Monday, July 16, 2012

လယ်သမားတဦးရဲ့ ငိုရှိုက်သံများ


by ဖိုး သိကြား on Monday, July 16, 2012 at 10:18pm 


တကယ်ပြောတာပါ..
ရင်နှင့်စရာအကြောင်းရာတွေကို
အပိုဇာချဲ့တာလည်းမဟုတ်
လုပ်ဇာတ်တွေဆင်ပြီး
ဇာတ်လမ်းလည်းမထွင်

ရင်မှာခံစားရသမျှ
ဖွင့်ဟရုံသက်သက်ပါ..။

ငါတို့ဟာတောင်သူလယ်သမား
လယ်ယာများကငါတို့အသက်
ရှေးအစဉ်အဆက်
ထွန်ယက်စိုက်ပျိုးလာကြတာ
မိုးနတ်သားအသိပါ...။

ဘိုးဘေးဘီဘင်လက်တက်ကအစပြု
တို့မိသားစုအားလုံး
ထွန်တုံးကိုဖက်တွယ်
လယ်ယာမြေညက်စေဖို့
နွားနဲ့လည်းရုန်းခဲ့တယ်
စက်တွေလည်းသုံးခဲ့တယ်

ငါတို့တိုင်းပြည်အတွက်
စားနပ်ရိက္ခာလုံလောက်ပါစေ
ကျေနပ်စိတ်ငါမွေးပြီး
မြေကြီးကရွှေမသီးလဲ
မငြီးငြူစတမ်း
ကြိုးပမ်းဖြည့်ဆည်းခဲ့တယ်..။

မိုးမလင်းခင်က
ပျိုးခင်းဝင်ရလည်း ဘ၀င်ကျတယ်
မိုးမလွန်ခင်မှာ
ထွန်ရေးငင်ရလည်း မငြိုငြင်ခဲ့ဘူး
တကယ်တော့ငါက
ထွန်တုံးကိုချစ်ခင်
ပေါက်တူးကိုတွယ်တာ
ဂေါ်ပြားကိုမြတ်နိုးပြီး
နောက်ချေးနံ့ကိုနှစ်သက်တဲ့
လယ်သမားတယောက်လေ


ဘယ်သူတွေဘယ်လောက်ရရ ငါအားမကျ
ဘယ်သူတွေဘယ်လိုကြီးပွား စိတ်မ၀င်စား
ရိုးသားတဲ့လယ်သမားဆိုတဲ့
ဂုဏ်ပုဒ်တခုကိုသာ
မြတ်နိုးစွာကိုးကွယ်သွားမှာ
အဲဒါ..ငါ့ခံယူချက်

ဒါပေမယ့် အခုအခါမှာ
ကြမ္မာဆိုးက နှောက်ယှက်ဖျက်လို့
ငါ့အိပ်မက်လေး ကြေမွသွားပြီ..။
မတရားခြင်းပေါကြွယ်ဝသူတွေက
သူတို့ကိုယ်ကျိုးပဲရှာလို့
အိမ်ယာစီမံကိန်း
စက်ရုံစီမံကိန်း
ဓါတ်ငွေ့စီမံကိန်း
အဖွဲ့အစည်းပိုင်းမြေနေရာဆိုပြီး
ခေါင်းစီးအမျိုးမျိုးတပ်လို့
ငါတို့လယ်မြေကွက်တွေကို
ပက်ပက်စက်စက်သိမ်းပိုက်ကြတယ်..။

ဟိုအတွက်ဒီအတွက်မှာ
သိန်းရာချီပြီးရက်ရောကြပေမယ့်
တို့လယ်သမားမျက်ရည်စက်တွေကိုတော့
မထီမဲ့မြင်ပြုရက်ကြတယ်..
တိုင်းပြည်နဲ့လူမျိုးအပေါ်ချစ်ပါတယ်လို့
တကြော်ကြော်အော်သူတွေကလည်း
ငါ့တို့အပေါ်ရက်စက်ဖို့ကျ
ဝန်မလေးလှဘူး..။

ကြည့်ကြစမ်းပါဦး
ငါချစ်တဲ့ထွန်တုံးလေး
ထိပ်တုံးခတ်ခံလိုက်ရပြီ..။
ငါနှစ်သက်တဲ့ဂေါ်ပြားလေးက
မြေအောက်မှာနစ်မြုပ်လျက်
ငါမြတ်နိုးတဲ့လယ်ယာမြေက
နာကျင်စွာနဲ့ရှိုက်ငိုနေဆဲ
ငါခင်တွယ်တဲ့နွားလေးတွေရဲ့
မျက်ဝန်းအိမ်ကမျက်ရည်စတွေ

နောက်ဆုံးမှာတော့..
ငါကိုယ်တိုင်လည်း ချုံးပွဲချလို့ငိုရပြီပေါ့..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...