Tuesday, July 17, 2012

ကျွန်တော်နဲ့ ဒီမိုကရေစီ ဆိုတာကြီးတို့ မျက်နှာခြင်းဆိုင် တွေ့ကြုံကြပုံ (၂)


by Ko Htike on Tuesday, July 17, 2012 at 2:10am

ဒီနေရာမှာ မြန်မာပြည်အတွက် ဒီမိုကရေစီတောင်းဆိုကြတာနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့ အတွေ့အကြုံလေး ပြောပြလိုပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးဖြစ်တဲ့ လန်ဒန်မြို့ကို မြန်မာနိုင်ငံထဲ ရွေ့ပြောင်းရေး (သို့) "ဒီမိုကရေစီ" ကို မြန်မာပြည်သို့ တင်သွင်းရေး အကြံအစီ အကောင်ထည်ဖေါ်မှု အစလို့လည်း ပြောလို့ ရနိုင်ကောင်းရဲ့။ (ခရီးက အခုအထိလည်း မဆုံးသေးသလို .. ပီပီပြင်ပြင် အကောင်အထည်ဖေါ်မှုလည်း သေချာ ပြန်တွေးရင် ဟုတ်တိ ပတ်တိလည်း မရှိသေးပါဘူး။ သို့သော် တနေ့မှာ ဖြစ်ကို ဖြစ်ရမယ်လို့ ယုံကြည်ထားပါတယ်။)

ပြည်တွင်းကို ဒီမိုကရေစီ တင်သွင်းမယ့် လူအတွက် ဒီမိုကရေစီ ပတ်ဝန်းကျင်နဲ့ ထိစပ်ဖို့လိုတယ်။ ဒါဟာ ပထမဆုံး လက်တွေ့လုပ်ရမယ့် အလုပ်။ တွေဝေနေလို့ မရဘူး။
ဒါနဲ့ လန်ဒန်က ဆန္ဒပြပွဲရှိရာ သံရုံးဝန်းကျင်ကို လေ့လာ ခြေဆန့်မှု စခဲ့ပါတယ်။ (ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်တဲ့ အစ်ကို တစ်ယောက်ကတော့ .. တတ်ကြွကြွနဲ့ ပါဝင်သူ ဖြစ်လို့ သူ့ကိုတော့ အဲဒီ ဝန်းကျင်းမှာ တွေ့ရပါတယ်။)

"ဒီမိုကရေစီ ရရှိရေး .... ဒို့အရေး" ဆိုတဲ့ ကြွေးကြော်သံကို ကလေးဘဝ အရွယ် ၁၉၈၈ အပြီးကာလနောက်ပိုင်းမှာ လန်ဒန်ရောက်မှ သေချာ ကြားဖူးတာပါ။ ဒီနေရာရောက်မှ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို မြန်မာလူမျိုးတွေ စုစည်းပြီး ရွတ်ဆို ကြွေးကြော်တာကို မျက်မြင်ကိုယ်တွေ့ ပထမဆုံး အကြိမ် လွတ်လွတ်လပ်လပ် ကြားရတာပါ။

ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ အရွယ်တွေက ၁၉၈၈ မှာ ကြွေးကြော်ခဲ့ကြတာကိုတော့ ငယ်ရွယ်စဉ် ကာလကမို့ သေချာ မမှတ်မိပါ။ ၁၉၉၆ လှုပ်ရှားမှုကတော့ မျက်မြင်မတွေ့ခဲ့ရတော့ ဘယ်လို ကြွေးကြော်သံ ရှိခဲ့သလဲဆိုတာ သေချာ မသိပါဘူး။

၂၀၀၀ ခုနှစ်ရဲ့ အစောပိုင်းကာလမှာ နိုင်ငံခြား တိုင်းပြည်ကို ရောက်လာတာမို့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ နိုင်ငံခြား တိုင်းပြည်တွေမှာ အခုလောက် အားမကောင်းသေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်လည်း .. လန်ဒန်သံရုံးရှေ့ ဆန္ဒပြကြတာကို ကြားဖူးပါတယ်။ ကိုယ်တိုင်ဝင်ရောက်ဆင်နွဲဖို့ကတော့ .. တခုခုကို ရှက်နေသလိုလို ... ကြောက်နေသလိုလို၊ စိုးရိမ်နေသလိုလို ခံစားမှု ဖြစ်နေပါတယ်။ ဒီတော့ သံရုံးရှေ့ဆန္ဒပြပွဲတွေကို ခပ်လှမ်းလှမ်းကနေ ချောင်းကြည့်ပါတယ်။ အနီးအနားကို သွားလိုပေမယ့် ဘာမှန်း မသိတာကြီးကို ရှိန်နေ၊ လန့်နေပါတယ်။ (တရက်မှာတော့ ဆိုင်ကယ်စီးပြီး ... ဆိုင်ကယ် ဦးထုတ်မချွတ်ပဲ ဆန္ဒပြသူတွေအနား သွားခဲ့ဖူးပါတယ်။)

အိမ်မှာ လူစုံရင် သူငယ်ချင်းတွေနဲ့ စစ်အာဏာရှင် မကောင်းကြောင်းပြောဆို ဆွေးနွေးတာ ... အနာဂတ် တိုင်းပြည်အကြောင်း၊ ဒီမိုကရေစီ တိုင်းပြည်တွေနဲ့ မြန်မာပြည်ကို နှိုင်းယှဉ်တာတွေကို အာဘောင်အာရင်း သန်သန်ပြောတတ်တဲ့ လူတွေထဲပါတဲ့ ကျွန်တော်က ဒီမိုကရေစီရဖို့ လုပ်ဆောင်နေမှုတွေထဲက တစ်ခု ဖြစ်တဲ့ သံရုံးရှေ့သွားပြီး ဆန္ဒပြသူတွေနဲ့ အတူတူ မက်တပ်ရပ်ဖို့ ခပ်ရွံရွံဖြစ်နေတာက အဓိပ္ပါယ် မရှိသလို ခံစားမိတယ်။ (နောက်ပိုင်းမှာတော့ သံရုံးရှေ့ ဆန္ဒပြတာကို ဒီမိုကရေစီ ရဖို့ လုပ်ဆောင်မှုတွေထဲက တစ်ခုလို့ အဓိပ္ပါယ် သတ်မှတ်နိုင်ဖို့ .. တော်တော်လေး ခဲယဉ်းလာတာကို စကားချပ်အဖြစ် ကြိုပြီး တို့ထား ပါရစေ။)

အဲ .. UK နိုင်ငံကြီးမှာ ကျွန်တော် ခပ်တည်တည်နဲ့ လေ့လာထားတဲ့ အချက်တွေထဲက .. ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ရှိရမယ် ဆိုတဲ့ စကားလုံး အကြီးအကျယ်တွေကို လက်တွေ့အကောင်အထည် ဖေါ်သင့်တယ်လို့လည်း ယူဆမိပါတယ်။ ယူဆတာဟာ ယူဆတာပါပဲ။ လက်တွေ့မှာ "ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး" လို့ ဝင်အော်ဖို့ မရဲတာလည်း မရဲတာပါပဲ။ ဘယ်လို လုပ်ရပါ့။

ဒီတော့ ထိုးမယ့်ဆင် နောက်ခြေလှမ်း တစ်လှမ်းဆုတ်တယ်။ ဖြစ်ပုံက အင်တာနက်ကနေ သတင်းနားထောင်တယ်။ တစ်အိမ်ထဲ အတူနေ သူငယ်ချင်းတွေ အချင်းချင်း စကားလုံး အကြီးကြီးတွေနဲ့ ပစ်ပေါက် ဆွေးနွေးကြတယ်။ (မနက် စောစော အလုပ်ဆင်းမယ့် လူက ဧည့်ခန်းထဲအထိ ဝင်လာပြီး "တိုးတိုး ပြောကြပါ" လို့ လာပြောပြီး တောင်းပန်ရတဲ့ အထိ ဥာဥ့်နက်အောင် ဆွေးနွေးကြတယ်။ .. အဟား ... ဒါဆို နိုင်ငံရေး စိတ်ဝင်စားသူ၊ (သို့) တတ်ကြွ လှုပ်ရှားသူ ဖြစ်သယောင်ယောင်နဲ့ပေါ့။

နှင်းခါးမိုးရဲ့" ပြန်ပေးဆွဲခံထားရသော ဒုက္ခသည် စခန်းကြီးတစ်ခု" ကဗျာထဲကလို "ရေဒီယိုနဲ့ ကောလ ဟာလ ပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။" ဆိုသလို .. ရေဒီယိုနဲ့ ကောလ ဟာလတချို့ကို နားထောင်ပြီး အိမ်ထဲကနေ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူ (political activist) အဖြစ် ကိုယ့်ဘာသာ ခပ်တည်တည်နဲ့ ကင်ပွန်းတပ်ထားခဲ့တယ်။ နောက်ပြီး အဲဒီ ကဗျာထဲကလို .... "သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေ ...၊ စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ....၊ မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေး" စတာတွေကို ပြောင်းလဲ ပစ်ရမယ်လို့လည်း တပြိုင်နက်မှာ ကြုံးဝါးနေမိတယ်။

ဒါပေမယ့် အကြောက်တရားတစ်ခုက ကျွန်တော့်ကို လွှမ်းခြုံနေပြီး .. "ဒီမိုကရေစီ ရရှိရေး .... ဒို့အရေး" လို့ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာတောင် အော်ဖို့ ရွံ့နေတာ ဘာကြောင့်လဲ။ ကြောက်တယ်ဆိုတာကလည်း ကိုယ့်မှာ ဆုံးရှုံးစရာ တစ်ခုခုကို ဆုံးရှုးမှာ စ်ုးရိမ်ရင် .. အဲဒီ ဆုံးရှုံးမယ့် အရာကို ထိန်းချုပ်ထားတဲ့ အာဏာရှိသူကို ကြောက်တာမဟုတ်လား။ ဒီတော့ ကျွန်တော် ကိုယ့်ဘာသာ ကိုယ် ပြန်မေးတယ်။ ငါ ... ဘာကို ဆုံးရှုံးမှာ  ကြောက်နေတာလဲ။

ဒီမေးခွန်းက ခေါင်းထဲ ဝင်လာပြီး .. ဒီမိုကရေစီ ဆိုတာကြီးနဲ့ မျက်နှာခြင်းဆိုင် ဆုံတွေ့ဖို့ ခရီးလမ်း အစမှာပဲ .. ဘာမှ မစရသေးခင် တွန့်နေခဲ့တဲ့ သတ္တိမရှိသူလို့ ကိုယ့်ဘာသာ သမုတ်လိုက် မိတယ်။

.................

ကျွန်တော်နဲ့ ဒီမိုကရေစီ ဆိုတာကြီးတို့ မျက်နှာခြင်းဆိုင် တွေ့ကြုံကြပုံ ... အပိုင်း (၃) ကို ဆက်ပြီး ရေးပါ့မယ်။

လေးစားစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...