဏ်လည်း လိုသေးတယ်။ ကိုယ်က လူငယ်မို့ ခေတ်မီလို့ ခေတ်ဆန်လို့ အဲဒါကြီးတွေ မခံစားတတ်ဖူးဆိုရင်တောင် သူ့ဘာသူကြိုက်လို့နားထောင်နေတဲ့သူတွေကို တော်ပါတော့၊ ရပ်ပါတော့၊ ဂွမ်းလိုက်တာ၊ ဖူလိုက်တာ။ လိုက်ပြီး သရော်မော်ကား မပြောသင့်ဘူး။ အရာရာမှာ အသစ်အဆန်းကသာ ကောင်းတာမဟုတ်ဘူး။ အဟောင်းတွေကောင်းမှန်း ကိုယ်က မသိသေးတာ မခံစားတတ်သေးတာသာဖြစ်တယ်။ ကိုယ့်အရင် လူဖြစ်ခဲ့တဲ့သူတွေက အကောင်းမှန်း အဆိုးမှန်းမသိတဲ့ အရူးကြီးတွေမှ မဟုတ်ပဲ။ ခေတ်ချင်း မတူတာပဲ ရှိတယ်။ ကိုယ်လည်းတစ်ချိန်ကျ အဲသည်နေရာ ရောက်သွားမှာ။ ကိုယ်နဲ့ ကီးမကိုက်ရင် နားမထောင်ရုံပဲရှိတယ်။ အမှန်ကတော့ သိပ်ပြီးခေတ်ဆန်ချင်နေတဲ့ ကိုယ့်ရဲ့နားကလေးကို Tuning နည်းနည်း ပြန်ချိန်လိုက်ရုံပါပဲ။ အလယ်ဆိုင်းဇီကလေးဆိုတဲ့ ရေဒီယိုသီချင်းတွေကျတော့ နားမထောင်ပဲနေတာလည်း မဟုတ်ပဲနဲ့။ ဒါတွေက ခေတ်ဆွေးသီချင်းကြီးတွေ၊ ဒိတ်အောက်နေတာကြီးတွေဆိုတာ မေ့ပစ်လိုက်ပြီး ဂီတကို ဂီတလိုပဲ ခံစားရင် အရသာတွေ့လာမှာ မလွဲပါဘူး။
          လူငယ်လူရွယ်တွေ ခေတ်ဟောင်းဂီတနဲ့ မစိမ်းဖို့အတွက် သူတို့ဆီမှာတော့ စာသင်ကျောင်းတွေမှာ ပြဇာတ်ကတာ၊ သီချင်းဆိုတာ၊ ကျောင်းကပွဲလေးတွေ လုပ်လေ့ရှိပြီး နှစ်စကတည်းက အားလပ်ချိန်ကလေးတွေမှာ အခြေခံကလေးတွေ လေ့ကျင့်သင်ကြားပေးပြီး ၀ါသနာပါရင် ပါသလို ဆက်လေ့လာလိုက်စားနိုင်အောင် မြေတောင်မြှောက်ပေးသတဲ့။ အနည်းဆုံးအဆင့်ကတော့ တထောင့်တနေရာက ပါဝင်ကပြနိုင်အောင် လေ့ကျင့်ပေးထားသတဲ့။ တချိန်မှာ သဘင်သည်ဖြစ်ဖို့ မဟုတ်ပေမယ့် သဘင်အမှု သုခုမကိစ္စများနဲ့ နားမျက်စိ မစိမ်းအောင် ခံစားတတ်အောင် မျိုးစေ့ချတဲ့သဘောဖြစ်ပါလိမ့်မယ်။ ဘာမှ မကျန်တော့ဘူးဆိုရင်တောင် ရှိတ်စပီးယားတို့ မော်လျဲတို့ဆိုတာ ဘယ်သူမှန်းတော့ မှတ်မိသွားတာပေါ့။        ရုရှားနိုင်ငံမှာတော့ ဘဲလေးအကသင်တန်းတွေ ရှိပါသတဲ့။ ခုခေတ်ကြီးမှာ ဘယ်သူကမှ ခြေဖျားတထောက်ထောက် ခါးမှောက်ခါးလှန် ကြံကြံဖန်ဖန်တွေ ကမနေကြပေမယ့် ၀ါသနာပါသူတွေ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာထိန်းသိမ်းဖို့အတွက် မတတ်တတ်အောင် လေ့ကျင့်သင်ကြားနေကြတာကလည်း ကချေသည်လုပ်စားဖို့သက်သက်တော့ မဟုတ်ပေဘူး။ သင်ခန်းစာယူမိတာကတော့ အနုပညာအမွေအနှစ်ဆိုတာ ပိုက်ဆံရှာစားလို့မရတော့ရင် မသင်ကြား မလေ့ကျင့်ကောင်းတဲ့ အတတ်တွေလို့ မယူဆသင့်ဘူးဆိုတာပါ။ ဘာဖြစ်လို့ဆိုတော့ သူသူကိုယ်ကိုယ် မြန်မာမိဘများဟာ သားသမီးများက ပန်တျာကျောင်းတက်ချင်တယ်။ ပန်းချီကျောင်းတက်ချင်တယ်။ အခုဆိုရင်တော့ ယဉ်ကျေးမှုတက္ကသိုလ်တက်ချင်တယ်။ လို့ ဆိုလာတဲ့အခါ ယူကြုံးမရနဲ့ “မွဲချင်တဲ့ခွေးမို့ ပြာပုံတိုးပလေတယ်။” လို့ တချက်လွှတ်အမိန့်နဲ့ စင်္ကာပူမှာ ပေါ်လီသွားတက်ချေ။ ဆေးကျောင်းသွားတက်ချေ။ မြန်မြန် ငွေပေါ်မယ့် အတတ်ပညာတစ်ခုခုသွားသင်ချေ လို့ သြ၀ါဒချွေလေ့ရှိကြပါတယ်။ ၀ါသနာပါလို့ သည်ကျောင်းတက် သည်ဘွဲ့ယူလာတာဟာ အဲဒါနဲ့ကလွဲပြီး ကျန်တာလုပ်မစားတတ်လို့မှ မဟုတ်ပဲ။ အနုပညာကို သေသေချာချာ ခံစားတတ်သူဟာ သူရှင်သန်ရာ အသက်မွေးမှုနယ်ပယ်မှာလည်း အောင်မြင်အောင် ကြိုးစားတတ်မှာ မလွဲပါဘူး။
          အခုခေတ်မှာ အငြိမ့်သဘင်ဆိုတာ ပျောက်ကွယ်စပြုနေပြီ။ အရက်ပြတ်လို့ ခွက်ကပ်နဲ့မူးတဲ့သူလို အနံကလေးရှူပြီး အတင်းမူးယူနေရတယ်။ အဲဒါ အငြိမ့်မင်းသမီးလေးတွေ မဆိုတတ် မကတတ်ကြလို့ သက်သက်ကြောင့်တော့ မဟုတ်ဘူး။ တိုင်းတပါးယဉ်ကျေးမှုတွေက အတင်းထိုးဖောက်လာလို့ သက်သက်ကြောင့်လည်း မဟုတ်ဘူး။ အကပိုဒ်တွေရောက်ရင် ရစ်ကြည့် ကျော်ကြည့်ကြည့်ကြတဲ့ ပရိသတ်ခပ်ပိန်းပိန်းတွေကြောင့်လည်း မဟုတ်ဘူး။ (မရစ်လည်း ကောင်းမှ မကောင်းတာ၊ အလကား အချိန်ကုန်ခံလို့) ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့တန်ဖိုးကို နားလည်နိုင်တဲ့၊ လေးစားထိန်းသိမ်းလိုတဲ့ အသိဥာဏ်ချို့တဲ့လို့ ဖြစ်ရလေတယ် လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ တကယ်တတ်တဲ့သူတွေ သေခါနီးနေပါပြီ။ ယူမထားလိုက်နိုင်ရင် သူတို့နဲ့အတူ ပါသွားတဲ့အခါ မွေခံထိုက်စေ ဖြစ်နိုင်ပါဦးမလား။ တစ်ပွဲထိုး တစ်ခွေထွက် ကကွက်တွေကိုချည့် လက်ပူတိုက်သင်မယ့်အစား ကျကျနန ဆိုတတ်ကတတ်အောင် သင်ကြည့်ချင်တဲ့ဝါသနာ မပါကြတော့ဘူးလား။ စူပါမော်ဒယ် မင်းသမီးလေးတွေမို့ အငြိမ့်သမလုပ်ကရမှာ ဂုဏ်ငယ်တယ်ထင်ရော့သလား မမလေးတို့ရယ်။
“သဘင်သည်၊ မောင့်စိတ်က အငြိမ့်သမ ဂုဏ်ငယ်မယ်။ ခွဲခြားသလား အတန်းအစားရွေးကာ။ ရာဇ၀င် နိပါတ်တော်များ၌ အသွယ်သွယ်၊ ရှင်ဘုရင်မင်းများတောင် အနိမ့်အမြင့် မရွေးပါတယ်။ အချစ်စိတ်နဲ့ သုံးသပ်ပြီးဝေဖန်၊ ချစ်သောသူ မောင့်အဖြေမှန်စောင့်မယ်။” 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...